စာမတတ်ပေမဲ့ စာတတ်ဟန်ဆောင်
Vol. 13 Ch. 124
ဟေးစန်းနှင့် ဟုန်ဖုန်းတို့သည် သတိထားနေကြသည်။
သူတို့ ကျိုးယန်ကို ကောင်းကောင်း မသိကြပေ။ ဝူရင်တောင်ကြား အပြင်ဘက်မှာ အကြည့်ချင်း ဆုံဖူးတာလောက်ပဲ ရှိသည်။ ဒီလိုနေရာမျိုးမှာ လူစိမ်းတစ်ယောက်က ရင်းနှီးသလို လာလုပ်နေတာက မိစ္ဆာတစ်ကောင်ထက် ပိုပြီး သံသယဖြစ်စရာ ကောင်းနေသည်။
ပဲနီလေးက ခေါင်းလေးစောင်းပြီး ကျိုးယန်ကို ခဏတာ လေ့လာကြည့်လိုက်သည်။ ထို့နောက် "ကျိ" ခနဲ အော်မြည်လိုက်ပြီး ခရမ်းရောင်ဖဲပြားလေးကို ပြန်ရှင်းလင်းနေလေသည်။
ဒီလူက သူမကို ချစ်စရာကောင်းတယ်လို့ ချီးကျူးခဲ့တာပဲ... နားထောင်လို့ ကောင်းသား။
စစ်ချန်၏ တုံ့ပြန်မှုကတော့ အတည်ငြိမ်ဆုံး ဖြစ်သည်။
အကြွင်းမဲ့ အင်အားကြီးမားမှု ရှေ့မှောက်တွင် မည်သည့် လှည့်ကွက်မှ အသုံးမဝင်ပေ။ သူ့အတွက်တော့ ဒါက သူတစ်ခါမှ ဝင်မပါဖူးတဲ့ လူသားကစားပွဲ တစ်ခုလိုပါပဲ။
ကျိုးယန်၏ အပြုံးသည် လုံးဝ မပြောင်းလဲပေ။ ရန်လိုမှုကို အာရုံမခံမိသကဲ့သို့ပင်။ သူ့အကြည့်သည် ဟေးစန်းနှင့် ဟုန်ဖုန်းတို့၏ ဒဏ်ရာအသစ်များ အပေါ်သို့ ဖြတ်သန်းသွားသည်။
သူ ယပ်တောင်ကို ခတ်လိုက်ပြီး နားလည်ပေးသလို လေသံဖြင့် ပြောလိုက်သည်။ "ကြည့်ရတာ တာအိုမိတ်ဆွေတို့ရဲ့ ခရီးလမ်းက မလွယ်ကူခဲ့ဘူး ထင်တယ်"
ဟုန်ဖုန်း ခြေတစ်လှမ်းဝက်ခန့် ရှေ့တိုးလိုက်ပြီး အသံနှိမ့်ကာ မေးလိုက်သည်။ "မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ"
သူ့မေးခွန်းက တည့်တိုးကျသည်။ ဒီလို ခြောက်ခြားဖွယ် ကောင်းတဲ့ နေရာမှာ စကားဝိုက်နေခြင်းက အပိုလုပ်ရပ် ဖြစ်သလို အန္တရာယ်လည်း များသည်။
"တာအိုမိတ်ဆွေဟုန်ဖုန်း... ဒီလောက်ကြီး သတိထားနေစရာ မလိုပါဘူး"
ကျိုးယန် ပြုံးလိုက်သည်။ ဒီမေးခွန်းကို မျှော်လင့်ထားပုံရသည်။ "ခင်ဗျားတို့ သတိမထားမိသေးဘူး ထင်တယ်... ဒီနေရာမှာ အထူးဆန်းဆုံးအရာက အပျက်အစီးတွေ မဟုတ်ဘူး၊ မိစ္ဆာတွေလည်း မဟုတ်ဘူး... အဲဒါက..."
