ဖြေရှင်းချက် (Part-1)
Vol. 57 Ch. 750
အခြားတစ်ဖက်တွင် ၊
လူအုပ်ထဲရှိ ယွမ်ချန်းဟုန်သည် စူးချန်ကဲကို အေးစက်စွာ စိုက်ကြည့်လိုက်ရင်း တီးတိုးရေရွတ်လိုက်သည်။
“သူက ကွေးယွမ်အမတဂိုဏ်း ရဲ့ ဆက်ခံသူ၊ စူးချန်ကဲလား “
စူးချန်ကဲ၏ အတုမရှိသော နောက်ခံကို အံ့အားသင့်ရခြင်းထက် ၊
သူသည် ယောင်ကွမ်အမတဂိုဏ်းထဲတွင် ပျံ့နှံ့နေသော ကောလဟာလကို ပို၍ ဂရုစိုက်သည်။
ယောင်ကွမ်အမတဂိုဏ်း၏ ဆက်ခံသူ ၊ လော့ရန်ယွီ၏ အချစ်တော် -- စူးချန်ကဲ!!
သူသည် ဤလျှို့ဝှက်ချက်ကို မည်သို့ သိရှိခဲ့သနည်း။
အကြောင်းမှာ နတ်ဘုရားလက်နက် အမတမျှော်စင် အတွင်းသို့ မဝင်ရောက်မီ ၊
သူသည် လော့ရန်ယွီ၏ ယှဉ်နိုင်စရာမရှိသော အလှတရားကြောင့် အံ့အားသင့်ခဲ့ရသည်။
ထျန်းယွမ် နတ်ဘုရားမင်းဆက်၏ မင်းသားတစ်ပါး အဖြစ် ၊ ယွမ်ချန်းဟုန်သည် အဆင်းလှသော အမျိုးသမီးများစွာကို မြင်တွေ့ဖူးသော်လည်း ၊ လော့ရန်ယွီ နှင့် နှိုင်းယှဉ်ပါက လုံးဝ မှေးမှိန်သွားသည်ဟု ဆိုနိုင်သည်။
ထိုအမျိုးသမီးများသည် နန်းဆောင်ထဲက မီးအိမ်များဖြစ်ပါက၊ လော့ရန်ယွီသည် ကောင်းကင်ထက်က လမင်း ဖြစ်ပေသည်။
ဤနှစ်ခုသည် နှိုင်းယှဉ်စရာမရှိချေ။
လော့ရန်ယွီကို ပထမဆုံးအကြိမ် မြင်လိုက်ရချိန်မှစကာ သူမသည် သူ၏ အမျိုးသမီးဖြစ်ရမည်ဟု ယုံကြည်ထားခဲ့သည်။
ဤအတွက်ကြောင့်၊ သူသည် ယောင်ကွမ်အမတဂိုဏ်းမှ ကျင့်ကြံသူများကို လာဘ်ပေးကာ လော့ရန်ယွီ နှင့် ပတ်သက်သော အချက်အလက်များကို ရှာဖွေခဲ့သည်။
အချက်အလက်များထဲတွင် သူ အများဆုံးဂရုစိုက်သည်မှာ အဆိုပါ ကောလဟာလပင် ဖြစ်သည်။
သူ့ရှေ့က ဝတ်ရုံဖြူ လူငယ်သည် စူးချန်ကဲ ဖြစ်ကြောင်း သိလိုက်ရသည်နှင့် ၊ သူ့စိတ်ထဲတွင် အေးစက်မှုများ ဖြစ်ပေါ်လာခဲ့သည်။
တဖက်လူတွင် ထူးခြားသော နောက်ခံရှိပြီး ၊ သူတို့ ထျန်းယွမ် နတ်ဘုရားမင်းဆက်အနေဖြင့် ထိဝံ့သည့်အရာ မဟုတ်ချေ။
