← Chapters

မရဏငရဲမီးလျှံ

Vol. 57 Ch. 744

မရဏငရဲမီးလျှံ

Vol. 57 Ch. 744

ထိုစကားသံအဆုံးတွင် ၊

ကျန်းဖန်၏ မျက်လုံးများသည် ဟွရှင်းရှေးဟောင်းမြို့ထဲတွင် ရှိနေကြသော ပါရမီရှင်များကို လှမ်းကြည့်လိုက်သည်။

ထိုသူများ၏ ရည်ရွယ်ချက်မှာ ထင်ရှားပေသည်။ နှစ်ဖက်စလုံး အထိနာမည့်အချိန်ကို အခွင့်ကောင်းယူကာ အဆုံးတွင် အကျိုးကျေးဇူးများကို လုယူခံစားပေတော့မည်။

သို့သော် သူတို့ရှိနေသမျှကာလပတ်လုံး ထိုကိစ္စများ ဖြစ်လာမည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်ချေ။

ဤလူများသည် ခိုးကြောင်ခိုးဝှက် ပြုမှုဝံ့ပါက ၊ ဒါဆို သူတို့သည် ပြင်းထန်စွာ လက်တုံ့ပြန်ကာ ၎င်းတို့ကို ချက်ချင်းပင် နှိမ်နင်းသတ်ဖြတ်မည်ဖြစ်သည်။

ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူကို အခွင့်အရေး ယူချင်တယ် ဟုတ်လား ?

ဆုတောင်းလေ!

……….

ကျီချောင်ကဲသည် ဝေဟင်တွင် ရပ်ကြည့်နေသည်။

သူသည် မေးစေ့ကို ပွတ်သပ်ကာ တစ်စုံတစ်ရာကို စဉ်းစားနေပုံရသည်။

ရွှေကျီးကန်းနတ်ဘုရားမင်းဆက်၏ မင်းသားတစ်ပါး အနေဖြင့် ၊ သူသည် ရွှေကျီးကန်း၏ သန့်စင်သော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။

ရွှေကျီးကန်း။

ဒဏ္ဍာရီလာ နေနတ်ဘုရား၏ မီးလျှံများကို အုပ်စိုးသော ဝိညာဉ်အမတသားရဲ တစ်ကောင် ဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ မီးလျှံအားလုံးကို ထိန်းချုပ်နိုင်ကာ မိုးမြေရှိ အရာအားလုံးကို အရည်ပျော်စေနိုင်သော အစွမ်းသတ္တိရှိသည်။

ထိုခရမ်းနက်မီးလျှံ ပေါ်ထွက်လာသည့် အခိုက်အတန့်တွင် ကျီချောင်ကဲသည် တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။

“စိတ်ဝင်စားစရာပဲ.... ဒဏ္ဍာရီလာ မရဏငရဲမီးလျှံက ဒီမှာ ပေါ်လာတာပဲ”

မရဏ ငရဲမီးလျှံသည် အမတနယ်မြေ၏ အလွန်ထူးခြားသော မီးတစ်မျိုး ဖြစ်သည်။

ထို့အပြင် ၎င်းသည် အင်အားစုတစ်ခုတည်းနှင့်သာ သက်ဆိုင်သည်။

မှန်၏။ ၎င်းမှာ ဒဏ္ဍာရီလာ အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်သာ ဖြစ်သည်။

မရဏငရဲမီးလျှံသည် လောကရှိ အနုတ်လက္ခဏာဆောင်သော စွမ်းအင်များကို စုစည်းထားသော ကံဆိုးခြင်းမီးတောက် ဖြစ်ပြီး၊ ဖျက်ဆီးခြင်းမီးဟုလည်း ခေါ်ဆိုနိုင်သည်။

အနုတ်လက္ခဏာဆောင်သော စွမ်းအင်များကို စုစည်းထားသောကြောင့် ယင်း၌ အကြမ်းဖက်လိုခြင်း ၊ မလိုလားခြင်းကဲ့သို့သော အစွန်းရောက်သည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ပါဝင်သည်။