"အချိန်တွေ ရှုပ်ထွေးနေတာ မဟုတ်ဘူးလား"
ဟေးစန်းက ဝက်ဝံမျက်နှာကြီးဖြင့် စိတ်မရှည်စွာ ဖြတ်ပြောလိုက်သည်။ "ငါတို့ သိတာ ကြာလှပြီကွ"
ဒီစကားလုံးတွေကြောင့် ကျိုးယန်၏ မျက်နှာပေါ်မှ အပြုံး သိသိသာသာ တောင့်တင်းသွားသည်။
သို့သော် မျက်လုံးထဲမှ အံ့ဩမှုက ချက်ချင်း ပျောက်ကွယ်သွားပြီး မိသားစုကြီး တစ်ခုမှ ယဉ်ကျေးသိမ်မွေ့သော သခင်လေး ဟန်ပန်ကို ပြန်လည်ရယူလိုက်သည်။
သူ စစ်ချန်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ့အကြည့်ထဲတွင် အသစ်အဆန်း တစ်ခုခု ပါဝင်နေသည်။
"သြော်... အဲဒီလိုကိုး။ ကြည့်ရတာ တာအိုမိတ်ဆွေစစ်ချန်မှာ... ကိုယ်ပိုင် နည်းလမ်းတွေ ရှိပုံရတယ်"
စစ်ချန် ဝန်မခံသလို မငြင်းလည်း မငြင်းပေ။ သူ ကျိုးယန်ကို တည်ငြိမ်စွာ ကြည့်နေပြီး ဆက်ပြောမည့် စကားကို စောင့်နေသည်။
ကျိုးယန် ယပ်တောင်ကို ပိတ်လိုက်ပြီး လက်ဖဝါးပေါ် ဖွဖွလေး ရိုက်လိုက်သည်။ သူ့လေသံ လေးနက်လာသည်။ "အမှန်အတိုင်း ပြောရရင် ကျွန်တော် ဝင်လာကတည်းက တစ်ခုခု မှားနေမှန်း အာရုံခံမိတယ်... မိသားစုက လက်ဆင့်ကမ်းပေးခဲ့တဲ့ လျှို့ဝှက်ရတနာ တစ်ခုကြောင့်ပါ..."
သူ ခဏရပ်လိုက်ပြီး အချိန်ဇယားကို စတင် ရှင်းပြသည်။ "...အစ်ကိုရှဲ့ချန်ရှင်း အရင်ဝင်သွားတယ်၊ ပြီးတော့ လင်းရွှီနန်းတော်နဲ့ ရွှမ်ဟော်ဂိုဏ်း၊ ပြီးတော့ ဟွေမင်းနဲ့ နတ်သမီးလော့၊ နောက်ဆုံးမှ ကျွန်တော်..."
"ရောက်လာပြီးနောက် ကျွန်တော် တွေ့ရှိခဲ့တာက ပိုနက်ရှိုင်းတဲ့နေရာ ရောက်လေလေ အချိန်တွေ ပိုကယောက်ကယက် ဖြစ်လေလေပဲ... လုံးဝ ပုံသေမရှိဘူး"
သူ့အသံတွင် အလေးအနက်ထားမှုများ ပါဝင်လာသည်။ "ကျွန်တော် ဗေဒင် အကြိမ်ကြိမ် တွက်ကြည့်တယ်... ရလဒ်တိုင်းက ကြီးမားတဲ့ အန္တရာယ်ကိုပဲ ညွှန်ပြနေတယ်။ ကျွန်တော့် ကျင့်ကြံမှုအဆင့်က နိမ့်ပါးတာမို့ တစ်ယောက်တည်း ဆက်မသွားရဲဘူး..."