သို့သော်လည်း ဒေဝလောက ပြန်လည်စတင်ရာခေတ်တွင် စူးချန်ကဲသည်လည်း သူကဲ့သို့ပင် အမတနယ်မြေတစ်ခွင် လျှောက်လှမ်းနေသော မျိုးဆက်သစ် ပါရမီရှင်တစ်ဦး ဖြစ်သည်။
လူငယ်များ၏ ပြိုင်ဆိုင်မှုတွင် မျိုးဆက်ဟောင်းများ ဝင်ရောက်မစွက်ဖက်ရန်မှာ အမတနယ်မြေ၏ စည်းမျဉ်း ဖြစ်သည်။
ထို့အပြင် ကျင့်ကြံမှုအဆင့်နှင့် နှိုင်းယှဉ်ရမည်ဆိုပါက ၊ သူသည် စူးချန်ကဲ ထက် အဆင့်ငယ် သုံးဆင့် သာလွန်ပြီး ထို့အပြင် အမတနယ်မြေ ၏ အတုမရှိသော နတ်ဘုရားခန္ဓာကို ပိုင်ဆိုင်ထားသည်။
စူးချန်ကဲသည် ကိုယ်ထည်ခြောက်မျိုးကို ပိုင်ဆိုင်သော်လည်း၊ သို့သော် များစွာသော ကိုယ်ထည်များကို ပိုင်ဆိုင်ထားခြင်းသည် မဟာလမ်းစဉ်၏ တန်ပြန်သက်ရောက်မှုကို ဖြစ်စေနိုင်သဖြင့် ၎င်းတို့သည် ကောင်းကျိုးများ ရှိနိုင်မည် မဟုတ်ပေ။
ခွန်အားနှင့် အရည်အချင်းအရ ၊ သူသည် စူးချန်ကဲကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက် ရှိပေသည်။
လက်ရှိတွင် စူးချန်ကဲသည် နာမည်ကျော်ကြားနေပြီး ၊ မိမိအနေဖြင့် စူးချန်ကဲကို အနိုင်ယူကာ ခြေနင်းကျောက်အဖြစ် အသုံးပြုနိုင်လျှင်ဖြင့် မိမိသည် နာမည်ကျော်ကြားလာရုံသာမက၊ လော့ရန်ယွီ ၏ စိတ်ကိုပင် သိမ်းပိုက်နိုင်ကောင်း သိမ်းပိုက်နိုင်ပေလိမ့်မည်။
“ရန်ယွီ.... ငါက စူးချန်ကဲ ထက် ပိုပြီးထူးချွန်တယ်ဆိုတာ မင်းကို သိစေရမယ်!”
………
တစ်ချိန်တည်းမှာပင်။
ထူးဆန်းသော အကြည့်ကို ခံစားမိသည့်အလား စူးချန်ကဲသည် မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်သည်။
နောက်ပြန်လှည့်ကြည့်လိုက်ရာ ၊ စူးချန်ကဲသည် လူအုပ်ထဲတွင် ရှိနေသော ယွမ်ချန်းဟုန် ကို သတိထားမိခဲ့ပြီး ၊ စိတ်ထဲတွင် အေးစက်စွာ ပြုံးရယ်လိုက်သည်။
“အို? ကြည့်ရတာ ဒီကောင်က ထျန်းယွမ် နတ်ဘုရားမင်းဆက် ရဲ့ မင်းသားငယ်၊ ယွမ်ချန်းဟုန် ဖြစ်ရမယ် “
“အရင်က ယွင်ယောင် ပြောတာကြားဖူးတယ်..ဒီကောင်က ရန်ယွီ ကို စိတ်ဝင်စားနေတယ်ဆိုပဲ”
“ဒီအခွင့်အလမ်းကို အသုံးချပြီး..သူ့ကို တစ်ခါတည်း သတ်ပစ်လိုက်ရင်ရော ?”