မရဏငရဲမီးလျှံ၏ လောင်မြိုက်မှုကို ခံရသော မည်သူမဆို ၊ အားကောင်းသော ခန္ဓာကိုယ်ပင် ဖြစ်စေ သို့မဟုတ် အတုမရှိသော အမတလက်နက်များဖြင့် တစ်ကိုယ်လုံး မီးလောင်ကျွမ်းမသွားစေရန် ကာကွယ်နိုင်သော်လည်း ၊

သို့သော်၊ ယင်း၌ ပါဝင်သော အနုတ်လက္ခဏာစွမ်းအင်များသည် ၎င်းတို့၏ ဝိညာဉ် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်သည်။

နောက်ဆုံးတွင် မိမိကိုယ်ကို ဆုံးရှုံးကာ အဆုံးမရှိသော အကြမ်းဖက်လိုခြင်း ၊ မကျေနပ်ခြင်းကဲ့သို့သော အခြေအနေထဲသို့ ကျရောက်သွားပေလိမ့်မည်။

ကောင်းကင်လမ်းစဉ်သည် အဘယ်ကြောင့် မရဏ ငရဲမီးလျှံ၏ မျိုးစေ့ကို ဤနေရာတွင် ပျိုးခဲ့မှန်း မသိနိုင်သော်လည်း ၊

ဤနည်းလမ်းဖြင့် ၎င်း၏ အုပ်စိုးမှုကို ပိုမို ခိုင်မာစေလိုခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

“ဒါပေမဲ့.... နတ်ဘုရားလက်နက် အမတမျှော်စင်ထဲမှာ... ကောင်းကင်လမ်းစဉ်ရဲ့ သီးသန့်ပိုင်ဆိုင်မှု ဖြစ်တဲ့ မရဏငရဲမီးလျှံ ပေါ်လာသတဲ့လား”

ဤသည်က ကျီချောင်ကဲ၏ စိတ်ထဲတွင် သံသယတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။

“မဟုတ်မှလွဲရော.... နတ်ဘုရားလက်နက် အမတမျှော်စင် ပျက်သုဉ်းရတဲ့ အကြောင်းရင်းက.... အမတနယ်မြေရဲ့ ကောင်းကင်လမ်းစဉ်နှင့် ဆက်နွယ်နေမလား....”

ဤအထိစဉ်းစားပြီးနောက် ၊

ကျီချောင်ကဲသည် ဆက်မစဉ်းစားတော့ဘဲ နားလည်မှုရှိစွာဖြင့် ရပ်တန့်လိုက်သည်။

မိမိ၏ ဖခင်ဘုရင်သည် အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်သည် အလွန်ပင် ညစ်ပတ်သော စိတ်ဓာတ် ရှိသည်ဟု ပြောခဲ့ဖူးသည်။

မိမိအနေဖြင့် စိန်မခေါ်ဝံ့ပါက ၊ မထိခိုက်အောင် နေသင့်သည်။

“ ဒါပေမဲ့... အခု ဒဏ္ဍာရီလာ မရဏငရဲမီးလျှံကို ဒီမှာ တွေ့ခဲ့ရပြီဆိုတော့ ....”

ကျီချောင်ကဲ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု လှစ်ဟသွားသည်။

“ ဒါကို မစုပ်ယူဘဲထားလိုက်ရင် အရှုံးကြီးပဲ မဟုတ်လား”

စင်ကြယ်သော ရွှေကျီးကန်း၏ သွေးမျိုးဆက် ပိုင်ဆိုင်သူတစ်ယောက် အနေဖြင့် သူသည် လောကရှိ များပြားလှသော နတ်မီးလျှံများကို စုပ်ယူနိုင်သည်။

မိမိအနေဖြင့် ဤမရဏ ငရဲမီးလျှံကို စုပ်ယူကာ မိမိ၏ ထိန်းချုပ်မှုအောက်သို့ ရောက်အောင်လုပ်နိုင်လျှင်ဖြင့် ၊

ဒါ ကျားတစ်ကောင်ကို အတောင်ပံတပ်ပေးလိုက်တာပဲ မဟုတ်လား?