သူ စစ်ချန်အဖွဲ့ကို ကြည့်ပြီး ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။ "ဒါကြောင့် ဒီမှာ စောင့်နေရင် နောက်က လိုက်လာမယ့်သူတွေနဲ့ သေချာပေါက် တွေ့မယ်လို့ တွေးလိုက်မိတယ်။ တစ်ယောက်တည်း အန္တရာယ် ရင်ဆိုင်ရတာထက် အတူတူ သွားတာ ပိုကောင်းတယ်လေ"
"ထင်တဲ့အတိုင်းပဲ... တာအိုမိတ်ဆွေစစ်ချန် ရောက်လာတာပဲ"
သူ့ဇာတ်လမ်းက ကျိုးကြောင်းဆီလျော်ပြီး အကြောင်းပြချက် ခိုင်လုံသည်။
ကောင်းကင်နိမိတ် ဖတ်တတ်သော ကျင့်ကြံသူ တစ်ဦး အနေဖြင့် အချိန်တွေ ကယောက်ကယက် ဖြစ်နေပြီး လမ်းခရီး အန္တရာယ်များမှန်း သိလိုက်ရသောအခါ အဖော်စောင့်နေခြင်းက အလွန် သဘာဝကျသည်။
ဟေးစန်း နှာခေါင်းရှုံ့လိုက်သည်။ "ပြောတာတော့ သီချင်းဆိုနေသလိုပဲ..."
ကျိုးယန် စိတ်မဆိုးပေ။ "သေချာတာပေါ့... ဘယ်သူမှ ရောက်မလာရင် ကျွန်တော် တစ်ယောက်တည်း ပြန်ထွက်သွားမှာပါ။ ကောင်းကင်လျှို့ဝှက်ချက် လမ်းစဉ်က အမြဲတမ်း မကောင်းတဲ့အရာထက် ကောင်းတဲ့အရာကိုပဲ ရွေးချယ်တယ်လေ။ မဖြစ်နိုင်တဲ့ ကိစ္စဆိုရင် အချိန်မီ ဆုတ်ခွာတာ အကောင်းဆုံးပဲ"
နားထောင်ပြီးနောက် စစ်ချန်သည် အတွင်းပိုင်းမှ အလင်းရောင်ကို လှမ်းကြည့်လိုက်သည်။ "ကျွန်းပေါ်က အလင်းရောင်က... မင်း ထွန်းထားတာလား"
"အတိအကျပါပဲ"
ကျိုးယန် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပြီး ယပ်တောင်ဖြင့် ညွှန်ပြလိုက်သည်။ "ပထမအချက်က လမ်းပြဖို့ပါ... နောက်ကျမှ လာတဲ့သူတွေ ဒီကျွန်းကို မလွတ်သွားအောင်လို့လေ။ ဒုတိယအချက်ကတော့... ခင်ဗျားတို့ စိတ်ဝင်စားလောက်မယ့် တွေ့ရှိချက် တစ်ခု ရှိနေလို့ပါ"
ဟေးစန်း မျက်လုံးမှေးလိုက်သည်။ "တွေ့ရှိချက် ဟုတ်လား။ ဘာလဲ။ ပြောစမ်းပါ"
ကျိုးယန်က သူတို့ကို ခန့်မှန်းခိုင်းလိုက်သည်။ "စကားလုံးတွေက တန်ဖိုးမရှိပါဘူး... ကိုယ်တိုင်သာ ကြည့်လိုက်ကြပါ။ ကြွပါ... ကျွန်တော့်နောက် လိုက်ခဲ့ပါ"
သူ လှည့်ထွက်သွားပြီး အလင်းရောင်ရှိရာသို့ အလောတကြီး မဟုတ်သော ခြေလှမ်းများဖြင့် လျှောက်သွားလေသည်။ အိမ်ရှင်တစ်ယောက်ကဲ့သို့ပင်။
စစ်ချန် ခေါင်းညိတ်ပြီး လိုက်သွားသည်။
