ထျန်းချန်လမ်းစဉ်ဂိုဏ်း ဟုတ်လား ၊ ဘယ်ကအမှိုက်တွေတုန်း
Vol. 57 Ch. 748
ဤအခိုက်အတန့်တွင် ၊
မရေမတွက်နိုင်သော ပါရမီရှင်များ၏ အကြည့်သည် စူးချန်ကဲပေါ်သို့ စုပြုံကျရောက်လာသည်။
ဤမြင်ကွင်းသည် လူတိုင်းကို မှင်သက်သွားစေပြီး စကားမပြောနိုင်လောက်အောင်ပင် ဖြစ်နေကြသည်။
မီးပွားများ ၊ အသက်ငွေ့ငွေ့သာ ကျန်သော သံမဏိသားရဲကြီးနှင့် နတ်ဘုရားတစ်ပါးကဲ့သို့ အေးစက်သော အမူအရာဖြင့် ဝတ်ရုံဖြူ လူငယ်တစ်ယောက် ....
ဤမြင်ကွင်းသုံးခု ပေါင်းစပ်ထားခြင်းသည် လူတိုင်း၏ အမြင်အာရုံအပေါ် ကြီးမားသော သက်ရောက်မှုကို ပေးစွမ်းနေခဲ့သည်။
အံ့အားသင့်နေကြသော အခြားသူများထက်၊
လူအုပ်ထဲတွင် ၊ ကြိုတင်ခန့်မှန်းထားသော ဝူကျီအောက်ထျန်းသည်လည်း စူးချန်ကဲကို မြင်ပြီးနောက် စိတ်ထဲတွင် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
“ ဘုရားရေ! တကယ်ကို စူးချန်ကဲ အဲ့ကောင်ပဲ!”
“ဒီကောင် အတော်လေး ကြောက်စရာကောင်းလာတယ်...ခုလို ငရဲမီးထဲမှာ ဘယ်လိုလုပ်ပြီး အထိအခိုက်မရှိဘဲ အသက်ရှင်နိုင်တာလဲ၊ ပြီးတော့ ပေတစ်သောင်းအမြင့်ရှိတဲ့ နတ်တောင်ကြီးနဲ့တောင် နှိုင်းယှဉ်နိုင်တဲ့ ဒီဧရာမသံသားရဲကြီးကို ဘယ်လိုများတောင် အနိုင်ယူလိုက်တာလဲ!”
“ လှည့်ကွက်များလွန်းတဲ့ ဧကရာဇ်မင်းကြီး ၊ တကယ်ကို ကြောက်စရာကောင်းလွန်းတယ်!”
ထိုအချိန်တွင် အံ့အားသင့်စွာဖြင့် ထွက်ပေါ်လာသော စကားတစ်ခွန်းသည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
ထျန်းချန်လမ်းစဉ်ဂိုဏ်း မှ တပည့်တစ်ဦးသည် စူးချန်ကဲ၏ ဘေးနားတွင် ရှိနေသော အားရှင်း ကို ညွှန်ပြရင်း ဟစ်အော်လိုက်သည်။
“အစ်ကိုကြီး ! ဒီသံမဏိစက်ရုပ်ရဲ့ ရင်ဘတ်မှာ ရေးထိုးထားတဲ့ စာလုံးကို ကြည့်လိုက်!”
၎င်း၏ စကားသံအဆုံးတွင် ၊
ထျန်းချန်လမ်းစဉ်ဂိုဏ်း မှ တပည့်များသာမက၊ အခြားအင်အားစုများမှ ပါရမီရှင်တပည့်များသည်လည်း ၎င်း၏ညွှန်ပြမှုအတိုင်း ကြည့်လိုက်ကြသည်။
ဝတ်ရုံဖြူ လူငယ်၏ ဘေးနားတွင် ထူးဆန်းသော သံမဏိသားရဲတစ်ကောင် ရပ်နေသည်။ ၎င်းသည် အမတနယ်မြေ ရှိ အမတသားရဲ အမျိုးမျိုး၏ သွင်ပြင်လက္ခဏာများကို ပေါင်းစပ်ထားသဟန် ရှိပြီး ၊ အနည်းငယ် ထူးဆန်းပုံပေါက်သည်။
နတ်ဘုရားလက်နက် အမတမျှော်စင် အတွင်းသို့ ဝင်ရောက်လာကြသော ကျင့်ကြံသူတိုင်း ဤသံမဏိစက်ရုပ်များနှင့် ပတ်သတ်၍ အနည်းနှင့်အများ သိရှိထားကြသည်။
