ဒီပြောင်ကြီး တော်တော်ဟုတ်ပါလား
Vol. 13 Ch. 125
မျောလွင့်ကျွန်းက လက်တစ်ကမ်းမှာ ရှိတယ်လို့ ထင်ရပေမဲ့ တကယ်တမ်း ပျံသန်းကြည့်တော့မှ မယုံနိုင်လောက်အောင် ဝေးကွာနေမှန်း သိလိုက်ရသည်။
ဒီပျက်ပြယ်မှု နယ်ပယ်ထဲက လေဟာနယ်က ရှုပ်ထွေးနေပြီး အကွာအဝေး အာရုံခံစားမှုက စိတ်ချရမှု မရှိတော့ပေ။
အဝေးက ကြည့်တော့ ဝိညာဉ်အလင်းရောင်တွေ လက်နေတယ်လို့ ထင်ရပေမဲ့ အနီးကပ် ကြည့်လိုက်တော့မှ ပိုကြောက်စရာ ကောင်းနေသည်။
တကယ်တမ်း နီးကပ်သွားတော့မှ မျောလွင့်ကျွန်းတစ်ခုလုံးက ဆက်တိုက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြိုကွဲပျက်စီးနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
ကျွန်းအစွန်းဘက်တွေက ကျောက်တုံးကြီးတွေ ကွာကျပြီး အောက်ဘက်က အဆုံးမဲ့ မှောင်မည်းနေတဲ့ ပျက်ပြယ်မှု နယ်ပယ်ထဲ ပြုတ်ကျနေသည်။
ကျွန်းခန္ဓာကိုယ်ပေါ်မှာ အက်ကွဲကြောင်းတွေ ဖုံးလွှမ်းနေပြီး တိုက်ပွဲက လှိုင်းဂယက် ထလိုက်တိုင်း အဲဒီအက်ကွဲကြောင်းတွေ နည်းနည်းစီ ပိုကျယ်လာနေသည်။
အတော်လေး ကျယ်ဝန်းတဲ့ အလယ်ဗဟို ဧရိယာမှာတော့ အပြာရောင် အလင်းတန်းလေး တစ်ခုက မုန်တိုင်းကြားက အထီးကျန် မီးအိမ်လေး တစ်လုံးလို ပျံ့နှံ့နေတဲ့ မိစ္ဆာအရှိန်အဝါတွေကြားမှာ ကြိုးစား ရပ်တည်နေသည်။
ကျိုးယန်က အနောက်နားလေးကနေ ပျံသန်းလိုက်ပါလာပြီး စစ်မြေပြင်ကို ဝေ့ကြည့်လိုက်သည်။ သူ ယပ်တောင်ခတ်တာ ရပ်လိုက်ပြီး မျက်လုံး အနည်းငယ် မှေးစင်းသွားသည်။ "နတ်သမီးလော့ ပါလား"
စစ်မြေပြင် အလယ်ဗဟိုမှာ ရှိနေသူက သူတို့ တောင်ကြားအပြင်ဘက်မှာ တွေ့ခဲ့ရတဲ့ တစ်ဦးတည်းသော အမျိုးသမီး... ချင်းရွှမ်အဆင့် သတ္တမနေရာက လော့ချင်းရင်ပင် ဖြစ်သည်။
သူမ လေထဲမှာ ဝဲပျံနေပြီး လက်နှစ်ဖက်ကို မမြင်ရတဲ့ စောင်းတစ်လက် တီးခတ်နေသလို ရှေ့မှာ ဖိထားသည်။
သူမ လက်ချောင်းတွေ စည်းချက်ကျကျ လှုပ်ရှားလိုက်တာနဲ့ ရေငွေ့တွေ သူမပတ်လည်မှာ ဝဲပျံလာပြီး အသံလှိုင်းဂယက်တွေအဖြစ် ပြောင်းလဲကာ ပျံ့နှံ့သွားသည်။ အဲဒီလှိုင်းဂယက်တွေက လေထဲမှာ ချက်ချင်း ရုပ်လုံးပေါ်လာပြီး တစ်ခါတလေ ရေစစ်သည်တွေ အဖြစ်၊ တစ်ခါတလေ နဂါးကြီးတွေ အဖြစ် ပြောင်းလဲသွားသည်။