ဟေးစန်း ဟုန်ဖုန်းကို တီးတိုးပြောလိုက်သည်။ "ဒီကောင်ချောလေးက မရိုးသားဘူးနော်"
ပိုမို နက်ရှိုင်းစွာ ဝင်ရောက်လေလေ အတိတ်က ခမ်းနားထည်ဝါမှုများကို ပိုမို မြင်တွေ့ရလေလေ ဖြစ်သည်။ ယခုအခါ အပျက်အစီးများသာ ဖြစ်နေသော်လည်းပေါ့။
မကြာမီ အတော်လေး ကျယ်ဝန်းသော နေရာလွတ်တစ်ခု ပေါ်လာလေသည်။
အလယ်ဗဟိုတွင် ကြီးမားသော ကျောက်တိုင်ကြီး တစ်တိုင် ရှိနေသည်။
ကျောက်တိုင်သည် နှစ်ပိုင်းကျိုးနေသည်။ အောက်ခြေပိုင်းက မြေကြီးထဲ စိုက်ဝင်နေဆဲဖြစ်ပြီး အပေါ်ပိုင်းကတော့ အပျက်အစီးများကြား လဲကျနေသည်။ ဓားတစ်ချက်တည်းဖြင့် ပိုင်းဖြတ်ခံလိုက်ရသကဲ့သို့ပင်။
ဝိညာဉ်မီးတောက် အစုအဝေးများ ၎င်းပတ်လည်တွင် ဝဲပျံနေသည်
ဒါက အလင်းရောင်၏ အရင်းအမြစ်ပင်။
ကျောက်တိုင်ပေါ်တွင် မှိန်ဖျော့နေသော စာလုံးများကို မြင်နေရသေးသည်။
"ရောက်ပါပြီ"
ကျိုးယန် ရပ်တန့်လိုက်ပြီး လက်ညှိုးထိုးပြသည်။ "ဒါပါပဲ"
ဟေးစန်း နှာခေါင်းရှုံ့လိုက်ပြီး ခြေလှမ်းကျဲကြီးဖြင့် သုံးလှမ်း လျှောက်သွားလိုက်သည်။ "ဘာလဲဆိုတာ ကြည့်ရအောင်"
သူသည် အမွေးပွနေသော ဝက်ဝံလက်ဝါးကြီးဖြင့် စာသားများကို ထိုးပြပြီး အသံဩကြီးဖြင့် အော်ဖတ်လိုက်သည်။
"မိ..."
စာလုံးတစ်လုံးတည်း ဖတ်ပြီးနောက် သူ တိတ်ဆိတ်သွားသည်။
ဟုန်ဖုန်းက စောင့်နေပြီးနောက် အမြီးဖြင့် ရိုက်လိုက်သည်။ "မိ... ဘာလဲ။ ဆက်ဖတ်လေ"
ဟေးစန်း လက်ဝါးနှစ်ဖက်ကို နောက်ပစ်လိုက်ပြီး ရင်ကော့ကာ စစ်ချန်ဆီသို့ "ငါ့တာဝန် ကျေပြီ" ဆိုသည့် ပုံစံဖြင့် လမ်းလျှောက်ပြန်လာလေသည်။
ဟုန်ဖုန်း "..."
စစ်ချန် "..."
ကျိုးယန် "..."
ဟုန်ဖုန်း၏ ပါးစပ် လှုပ်ရမ်းသွားသည်။ စာမတတ်ဘဲနဲ့ ပညာရှိဝက်ဝံ လာလုပ်နေသေးတယ်။
နောက်ဆုံးတွင် ဟုန်ဖုန်း ကိုယ်တိုင် ရှေ့တိုးသွားပြီး ကျိုးပဲ့နေသော စာသားများကို ဂရုတစိုက် ဖတ်ရှုလိုက်သည်။ သူ့မျက်လုံးများ အောက်သို့ ဖြည်းညှင်းစွာ ရွေ့လျားသွားပြီး အသက်ရှူသံ ပြင်းထန်လာသည်။
"...မိ...စ္ဆာ... ပျိုး... ထောင်... ရေး... စ... ခန်း..."
"...အချိန်... ပဋိ... ညာဉ်... ဖြင့်... ပုံ... ဖော်... သော... မိ...စ္ဆာ... သန္ဓေ... သား..."
