မရဏငရဲမီးလျှံများဖြင့် လောင်မြိုက်နေသော မြို့ပျက်ကြီး
Vol. 57 Ch. 747
မြေအောက်လောက၏ အာကာသကို ယာယီ ရပ်တန့်သွားစေခဲ့ပြီး နောက်တွင် ၊
စူးချန်ကဲသည် တိ့ရွှမ်ကို သေစေနိုင်သော ထိုးနှက်ချက်ဖြင့် တိုက်ခိုက်ရန် မရွေးချယ်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် တိ့ရွှမ်၏ ကိုယ်ထည်သည် အလွန်ကြီးမားပြီး သံမဏိများဖြင့် တည်ဆောက်ထားသောကြောင့် ဖြစ်သည်။
အချိန်ကို ရပ်တန့်နိုင်သော်လည်း၊ သူသည် စက္ကန့်အနည်းငယ်အတွင်း ၎င်းကို လုံးဝ ဖြေရှင်းနိုင်မည် မဟုတ်ပေ။
ထို့ကြောင့်၊ သူသည် ယခင်က ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ခဲ့သည်။ တိ့ရွှမ်၏ ခန္ဓာကိုယ်ပေါ်ရှိ ဆက်စပ်နေသော မှော်သင်္ကေတ ခြောက်ခုကို ချိုးဖျက်ခဲ့သည်။
“ ဓားသေတ္တာကိုးလက် ၊ လာစမ်း!”
ထိုစကားသံအဆုံးတွင် ၊
ဝီ!!
နတ်အလင်းများ လျှပ်တပြက် တောက်ပသွားပြီး ဓားသေတ္တာသည် မျက်စိတမှိတ်အတွင်းမှာပင် ထွက်ပေါ်လာခဲ့သည်။
ဝှစ် ဝှစ် !!
မတူညီသော ဓားစွမ်းအင်များဖြင့် တောက်ပနေသော ရှေးဟောင်း ဓားကိုးလက်သည် ဓားသေတ္တာထဲမှ ထွက်လာကြပြီး မိုးကောင်းကင်ပေါ်သို့ ထိုးတတ်သွားသည်။
ဓားအလင်းတန်း ကိုးစင်း၏ အလင်းပြန်မှုအောက်တွင်၊ ဟင်းလင်းပြင်သည် တောက်ပပြီး လှိုင်းထနေကာ ဓားများက တချွင်ချွင်ဖြင့် မြည်သံပေးလျက် ဝင်းလက်နေသည်။
“ဓားကိုးလက် အသွင်ပြောင်းလဲခြင်း!”
ထို့နောက်တွင် စူးချန်ကဲသည် သူ၏ လက်ချောင်းများဖြင့် လက်သင်္ကေတ အစီအရင် တစ်ခုကို ဖော်ဆောင်လိုက်သည်။
ဝုန်း !!
ကြီးကျယ်ခမ်းနားသော ဓားစွမ်းအင်များသည် တစ်ခုနှင့်တစ်ခု စုဝေးသွားပြီး ၊ နောက်ဆုံးတွင် ဓားအမတရှင် ပုံရိပ်ကိုးခု အဖြစ်သို့ ဖွဲ့စည်းပြောင်းလဲသွားသည်။
ဓားအမတရှင် ပုံရိပ်ကိုးခုသည် ရှေးဟောင်း ဓားတစ်လက်စီ ကိုင်ဆောင်ထားကြသည် ။ ထို့နောက် နေကို ထိုးဖောက်ဝင်ရောက်လာသော သက်တံတစ်စင်းကဲ့သို့ သူတို့၏ဓားများကို ဝှေ့ယမ်းကာ တိ့ရွှမ်၏ ခန္ဓာကိုယ်ပေါ်ရှိ နေရာကိုးခုဆီသို့ တိုက်ရိုက် ခုတ်ချလိုက်သည်။
ကွဲအက်သံ!!