၎င်းတို့ကို ထူးခြားသော မဟာလမ်းစဉ် ကောင်းကင်ရတနာ ဖန်ဆင်းခြင်း အတတ်ဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး၊ စစ်မှန်သော ခံစားချက်များကင်းမဲ့သည့် အရာများ ဖြစ်ကြသည်။
သို့သော် လူတိုင်း၏ ကြည့်ရှုမှုအောက်တွင်၊
အားရှင်း ဟုခေါ်သော ဤသံမဏိစက်ရုပ်သည် လူသားဆန်သော ကြောက်ရွံ့မှုကို ဖော်ပြနေပြီး၊ သူသည် စူးချန်ကဲနှင့် ပို၍ပင် နီးကပ်သွားသည်။
“အမ်.....? ဒီသံမဏိစက်ရုပ်က ဘယ်လိုဖြစ်တာလဲ... ကိုယ်ပိုင်အမည်ရှိရုံသာမက၊ ကိုယ်ပိုင်အသိစိတ်လည်း ရှိနေတာလား”
“ မဟုတ်မှလွဲရော ..ဒီသံမဏိစက်ရုပ်မှာ ထူးခြားတဲ့ အရည်အသွေး တစ်ခုခုရှိနေမလား”
လူတိုင်း သံသယမေးခွန်းများ ရှိနေကြစဉ် ၊
အမျိုးသားတစ်ဦး၏အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
“ငါ ရှေးဟောင်းစာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်၊ နတ်ဘုရားလက်နက် အမတမျှော်စင်ရဲ့ ဂိုဏ်းခေါင်းဆောင် ကျောက်ဟွ အမတဧကရာဇ်မင်းက လက်နက်ပြုလုပ်တဲ့နေရာမှာ အလွန်မြင့်မားတဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတယ်”
“နတ်ဘုရားလက်နက် အမတမျှော်စင်က နာမည်ရှိတဲ့ သံမဏိစက်ရုပ်တွေနဲ့ အမတလက်နက်တွေကလည်း သူကိုယ်တိုင် ဖန်တီးခဲ့တာပဲ ဒါပေမဲ့ ကျောက်ဟွ အမတဧကရာဇ်မင်း က ဒါကို မကျေနပ်ဘူး၊ သူက တကယ့် ခံစားချက်ရှိတဲ့ သံမဏိစက်ရုပ်တစ်ကောင်ကို ဖန်တီးချင်ခဲ့တယ်”
“ ကြည့်ရတာ ၊ ခုလို လူသားဆန်တဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြသနေတဲ့ ဒီသံမဏိစက်ရုပ်ဟာ ကျောက်ဟွ အမတဧကရာဇ်မင်း ရဲ့ လက်ရာဖြစ်ရမယ်”
စကားပြောသူမှာ ချောမောတင့်တယ်သော အမျိုးသားတစ်ဦးပင် ဖြစ်သည်။
ထိုသူသည် ရွှေရောင်ဖျော့ဖျော့ ရှည်လျားသောဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ဦးခေါင်းတွင် ငှက်မွှေး သရဖူခေါင်းဆောင်းနှင့် ခါးတွင် မိုးပြာနဂါး ကျောက်စိမ်းခါးပတ်ကို ဆင်မြန်းထားသည်။ သူ၏ ကိုယ်ဟန်အနေအထားသည် အတော်လေး စမတ်ကျလွန်းသည်။
ဤအခိုက်အတန့်တွင်၊ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေပြီး သူ၏လက်နှစ်ဖက်ကို နောက်ပစ်ထားသည်မှာ မျိုးရိုးမြင့် လူတစ်ယောက်၏ အရှိန်အဝါများကို ထုတ်ဖော်ပြသနေသည်။
“သူက ထျန်းယွမ် နတ်ဘုရားမင်းဆက် ရဲ့ မင်းသားငယ်! ယွမ်ချန်းဟုန်!”