တစ်ဝက်လောက်အရောက်တွင် သူ့အသံ ရပ်တန့်သွားသည်။
သူ ခေါင်းမော့လိုက်ပြီး စစ်ချန်ကို စိုက်ကြည့်လိုက်သည်။ မယုံကြည်နိုင်မှုများ ကျားမျက်လုံးထဲတွင် ပြည့်နှက်နေသည်။
ဟေးစန်း စာမဖတ်တတ်သော်လည်း နားက ကောင်းကောင်း အလုပ်လုပ်သည်။ ဒါကို ကြားလိုက်ရသောအခါ သူ အတင်းမေးလိုက်သည်။ "ဘ... ဘာအဓိပ္ပာယ်လဲ"
ကျိုးယန် ယပ်တောင်ခတ်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ "ရေးထားတဲ့အတိုင်းပါပဲ"
"ဒီနေရာက တစ်ချိန်တုန်းက မိစ္ဆာမျိုးနွယ်ရဲ့ ပျိုးထောင်ရေးစခန်း ဖြစ်ခဲ့တာပါ... အချိန်ပဋိညာဉ် လို့ ခေါ်တဲ့အရာကို အသုံးပြုပြီးတော့ပေါ့"
သူ ဟေးစန်းနှင့် ဟုန်ဖုန်းတို့ကို ကြည့်လိုက်သည်။
"တခြားနည်းနဲ့ ပြောရရင် ဒါက ခင်ဗျားတို့ မိစ္ဆာမျိုးနွယ်တွေရဲ့ ဒဏ္ဍာရီလာ ဘိုးဘေးနန်းတော်... သန့်ရှင်းသောမြေပါပဲ... ဒါမှမဟုတ် အဲဒီရဲ့ အစိတ်အပိုင်း တစ်ခုပေါ့"
သူတို့ သံသယ ဝင်နေခဲ့ကြသော်လည်း အတည်ပြုချက် ရလိုက်သောအခါ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားကြသည်။
ဘိုးဘေးနန်းတော်။
တကယ်ကြီး ဘိုးဘေးနန်းတော်။
မိစ္ဆာသူတော်စင် ကိုးပါးက သတ္တဝါအပေါင်းကို အုပ်စိုးခဲ့သော၊ ဘုန်းတန်ခိုးကြီးခဲ့သော ခေတ်ကာလမှ မိစ္ဆာမျိုးနွယ်၏ သန့်ရှင်းသောမြေ။
သူတို့ စိတ်ကူးထားတာနဲ့ ဘာမှ မဆိုင်တာလေး တစ်ခုပဲ ရှိတာပါ ရတနာအလင်းရောင်တွေနဲ့ တောက်ပနေတဲ့ မင်္ဂလာတောင်တော် မဟုတ်ဘဲ ပျက်ပြယ်မှု နယ်ပယ်ထဲမှာ မျောလွင့်နေတဲ့ ကျိုးပဲ့နေသော အပျက်အစီးတွေ ဖြစ်နေတာပါပဲ။
စစ်ချန်၏ အကြည့်သည် ကျိုးပဲ့နေသော စာလုံးများကို ဖြတ်သန်းသွားပြီးနောက် ကျိုးယန်ထံ ပြန်ရောက်သွားသည်။ "မင်းက မိစ္ဆာဘိုးဘေးနန်းတော် အကြောင်း တော်တော် သိတာပဲ"
ကျိုးယန် ပြုံးလိုက်သည်။ "ဗဟုသုတ ကြွယ်ဝတယ်လို့ မဆိုလိုပါဘူး... ဒါပေမဲ့ ကျွန်တော့်မိသားစုမှာ မှတ်တမ်းတွေ ရှိတယ်။ ကျွန်တော် မြင်ခဲ့ရတာတွေနဲ့ ပေါင်းစပ်လိုက်တော့ အကြမ်းဖျင်း ပုံဖော်လို့ ရသွားတာပါ"
နားထောင်ပြီးနောက် စစ်ချန် ခေါင်းညိတ်လိုက်သည်။
ကောင်းကင်လျှို့ဝှက်ချက်သခင်လေးပြောတာ အပြစ်ဆိုစရာ မရှိပေ။ သို့သော် စစ်ချန် သတိထားမိသည်မှာ ပေါ့ပေါ့ပါးပါး ပြောဆိုနေသော်လည်း ကျိုးယန်၏ မျက်လုံးများသည် ဟေးစန်းနှင့် ဟုန်ဖုန်းတို့ဘက်သို့ မကြာခဏ ရောက်သွားပြီး သူတို့၏ တုံ့ပြန်မှုများကို အကဲခတ်နေခြင်း ဖြစ်သည်။
သူ့အကြည့်က စစ်ချန်၏ ပခုံးကို ဖြတ်သွားတိုင်း ခဏတာ ရပ်တန့်သွားတတ်သည် သူ ပဲနီလေးကို ကြည့်နေခြင်း ဖြစ်သည်။
ရှင်းနေတာတခုက ထိုသကောင့်သားက ဒီမှာ စောင့်နေတာက ရိုးရိုးလေး အဖော်လိုချင်ရုံ သက်သက် မဟုတ်ဘူး။
ထိုစဉ်... "ဘုန်း...!!!"