တိ့ရွှမ်၏ ခန္ဓာကိုယ်ပေါ်ရှိ သင်္ကေတ ကိုးခုသည် ပြင်းထန်သော ထိုးနှက်ချက်ကို ခံလိုက်ရသကဲ့သို့ အက်ကွဲသွားသည်။သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ထူးဆန်းသော စွမ်းအင်များသည်လည်း အနည်းငယ် အားနည်းသွားပုံရသည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက်၊
စူးချန်ကဲ၏ ပုံသဏ္ဍာန်သည် လျှပ်တပြက် ပျောက်ကွယ်သွားပြီး နောက်အခိုက်အတန့်တွင် အားရှင်း၏ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
ထို့နောက် လက်သင်္ကေတ အစီအရင်တစ်ခုကို ပြုလုပ်လိုက်သည်နှင့် ၊ သူနှင့် အားရှင်းပေါ်သို့ အလင်းအကာအရံ တစ်ခုက လွှမ်းခြုံသွားခဲ့သည်။
ဗလာနိတ္ထိမျက်လုံးတော်၏ အစွမ်းသတ္တိသည် အကန့်အသတ်ရှိသည်။ သူသည် အာကာသကို သုံးစက္ကန့်မျှသာ ယာယီ ရပ်တန့်နိုင်သည်။
သတ်မှတ်ချိန်ကုန်ဆုံးသွားသည်နှင့် ၊ တိ့ရွှမ်မှ မှုတ်ထုတ်ခဲ့သော ထိုမရဏငရဲမီးလျှံသည် နောက်တစ်ဖန် လောင်ကျွမ်းလာပေမည်။
ဤအခြေအနေအရ ၊ မရဏငရဲမီးလျှံသည် မြေအောက်လောကတစ်ခုလုံးကိုပင် အပြတ်ရှင်းလိုက်နိုင်သည်။
အားရှင်းကို ဂရုမစိုက်ဘဲ ပစ်ထားခဲ့ပါက ၊ သူသည် ကျောက်ဟွ အမတဧကရာဇ်၏ ဆန္ဒကို မည်သို့ပြီးမြောက်အောင် လုပ်နိုင်မည်နည်း။
ထိုအချိန်တွင်၊ ဗလာနိတ္ထိမျက်လုံးတော်၏ အစွမ်းသတ္တိသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဝုန်း !!
ဟင်းလင်းပြင်ထဲတွင် ရပ်တန့်ခံထားရသော မရဏငရဲမီးလျှံများသည် နောက်တစ်ဖန် ပွက်ပွက်ဆူလာပြီး မြေအောက်ကမ္ဘာ၏ အပေါ်ဘက်ဆီသို့ ကြမ်းတမ်းစွာ ရိုက်ခတ်လေတော့သည်။
………
တစ်ချိန်တည်းမှာပင်။
မြေအောက်ကမ္ဘာ၏ ပြင်းထန်သော အပူဒဏ်အောက်တွင် ၊
ဟွရှင်းရှေးဟောင်းမြို့တစ်ခုလုံးသည် မရဏငရဲမီးလျှံများ၏ ဒဏ်ကို ခံနိုင်ရည်မရှိခဲ့ပေ။
ပတ်ဝန်းကျင်တစ်လျှောက် မိုင်ပေါင်းများစွာရှိ မြေပြင်များသည် အက်ကွဲလာပြီး၊ အပူချိန်များက ဆက်လက် မြင့်တက်လာလျက်ရှိသည်။
“ဒါ ဘာဖြစ်တာလဲ.....”
ပါရမီရှင်တစ်ဦးက အော်ဟစ်လိုက်သည်။
“မင်းတို့ ခံစားမိလား.... အပူချိန်တစ်ခုခုက မြေအောက်ထဲကနေ ပျံ့နှံ့လာသလိုပဲ”
အမတလမ်းစဉ်ကို ကျင့်ကြံနေကြသော ပါရမီရှင်များအဖြစ် ၊ သူတို့သည်လည်း အံ့မခန်းဖွယ်ရာ ကောင်းသော ခုခံကာကွယ်နိုင်စွမ်းများ ရှိကြသည်။
သို့သော် ဤအခိုက်အတန့်တွင်၊ အက်ကွဲလာသော မြေပြင်မှ မြင့်တက်လာသော မီးလျှံအပူငွေ့များသည် လူတိုင်းကို အပူလှိုင်းတစ်ခု ခံစားမိစေခဲ့သည်။
ယခုအချိန်တွင် မိမိတို့သည် မီးဖိုပေါ်တွင် ကင်ခံထားရသကဲ့သို့ ခံစားရလိုက်ပြီး ၊ အပူဒဏ်သည် မခံမရပ်နိုင်အောင် ပြင်းထန်လွန်းသည်။
ပို၍ ကြောက်ရွံ့စရာကောင်းသည်မှာ အပူချိန်သည် ဆက်လက် မြင့်တက်လာသည်နှင့်အမျှ အက်ကွဲနေသော မြေကြီးမှ ရေငွေ့ပမာဏသည် သိပ်သည်းစွာ မြင့်တက်လာခြင်း ဖြစ်သည်။
ထူးဆန်းသော အအငွေ့အသက်တစ်ခုသည် လေထဲတွင် ပျံ့နှံ့နေပြီး၊ မည်သူမဆို ရှူရှိုက်မိပါက စိတ်များ ကြမ်းတမ်းလာနိုင်သည်။
“ဒါက....”
