နောက်ကျသွားတဲ့ ဓား
Vol. 14 Ch. 136
ဝူရင်တောင်ကြား၏ အစွန်းဘက်တွင် ရှေးဟောင်းသစ်ပင်ကြီးများ မိုးထိအောင် မြင့်မားစွာ ပေါက်ရောက်နေသည်။
ထိုင်နေသူဖြစ်စေ၊ မတ်တပ်ရပ်နေသူဖြစ်စေ အားလုံး တစ်ပြိုင်နက် သက်ပြင်းချလိုက်ကြသည်။
ဟေးစန်းသည် မြေကြီးပေါ် ပက်လက်လှန်လျက် ရင်ဘတ်က နိမ့်လိုက်မြင့်လိုက် ဖြစ်နေပြီး မျက်လုံးများက ကောင်းကင်ကို စိုက်ကြည့်နေသည်။ ကောင်းကင်ကြီး ဘာကွာခြားသွားသလဲ ဆိုတာကို အတည်ပြုဖို့ ကြိုးစားနေသကဲ့သို့ပင်။
ဟုန်ဖုန်းသည် သစ်ပင်အမြစ်တစ်ခုနားတွင် အားလုံးကို ကျောပေးပြီး ထိုင်နေသည်။ ခေါင်းငုံ့လျက် သူ့ဖင်အလယ်က အမွေးမပေါက်တော့သော အရေပြားကွက်လပ်ကို ဂရုတစိုက် စစ်ဆေးနေပြီး လက်နှင့်ပင် စမ်းသပ်ကြည့်လိုက်သေးသည်။
အင်း... ချောမွတ်နေတုန်းပါပဲ။
ရှဲ့ချန်ရှင်းသည် မီးခိုးရောင်မြည်းကို ကြေကွဲဝမ်းနည်းနေသော အမူအရာဖြင့် နှစ်သိမ့်ပေးနေသည်။ "အချစ်ကလေး... နာသွားသေးလား"၊ "မြန်မြန်... ငါ့ကို ပြစမ်း" ဆိုသော စကားသံများကို ဝါးတားတား ကြားနေရသည်။
ကျိုးယန်သည် သူ့ယပ်တောင်ကို ပြန်ကောက်ယူလိုက်ပြီး ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်လျက် ညင်သာစွာ ယပ်တောင်ခတ်နေသည်။ သို့သော် ယပ်တောင်ကို ကိုင်ထားသော လက်က အနည်းငယ် တုန်ရီနေသည်။
လော့ချင်းရင်သည် ကျောက်ပြာတုံးကြီး တစ်တုံးကို မှီလျက် တောင်ကြားထဲ ပျံ့နှံ့နေသော မြူခိုးများကို ငေးကြည့်ကာ အတွေးနယ်ချဲ့နေသည်။
လုဟုန်နှင့် လင်းယိုတို့သည် အနည်းငယ် ဝေးကွာသော နေရာတွင် ရပ်နေကြပြီး "ဒီကိစ္စကို ဘယ်လို ပြန်တင်ပြရမလဲ"၊ "အကြီးအကဲတွေ ယုံပါ့မလား" ဆိုသော အကြောင်းအရာများကို အလျင်အမြန် တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။
စောစောက ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူမှ ထုတ်မပြောကြပေ။
သစ်ပင်ပန်းမန်များနှင့် မြေကြီးနံ့တို့ လေထဲတွင် ပျံ့လွင့်နေပြီး အသက်ရှင်ကျန်ရစ်သူတို့၏ တိတ်ဆိတ်မှုလည်း ပါဝင်နေသည်။
အားလုံး စိတ်သက်သာရာ ရသွားကြသည်။
ကမ္ဘာငယ် လုံးဝ ပျက်စီးသွားပြီ။ သူတို့က နတ်ဘုရားဝိညာဉ်အဆင့်ပဲ ရှိသေးတာ မဆိုထားနှင့်၊ ဝိညာဉ်အသွင်ပြောင်းအဆင့် ရောက်နေရင်တောင် ထွက်ပေါက် မတွေ့ဘူးဆိုရင် ပျက်ပြယ်မှု နယ်ပယ်ရဲ့ အဆုံးမဲ့ လှိုင်းလေထန်မှုတွေကြားမှာ ပိတ်မိနေမှာပဲ။ သူတို့ရဲ့ ကံကြမ္မာက အဲဒီ ပြုတ်ကျနေတဲ့ မျောလွင့်ကျွန်းတွေထက် သိပ်ပိုကောင်းမှာ မဟုတ်ဘူး။
ဟွေမင်းသာ နောက်ဆုံးအချိန်မှာ လမ်းကြောင်း ဖွင့်မပေးခဲ့ရင်...