စူးချန်ကဲမှ စဉ်းစားနေစဉ် ၊
ကြယ်စုသခင်ပါရမီရှင် သုံးဦးသည် တစ်ခုခုကို နားလည်သွားဟန်ဖြင့် တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ဝမ်မင်သည် ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“မင်းတို့ရဲ့ စကားတွေကို ပြန်ပြောဖို့ နောက်တစ်ကြိမ် အခွင့်အရေးပေးမယ်.. ငါ့ဂိုဏ်းရဲ့ ဆက်ခံသူဆီက ဖြေရှင်းချက်ကို လိုချင်သေးလား?!”
စူးချန်ကဲသည် အတွေးများနေပြီး ၊ မျက်နှာအရောင် မကောင်းသည်ကို မြင်ပြီး စူးချန်ကဲသည် ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ လူများ၏ ရိုင်းပျမှုကြောင့် မကျေမနပ် ဖြစ်နေသည်ဟု ထင်မှတ်ခဲ့ကြသည်။
မိမိ၏ဆက်ခံသူကို ရိုင်းပျစွာ ဆက်ဆံဝံ့ပါက ၊ ကြယ်စုသခင်ပါရမီရှင်များအဖြစ် ရပ်တည်နေသော သူတို့သည် မိမိအိမ်က ဆက်ခံသူ၏ ဂုဏ်သိက္ခာကို ပြန်လည်အဖက်ဆယ်ရန် တာဝန်ရှိပေသည်။
ထိုစကားများပြောပြီးသည်နှင့်၊
ဝုန်း !!
၎င်းတို့သုံးဦးစလုံးသည် ကြီးမားသော ဖိနှိပ်စွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။
အမတစွမ်းအားများသည် ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များ၏ ခေါင်းပေါ်သို့ ဖိနှိပ်ကျရောက်လာခဲ့သည်။
အဆိုပါ ဖိနှိပ်စွမ်းအားများ၏ ဖုံးလွှမ်းမှုအောက်တွင် ၊
ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များ၏ ခြေထောက်နှစ်ဖက်သည် အားနည်းသွားပြီး၊ စိတ်ဝိညာဉ်များပင် တုန်လှုပ်သွားကာ ဒူးထောက်လိုစိတ်များ ဖြစ်ခဲ့ရသည်။
ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များစွာ၏ အကြည့်များသည် ထိပ်တန်း ပါရမီရှင်နှစ်ဦး ဖြစ်ကြသည့် ကျန်းယွီကျင်း နှင့် ချူးရှောင်တို့ထံသို့ ကျရောက်သွားခဲ့သည်။
အကြောင်းမှာ ထျန်းချန်လမ်းစဉ်ဂိုဏ်း ၏ ထိပ်တန်း ပါရမီရှင်ကြီး လေးဦးအနက် ကျိုးထျန်းမော့သည် သေဆုံးသွားပြီ ဖြစ်ပြီး ၊ ထျန်းယွီလော့ရုံ သည် မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို မသိနိုင်ချေ။
လက်ရှိတွင် သူတို့နှစ်ဦးကသာ သူတို့၏ တစ်ခုတည်းသော အထောက်အပံ့ အုတ်မြစ်များ ဖြစ်ကြသည်။
သို့သော်၊ ကျန်းယွီကျင်း နှင့် ချူးရှောင်တို့၏ မျက်နှာအမူအရာများမှာ သိပ်မကောင်းလှပေ။
ကြယ်စုသခင်ပါရမီရှင် သုံးဦးကို ထည့်မဆိုခင် ၊ ဤမျှများပြားသော ကွေးယွမ်အမတဂိုဏ်းမှ တပည့်များကို သူတို့မည်သို့ရင်ဆိုင်ရမည်နည်း။
“သေစမ်း.... ထျန်းယွီလော့ရုံ ကလည်း ဘယ်ရောက်နေလဲ မသိဘူး.....”
ကျန်းယွီကျင်း၏ စိတ်ထဲတွင် မထိန်းနိုင်တော့ဘဲ ကျိန်ဆဲလိုက်သည်။
“ တကယ်လို့ သူမသာ ရှိနေမယ်ဆိုရင်.... ငါတို့ ခုခံနိုင်လောက်တယ်...”