သူမရဲ့ ပြိုင်ဘက်ကတော့ ပေပေါင်း ဒါဇင်ချီ မြင့်မားတဲ့ ဧရာမမျောက်ဝံကြီး တစ်ကောင် ဖြစ်သည်။ ကြွက်သားတွေ အဖုအထစ် ဖြစ်နေပြီး မီးတောက်တွေလို မိစ္ဆာအရှိန်အဝါတွေ တစ်ကိုယ်လုံး ဖုံးလွှမ်းနေသည်။
စတုတ္ထအဆင့်။
ဧရာမမျောက်ဝံကြီးရဲ့ မျက်လုံးတွေက သွေးလို နီရဲနေပြီး အသံလှိုင်းတိုက်ခိုက်မှုတွေကို အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည်။ ရံဖန်ရံခါ နားကွဲမတတ် ဟိန်းဟောက်သံကြီးတွေ အော်ဟစ်နေသည်။
သူ့ရဲ့ တိုက်ခိုက်နည်းတွေက ရိုးရှင်းပါတယ် ထုရိုက်တယ်၊ ဝင်ဆောင့်တယ်၊ ဆွဲဖြဲတယ်။ ဒါပေမဲ့ စတုတ္ထအဆင့် ဆိုတဲ့ အရည်အသွေးကိုတော့ ငြင်းလို့မရပါဘူး။ သူ ပစ်သွင်းလိုက်တဲ့ လက်သီးတိုင်းက လော့ချင်းရင်ကို ထိပ်တိုက် မတွေ့ရဲအောင် ဖိအားပေးနေပြီး နေရာမကြာခဏ ပြောင်းရွှေ့စေသည်။
ပိုပြီး ဒုက္ခပေးနေတာကတော့ သူမကို ဝိုင်းရံထားတဲ့ တတိယအဆင့် မိစ္ဆာ အကောင် ၂၀ လောက်ပါပဲ။
သူတို့က စစ်ချန်တို့ စောစောက တွေ့ခဲ့ရတဲ့ အကောင်တွေနဲ့ အတူတူပါပဲ
မျက်လုံးတွေက အရောင်ကင်းမဲ့နေပြီး ဗျူဟာမရှိပေမဲ့ သေမှာကို လုံးဝ မကြောက်ကြဘူး။
ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို လုံးဝ ဂရုမစိုက်ဘဲ လော့ချင်းရင်ဆီ တစ်ကောင်ပြီး တစ်ကောင် တိုးဝင်နေကြတာက သူမကို နှောင့်ယှက်ဖို့နဲ့ အားကုန်အောင် လုပ်ဖို့ သက်သက်ပါပဲ။
လော့ချင်းရင်ရဲ့ အသက်ရှူသံတွေ မြန်ဆန်နေပြီ။
သူမရဲ့ နားထင်မှာ ချွေးတွေ ရွှဲနေပြီး ဆံပင်တချို့က ဖြူဖပ်ဖြူရော် ဖြစ်နေတဲ့ ပါးပြင်မှာ ကပ်နေသည်။ သူမရဲ့ အသက်ရှူသံက မြန်ပြီး တိမ်ဝင်နေတာက ဝိညာဉ်စွမ်းအားနဲ့ စိတ်စွမ်းအားတွေ အများကြီး ကုန်ဆုံးထားပြီး ကန့်သတ်ချက်ကို ရောက်ခါနီးနေပြီ ဆိုတာ သိသာလှသည်။
"စတုတ္ထအဆင့် မိစ္ဆာကြီးပါလား" ဟုန်ဖုန်းရဲ့ မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။
ဟေးစန်း တံတွေးထွေးလိုက်သည်။ "သောက်ကျိုးနည်း... အဲဒီမျောက်က ဘာစားပြီး ကြီးပြင်းလာတာလဲကွ"
သူတို့ ဝမ်ဂျီတောင်တန်းမှာ ကြီးပြင်းလာတာတောင် အမြင့်ဆုံး မြင်ဖူးတာက တတိယအဆင့် ထိပ်ဆုံးပဲ ရှိသေးတာ။ စတုတ္ထအဆင့် ဆိုတာ ဘယ်လို သဘောတရားမျိုးလဲ။
ပြီးတော့ ဒီလောက် အဆင့်အတန်းရှိတဲ့ မိစ္ဆာကြီးက ဒီအပျက်အစီးထဲမှာ တစ်ယောက်ယောက် မွေးမြူထားတဲ့တိရစ္ဆာန်ဖြစ်ကောင်းဖြစ်နိုင်နေသည်။