လော့ချင်းရင် တိုးတိုးလေး သက်ပြင်းချလိုက်သည်။ "ဟွေမင်း... နှမြောစရာပါပဲ"
သူမ ဒီလိုပြောလိုက်တော့ ကျန်တဲ့သူတွေ အားလုံး သူမကို ကြည့်လိုက်ကြသည်။
လော့ချင်းရင် ခေါင်းခါလိုက်သည်။ "သူ့လုပ်ရပ်တွေကို ပြောတာ မဟုတ်ပါဘူး... ချင်းရွှမ်အဆင့် စတုတ္ထနေရာက အခု ထာဝရ ဖယ်ရှားခံလိုက်ရပြီ ဆိုတာကို ပြောတာပါ"
လူအုပ်စု တိတ်ဆိတ်သွားသည်။
အရှေ့ပိုင်းဒေသရဲ့ မျိုးဆက်တစ်ဆက်မှာ ထူးချွန်ထက်မြက်သူ တစ်ယောက် အဲဒီလိုပဲ ကြွေလွင့်သွားခဲ့ပြီ။
သူတို့က ရန်သူတွေ၊ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပေမဲ့ ကျိုးယန်၊ ရှဲ့ချန်ရှင်း၊ လော့ချင်းရင်နဲ့ တခြားသူတွေက စိတ်မကောင်း ဖြစ်မိတာကို တားဆီးလို့ မရကြပေ။
သူတို့ လိုက်မီဖို့ ကြိုးစားရမယ့်၊ ယှဉ်ပြိုင်ရမယ့် ရွယ်တူတန်းတူ နာမည်တစ်ခု ရုတ်တရက် ပျောက်ဆုံးသွားတာက တစ်ခုခု လိုအပ်နေသလို ခံစားရစေသည်။
သေချာတာပေါ့... လုဟုန်နဲ့ လင်းယိုတော့ မပါဘူး။
သူတို့နှစ်ယောက်ကတော့ ဟွေမင်း သေဆုံးသွားတာ အရမ်း လွယ်လွန်းတယ်လို့ ခံစားနေရတာ။ သူ့ရဲ့ မူလဝိညာဉ်ကို ဆွဲထုတ်ပြီး ထပ်ဖျက်ဆီးပစ်ချင်နေကြတာ။
ဒီလိုနဲ့ ဝူရင်တောင်ကြား ကိစ္စပြီးဆုံးသွားသည်။
ရှဲ့ချန်ရှင်းက တိတ်ဆိတ်မှုကို အရင်ဆုံး ဖြိုခွင်းလိုက်သည်။ "ငါတို့ ပြန်ရောက်ရင် ဒီကိစ္စကို... ဘယ်လို ရှင်းပြကြမလဲ"
စစ်ချန်က သလင်းကျောက်ကို ကစားရင်း ခဏတာ စဉ်းစားပြီး ပြောလိုက်သည်။ "အမှန်အတိုင်း ပြောလိုက်ပါ"
"ဟွေမင်းက တောက်ထျဲ မိစ္ဆာတစ်ပိုင်း ဖြစ်ပြီး လူတွေကို ဒုက္ခပေးဖို့ ထောင်ချောက်ဆင်ခဲ့တယ်... ပြီးတော့ နောက်ဆုံးကျတော့... ကောင်းကင်ဘုံက ခေါ်သွားတယ်လို့ ပြောရမလား" လော့ချင်းရင် မေးလိုက်သည်။
ကျိုးယန် ပခုံးတွန့်လိုက်သည်။ "တခြား ဘာပြောစရာ ရှိသေးလို့လဲ။ ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက် မေးလာရင် ငါကတော့ အဲဒီလိုပဲ ပြောမှာ"
ပြောပြီးနောက် သူ ပဲနီလေးကို ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရှိဘဲ တစ်ချက်ချင်း ခိုးကြည့်နေပြန်သည်။
ပဲနီလေးက ခေါင်းလေးစောင်းပြီး ပတ်ဝန်းကျင်ကို စပ်စုစွာ လေ့လာနေသည်။
"ချစ်စရာလေး... အရမ်း ချစ်စရာကောင်းတာပဲ..." ကျိုးယန်က သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံစံကို ကြည့်ပြီး ငတုံးလို တဟဲဟဲ ရယ်မောနေတော့သည်။