………

တစ်ချိန်တည်းမှာပင်။

အမတနယ်မြေ ကောင်းကင်လမ်းစဉ် တည်ရှိရာ ကမ္ဘာ၌ ၊

ဂူအတွင်း၌ တရားအားထုတ်နေသော ချန်ဟွမ်ထျန်းသည် ရုတ်တရက် မျက်လုံးပွင့်လာသည်။

မျက်နှာပေါ်တွင် မသင်္ကာစရာ ကောင်းသော အမူအရာတစ်ခု ရှိနေခဲ့သည်။

“အမ်.....?”

“ငါ့ရဲ့ စွမ်းအားတစ်ခုက အမတနယ်မြေထဲမှာ နိုးထလာသလိုပဲ.....”

ထိုသို့ရေရွတ်ရင်း ၊

ချန်ဟွမ်ထျန်းသည် သူ၏ လက်ချောင်းဖြင့် တွက်ချက်လိုက်ရာ ၊ မျက်လုံးအိမ်သည် တဖြည်းဖြည်း မှေးကျဉ်းသွားသည်။

“ငါ နတ်ဘုရားလက်နက် အမတမျှော်စင်မှာ ကျန်ခဲ့တဲ့ မရဏငရဲမီးလျှံလား.....”

“ကြည့်ရတာ တိ့ရွှမ် လို့ခေါ်တဲ့ သံမဏိစက်ရုပ်ပေါ်မှာ ကပ်နေပုံပဲ.....”

ဤအထိ တွက်ချက်ပြီးနောက် ချန်ဟွမ်ထျန်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု လှစ်ဟသွားသည်။

အတိတ်က မှတ်ဉာဏ်ထဲတွင် တိ့ရွှမ်သည် သူ့အတွက် အရေးမပါသော ငါးပုပ်ငယ်လေး တစ်ကောင်သာ ဖြစ်သည်။

ယခု သူ ချန်ထားခဲ့သော မရဏ ငရဲမီးလျှံသည် မမျှော်လင့်ဘဲ နိုးထလာခဲ့သည်။

ဒါ သူ့အတွက် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာတာပဲ မဟုတ်လား?

သူတို့ ကောင်းကင်လမ်းစဉ်များသည် နတ်ဘုရားလက်နက် အမတမျှော်စင်တွင် ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲများကြောင့် ပူပန်နေခဲ့ကြသည်။

အခု အခမဲ့ အလုပ်သမား တစ်ယောက်ထွက်လာတာ ၊ ဒါ ပျော်စရာပဲ မဟုတ်လား?

စိတ်ထဲတွင် ဆုံးဖြတ်ပြီးနောက်၊ ချန်ဟွမ်ထျန်း သည် သူ၏ ညာဘက်လက်ကို ဆန့်ထုတ်ကာ ရှေးဟောင်းစာလုံးများကို ဟင်းလင်းပြင်ပေါ်တွင် ရေးဆွဲလိုက်သည်။

ဟင်းလင်းပြင်ပေါ်တွင် တောက်ပသော မဟာလမ်းစဉ် စာလုံးများ ရေးဆွဲပြီးနောက် ၊

သူသည် ခပ်ဖွဖွလေး ထိလိုက်သည်နှင့် ၊

ဝီ!!

ချက်ချင်းပင်၊ ထိုတောက်ပသော စာလုံးများသည် အသက်ဝင်လာသကဲ့သို့ သိပ်သည်းသော မိုးမြေစွမ်းအားများကို ထုတ်လွှတ်ကာ ဟင်းလင်းပြင်ကို ဖြတ်ကျော်လျက် တစ်နေရာရာဆီသို့ ကျရောက်သွားသည်။

“ဟားး..... တိ့ရွှမ် ၊ ကောင်းကင်လမ်းစဉ်ရဲ့ ကောင်းချီးပေးခြင်းကို ရထားပြီဆိုတော့ မင်း ငါ့ကို စိတ်ပျက်အောင်မလုပ်နဲ့နော် “

“အကောင်းဆုံးကတော့ ဒီထက်ပိုရူးသွပ်ပြီး နတ်ဘုရားလက်နက် အမတမျှော်စင်တစ်ခုလုံးကို အပြတ်ရှင်းပစ်လိုက် “