မှတ်မိသွားသော ပါရမီရှင်တစ်ဦးက ဟစ်အော်လိုက်သည်။
ထျန်းယွမ် နတ်ဘုရားမင်းဆက်သည် မကြာသေးမီက နာမည်ကျော်ကြားလာသော အင်အားစု ဖြစ်သည်။
တားမြစ်ကုန်းပြင်မြင့် အစား ဝင်ရောက်လာသည့် ၊ အမတနယ်မြေကြီးကိုးခု၏ တားမြစ်အင်အားစုတစ်ခု အဖြစ် ပြောင်းလဲသွားသော အင်အားစုတစ်ခု ဖြစ်ပေသည်။
ထျန်းယွမ် နတ်ဘုရားမင်းဆက်သည် ဤကိစ္စကို အခွင့်ကောင်းယူကာ ပြင်းထန်စွာ ကြော်ငြာခဲ့သဖြင့် ၊အမတနယ်မြေရှိ ပါရမီရှင်အတော်များများသည် ဤအကြောင်းကို သိရှိထားကြသည်။
ထျန်းယွမ် နတ်ဘုရားမင်းဆက်၏ မင်းသားငယ် ဖြစ်သည့်အလျောက် ၊ ယွမ်ချန်းဟုန်သည် လူတိုင်း၏ အာရုံကိုဆွဲဆောင်နိုင်ခဲ့သည်။
သူသည်လည်း မဟာလမ်းစဉ် စာရင်းဖြစ်သည့် ခေတ်ပြိုင် အမတနယ်မြေ ကြယ်တာရာစာရင်း တွင် ပါဝင်ထားသူ ဖြစ်သည်။
စစ်မှန်အမတနယ်ပယ် အဆင့် (၉) ရှိပြီး ၊ ထိုက်ချင်တာအိုရွှမ် ကိုယ်ထည်ကို ပိုင်ဆိုင်ထားသည်။
ထိုင်ချင်တာအိုရွှမ် ကိုယ်ထည်သည် အမတနယ်မြေရှိ ထိပ်တန်း နတ်ဘုရားခန္ဓာကိုယ်များအနက် တစ်ခုအပါအဝင် ဖြစ်သည်။
မိုးမြေမဟာလမ်းစဉ်ကို တွေ့ကြုံခံစားရန် မွေးဖွားလာခြင်းကြောင့် စကြဝဠာအနန္တရှိ အသက်စွမ်းအင်များကို သိရှိခံစားနိုင်သည်။
ထို့အပြင် သူသည် အလွန်ထူးခြားသော စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားသည်။
အသက်စွမ်းအင်ရှိသော နယ်မြေတိုင်းတွင်၊ ယွမ်ချန်းဟုန် သည် သူ၏ ကိုယ်ထည်မှတဆင့် အသက်စွမ်းအင်ကို အသုံးပြုကာ သူ့ကိုယ်သူ သန်မာအောင် ပြုလုပ်နိုင်သည်။
တစ်ချိန်တည်းမှာပင် ၊ ယွမ်ချန်းဟုန်၏ စကားသံအဆုံးတွင် တိတ်ဆိတ်မှုသည် နောက်တစ်ဖန် ဖြိုခွင်းခံလိုက်ရပြန်သည်။
“ အဲ့လိုကိုး ၊ ချန်းဟုန် မင်းသားက တကယ်ပဲ ဗဟုသုတရှိတာပဲ ....ဒီလိုလျှို့ဝှက်ချက်ကိုတောင် သိနိုင်တယ်!”
“ဒီအတိုင်းသာဆို ၊ ဒီသံမဏိစက်ရုပ်က ကျောက်ဟွ အမတဧကရာဇ်မင်း ကိုယ်တိုင် ဖန်တီးခဲ့တာ ဖြစ်ရမယ်.....”
တစ်စုံတစ်ယောက်သည် သဘောပေါက်သွားကာ ဝင်ပြောလိုက်သည်။
“ ဒီလိုဆိုရင်၊ ဒီသံမဏိစက်ရုပ်က ကျောက်ဟွ အမတဧကရာဇ်မင်း ချန်ထားခဲ့တဲ့ ကောင်းကင်ဘုံကိုစိန်ခေါ်နိုင်တဲ့ အခွင့်ကောင်းတစ်ခု ဖြစ်နေမလား”
ထိုစကားသံအဆုံးတွင် ၊
တပ်မက်မှုများဖြင့် ပြည့်နှက်နေသော လူတိုင်း၏ အကြည့်များသည် အားရှင်းပေါ်သို့ စုပြုံကျရောက်လာသည်။ အားရှင်းသည် သူတို့အတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်မည်ဟု သဘောထားနေကြသည်မှာ ထင်ရှားသည်။
သို့သော်၊ အားရှင်း၏ ဘေးနားတွင် ရပ်နေသော စူးချန်ကဲကို မြင်လိုက်ရချိန်တွင် ၊ သူတို့အားလုံးသည် အလိုအလျောက် မျက်မှောင်ကြုတ်သွားကြပြီး စိတ်ထဲ၌ ထိန်းချုပ်မရသော ကြောက်ရွံ့မှုများ ဖြစ်လာကြသည်။
သူတို့၏ ခံစားမှုအရ၊ စူးချန်ကဲသည် စစ်မှန်အမတနယ်ပယ် အဆင့် (၆) သာ ရှိသေး၏။
သို့သော်လည်း မရဏငရဲမီးလျှံပေါက်ကွဲမှု၏ ဗဟိုချက်တွင် အေးအေးဆေးဆေး အသက်ရှင်ကျန်ရစ်နိုင်ခြင်းသည် သူ၏ ကြီးမားသော အင်အားကို သက်သေပြနေသည်။
ထိုအချိန် အေးစက်သော နှာမှုတ်သံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
“ဟမ်! ကောင်စုတ်လေး ညီနောင်ကျိုး ကို သတ်ခဲ့တာ မင်းမလား!?”