အဝေးမှ မျောလွင့်ကျွန်းတစ်ကျွန်းပေါ်တွင် ဝိညာဉ်စွမ်းအား လှိုင်းလုံးကြီး ပေါက်ကွဲထွက်လာသည်။ ပြင်းထန်လွန်းသဖြင့် ဒီနေရာမှ ကျောက်တုံးများပင် တုန်ခါသွားပြီး ဖုန်မှုန့်များ ကျဆင်းလာသည်။
ထို့နောက် အလင်းတန်း အများအပြား ထိုကျွန်းပေါ်တွင် ပေါက်ကွဲထွက်လာပြီး နက်ရှိုင်းသော ဟိန်းဟောက်သံများ ပဲ့တင်ထပ်လာသည်။
ဒီလောက်အဝေးကြီးကနေ ခံစားလို့ရတဲ့အထိ တိုက်ပွဲက ပြင်းထန်နေသည်။
ဘယ်သူလဲ။
ရှဲ့ချန်ရှင်းလား။ ဟွေမင်းလား။ လော့ချင်းရင်လား။ ဒါမှမဟုတ် လင်းရွှီနန်းတော်နဲ့ ရွှမ်ဟော်ဂိုဏ်းက ကျင့်ကြံသူတွေလား... သူတို့ ဘာနဲ့ တွေ့နေတာလဲ။
ကျိုးယန်၏ ယပ်တောင် ရပ်တန့်သွားပြီး မျက်လုံးထဲတွင် အံ့ဩမှု အရိပ်အယောင် ဖြတ်သန်းသွားသော်လည်း ချက်ချင်းပင် စိတ်ဝင်စားစရာ ကောင်းသွားသည့် ပုံစံ ပြန်ဖြစ်သွားသည်။
ဟေးစန်းနှင့် ဟုန်ဖုန်းတို့ ချက်ချင်း စစ်ချန်ကို ကြည့်လိုက်ကြသည်။
စစ်ချန် မတုန့်ဆိုင်းပေ။
"သွားကြည့်ရအောင်"
စကားဆုံးသည်နှင့် သူ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ တိုက်ပွဲဖြစ်ပွားနေသော ကျွန်းဆီသို့ ပြေးထွက်သွားလေသည်။
ဟေးစန်းနှင့် ဟုန်ဖုန်းတို့လည်း နောက်မှ ချက်ချင်း လိုက်ပါသွားကြသည်။
ကျိုးယန် မျက်ခုံးပင့်လိုက်သည်။ ယပ်တောင်ကို "ဖတ်" ခနဲ ပိတ်လိုက်ပြီး ပေါ့ပါးသော ခြေလှမ်းများဖြင့် လေပေါ်ခုန်တက်ကာလိုက်ပါသွားလေသည်။
ပဲနီလေးသည် စစ်ချန်၏ ပခုံးပေါ်တွင် အော်မြည်လိုက်ပြီး ကျိုးယန်ကို လှည့်ကြည့်လိုက်ကာ သူမ၏ ဖဲပြားလေးကို ဆက်လက် ပြင်ဆင်နေလေသည်။
သူမကို ချစ်စရာကောင်းတယ်လို့ ပြောတဲ့သူက လူဆိုး မဖြစ်နိုင်ပါဘူး... ဟုတ်တယ်မလား။