ချန်ဟွမ်ထျန်း၏ နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။

“ဖြစ်နိုင်ရင်၊ စူးချန်ကဲ ဆိုတဲ့ အဲ့ကောင်ကိုပါ တစ်ခါတည်း ရှင်းပစ်လိုက် “

သူ ယခုလေးတင် ရေးသားခဲ့သော စာလုံးများသည် ကောင်းကင်လမ်းစဉ်၏ အထူးကောင်းချီးမင်္ဂလာတစ်ခု ဖြစ်သည်။

ဤကဲ့သို့သော ကောင်းချီးပေးမှုအောက်တွင် ၊ ၎င်းသည် တိ့ရွှမ် အပေါ်တွင် ကပ်ညှိနေသော မရဏ ငရဲမီးလျှံ၏ အင်အားကို အတော်အသင့် မြှင့်တင်ပေးနိုင်လိမ့်မည်။

ကောင်းကင်လမ်းစဉ်များသည် စူးချန်ကဲ အပေါ်တွင် မုန်းတီးခြင်းနှင့် ကြောက်ရွံ့ခြင်း နှစ်မျိုးလုံး ရှိကြသည်။

မုန်းတီးရသည်မှာ စူးချန်ကဲသည် သူတို့၏ အစီအစဉ်တွင် အကြီးမားဆုံး အဟန့်အတား ဖြစ်နေသည်။

ကြောက်ရွံ့ရသည်မှာ အပြင်းထန်ဆုံး ဗဟိုအမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်သည် ပျောက်ဆုံးနေပြီး ၎င်းတို့၏ အင်အားသည်လည်း ယခင်ကလောက် မဟုတ်တော့ပေ။

တားမြစ်အင်အားစုများနှင့် ရင်ဆိုင်ပါက၊ အသတ်ခံရမည်မှာ သူတို့သာလျှင် ဖြစ်ပေမည်။

သို့သော်လည်း ဤမျှ ကောင်းမွန်သော အခွင့်အလမ်းကို လက်လွတ်လိုက်ခြင်းသည် အလွန်ကို နှမြောစရာကောင်းပြန်သည်။

ထို့ကြောင့် ယခုအခါ တိ့ရွှမ်၏ လက်ကို အသုံးပြုကာ စူးချန်ကဲကို ဖယ်ရှားပစ်နိုင်ခြင်း ရှိမရှိ စောင့်ကြည့်ရပေတော့မည်။

ပို၍ အရေးကြီးသည်မှာ သူသည် မိမိ၏ နတ်အသိစိတ်ကို မထုတ်လွှတ်ဘဲ ကာကွယ်ပေးထားမည် ဖြစ်သည်။

စူးချန်ကဲ၏ ကာကွယ်သူ ပိယွီ့ကောင်းကင်အရှင်သည်လည်း ဤလျှို့ဝှက်သော စွမ်းအင်လှိုင်းကို ခံစားမိနိုင်မည် မဟုတ်ချေ။

ဓားလမ်းစဉ်တွင် အောင်မြင်မှုရထားသော အမတဧကရာဇ်မင်း သို့မဟုတ် စိတ်အာရုံခံစားမှု အလွန်ပြင်းထန်သော အမတဧကရာဇ်မင်းများသာလျှင် ခံစားသိရှိနိုင်မည် ဖြစ်သည်။

“ဒါဆို ပိုပြီးတောင် မဖြစ်နိုင်တော့ဘူး!”

ချန်ဟွမ်ထျန်းသည် ဤဖြစ်နိုင်ခြေကို တန်းပြီး ငြင်းပယ်လိုက်သည်။

“နတ်ဘုရားလက်နက် အမတမျှော်စင်က မျိုးဆက်သစ် လူငယ်တွေအတွက်ပဲ...မျိုးဆက်ဟောင်းတွေ ပါဝင်ခွင့်မရှိဘူး”

“အမတဧကရာဇ်မင်းတွေ အဲ့မှာ ရှိနေမယ်ဆိုတာ လုံးဝမှ မဖြစ်နိုင်ဘူး”

သို့သော် ထိုသို့ပြောပြီး ခဏအတွင်းမှာပင် ၊

ချန်ဟွမ်ထျန်း၏ အပြုံးသည် ရုတ်တရက် အေးခဲသွားပြီး ၊ မျက်နှာအမူအရာသည် အလျင်အမြန် ပြောင်းလဲသွားခဲ့သည်။

မိမိ ခုနက ချမှတ်ပေးခဲ့သော ကောင်းကင်လမ်းစဉ်၏ ကောင်းချီးသည် နတ်ဘုရားလက်နက် အမတမျှော်စင်ထဲသို့ ကျရောက်သွားသည်နှင့် တပြိုင်နက် ၊

ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက ကြားဖျက်တားဆီးခဲ့သည်။

“အမ်! နတ်ဘုရားလက်နက် အမတမျှော်စင်ထဲမှာ အမတဧကရာဇ်မင်း ရှိနေတယ်.....!?”