“အတော်သတ္တိရှိနေတယ်ပေါ့! ငါတို့ ထျန်းချန်လမ်းစဉ်ဂိုဏ်း က လူတွေကို သတ်ရဲတယ်!”
ထျန်းချန်လမ်းစဉ်ဂိုဏ်း မှ ထိပ်တန်း ပါရမီရှင် နှစ်ဦးဖြစ်သည့် ကျန်းယွီကျင်းနှင့် ချူးရှောင်တို့သည် စတင်ပြောဆိုလိုက်သည်။
သူတို့မျက်စိရှေ့က ဤဝတ်ရုံဖြူသည် ထျန်းဟိုင်ဓားဂိုဏ်း၏ ကောင်းကင်ဓားအမွေခံ လင်းဟန် မဟုတ်ခဲ့ချေ။ ထို့ကြောင့် သူသည် ယခင်က ထိုအမည်မသိ လူ့ဘီလူးဓားသမား ဖြစ်နိုင်သည်။
သို့သော် တဖက်လူသည် မကြာသေးမီက စစ်ပွဲကြီးကို ဆင်နွှဲခဲ့ပြီး အင်အားများစွာ သုံးစွဲခဲ့သောကြောင့် ယခုတွင် အင်အားအနည်းငယ်သာ ကျန်ရှိနိုင်တော့မည်။
အစောပိုင်းက ရုန်းရင်းဆန်ခတ်မှုကြောင့် ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များစွာသည် ဤနေရာသို့ ရောက်ရှိလာကြပြီး၊ ယခုအချိန်တွင် လူဦးရေသည် အနည်းဆုံး ထောင်ဂဏန်းနီးပါးရှိသည်။
စစ်မှန်အမတနယ်ပယ် အဆင့် (၆) ရှိသော ပါရမီရှင်တစ်ဦးသည် သူတို့အားလုံးကို သူတစ်ယောက်တည်းဖြင့် စိန်ခေါ်နိုင်မည်လော။
ပြီးတော့ ထျန်းဟိုင်ဓားဂိုဏ်း က လူဆိုလည်း ဘာဖြစ်တုန်း!?
ထိုသို့တွေးရင်း ၊သူတို့ နှစ်ဦးစလုံးသည် ထျန်းဟိုင်ဓားဂိုဏ်းမှ အဖွဲ့ဝင်များရှိရာ ဦးတည်ရာဘက်ကို လှမ်းကြည့်လိုက်သည်။
သူတို့၏ အကြည့်များက ဤသို့ ပြောနေခဲ့သည်---
ဒီကောင်က မင်းတို့ဂိုဏ်းက လူဆိုလည်း ဘာဖြစ်လဲ... ငါတို့ သူ့ကို သေချာပေါက် ဖမ်းဆီးပြမယ်!
ထိုမြင်ကွင်းကြောင့် ထျန်းဟိုင်ဓားဂိုဏ်း မှ ဓားသမားများမှာ အံ့အားသင့်နေကြသည်။
“ဒါ ဘာကိုဆိုလိုတာလဲ...ဒီလူကို ငါတို့ ထျန်းဟိုင်ဓားဂိုဏ်း က ကျင့်ကြံသူလို့ ထင်နေတာလား”
“ငါ မှတ်မိသလောက် ငါတို့ ထျန်းဟိုင်ဓားဂိုဏ်း မှာ ဒီလို ပါရမီရှင်မျိုး မရှိပါဘူး”
တစ်ချိန်တည်းမှာပင် ၊ ယွင်ချင်းဟုန်သည် ဝူကျီအောက်ထျန်း ကို တိုးတိုးလေးကပ်ကာ မေးလိုက်သည်။
“ညီလေးအောက်ထျန်း ၊ ဒီလူက စူးချန်ကဲဆိုတာ သေချာလား”
“စူးချန်ကဲ က ကွေးယွမ်အမတဂိုဏ်း ရဲ့ ဆက်ခံသူ၊ ကွေးယွမ်....”
သို့သော် သူ့စကားမဆုံးသေးခင်မှာပင် ၊
အေးစက်သော ဟိန်းဟောက်သံသည် အဝေးတစ်နေရာမှ ထွက်ပေါ်လာခဲ့သည်။
“ ထျန်းချန်လမ်းစဉ်ဂိုဏ်း ဟုတ်လား...ဘယ်ကအမှိုက်တွေတုန်း “
“ငါတို့ဂိုဏ်းက ဆက်ခံသူရဲ့ ကိစ္စကို မင်းတို့ အမှိုက်တွေကို ဘာလို့ ရှင်းပြနေရမှာလဲ!?”