လုဟုန်နှင့် လင်းယိုတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး စစ်ချန်ရှေ့ လျှောက်သွားကာ လေးလေးနက်နက် လက်သီးဆုပ် ဂါရဝပြုလိုက်ကြသည်။
"တာအိုမိတ်ဆွေစစ်ချန်... ခင်ဗျားရဲ့ အသက်ကယ်ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး"
လုဟုန် သူ့ဒဏ်ရာကို ဖိထားလိုက်သည်။ "ကျွန်တော် လုဟုန်... ခင်ဗျားကို အသက်တစ်ချောင်း အကြွေးတင်သွားပါပြီ။ နောင်တစ်ချိန် ခင်ဗျား ဘာပဲ တောင်းဆိုဆို ဂိုဏ်းရဲ့ စည်းမျဉ်းတွေကို မချိုးဖောက်သရွေ့ ကျွန်တော် တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး"
လင်းယိုလည်း ခေါင်းညိတ်လိုက်သည်။ "နောင်တစ်ချိန် အကူအညီ လိုအပ်ရင် လင်းရွှီနန်းတော် တစ်ခုလုံးက သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်"
သူတို့နှစ်ယောက် ရိုးသားစွာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သူတို့က မာနကြီးကြပေမဲ့ ကျေးဇူးကန်းသူတွေ မဟုတ်ကြပေ။ ဒီနေ့ အခြေအနေမှာ စစ်ချန်သာ မရှိရင် လက်စားချေဖို့ မပြောနဲ့... သူတို့နှစ်ယောက် အသက်တောင် ရှင်မှာ မဟုတ်ဘူး။
စစ်ချန်လည်း လက်သီးဆုပ် ပြန်လည် ဂါရဝပြုလိုက်သည်။ "တာအိုမိတ်ဆွေတို့ ယဉ်ကျေးလွန်းပါပြီ။ လမ်းကြုံလို့ ကူညီလိုက်ရုံပါပဲ"
...လေထု အနည်းငယ် ပေါ့ပါးသွားချိန်မှာပင် အဝေးက တောအုပ်လမ်းကြားလေးထဲကနေ ခြေသံတစ်သံ ထွက်ပေါ်လာသည်။
တောက်။
တောက်... တောက်။
အားလုံး လှည့်ကြည့်လိုက်ကြသည်။
တောအုပ်ထဲက မြူခိုးတွေ ကွဲသွားပြီး လူရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
ထိုလူက လမ်းလျှောက်တာ မမြန်ပေမဲ့ တစ်ကိုယ်လုံးက "ငါရောက်လာပြီ... မင်းတို့ ငါ့ကို စပြီး လေးစားလို့ ရပြီ" ဆိုတဲ့ အရှိန်အဝါမျိုး ထုတ်လွှတ်နေသည်။
သူ လူအုပ်စုရှေ့ ငါးလှမ်းအကွာမှာ ရပ်တန့်လိုက်သည်။
"ရှဲ့ချန်ရှင်း"
သူ့အသံက တည်ငြိမ်ပြီး ပဲ့တင်သံ ပါဝင်နေသလိုမျိုး ပတ်ဝန်းကျင်က မြူခိုးတွေကိုတောင် ပေအနည်းငယ် ကွာဝေးသွားစေသည်။
ဘယ်သူမှ စကားမပြောကြပေ။
ထိုလူက ခဏတာ စောင့်လိုက်သည်။ ရှဲ့ချန်ရှင်း မတုံ့ပြန်တာ မြင်တော့ မျက်မှောင်ကြုတ်ပြီး ထပ်ပြောလိုက်သည်။
"ငါ ရောက်လာပြီ"
ဘယ်သူမှ စကားမပြောကြသေးပေ။
အခြေအနေက နည်းနည်း နေရခက်လာသည်။
ဟေးစန်း မျက်တောင်ခတ်လိုက်ပြီး ဟုန်ဖုန်းနား ကပ်ကာ မေးလိုက်သည်။ "ဒါ ဘယ်သူလဲ။ လေတိုက်သလို လမ်းလျှောက်လာတာ"
ဟုန်ဖုန်း ခေါင်းခါလိုက်သည်။