ရွှေကျီးကန်း၏ အသွေးအသားကို ပိုင်ဆိုင်ထားသူ အဖြစ် ကျီချောင်ကဲသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ပထမဆုံး သတိပြုမိခဲ့သည်။
စက္ကန့်အနည်းငယ် စဉ်းစားပြီးနောက်တွင်၊ သူ၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
မရဏငရဲမီးလျှံများသည် မြေအောက်မှ ပေါက်ကွဲထွက်လာတော့မည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
“မြန်မြန် ပြေး!”
ကျီချောင်ကဲသည် အနီးနားရှိ ရွှေကျီးကန်းနတ်ဘုရားမင်းဆက်မှ ပါရမီရှင်များကို ဟစ်အော်လိုက်သည်။
“အမြန်ဆုံး ဆုတ်...”
သို့သော် သူ့ စကားမဆုံးမီမှာပင် ၊
ဝုန်း !!
ဟွရှင်းရှေးဟောင်းမြို့ တစ်ခုလုံးသည် ရုတ်တရက် ပြင်းထန်စွာ လှုပ်ခါသွားသည်။
အက်ကွဲနေပြီဖြစ်သော မြေကြီးသည် ဤကြောက်မက်ဖွယ်ကောင်းသော အင်အားအောက်တွင် ပို၍ပင် ကွဲအက်လာခဲ့ပြီး ၊ ကျောက်တုံးကြီးများသည် မြေအောက်ထဲသို့ ကျဆင်းသွားသည်။
“ ဒါ ဘာတွေ ဖြစ်နေတာလဲ!?”
ဝုန်း ——!!
လူတိုင်း၏ အာမေဠိတ်သံမဆုံးခင် ၊
မရဏငရဲမီးလျှံများသည် ခိုင်ခံ့မာကြောသော စိန်ကျောက်လွှာကို အရည်ကျိုပစ်ခဲ့ပြီး၊ ဟွရှင်းရှေးဟောင်းမြို့ တစ်ခုလုံး မြေများပြိုကျကုန်လေသည်။
အက်ကွဲနေသော မြေပြင်ထဲမှ ပေတစ်သောင်းမြင့်သော မီးတောက်များ ပေါက်ကွဲထွက်လာခဲ့သည်။
“ အား!!!”
ဟွရှင်းရှေးဟောင်းမြို့ တစ်ခုလုံး ကြောက်ရွံ့ ညည်းညူသံများ ထွက်ပေါ်လာခဲ့သည်။
ဤတစ်ကြိမ်တွင်၊ ကံဆိုးရှာသော လူနည်းစုသည် မရဏငရဲမီးလျှံအတွင်း ဝါးမျိုခံလိုက်ရသည်။
ဒါတင်မက ၊ ဟွရှင်းရှေးဟောင်းမြို့ အတွင်းရှိ ပါရမီရှင်တိုင်း ထိခိုက်မှုများရှိခဲ့သည်။
ထိပ်တန်းပါရမီရှင်များသည် ဤမရဏ ငရဲမီးလျှံကို အတိုင်းအတာ တစ်ခုထိ ခုခံနိုင်သော်လည်း၊ အားနည်းသော ပါရမီရှင်များသည် မရဏငရဲမီးလျှံအတွင်း ဝါးမျိုခံရကာ ဖုန်မှုန့်များအဖြစ် ပျောက်ကွယ်သွားခဲ့လေသည်။
မျက်စိတမှိတ်အတွင်းမှာပင် ၊ ဟွရှင်းရှေးဟောင်းမြို့ တစ်ခုလုံးသည် မရဏငရဲမီးလျှံ၏ “သန့်စင်ခြင်း” အောက်တွင် ခရမ်းနက်ရောင် အဖြစ်သို့ ပြောင်းလဲသွားပြီး၊ အဆုံးမရှိသော ငရဲမီးပင်လယ်ထဲသို့ ဆွဲခေါ်ခံလိုက်ရပုံပေါ်သည်။