သူတို့ မစဉ်းစားဘဲ မနေနိုင်ကြပေ ဘိုးဘေးနန်းတော်က တစ်ချိန်တုန်းက ဘယ်လောက်တောင် စွမ်းအားကြီးခဲ့တာလဲ။
ပြီးတော့ အဲဒါကို အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်ခဲ့တဲ့သူရဲ့ ကျင့်ကြံမှုအဆင့်ကရော ဘယ်လောက်ရှိမလဲ။
စစ်ချန် မလှုပ်ရှားတာ မြင်တော့ ကျိုးယန် မျက်မှောင်ကြုတ်လိုက်ပြီးမှ ပြန်လျှော့လိုက်ကာ ယပ်တောင်ခတ်ရင်း ရယ်မောလိုက်သည်။ "တာအိုမိတ်ဆွေစစ်ချန်... နတ်သမီးလော့ တောင့်ခံနိုင်တော့မယ် မထင်ဘူးနော်"
စစ်ချန် သူ့ကို တစ်ချက်ကြည့်လိုက်သည်။ "အင်း... ငါ မြင်ပါတယ်"
ကျိုးယန် ကြောင်သွားသည်။
ချင်းရွှမ်အဆင့် တတိယနေရာက မိန်းမလှလေးကိုရဲရင့်စွာ ရှေ့ထွက်ကူညီမယ်၊ ဒါမှမဟုတ် အနည်းဆုံး စိုးရိမ်မှုလေးတော့ ပြမယ်လို့ သူ မျှော်လင့်ထားခဲ့တာ။ ဒါပေမဲ့ ဒီတုံ့ပြန်မှုကတော့... စစ်ချန် တကယ် မလှုပ်ရှားချင်မှန်း သိလိုက်ရတော့ ကျိုးယန်ရဲ့ မျက်လုံးတွေ လှုပ်ခတ်သွားသည်။ ပြီးတော့ သူ ပြုံးပြီး ပြောလိုက်သည်။
"တာအိုမိတ်ဆွေက မလောမှတော့ ကျွန်တော်ပဲ အစွမ်းအစလေး နည်းနည်း ပြပါရစေဦး။ နတ်သမီးလော့ သေဆုံးသွားတာကိုတော့ ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ဘူးလေ..."
သူ့အသံ မဆုံးခင်မှာပဲ သူ့ပုံရိပ် လှုပ်ခတ်သွားပြီး တိုက်ပွဲထဲ ဝင်ရောက်သွားသည်။
သို့သော် သူက စတုတ္ထအဆင့် ဧရာမမျောက်ဝံကြီးဆီ တန်းတန်းမတ်မတ် ဝင်မသွားဘဲ စစ်မြေပြင် အစွန်းဘက်ကနေ လှုပ်ရှားလိုက်သည်။
သူ့လက်ထဲက ယပ်တောင်က လည်ပတ်နေပြီး ကြယ်ရောင် မှိန်ဖျော့ဖျော့ ထွက်ပေါ်နေသည်။ အရေးကြီးတဲ့ အချိန်တိုင်းမှာ တတိယအဆင့် မိစ္ဆာအများအပြားရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ဖြတ်တောက်လိုက်တာမျိုး၊ ဒါမှမဟုတ် လော့ချင်းရင်ဆီ ဦးတည်နေတဲ့ ချောင်းမြောင်းတိုက်ခိုက်မှုကို အချိန်မီ ပိတ်ဆို့လိုက်တာမျိုး လုပ်ဆောင်နေသည်။
သူ့အပြုံးက မပျက်ပေမဲ့ မျက်လုံးတွေကတော့ အမြဲတမ်း တွက်ချက်နေသည့်အလား စောင့်ကြည့်နေသည်။ မိစ္ဆာတွေရဲ့ အခြေအနေ၊ လော့ချင်းရင်ရဲ့ တုံ့ပြန်မှု၊ ပြီးတော့ အဝေးက စစ်ချန်တို့အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကိုပေါ့။
ကျိုးယန် ပါဝင်လာတာနဲ့ လော့ချင်းရင်ရဲ့ ဖိအား သိသိသာသာ လျော့ကျသွားသည်။