“ဒါတင်မကဘူး ဓားလမ်းစဉ်အရာမှာ အောင်မြင်ထားတဲ့ အမတဧကရာဇ်မင်း ဖြစ်နေတာလား!?”

မယုံကြည်နိုင်စွာ အော်ဟစ်လိုက်ပြီးနောက်၊

ချန်ဟွမ်ထျန်းသည် ထပ်မံ မစဉ်းစားဝံ့တော့ဘဲ လျို့ဝှက်အတတ်ကို ချက်ချင်း အသုံးပြုကာ သူ ချမှတ်ထားခဲ့သော ကောင်းချီးများကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။

တော်ပြီ မကစားတော့ဘူး !

နတ်ဘုရားလက်နက် အမတမျှော်စင်မှာ အလွန်ကြောက်စရာကောင်းတဲ့အရာ ရှိနေတယ်!

……..

တစ်ဖက်တွင်မူ ၊

နတ်ဘုရားလက်နက် အမတမျှော်စင်အတွင်း၌၊

စူးရွှမ်သည် မိမိလက်ထဲတွင် ဖုန်မှုန့်အဖြစ် တဖြည်းဖြည်း ပျောက်ကွယ်သွားသော မှော်အမှတ်အသားများကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

“ ကောင်းကင်လမ်းစဉ်က ကောင်တွေ ဘာဖြစ်‌ချင်နေတာလဲ”

“ရုတ်တရက် ပေါ်လာပြီး ၊ ကောင်းကင်လမ်းစဉ်ရဲ့ ကောင်းချီးတွေကို ချမှတ်ပေးပြီးမှ ရုတ်တရက်ကြီး ပြန်သိမ်းလိုက်တာလား “

“ ဒီကောင်တွေ ဘာလှည့်ကွက်တွေ လုပ်နေပြန်ပြီလဲ”

စူးရွှမ်သည် စိတ်ရှုပ်သွားသည်။

မူလက သူသည် နတ်ဘုရားလက်နက် အမတမျှော်စင် အတွင်းပိုင်းတွင် သံသရာစက်ဝန်းနှင့် ပတ်သက်သော သဲလွန်စများကို ရှာဖွေနေခဲ့သည်။

လည်ပတ်သွားလာရင်း ၊ ကောင်းကင်လမ်းစဉ်၏ ကောင်းချီးမျှင်သည် သူ့မျက်နှာရှေ့တွင် မတော်တဆ ဖြတ်သွားသောကြောင့် သူသည် အသင့်ဖမ်းယူလိုက်ခြင်းသာ ဖြစ်သည်။

သို့သော် စူးစမ်းရန်ပင် အချိန်မရလိုက်ပေ။ အဆိုပါ ကောင်းကင်လမ်းစဉ်၏ ကောင်းချီးသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။

“နတ်ဘရားလက်နက် အမတမျှော်စင်က အတော်လေးကို စည်ကားနေတာပဲ”

“ ရှစ်ထျန်းတိ့တင်မကဘူး အမတနယ်မြေ ကောင်းကင်လမ်းစဉ်ကပါ ဝင်ရောက်စွက်ဖက်လာပြီ “

စူးရွှမ်၏ နှုတ်ခမ်းထောင့်သည် စိတ်ဝင်စားစရာ ကောင်းသော အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။

“ဒါပေမဲ့ ငါကတော့ မင်းတို့ ကောင်တွေ ဒီမှာ ပေါ်လာဖို့ကိုပဲ မျှော်လင့်မိတယ်”

“ကြောင်နဲ့ ကြွက် ကစားနည်းက ပျင်းစရာကောင်းလွန်းတယ်”

All Chapters