သူတို့သုံးဦးသည် ထျန်းယွီလော့ရုံ နှင့် မသင့်မြတ်သော်လည်း၊ သို့သော် တဖက်လူသည် သူတို့၏ ခေါင်းဆောင်ဖြစ်သောကြောင့် သူမ၏ ခွန်အားအတွက် မေးခွန်းထုတ်စရာမရှိပေ။
အကယ်၍ သူမသာ ဤနေရာတွင် ရှိနေခဲ့မည်ဆိုပါက ၊ သူတို့ ထျန်းချန်လမ်းစဉ်ဂိုဏ်းသည် ကွေးယွမ်အမတဂိုဏ်း၏ ပါရမီရှင်များဖြင့် ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်လောက်သည်။
လူအုပ်ထဲတွင် ဖုံးကွယ်နေသော ထျန်းယွီလော့ရုံ သည် ဤအချိန်တွင် သူမ၏ နှုတ်ခမ်းများကို အပြုံးတစ်ခုအဖြစ် ကွေးညွှတ်ကာ ထိုမြင်ကွင်းကို ပျော်ရွှင်စွာဖြင့် ကြည့်ရှုနေခဲ့သည်။
“ဟားး..... ကြည့်ရတာ ဒီနှစ်ကောင်တော့ ကျောက်ခဲကိုမှ သွားကန်မိပြီ ~”
“ ဒီလူက ကွေးယွမ်အမတဂိုဏ်း ရဲ့ ဆက်ခံသူ ဖြစ်မယ်လို့ ငါလည်း ထင်မထားဘူး~”
ထျန်းယွီလော့ရုံသည် စူးချန်ကဲကို ခေါင်းမှခြေအဆုံး စိစစ်ကြည့်ရှုလိုက်သည်။
အခြားသူများအနေဖြင့် မခံစားမိနိုင်သော်လည်း၊ သူမသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲတွင် ပုန်းကွယ်နေသော ယင်ယန်စွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားမိနိုင်သည်။
ကျိးထျန်းမော့၏ ယင်ယန်စွမ်းအားသည် လုယူခံခဲ့ရသည် ဟူသော ယူဆချက်သည် အမှန်ပင် ဖြစ်ပါက ၊ ယခုအခါတွင်မူ ၎င်းတို့ကို လုယူခဲ့သူမှာ စူးချန်ကဲဖြစ်သည်ဟု သူမ အတပ်ပြောနိုင်သည်။
“အိုင်းယားးး.... ဒီယင်ယန်စွမ်းအားကို ငါ့ အချိန်ကြာကြီး စောင့်ဆိုင်းနေခဲ့ရတာ~”
“အခု မင်းက ယူသွားတော့၊ ငါ့အနေနဲ့ မင်းကို စုပ်ယူဖို့ နည်းလမ်းရှာရတော့မှာပဲ~”
“ ရုပ်ရည်က ဒီလောက်တောင် ကြည့်ကောင်းတာ...ပြီးတော့ ကိုယ်ထည်ခြောက်မျိုးတောင် ပိုင်ဆိုင်ထားတာ ငါသာ မင်းကို စုပ်ယူနိုင်ရင်.....”
ထျန်းယွီလော့ရုံသည် စူးချန်ကဲကို ရူးသွပ်သော အကြည့်များဖြင့် ကြည့်လိုက်ရင်း ၊ သူမ၏ အနီရောင်နှုတ်ခမ်းသားကို လျာဖြင့် သပ်လိုက်သည်။
သူမသည် စူးချန်ကဲကို ယခုချက်ချင်း စုပ်ယူလိုသော်လည်း ၊
သို့သော် သူမသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲတွင် ပုန်းကွယ်နေသည့် အင်အားကြီးမားသော စွမ်းအားတစ်ခုကို ခံစားမိခဲ့သည်။
အကယ်၍ စူးချန်ကဲနှင့် တိုက်ရိုက်ရင်ဆိုင်ပါက၊ သူမသာလျှင် အသတ်ခံရမည်မှာ သေချာသည်။
“ဟားး..... အလျင်စလိုလုပ်ရင် အလဟဿဖြစ်သွားနိုင်လို့ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်နေရမယ်~”
……….