စတုတ္ထအဆင့် ဧရာမမျောက်ဝံကြီး ဒေါသထွက်သွားပုံရသည်။ ခေါင်းမော့ပြီး ကမ္ဘာမြေကို တုန်လှုပ်စေလောက်တဲ့ ဟိန်းဟောက်သံကြီး အော်ဟစ်လိုက်ရာ မိစ္ဆာအရှိန်အဝါ လှိုင်းဂယက်ကြောင့် ပတ်ဝန်းကျင် အပျက်အစီးတွေ ထပ်မံ ပြိုကျကုန်သည်။
တတိယအဆင့် မိစ္ဆာအများစုက ချက်ချင်း လမ်းခွဲပြီး ကျိုးယန်နဲ့ စစ်ချန်တို့အဖွဲ့ဆီ လှည့်ပြောင်း ခုန်အုပ်လာကြသည်။
"ကျွတ်... တော်တော် အငြိုးကြီးတာပဲ"
ကျိုးယန် ဒီလိုပြောပေမဲ့ သူ့လက်ထဲက ယပ်တောင်က ပိုမြန်လာသည်။ သူက ထိပ်တိုက် မရင်ဆိုင်ဘဲ ငှက်မွှေးလေး တစ်ခုလို မိစ္ဆာတွေကြားထဲ လွင့်ပျံနေပြီး ဘယ်မိစ္ဆာမှ သူ့ကို မထိနိုင်ကြပေ။
လော့ချင်းရင် နောက်ဆုံးတော့ အသက်ရှူချိန် ရသွားသည်။ သူမ အသံလှိုင်းတစ်ခု ထုတ်လွှတ်ပြီး တတိယအဆင့် မိစ္ဆာနှစ်ကောင်ကို တွန်းထုတ်လိုက်ကာ အခွင့်ကောင်းယူပြီး ကျိုးယန်ဘက် ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
"ကျေးဇူးပါပဲ"
သူမအသံက အေးစက်နေတုန်း ဆိုပေမဲ့ အသက်ဓာတ်နည်းနည်း ပိုပါလာသည်။
ကျိုးယန်က မိစ္ဆာတွေကြားထဲ ယပ်တောင်နဲ့ ရှောင်တိမ်းရင်း ပြုံးပြီး ပြန်ဖြေလိုက်သည်။ "နတ်သမီးလော့က ယဉ်ကျေးလွန်းပါပြီ... ဒါ ကျွန်တော့်တာဝန်ပါပဲ"
"အချိန်ကိုက်ပဲကွ!"
ဟေးစန်းက ယားနေတာ ကြာပြီ။ သူ့ဝက်ဝံမျက်လုံးတွေ တောက်ပနေသည်။ ကျိုးယန် ပွစိပွစိ ပြောနေတာကို နားထောင်ပြီး ဘိုးဘေးနန်းတော်ရဲ့ သနားစရာ အခြေအနေကို မြင်လိုက်ရကတည်းက သူ့ရင်ထဲက ဖိနှိပ်ထားတဲ့ ဒေါသတွေ ပေါက်ကွဲထွက်စရာ နေရာမရှိ ဖြစ်နေတာ။
ဒီ ဦးနှောက်မရှိတဲ့ တတိယအဆင့် မိစ္ဆာတွေက အခုအချိန်မှာ အကောင်းဆုံး သဲအိတ်တွေပါပဲ ရိုက်ချိုးပစ်လိုက်ရင်တောင် စိတ်မကောင်းဖြစ်စရာ မလိုဘူးလေ။
သူ ဟိန်းဟောက်ပြီး ပြေးထွက်သွားသည်။ "အဲဒီ နောက်ကွယ်က ကြိုးကိုင်သူရဲ့ ၁၈ ဆက်မြောက် ဘိုးဘေးတွေကို ဆဲမယ်ကွာ... မင်းတို့လို ဦးနှောက်မရှိတဲ့ကောင်တွေနဲ့ အရင် စဖွင့်လိုက်မယ်!"
ဟုန်ဖုန်း မျက်လုံးလှန်လိုက်သည်။ ဟေးစန်း မဆင်မခြင် ပြေးထွက်သွားတာကို မြင်ပေမဲ့ သူလည်း နောက်က လိုက်သွားသည်။
ဟေးစန်းက ဂျုံခင်းထဲ ဝင်တိုးတဲ့ ဝက်ဝံရူးတစ်ကောင်လို မိစ္ဆာအုပ်ထဲ တိုးဝင်သွားသည်။
"ထွက်သွားစမ်း!"