ထိုလူ၏ အကြည့်က ရှိနေသူ အားလုံးကို ဖြတ်သန်းသွားပြီး မျက်ခုံး အနည်းငယ် လှုပ်ရှားသွားသည်။ ဘာဖြစ်နေတာလဲ။
ကျိုးယန်၊ လော့ချင်းရင်၊ လုဟုန်၊ လင်းယို... ဟေ။
မိစ္ဆာနှစ်ကောင်လည်း ပါတာလား။ ဝက်ဝံတစ်ကောင်နဲ့ ကျားတစ်ကောင်။
ပြီးတော့ ပခုံးပေါ်မှာ ငှက်အနီလေး တစ်ကောင် တင်ထားတဲ့ မရင်းနှီးတဲ့ လူငယ်တစ်ယောက်။
ဒါပေမဲ့ သူ သိပ်ဂရုမစိုက်ပေ။
ဒီနေ့ သူ့ရည်မှန်းချက်က ရှင်းလင်းသည်။
ပြီးပြည့်စုံတဲ့ အချိန်မှာ ရောက်လာပြီး လူတိုင်းရှေ့မှာ ရှဲ့ချန်ရှင်းကို အနိုင်ယူကာ ချင်းရွှမ်အဆင့် ပထမနေရာကို ရယူဖို့ပဲ။
ဒါ့အတွက် သူ ဒီအချိန်ကို အထူး ရွေးချယ်ခဲ့တာ။ ဝူရင်တောင်ကြားမှာ မူမမှန်မှုတွေ ဖြစ်နေတော့ အရပ်ရပ်က ပါရမီရှင်တွေ စုဝေးနေကြတာလေ။ နာမည်ကြီးဖို့ အသင့်တော်ဆုံး အခါသမယပဲ။
ဒါပေမဲ့ မကြာခင်မှာပဲ သူ တွေ့ရှိလိုက်ရတာက လူတိုင်းက သူ့ကို ထူးဆန်းတဲ့ အမူအရာတွေနဲ့ ကြည့်နေကြတာပဲ။
အဲဒီအကြည့်က... ဆင်းရဲသားတစ်ယောက်က အကောင်းဆုံး ဝတ်ဆင်ပြီး ပွဲလမ်းသဘင်ကို ရောက်လာပေမဲ့ ပွဲက ပြီးနေပြီ ဖြစ်ပြီး လူတိုင်းက ပန်းကန်တွေ သိမ်းကာ အိမ်ပြန်ဖို့ ပြင်နေကြတာကို မြင်လိုက်ရသလိုမျိုး။
သူ နည်းနည်း ဇဝေဇဝါ ဖြစ်သွားပေမဲ့ ဒီနေ့ သူ့ရည်ရွယ်ချက်ကို သတိရပြီး ယုံကြည်မှု ပြန်လည် တည်ဆောက်လိုက်သည်။
"ရှဲ့ချန်ရှင်း... ငါ..."
"ဆုန်ချီ "
ရှဲ့ချန်ရှင်း လူသစ်ကို မြင်တော့ ပထမ ကြောင်သွားပြီးမှ တစ်ခုခုကို သတိရသွားသည်။ သူ့မျက်လုံးတွေ တောက်ပလာပြီး သုံးလှမ်းလောက် လှမ်းသွားကာ ထိုလူရဲ့ လက်ကို လှိုက်လှိုက်လှဲလှဲ ဆုပ်ကိုင်လိုက်သည်။
"မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ လာ... လာ... မြန်မြန် ဒီဘက် လာခဲ့"
ဆုန်ချီ ဆိုတဲ့ လူက ရှဲ့ချန်ရှင်းရဲ့ အလွန်အကျွံ စိတ်အားထက်သန်တဲ့ ပုံစံကြောင့် ကြောင်အမ်းသွားပြီး သူ ပြင်ဆင်ထားတဲ့ အဖွင့်စကားလုံးတွေ လည်ချောင်းထဲမှာ တစ်ဆို့သွားသည်။
သူ့စိတ်ထဲက ဇာတ်ညွှန်းအရဆိုရင် ရှဲ့ချန်ရှင်းက အခုအချိန်မှာ လေးနက်တဲ့ မျက်နှာထားနဲ့ အထူးသတိထားနေရမှာလေ။
ရှဲ့ချန်ရှင်းက သူ့ဆီ ရောက်လာပြီး လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ သူ့အားကြောင့် ဆုန်ချီ မျက်မှောင် ထပ်ကြုတ်လိုက်မိသည်။
"ညီအစ်ကိုဆုန်... မင်း အချိန်ကိုက် ရောက်လာတာပဲ ငါ မင်းကို မျှော်နေတာ စိတ်ပူနေရတာ"
ဆုန်ချီ "...?"