အခန်း (၇၅၀) - ဖြေရှင်းချက် (Part-2)
တစ်ချိန်တည်းမှာပင်။
ကြယ်စုသခင်ပါရမီရှင်များ၏ ဖိနှိပ်မှုကို ခံထားရသော ကျန်းယွီကျင်း နှင့် ချူးရှောင်တို့နှစ်ဦးသည် ဆက်လက် ထိန်းမထားနိုင်ဟန် ရှိသည်။
ကျန်းယွီကျင်း၏ မျက်နှာအမူအရာမှာ အလွန် ကြည့်ရဆိုးနေသည်။
“ကွေးယွမ်အမတဂိုဏ်း၊ မင်းတို့ လူကို အရမ်းကြီး အနိုင်မကျင့်နဲ့!”
“ ပြောရရင် စူးချန်ကဲ က အရင် ငါတို့ ထျန်းချန်လမ်းစဉ်ဂိုဏ်းရဲ့ ကျိုးထျန်းမော့ နဲ့ တပည့်တွေကို သတ်ဖြတ်ပစ်ခဲ့တာ...ငါတို့ကတောင် ဖြေရှင်းချက် တောင်းခံရဦးမှာ!”
“ မင်းတို့တွေ ဘယ်လိုလုပ်ပြီး ဆင်ခြင်တုံတရား မရှိရတာလား “
ထိုစကားများကို ကြားလိုက်ရချိန်တွင် ၊ ကြယ်စုသခင်ပါရမီရှင် သုံးဦးမှာ ခဏတာ အံ့အားသင့်သွားသော်လည်း ၊ ထို့နောက် ရယ်စရာကောင်းသော အရာတစ်ခုကို ကြားလိုက်ရသကဲ့သို့ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ရယ်လိုက်ကြသည်။
“ ဖြေရှင်းချက်တောင်းခံမယ်? ဆင်ခြင်တုံတရား ဟုတ်လား “
ဝမ်မင်က ဆိုလိုက်သည်။
“ဒေဝလောက ပြန်လည်စတင်ရာခေတ် ဆိုတာ အင်အားကြီးမားသူတွေရဲ့ ခေတ်ပဲ ၊ အင်အားကြီးမားသူရဲ့ ရှေ့မှာ အားနည်းသူအတွက် သေလမ်းတစ်လမ်းသာ ရှိတယ်”
“ငါတို့ဂိုဏ်းရဲ့ ဆက်ခံသူက အင်အားကြီးမားလို့ မင်းတို့ဂိုဏ်းက လူတွေ သေသွားတယ်”
“ ဒါကို မင်းတို့က ဖြေရှင်းချက်တွေ ဆင်ခြင်တုံတရားတွေ ပြောချင်နေတာဆိုတော့”
ဝမ်မင် သည် တစ်ချက်ပြုံးလိုက်သည်။
“ကောင်းပြီလေ ၊ ဒီနေ့ ငါတို့က ဆက်ခံသူကိုယ်စား မင်းတို့ကို ဖြေရှင်းချက် တစ်ခုပေးမယ် “
“ငါ့ ကွေးယွမ်အမတဂိုဏ်း လူတွေ ဘယ်မှာလဲ ဟေ့!?”
“ကျွန်တော်တို့ ရှိနေပါတယ်!”
မိုးကုတ်စက်ဝိုင်းကို တုန်လှုပ်သွားစေသည့် တစ်သားတည်း ဟိန်းဟောက်သံသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွားသည်။
ဝုန်း !!