အထူးသဖြင့် ဟွရှင်းရှေးဟောင်းမြို့၏ ဗဟိုဧရိယာအပိုင်းတွင် ညည်းညူသံများဖြင့် ပြည့်နှက်နေသည်မှာ ငရဲတွင်း၏ ပဲ့တင်သံများကဲ့သို့ ရှိနေသည်။
ကွေးယွမ်အမတဂိုဏ်း၊ ထျန်းယွမ် နတ်ဘုရားမင်းဆက်၊ ထျန်းဟိုင်ဓားဂိုဏ်း၊ ဖုန်းယွင်လှံခန်းမဆောင် အပါအဝင် အခြားသော အင်အားစုများမှ တပည့်များသည် အလယ်ပိုင်းဒေသတွင် ပေါ်ပေါက်ခဲ့သော ရုန်းရင်းဆန်ခတ်မှုများကို မြင်တွေ့လိုက်ရသည်နှင့် ၊
၎င်းတို့သည်လည်း ဘေးလွတ်ရာသို့ ချက်ချင်း ဆုတ်ခွာခဲ့ကြသည်။
“ ဒီမြေအောက်မှာ ဘာတွေကို မြှုပ်နှံထားတာလဲ.. ဘာလို့ ဒီလောက်ထိ ကြီးမားတဲ့ စွမ်းအားတွေကို ထုတ်လွှတ်နိုင်တာလဲ!?”
“ဒါ အခွင့်အလမ်းကောင်း ရှိတဲ့နေရာဆိုတာ ဟုတ်ရောဟုတ်ရဲ့လား .. ဒါ သွားပြီး အသေခံတာပဲ မဟုတ်လား “
“ဒီပုံစံအရ ၊ ဟွရှင်းရှေးဟောင်းမြို့ အလယ်ပိုင်းဒေသမှာ ရှိတဲ့ ထိပ်တန်းစွမ်းအားရှင်တွေ ကလွဲရင် တခြားသူတွေအားလုံး ပြာဖြစ်သွားလောက်ပြီ “
“ တော်သေးတာက ငါတို့ ကြိုမြင်ပြီး အဲ့နားကို သွားမကပ်မိလို့သာပေါ့ မဟုတ်ရင် ငါတို့လည်း သေနေလောက်ပြီ “
“ကံအဆိုးဆုံးကတော့ အဲ့ဒီထိပ်တန်း ဓားသမားပဲ ! ဒီအတိုင်းသာဆို သူ့အတွက် သေလမ်းတစ်လမ်းတည်းသာ ရှိတယ်”
“………”
တစ်ချိန်တည်းမှာပင်။
ယောင်ကွမ်အမတဂိုဏ်း မှ တပည့်များကို ခေါ်ဆောင်ကာ အခြားနေရာမှ ရောက်ရှိလာသော လော့ရန်ယွီသည်လည်း အဆိုပါ ကြောက်မက်ဖွယ်ရာ ကောင်းသော မြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။
မရဏငရဲမီးလျှံများသည် ကမ္ဘာပေါ်သို့ ဆင်းသက်လာသော ကမ္ဘာပျက်ကပ်ဘေး တစ်ခုအလား ထင်မှတ်ရသည်။
မရေမတွက်နိုင်သော သေးငယ်သော နတ်အလင်းတန်းများသည် ဤငရဲမီးပင်လယ်မှ လွတ်မြောက်ရန် ကြိုးစားနေပုံရသည်။
သို့သော် လမ်းတစ်ဝက် အရောက်တွင် ၊ ဤကြောက်မက်ဖွယ်ရာ မရဏငရဲမီးလျှံ၏ ဝါးမြိုမှုကို ခံလိုက်ရသည်။
“ဒီဦးတည်ရာက....”
လော့ရန်ယွီသည် တစ်စုံတစ်ခုကို တွေးမိသွားပုံရကာ သူမ၏ မျက်လုံးအိမ်များသည် ကျဉ်းမြောင်းသွားသည်။
“ဟွရှင်းရှေးဟောင်းမြို့.....!?”