ရှဲ့ချန်ရှင်း အသံနှိမ့်လိုက်ပေမဲ့ ရှိနေသူ အားလုံးရဲ့ နားထဲမှာတော့ ရှင်းရှင်းလင်းလင်း ကြားနေရသည်။ "မင်း ချင်းရွှမ်အဆင့် ပထမနေရာကို လိုချင်တယ် မဟုတ်လား"
"မင်းဟာပဲ ငါ မင်းကို အခုပဲ ပေးလိုက်ပြီ ဒီနေ့ကစပြီး မင်းက နံပါတ်တစ်ပဲ အတည်ပြုလိုက်ပြီ ဒီမှာ ရှိတဲ့ လူတိုင်းက သက်သေပဲ"
ပြောပြီးနောက် သူ ဆုန်ချီရဲ့ ပခုံးကို အားရပါးရ ပုတ်လိုက်ပြီး "ငါ ဒီတာဝန်ကြီးကို မင်းဆီ လွှဲအပ်လိုက်ပြီ" ဆိုတဲ့ ကျေနပ်အားရတဲ့ အမူအရာ လုပ်ပြလိုက်သည်။
ဆုန်ချီ နေရာမှာတင် ခဲသွားသည်။ သူ့ဦးနှောက်က ဒီသတင်းအချက်အလက်ကို ချက်ချင်း အလုပ်မလုပ်နိုင် ဖြစ်သွားသည်။
သူ အဖွင့်စကားလုံးတွေကို သုံးလလောက် ပြင်ဆင်ခဲ့တာ။ အရှိန်အဝါကို ၇ ရက်လောက် တည်ဆောက်ခဲ့တာ။ ရက်ကောင်းရက်မြတ် ရွေးဖို့ ဗေဒင်တွက်ပြီးလဝက်လောက် အချိန်ကုန်ခဲ့တာ။ အားလုံးက ဒီနေ့ တိုက်ပွဲအတွက်လေ။
သူ စိတ်ကူးထားတဲ့ စကားစစ်ထိုးပွဲတွေ၊ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဘယ်ရောက်သွားတာလဲ။
ကျိုးယန် ရယ်ချင်စိတ်ကို ထိန်းပြီး လေးလေးနက်နက် လက်သီးဆုပ် ဂါရဝပြုလိုက်သည်။ "ဂုဏ်ယူပါတယ် ညီအစ်ကိုဆုန်... များစွာ ဂုဏ်ယူပါတယ်"
လော့ချင်းရင်လည်း ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "ထိုက်တန်ပါတယ်"
"မင်း... မင်းတို့ ငါ့ကို နောက်နေကြတာလား" ဆုန်ချီ မျက်နှာ စိမ်းသွားသည်။
ဟေးစန်း နောက်ဆုံးတော့ ဘာဖြစ်နေလဲ ဆိုတာ သဘောပေါက်သွားသည်။ ဝက်ဝံမျက်လုံးတွေ ပြူးကျယ်သွားပြီး ဆုန်ချီကို လက်ညှိုးထိုးပြလိုက်သည်။ "မောက်မာလိုက်တာ မင်းက ငါ့ညီလေး ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် နံပါတ်တစ်လို့ ခေါ်ရဲတယ်လား"
ဒီစကား ထွက်လာတာနဲ့ ရှဲ့ချန်ရှင်း၊ ကျိုးယန်၊ လော့ချင်းရင်... လုဟုန်နဲ့ လင်းယိုပါမကျန် အားလုံး ပြိုင်တူ လက်ခါပြလိုက်ကြသည်။ သူတို့နဲ့ မဆိုင်ကြောင်း ပြသလိုက်ခြင်းပင်။
ဆုန်ချီ ပိုပြီး နားမလည်နိုင် ဖြစ်သွားသည်။
ဒါတွေ အကုန်လုံးက ဘာကြီးလဲ။
အဲဒီတော့မှ လူတိုင်းရဲ့ အကြည့်က တောက်လျှောက် တည်ငြိမ်နေတဲ့ လူငယ်လေးဆီ ရောက်နေတာကို သူ သတိထားမိလိုက်သည်။
အဲဒီလူက လက်ထဲမှာ တောက်ပတဲ့ အပိုင်းအစတစ်ခုကို ကစားနေပြီး ဒီက ဆူညံသံတွေကို လုံးဝ သတိမထားမိသလို ဖြစ်နေသည်။