ထိုစကားသံအဆုံးတွင် ၊ ကြီးမားပြီး အကန့်အသတ်မရှိသော စွမ်းအားများသည် ကွေးယွမ်အမတဂိုဏ်းဝင် ပါရမီရှင်များ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။
လက်ရှိအချိန်တွင် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သာမန်လူသားများထက် သာလွန်နေသကဲ့သို့ ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းနေသည်။
ခဏအတွင်းမှာပင် မိုးမြေတစ်ခွင်လုံး နတ် အလင်းရောင်များဖြင့် ပြည့်နှက်သွားခဲ့ပြီး ၊ မဟာလမ်းစဉ်၏ ထူးဆန်းသော ဖြစ်ရပ်များသည်ပင် ဤနေရာသို့ ကျရောက်လာခဲ့သည်။
အထူးသဖြင့် ကွေးယွမ်အမတဂိုဏ်း၏ ကြယ်စုသခင် ပါရမီရှင်သုံးဦးမှ ထုတ်လွှတ်လိုက်သော ရောင်ဝါများသည် လူကို ပို၍ ကြောက်ရွံ့စေသည်။ အမတလမ်းစဉ် မှော်သင်္ကေတများသည် အဆက်မပြတ် လာရောက်ဝန်းရံလျက် ရှိနေသည်။
၎င်းတို့၏ ပုံသဏ္ဍာန်များသည် လူ့လောကကို ငုံ့ကြည့်နေသော နတ်ဘုရားများအလား ထင်မှတ်ရပြီး လူတို့ကို ကြောက်လန့်အောင် ပြုစားနေသည်။
ဦးဆောင်သူဖြစ်သော ဝမ်မင်၏ အသံသည် လေးနက် ပြတ်သားလွန်းသည်။
“ဒါက ငါ့ ကွေးယွမ်အမတဂိုဏ်းရဲ့ ဖြေရှင်းချက်နဲ့ ဆင်ခြင်တုံတရားပဲ”
အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ပျံ့နှံ့သွားပြီး ၊ နေရာတွင် ရှိနေကြသော လူတိုင်း၏ နားနှစ်ဖက်စလုံးကို အူထူသွားစေသည်။
မိုးမြေတစ်ခွင်ကို ဖုံးလွှမ်းထားသော အင်အားနှင့် ပေါင်းစပ်လိုက်သည့်အခါ လူတို့၏ စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေသည်။
“ဒါ..... ဒါ လူကို အရမ်း အနိုင်ကျင့်လွန်းတယ်.....!”
လူတိုင်း၏ စိတ်ထဲတွင် ဤအတွေးများ ဖြစ်ပေါ်လာကြသည်။
ဤသည်မှာ ပွင့်ပွင့်လင်းလင်း အင်အားသုံးကာ ခြိမ်းခြောက်နေခြင်းပင် ဖြစ်သည်။
ကွေးယွမ်အမတဂိုဏ်း၏ ဆိုလိုရင်းမှာ ဤအတိုင်းပင် ဖြစ်သည် --
မင်းတို့ ထျန်းချန်လမ်းစဉ်ဂိုဏ်း က မကျေနပ်ရင် ရှေ့ထွက်လာခဲ့ ၊ ငါ့ ကွေးယွမ်အမတဂိုဏ်း က လက်ခံတိုက်ခိုက်မယ် !
“မင်းတို့.......”
ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ ပါရမီရှင်များသည် ဤပြောဆိုချက်ကြောင့် စကားလုံးတစ်လုံးမျှ မထွက်နိုင်ကြဘဲ ကြောင့်အမ်းစွာဖြင့် စိုက်ကြည့်နေကြသည် ။
ကွေးယွမ်အမတဂိုဏ်း၏ အကြင်နာကင်းမဲ့သော ပြောဆိုချက်သည် သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။
သူတို့သည်လည်း ခက်ထန်သော ဤစကားတစ်ခွန်းကို ပြောလိုက်ချင်သေး၏ --
ကွေးယွမ်အမတဂိုဏ်း က မင်းတို့ကောင်တွေ ဘာတွေမောက်မာပြနေတာတုန်း !?