ပိတ်ဆို့နေတဲ့ ဝံပုလွေမိစ္ဆာတစ်ကောင်ကို ရိုက်ထုတ်လိုက်ရာ လေထဲမှာ သုံးပတ်လည်ပြီး အပျက်အစီးတွေကြား ပြုတ်ကျသွားသည်။
ဟေးစန်း လှည့်တောင် မကြည့်ဘဲ လက်လွှဲလိုက်ပြီး ကျားသစ်မိစ္ဆာတစ်ကောင်ရဲ့ လည်ပင်းကို ဖမ်းဆွဲကာ ဥက္ကာခဲတူကြီး တစ်ခုလို အသုံးပြုပြီး အနားကပ်လာတဲ့ မိစ္ဆာအများအပြားဆီ လွှဲရိုက်လိုက်သည်။
"ဘုန်း... ဘုန်း..." အသံတွေနဲ့အတူ မိစ္ဆာတွေ ယိုင်နဲ့သွားကြသည်။
ဟုန်ဖုန်းက ဟေးစန်းလောက် အရိုင်းဆန်မနေပေမဲ့ သူ့တိုက်ခိုက်မှုတွေက ပိုပါးနပ်သည်။
သူ မြန်လွန်းလို့ အနီရောင် အရိပ်တစ်ခုလိုပဲ ဖြစ်နေသည်။ မကြာခဏဆိုသလို မိစ္ဆာတွေ သတိမထားမိခင်မှာတင် နောက်တစ်ကောင်ရဲ့ အနောက်ကို ရောက်နေတတ်သည်။
ဒီမိစ္ဆာနှစ်ကောင်က သဘာဝ ပြိုင်ဘက်တွေ ဖြစ်ပေမဲ့ အတူတူ တွဲဖက်တိုက်ခိုက်တဲ့အခါ မယုံနိုင်လောက်အောင် ညီညွတ်မှု ရှိနေပြီး ထုံထိုင်းနေတဲ့ တတိယအဆင့် မိစ္ဆာတွေရဲ့ အဆင့်ထက် အများကြီး သာလွန်နေသည်။
တတိယအဆင့် မိစ္ဆာတွေ အရေအတွက် များပေမဲ့ သူတို့ရဲ့ တိုက်ခိုက်မှုတွေက တစ်ထပ်တည်း ဖြစ်နေပြီး အရေအတွက် အားသာချက် ရှိရင်တောင် အသာစီး မရနိုင်ကြပေ... စစ်ချန်ကတော့ လေထဲမှာ မလှုပ်မယှက် ရပ်နေတုန်းပါပဲ။
သေချင်လို့ မိုက်မဲစွာ ပြေးဝင်လာတဲ့ မိစ္ဆာတစ်ကောင် ရှိမှသာ သူ ခြေထောက်မြှောက်ပြီး ကန်ထုတ်လိုက်သည်။
ဒါမှမဟုတ် ဟေးစန်းနဲ့ ဟုန်ဖုန်းတို့ ဝိုင်းရံပိတ်ဆို့ ခံရခါနီး ဖြစ်နေရင် "ပိုးစုန်းကြူး" ကို သုံးပြီး မိစ္ဆာခေါင်းတစ်လုံးကို ဖောက်ခွဲပစ်လိုက်သည်။
သူ ကြည့်နေတာ။
လော့ချင်းရင် ဘယ်လို တိုက်ခိုက်သလဲ ဆိုတာကို ကြည့်ရှုလေ့လာနေတာ။
ချင်းရွှမ်အဆင့် သတ္တမနေရာက ရေဓာတ် အသံလှိုင်းကျင့်စဉ်ကို ကျင့်ကြံထားတာ... ဒါ ရှားပါးတဲ့ လမ်းစဉ်တစ်ခုပဲ။
သူ့ကို ပိုစိတ်ဝင်စားစေတာကတော့ အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ နောက်တစ်ယောက် ရှိနေသေးတာပါပဲ...
စစ်ချန်၏ မျက်ဝန်းများမှာ နေအလင်းကဲ့သို့ ရွှေအလင်းတန်းတစ်ချက် လက်ခနဲဖြစ်သွားပြီး
ကောင်းပြီလေ... ဒီစင်မြင့်ပေါ်မှာ ဘယ်လို ပြဇာတ်မျိုး ကပြမလဲ ဆိုတာ ကြည့်ရသေးတာပေါ့...