စုဆောင်းထားသော သတင်းအချက်အလက်အရ၊ စူးချန်ကဲသည်လည်း ဟွရှင်းရှေးဟောင်းမြို့ အတွင်း ရှိနေခဲ့သည်။
စူးချန်ကဲသည် အလွန်သန်မာသည်ကို သူမ သိသော်လည်း ၊
သို့သော် ဤကမ္ဘာပျက်ကပ်ဆိုက်ခြင်းကဲ့သို့သော မြင်ကွင်းကို မြင်လိုက်ရချိန်တွင် ၊ လော့ရန်ယွီ၏ စိုးရိမ်ပူပန်မှုသည် ထိန်းချုပ်၍ မရနိုင်အောင် တိုးပွားလာခဲ့သည်။
“ နတ်ဘုရားမ ! အဲ့ဘက်မှာက အန္တရာယ်ရှိတယ်!”
လော့ရန်ယွီသည် ယောင်ကွမ်အမတဂိုဏ်း မှ ပါရမီရှင်များ၏ တားမြစ်မှုကို လျစ်လျူရှုကာ မိမိ၏ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအင်ကို လှုံ့ဆော်လိုက်ပြီး၊ မည်သည့်အရာကိုမျှ မငဲ့ကွက်ဘဲ ထိုနယ်မြေဆီသို့ ဦးတည်ပျံသန်းသွားခဲ့သည်။
လော့ရန်ယွီ၏ အရှိန်သည် အတော်လေး မြန်ဆန်လွန်းသည်။ သူမသည် မကြာမီအချိန်အတွင်း ဟွရှင်းရှေးဟောင်းမြို့၏ အစွန်အဖျားသို့ ရောက်ရှိလာခဲ့သည်။
ရှေ့မှောက်မြင်ကွင်းသည် သူမကို ရင်လေးစွာဖြင့် သက်ပြင်းချစေမိသည်။
ဟွရှင်းရှေးဟောင်းမြို့ တစ်ခုလုံးသည် အဆုံးစွန်သော အင်အားတစ်ခု၏ တိုက်ခိုက်မှုကို ခံခဲ့ရပုံပေါ်သည်။ မြေပြင်သည် အလွှာလိုက် ပြိုကျအက်ကွဲလျက် အဆောက်အဦးများစွာ ပြိုလဲနေကာ အပျက်အစီးများဖြင့် ပြည့်နှက်နေသည်။
အထူးသဖြင့် ဟွရှင်းရှေးဟောင်းမြို့၏ အလယ်ဗဟိုတွင် မီးများဖြင့် လောင်မြိုက်နေသော ကျင်းကြီးတစ်ခု ရှိနေသည်။
ထိုကဲ့သို့ ပူပြင်းသော အပူချိန်အောက်တွင် ကမ္ဘာမြေကြီးသည် ချော်ရည်များအဖြစ် ပြောင်းလဲစီးဆင်းနေကာ မရေမတွက်နိုင်သော ငရဲမီးဝိညာဉ်များသည် လေထဲတွင် ပျံသန်းနေကြသည်။
မီးများဖြင့် လောင်မြိုက်နေသော ထိုကျင်းကြီးထဲတွင်၊ တောင်ကြီးတစ်ခုနှင့် အရွယ်အစားတူသော သံမဏိသားရဲကြီး တစ်ကောင်သည် အသက်ငွေ့ငွေ့သာ ကျန်တော့ပြီး လဲလျောင်းနေသည်။
သို့သော်၊ လူကို အံ့အားသင့်စေခဲ့သည့်အရာမှာ ထိုသံမဏိသားရဲကြီး၏ ရှေ့တွင် ဝတ်ရုံဖြူကို ဆင်မြန်းထားသော လူတစ်ဦး ရပ်နေခဲ့သည်။
အစွန်းအထင်းများ ကင်းစင်သော ဝတ်ရုံဖြူ လူတစ်ယောက်သည် လူသားတွေကြားထဲ ရပ်နေသော နတ်ဘုရားတစ်ပါးအလား ရှိနေခဲ့သည်။
လော့ရန်ယွီ တစ်ဦးတည်းသာမက ၊ ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း အံ့အားသင့်သွားကြသည်။
ဤလူမှာ မည်သူနည်း။
……..