သို့သော် မိမိတို့နှင့် ကွေးယွမ်အမတဂိုဏ်း၏ ခြားနားချက်ကို စဉ်းစားပြီးနောက်၊ ဤအတွေးသည် ချက်ချင်းပင် ပျောက်ကွယ်သွားကာ မိမိ၏ ဂုဏ်သိက္ခာကို ချိုးနှိမ်ပြီး မျိုသိပ်လိုက်ရုံမှတပါး မရှိခဲ့ပေ။
ကွေးယွမ်အမတဂိုဏ်း၏ ခေတ်ပြိုင် ပါရမီရှင်များ ဖြစ်သည့်အလျောက် သူတို့အားလုံးသည် ထူးခြားသော အရည်အချင်းများနှင့် ပင်ကိုယ် စွမ်းရည်များ ရှိကြသည်။
မိမိတို့သည် သာလွန် အင်အားစုတစ်ခု၏ တပည့်များသာ ဖြစ်ပြီး ၊ ကွေးယွမ်အမတဂိုဏ်း နှင့် တိုက်ရိုက်ရင်ဆိုင်ပါက သူတို့အတွက် မည်သည့်အကျိုးကျေးဇူးမှ မရရှိနိုင်ပေ။
အခြားသော အင်အားစုများမှ ပါရမီရှင်များသည် လသာဆောင် မှ ပွဲကြီးတစ်ပွဲကို စောင့်မျှော်ကြည့်ရှုနေသကဲ့သို့ အေးစက်သော အပြုံးများဖြင့် ရှိနေကြသည်။
……..
ထိုအချိန်တွင် ၊
လူအုပ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ကွေးယွမ်အမတဂိုဏ်း ! မင်းတို့ရဲ့ ဒီလုပ်ရပ်က အာဏာရှင်ဆန်လွန်းတယ်”
ထိုအသံသည် လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ အသံလားရာဘက်သို့ လှည့်ကြည့်လိုက်ရာ ၊ ထိုပုံရိပ်သည် ထျန်းယွမ်နတ်ဘုရားမင်းဆက် ၏ မင်းသား ယွမ်ချန်းဟုန် ဖြစ်နေသည်ကို လူတိုင်း မြင်လိုက်ရသည်။
ပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်ကို ယွမ်ချန်းဟုန်သည် လုံးဝမဂရုစိုက်သော ပုံစံဖြင့် ရှိနေပြီး သူသည် အပြုံးမပျက် ပြောလိုက်သည်။
“ ပြီးတော့ မရဏငရဲမီးလျှံရဲ့ ပေါက်ကွဲမှုကလည်း မင်းတို့ရဲ့ဆက်ခံသူနဲ့ ဆက်နွယ်မှု ရှိနေတယ် “
“သူသာ မြေအောက်ထဲက သံမဏိသားရဲနဲ့ ပြင်းပြင်းထန်ထန် မတိုက်ခိုက်ခဲ့ရင် ၊ မရဏငရဲမီးလျှံရဲ့ ပေါက်ကွဲမှု ဖြစ်မလာနိုင်ဘူး”
“ငါတို့ အမတနယ်မြေ က ပါရမီရှင်တွေလည်း ဘေးအန္တရာယ်နဲ့ ကြုံတွေ့မှာ မဟုတ်သလို ခုလို သေဆုံးသွားရမှာလည်း မဟုတ်ဘူး!”
ထိုသို့ပြောရင်း၊ ယွမ်ချန်းဟုန်သည် စူးချန်ကဲကို လှမ်းကြည့်လိုက်သည်။
“ မင်းတို့ ဒီကိစ္စအတွက် ဖြေရှင်းချက် မပေးသင့်ဘူးလား “
ဤစကားများ ထွက်လာပြီးနောက် ၊
ပါရမီရှင်များသည် ယွမ်ချန်းဟုန်၏ ပြောဆိုချက်ကို စဉ်းစားကြည့်ကြသည်။
“ဟုတ်တယ်..... စူးချန်ကဲ က မရဏငရဲမီးလျှံရဲ့ ပေါက်ကွဲမှုကနေ ထွက်လာတာဆိုတော့...သူက အမည်မသိ သံမဏိသားရဲနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သဘောပဲမလား”
“သူသာ သံမဏိသားရဲနဲ့ မတိုက်ခိုက်ခဲ့ရင် ဟွရှင်းရှေးဟောင်းမြို့ လည်း ထိခိုက်မှာ မဟုတ်သလို ငါတို့လည်း ဘေးအန္တရာယ်နဲ့ ကြုံရမှာ မဟုတ်ဘူး!”