ကျိုးယန်က ယပ်တောင်နဲ့ မိစ္ဆာအချို့ကို ဝိုင်းရံထားရင်း စစ်ချန်ကို မျက်စိဒေါက်ထောက် ကြည့်နေသည်။
သူ့မျက်နှာပေါ်က အပြုံး အနည်းငယ် လျော့ပါးသွားသည်။
ဒီ ချင်းရွှမ်အဆင့် တတိယနေရာက ထင်ထားတာထက် ခန့်မှန်းရ ခက်နေသည်။ ပုံရိပ်နှင့် အပြုအမူကဆန်းကြယ်ရုံသာမက တိုက်ခိုက်တာကလည်း ရှားပါး၏။ သို့သည့်တိုင် သူ တိုက်ခိုက်တာ ရှားပေမဲ့ တိုက်လိုက်တိုင်း သေစေနိုင်တဲ့နေရာကိုသာ ဦးတည်သည်။။
တစ်ချိန်တည်းမှာပဲ လော့ချင်းရင် သူမလက်တွေကို လွတ်အောင်လုပ်ပြီး စတုတ္ထအဆင့် ဧရာမမျောက်ဝံကြီးကို အာရုံစိုက် ဖြေရှင်းလိုက်နိုင်ပြီ။
သူမ လက်တွေကို ရှေ့သို့ ဖိလိုက်ရာ သူမအနောက်မှာ ရေငွေ့တွေ စုစည်းလာပြီး အကြေးခွံတွေ၊ ခြေသည်းတွေ ပါဝင်တဲ့ ရေနဂါး ၁၀ ကောင် ဖြစ်ပေါ်လာသည်။
ရေနဂါးတွေ လှည့်ပတ်ပြီး ပါးစပ်ကြီးတွေ ဖွင့်ကာ ဟိန်းဟောက်ရင်း ဧရာမမျောက်ဝံကြီးဆီ ပြေးဝင်သွားကြသည်။
ဧရာမမျောက်ဝံကြီး ရင်ဘတ်ကို ထုပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ကြောက်ရွံ့ခြင်း မရှိဘဲ လော့ချင်းရင်ဆီ တည့်တည့်မတ်မတ် ပြေးဝင်လာသည်။
"ဘုန်း...!!!"
ရေတွေ ပေါက်ကွဲထွက်ပြီး ကြည်လင်တဲ့ ရေစက်တွေ ကောင်းကင်အနှံ့ ပြန့်ကျဲသွားသည်။
ရေနဂါး ၁၀ ကောင်ရဲ့ ရစ်ပတ်ချေမှုန်းမှုအောက်မှာ ဧရာမမျောက်ဝံကြီးရဲ့ ဘယ်ဘက်လက်မောင်း အတင်း ဆွဲဖြဲခံလိုက်ရပြီး မိစ္ဆာသွေးတွေ ရေတံခွန်လို ပန်းထွက်လာသည်။
နာကျင်ပြီး ဒေါသထွက်နေတဲ့ အော်သံကြီး ထွက်ပေါ်လာကာ သူ့ရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ် ယိုင်နဲ့သွားပြီး ပျက်စီးနေတဲ့ ဘုရားကျောင်းတစ်ခုအပေါ် ပြိုကျသွားသည်။
လော့ချင်းရင်လည်း သက်သာလှတာ မဟုတ်ပေ။
သူမ တုံ့ပြန်မှုကြောင့် လွင့်ထွက်သွားပြီး လေထဲမှာ မနည်း ပြန်ထိန်းလိုက်ရသည်။ ပါးစပ်ထောင့်မှာ သွေးစတွေ စီးကျနေပြီ။
သွေးတွေကို သုတ်လိုက်ပြီး သူမမျက်လုံးတွေ ပိုအေးစက်လာသည်။
ဘာလို့လဲဆိုတော့ ဧရာမမျောက်ဝံကြီးက ရုန်းကန်ပြီး ပြန်ထလာလို့ပါပဲ။
လက်မောင်းတစ်ဖက် ပြတ်သွားပြီး သွေးတွေ ရွှဲနေပေမဲ့ သူ့ရဲ့ သွေးရောင်လွှမ်းနေတဲ့ မျက်လုံးတွေထဲမှာ ဆုတ်ခွာမယ့် အရိပ်အယောင် မရှိပေ။ ကျန်ရှိနေတဲ့ ညာဘက်လက်မောင်းနဲ့ ကိုယ်ကို ထောက်ပြီး ကမ္ဘာမြေကို တုန်လှုပ်စေတဲ့ နောက်ထပ် ဟိန်းဟောက်သံကြီး တစ်ခု ပေးလိုက်ကာ ပြေးဝင်လာဖို့ ပြင်ဆင်နေတုန်းပင်။
လော့ချင်းရင် အသက်ပြင်းပြင်း ရှူလိုက်သည်။
"တကယ်... ဒုက္ခပေးတာပဲ"
သူမ လက်နှစ်ဖက်ကို ရှေ့မှာ ပူးလိုက်ပြီး လက်ချောင်းတွေကို ဖြည်းဖြည်းချင်း တင်းလိုက်သည်။
"ဒီရေမွေးဖွားခြင်း... ဖိနှိပ်..."