"ကောင်းပြီ ကောင်းပြီ ကောင်းပြီ"
သူ ဒေါသအကြီးအကျယ် ထွက်ပြီး ရယ်မောလိုက်သည်။ အဲဒီစကားလုံးကို သုံးခါ ပြောလိုက်သည်။
"ရှဲ့ချန်ရှင်း... ကျိုးယန်... လော့ချင်းရင်... မင်းတို့အကုန် ပေါင်းပြီး ငါ့ကို လှောင်ပြောင်နေကြတာ မဟုတ်လား"
သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့အရှိန်အဝါ စတင် မြင့်တက်လာသည်။ သူ့ရဲ့ ကျပ်နေတဲ့ အဝတ်အစားတွေ လေမတိုက်ဘဲ လွင့်ပျံလာပြီး ခါးက ဓားရှည်က တုန်ခါမြည်ဟည်းလာသည်။
ပတ်ဝန်းကျင်က မြူခိုးတွေ လည်ပတ်လာပြီး သူ့ကို ဗဟိုပြုကာ လေပွေငယ်လေးတစ်ခု ဖြစ်ပေါ်လာသည်။
"ရှဲ့ချန်ရှင်း"
"ဒီနေ့... မင်း ငါ့ကို ရင်ထဲကနေ အရှုံးပေးလာအောင် လုပ်ပြမယ်"
"ငါ... ဆုန်ချီက... အရှေ့ပိုင်းဒေသရဲ့ ဒီမျိုးဆက်မှာ နံပါတ်တစ် ဖြစ်ရမယ်"
သူ့အသံ မြင့်တက်လာပြီး ကြည်လင်ပြတ်သားစွာ ပဲ့တင်ထပ်သွားသည်။ သူ ကိုယ့်ဘာသာ ကဗျာရွတ်ဆိုလိုက်သည်။
"ဓားတစ်ချက် အလင်းရောင်က ပြည်နယ် တစ်ဆယ့်ကိုးခုကို အေးခဲစေတယ်"
"လမင်း ကြွေကျပြီး ကြယ်တာရာတွေ နစ်မြုပ်သွားပေမဲ့ ငါကတော့ ကျန်ရစ်နေမယ်"
"ဒီနေ့ ငါ အပြာရောင် တိမ်တိုက်လမ်းကြောင်းပေါ် လျှောက်လှမ်းပြီး..."
သူ စကားမဆုံးခင်မှာပင်။
ဖြောင်း
ပြတ်သားတဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။
ဆုန်ချီ ဘေးတိုက် လွင့်ထွက်သွားပြီး လေထဲမှာ မျဉ်းကွေးတစ်ခု ရေးဆွဲသွားသည်။ ပန်းကန်လုံးလောက် ထူတဲ့ သစ်ပင်နှစ်ပင်ကို ရိုက်ချိုးပြီးမှ အဝေးက ချုံပုတ်တစ်ခုထဲ 'ဘုန်း' ခနဲ ပြုတ်ကျကာ သတိလစ်သွားလေသည်။
စစ်ချန် မျက်မှောင်ကြုတ်လိုက်သည်။
ဒီလူက ဆူညံလွန်းတယ်။
သူ စောစောကမှ သိုလှောင်လက်စွပ်ထဲ ထည့်ထားတဲ့ သလင်းကျောက်ကို လေ့လာမလို့ လုပ်နေတာ။ ဒီလူက အော်ဟစ်ပြီး ကဗျာတွေ ရွတ်နေတာ။
သူ လက်ပြန်ရုပ်လိုက်ပြီး ရှဲ့ချန်ရှင်းကို ကြည့်လိုက်သည်။ "အဲဒါ ဘယ်သူလဲ"
ရှဲ့ချန်ရှင်း၏ ပါးစပ် လှုပ်ရမ်းသွားသည်။
ကျိုးယန်လည်း မျက်ခုံးကို ပွတ်လိုက်သည်။
နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရယ်ရခက် ငိုရခက် ဖြစ်နေကြသည်။
နောက်ဆုံးတော့ ရှဲ့ချန်ရှင်း စကားပြောလိုက်သည်။ သူ့လေသံက နည်းနည်း ရှုပ်ထွေးနေသည်။
"ချင်းရွှမ်အဆင့် ဒုတိယနေရာ... ဆုန်ချီ"
"သူ့နာမည်ပြောင်က..."
"...နောက်ကျသွားတဲ့ ဓား တဲ့"
“အော်…”