“ဒါပေမယ့်..... ချန်ကဲ ဆက်ခံသူက သူနဲ့ မတိုက်ခိုက်ခဲ့ဘူးဆိုတောင် ၊ ငါတို့က ဟွရှင်းရှေးဟောင်းမြို့ အတွင်းပိုင်းထဲကို ဝင်ရောက်ရှာဖွေမှာပဲ မဟုတ်လား”
“ဟမ်! ဘာပဲဖြစ်ဖြစ် ဒီကိစ္စရဲ့ အကြောင်းရင်းက စူးချန်ကဲ က မြေအောက်ထဲကို ဝင်သွားခဲ့လို့ပဲ သူသာ အထဲကို မဝင်သွားခဲ့ရင်၊ အဲ့သံမဏိသားရဲကြီးလည်း နိုးလာစရာအကြောင်းမရှိဘူး”
“မှန်တယ်! ငါနဲ့ ငါ့ညီအစ်ကိုတွေ အဲ့တာကြောင့် သေလုနီးပါးဖြစ်ခဲ့ရတယ်!”
“……..”
ပတ်ဝန်းကျင်ရှိ လူများသည် သူသူကိုယ်ကိုယ် ငြင်းခုံနေကြသည်။ ယွမ်ချန်းဟုန်၏ စကားများသည် ၎င်းတို့အပေါ်တွင် သက်ရောက်မှုရှိခဲ့သည်မှာ သေချာသည်။
အဘယ်ကြောင့်ဆိုသော် မရဏငရဲမီးလျှံ၏ ပေါက်ကွဲမှုသည် အလွန် ကြောက်မက်ဖွယ်ကောင်းသည်။ မိမိ၏ ဂိုဏ်းသားများလည်း သေဆုံးခဲ့ရုံသာမက၊ သူတို့ကိုယ်တိုင်ပင် သေလုနီးပါးဖြစ်ခဲ့ရသည်။
ဤကဲ့သို့ အသက်အန္တရာယ်ကို ကြုံတွေ့ပြီးနောက်၊ ဤလူများ၏ စိတ်ထဲတွင် မျိုသိပ်ထားသော ဒေါသမီးများ ရှိနေခဲ့သည်။
ယခုအခါ ယွမ်ချန်းဟုန်၏ စကားများသည် သူတို့၏ စိတ်ထဲက ဒေါသမီးများကို နှိုးဆွပေးနိုင်ခဲ့သည်။
စူးချန်ကဲ၏ နောက်ခံ နှင့် ကွေးယွမ်အမတဂိုဏ်းမှ ပါရမီရှင်များစွာ ရှိနေသည့်အတွက် သူတို့စိတ်ထဲတွင် မကျေနပ်သော်လည်း၊ သို့သော် မလှုပ်ရှားဝံ့ခဲ့ပေ။
“ဟမ်! ယွမ်ချန်းဟုန် နင့်ရဲ့ ထျန်းယွမ် နတ်ဘုရားမင်းဆက် က ကိုယ့်ကိုယ်ကို အရေးပါတယ်လို့ ထင်နေတာလား”
ထိုအချိန်တွင်၊ ယဲ့ချုံယွဲ့ ၏ မျက်နှာအမူအရာသည် အေးစက်နေပြီး၊ သူမ၏ ညာဘက်လက်သည် ဘယ်ဘက်ခါးတွင် ချိတ်ထားသော ဓားကို အသင့် ဆုပ်ကိုင်ထားသည်။