သူမရဲ့ အစွမ်းအထက်ဆုံး သိုင်းကွက်ကို ထုတ်သုံးတော့မလို့ ပြင်ဆင်နေစဉ်...
"ဗုဒ္ဓဘုရား သနားတော်မူပါ..."
ငြိမ်းချမ်းတဲ့ ဗုဒ္ဓစာ ရွတ်ဖတ်သံတစ်ခု စစ်မြေပြင် အစွန်းဘက်ကနေ ရုတ်တရက် ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပဲ ကောင်းကင်တစ်ခုလုံး ကြီးမားတဲ့ ရွှေရောင် ဗုဒ္ဓအလင်းတန်းတွေနဲ့ လင်းထိန်သွားသည်။
ဗုဒ္ဓအလင်းတန်းတွေထဲမှာ ရွှေရောင်အလင်းတွေနဲ့ သီးသန့် ဖွဲ့စည်းထားတဲ့ ကြီးမားတဲ့ လက်ဝါးကြီး ဒါဇင်ပေါင်းများစွာ ပျက်ပြယ်မှု နယ်ပယ်ထဲကနေ ထွက်ပေါ်လာသလိုမျိုး စစ်မြေပြင် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ပြီးတော့ အဲဒီလက်ဝါးကြီးတွေက မိစ္ဆာတစ်ကောင်စီ ရှိတဲ့နေရာဆီကို ဖြည်းညှင်းစွာ ဖိချလိုက်သည်။
"ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း..."
သိပ်သည်းတဲ့ ရိုက်ခတ်သံတွေက ဆက်တိုက် ဟိန်းဟောက်သံကြီး တစ်ခုအဖြစ် ပေါင်းစပ်သွားသည်။
လော့ချင်းရင်ဆီ ပြေးဝင်လာတဲ့ စတုတ္ထအဆင့် ဧရာမမျောက်ဝံကြီး ရွှေရောင်လက်ဝါးကြီး သုံးခု ဆက်တိုက် ရိုက်ခတ်ခံလိုက်ရသည်။ အော်ချိန်တောင် မရလိုက်ဘဲ ထာဝရ ငြိမ်သက်သွားသည်။
ဝိုင်းရံနေတဲ့ တတိယအဆင့် မိစ္ဆာ အကောင် ၂၀ လောက်လည်း ရွှေရောင်လက်ဝါးကြီးတွေရဲ့ ဆက်တိုက် ရိုက်နှက်မှုကြောင့် ချက်ချင်း သေဆုံးကုန်ကြသည်။
ဖြစ်စဉ်တစ်ခုလုံးက အသက်ရှူချိန် သုံးခါလောက်ပဲ ကြာသည်။
ရွှေရောင်အလင်းတွေ ကွဲပြားသွားတဲ့အခါ စစ်မြေပြင် တိတ်ဆိတ်သွားသည်။ ကျိုးပဲ့နေတဲ့ မျောလွင့်ကျွန်းကြီးကသာ မခံမရပ်နိုင် ဖြစ်နေသလို ညည်းတွားသံတွေ ဆက်လက် ထွက်ပေါ်နေပြီး အချိန်မရွေး လုံးဝ ပြိုကျသွားတော့မလို ဖြစ်နေသည်။
သင်္ကန်းဝတ်ဆင်ထားပြီး မျက်နှာပေါ်မှာ အပြုံးတစ်ခုနဲ့ လက်အုပ်ချီထားတဲ့ လူတစ်ယောက် အပျက်အစီးတွေကြားကနေ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာသည်။
ဟွေမင်း။
လော့ချင်းရင် လက်တွေကို ချလိုက်ပြီး သူမပတ်လည်က အသံလှိုင်းဂယက်တွေ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။
ကျိုးယန်လည်း ယပ်တောင်ကို သိမ်းလိုက်သည်။ သူ့မျက်နှာပေါ်က အပြုံး အနည်းငယ် လျော့ပါးသွားသည်။
ဒါက ချင်းရွှမ်အဆင့် စတုတ္ထနေရာ ပြုံးပျော်ရွှင်ဗုဒ္ဓဟွေမင်းရဲ့ စွမ်းအားလား။ ပြီးတော့ သူ ပေါ်လာတဲ့ အချိန်ကိုက်မှုက... ကြိုစီစဉ်ထားသလိုပဲမဟုတ်ဘူးလား
သူတို့နှစ်ယောက်စလုံး မျက်မှောင်ကြုတ်လိုက်မိသည်။
စစ်ချန် လေထဲကနေ ဆင်းသက်လာပြီး ဟေးစန်း၊ ဟုန်ဖုန်းတို့ဘေးမှာ ရပ်ကာ ဟွေမင်းကို ကြည့်လိုက်သည်။
ဟွေမင်းက သူ့ကို ပြန်ကြည့်ပြီး အပြုံးက နူးညံ့နေတုန်းပါပဲ "တာအိုမိတ်ဆွေစစ်ချန်... ပြန်ဆုံကြပြန်ပြီနော်"
စစ်ချန် ခေါင်းညိတ်လိုက်သည်။ "တာအိုမိတ်ဆွေဟွေမင်းရဲ့ နည်းလမ်းတွေက မှတ်သားလောက်ပါပေတယ်"
ဟွေမင်း အနည်းငယ် ဦးညွှတ်လိုက်ပြီး လေသံက နှိမ့်ချနေသည်။ "နတ်သမီးလော့က အဲဒီမိစ္ဆာကို ကန့်သတ်ချက် ရောက်အောင် လုပ်ထားပြီးသားပါ... တာအိုမိတ်ဆွေကျိုးကလည်း တခြားကောင် အများစုကို ထိန်းထားပေးတယ်လေ။ ဒီဘုန်းကြီးလေးက အချိန်ကိုက် ရောက်လာရုံ သက်သက်ပါပဲ"
ဟေးစန်း အခုမှ သတိပြန်ဝင်လာသည်။ သူ့ဝက်ဝံပါးစပ်ကြီး ပွင့်လိုက် ပိတ်လိုက် ဖြစ်နေပြီးမှ နောက်ဆုံး မှတ်ချက်တစ်ခု ညှစ်ထုတ်လိုက်နိုင်သည် "...ဒီပြောင်ကြီး တော်တော်ဟုတ်ပါလား"
ဟုန်ဖုန်း သူ့ကို အမြီးနဲ့ ရိုက်လိုက်သည်။
ဟွေမင်း ဒေါသမထွက်ပါဘူး။ ပြုံးပြီး လော့ချင်းရင်ဘက် လှည့်ပြောလိုက်သည်။ "နတ်သမီးလော့ နေကောင်းရဲ့လား"
"တာအိုမိတ်ဆွေဟွေမင်းရဲ့ ဗုဒ္ဓတရားတော်က နက်ရှိုင်းလှပါတယ်... ဒီမိန်းကလေး လေးစားမိပါတယ်"
"နတ်သမီးလော့ မြှောက်ပင့်လွန်းပါပြီ။ သာမန် လှည့်ကွက်လေးတွေပါပဲ"
"တာအိုမိတ်ဆွေကျိုးရဲ့ စောစောက အကူအညီကို ချင်းရင် မှတ်သားထားပါတယ်"
"နတ်သမီးက ပိုပြောနေပါပြီ... အားစိုက်ထုတ်မှု အနည်းငယ်ပါပဲ"
သူတို့လေးယောက် မျောလွင့်ကျွန်း အပျက်အစီးတွေပေါ်မှာ ရပ်ပြီး ကိုယ်ပိုင်အတွေးတွေနဲ့ ယဉ်ကျေးမှု ဖလှယ်နေကြသည်။
မြင်ကွင်းက ထူးဆန်းနေသည်။
ဟေးစန်း ဘယ်ညာ ကြည့်လိုက်ပြီး တစ်ခုခု မှားနေတယ်လို့ ခံစားရပေမဲ့ ဘာလဲဆိုတာ ပြောမပြတတ်ပေ။
ထိုစဉ် စစ်ချန်က သူ့နဂိုပုံစံနှင့်မကိုက်ညီစွာ ရုတ်တရက် ရယ်မောလိုက်သည်။
ရယ်သံက အပျက်အစီးတွေကြားမှာ အထူးတလည် စူးရှနေသည်။
ဟွေမင်း၊ ကျိုးယန်နဲ့ လော့ချင်းရင်တို့ သုံးယောက်စလုံး စစ်ချန်ဘက် ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။
ဟွေမင်းရဲ့ အပြုံးက မပြောင်းလဲပေမဲ့ မျက်လုံးတွေ နက်ရှိုင်းသွားသည်။ "တာအိုမိတ်ဆွေစစ်ချန် ဘာလို့ ရယ်တာလဲ"
စစ်ချန် လက်ဝှေ့ယမ်းလိုက်သည်။ "ဘာမှ မဟုတ်ပါဘူး... ရယ်စရာတစ်ခု ရုတ်တရက် သတိရသွားလို့ပါ"