ထောင်ချောက်ထဲသို့ ဝင်ရောက်လာသော ဖုန်းယွင်လှံခန်းမ
Vol. 57 Ch. 752
၎င်းတို့ကို မှတ်မိသွားဟန်ရှိသည့် ကျင့်ကြံသူတစ်ဦးက ဟစ်အော်လိုက်သည်။
“အမ်.... ဖုန်းယွင်လှံခန်းမ ရဲ့ လှံသူတော်စင်လေးပါးလည်း ရောက်လာတယ်!”
ရှောင်ဝူရှန်း ၊ စစ်မှန်အမတနယ်ပယ် အဆင့် (၉)ထိ ရောက်ရှိထားပြီး သမိုင်းတစ်လျှောက် ရှာတွေ့ရန်ခဲယဉ်းသည့် ဧကရာဇ်ဘုရင်အုပ်စိုးရှင် ကိုယ်ထည်ကို ပိုင်ဆိုင်ထားသည်။
ဧကရာဇ်ဘုရင် အုပ်စိုးရှင်ကိုယ်ထည်သည် အမတနယ်မြေ၏ အတုမရှိသော နတ်ဘုရားခန္ဓာများထဲမှ တစ်ခုဖြစ်သည်။ နတ်ဘုရား၏ ခွန်အားဖြင့် မွေးဖွားလာပြီး ၊ အရှင်သခင်ဖြစ်ရန် မွေးဖွားလာသော သူ၏ လက်သီးများသည် ကောင်းကင်နှင့် နေကိုပင် ခွဲထုတ်နိုင်ကာ ၊ သူ၏ခြေထောက်ဖြင့် စကြဝဠာကို တုန်လှုပ်စေနိုင်သည်။
ဤမျှ ကြီးကျယ်ခမ်းနားသော ကိုယ်ထည်အကြောင်းကို ထည့်မဆိုခင် ၊ လှံလမ်းစဉ်တွင် သူ၏ ပါရမီသည် အလွန်မြင့်မားသည်။
သူသည် ခြောက်လအတွင်း ၊ ဖုန်းယွင်လှံခန်းမ၏ လှံအတတ်အားလုံးကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့ပြီး ဖုန်းယွင်လှံခန်းမ ၏ လှံသူတော်စင်လေးပါးထက် သာလွန်သော လှံနတ်ဘုရား အဆင့်အတန်းကို ရရှိခဲ့သည်။
သာလွန်အင်အားစုများထဲက တစ်ခုအဖြစ် ဖုန်းယွင်လှံခန်းမ ၏ ထိပ်တန်းပါရမီရှင် ဖြစ်သော ရှောင်ဝူရှန်းတွင်လည်း ကိုယ်ပိုင်မာန်မာန ရှိပေသည်။
လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင်၊ ရှောင်ဝူရှန်းသည် လှံသူတော်စင်လေးပါးကို ခေါ်ဆောင်ကာ စူးချန်ကဲ၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာခဲ့သည်။
“ရှောင်ဝူရှန်း ၊ ညီနောင် ချန်ကဲ ကို နှုတ်ခွန်းဆက်သပါတယ်”
ရှောင်ဝူရှန်းသည် စူးချန်ကဲအား ယဉ်မွန်စွာ နှုတ်ခွန်းဆက်သလိုက်သည်။
တဖက်လူသည် နက်ရှိုင်းစွာ ဖုံးကွယ်ထားသော်လည်း၊ စူးချန်ကဲသည် ၎င်း၏ မျက်လုံးထဲ၌ မထီမဲ့မြင်ပြုမှုနှင့် မာန်မာနထောင်လွှားမှုတို့ကို မြင်နေရပြီး ၊ မိမိအပေါ် တွင် မကျေနပ်ချက် ရှိနေသည်ဟု ခံစားမိသည်။
“ ဒီလောက်မြန်မြန် ငါးကြီးတစ်ကောင် မိသွားမယ်လို့ ထင်မထားဘူး”
စူးချန်ကဲသည် သူ၏စိတ်ထဲ၌ အေးစက်စွာ ပြုံးရယ်လိုက်သည်။
စူးချန်ကဲ မှ စကားမပြောမီ ၊ ရှောင်ဝူရှန်းက ဆက်ပြောသည်။
“ ညီနောင် ချန်ကဲ ၊ အမှန်တိုင်းပြောရရင် ငါတို့ ဖုန်းယွင်လှံခန်းမရဲ့ ဂိုဏ်းချုပ်က အလွန်အရေးကြီးတဲ့ အမိန့်တစ်ခုကို ထုတ်ပြန်ထားတယ်”
ထိုသို့ပြောရင်း၊ ရှောင်ဝူရှန်း၏ အကြည့်သည် စူးချန်ကဲ၏ ဘေးနားတွင် ရှိနေသော အားရှင်းထံသို့ ကျရောက်သွားပြီး အပြုံးမပျက် ဆိုလိုက်သည်။
“ ညီနောင်ချန်ကဲအနေနဲ့ ဒီသံမဏိစက်ရုပ်ကို ငါတို့ကို ပေးနိုင်မလား အဲ့လိုသာဆို ငါတို့ ဖုန်းယွင်လှံခန်းမက အရမ်းကို ကျေးဇူးတင်မိမှာပဲ”
ထိုစကားများကို ကြားလိုက်ရသော ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ ပါရမီရှင်များမှာ တုန်လှုပ်သွားကြသည်။
“အမ်.... ဒီဖုန်းယွင်လှံခန်းမ က လူတွေကလည်း ဒီသံမဏိစက်ရုပ်ကို လိုက်ဖမ်းနေတာလား”
ဖုန်းယွင်လှံခန်းမ နှင့် ထျန်းချန်လမ်းစဉ်ဂိုဏ်း နှစ်ခုစလုံးသည် ကောင်းကင်လမ်းစဉ် မှ လျှို့ဝှက်စွာ ထောက်ပံ့ပေးထားသော အင်အားစုများ ဖြစ်ပေသည်။
ထိုနည်းတူစွာပင် ၊ ကောင်းကင်လမ်းစဉ်မှ ထုတ်ပြန်ခဲ့သော တာဝန်များကို သူတို့နှစ်ဖွဲ့စလုံး လက်ခံရရှိခဲ့သည်။
ဤသည်မှာ အားရှင်းကို လိုက်ဖမ်း၍ အားရှင်း နှင့် ပတ်သတ်သူတိုင်း သတ်ဖြတ်ပစ်ရမည်။
သို့သော်လည်း စူးချန်ကဲ၏နောက်ခံသည် သာမန်မဟုတ်သောကြောင့် သူတို့အနေဖြင့် စူးချန်ကဲကို ဖျက်ဆီးရန် နည်းလမ်းမရှိပေ။
ထို့ကြောင့် အားရှင်းကို ခေါ်ဆောင်သွားရုံမှတပါး အခြားနည်းလမ်းမရှိပေ။
ထိုပြောဆိုချက်ကြောင့် စူးချန်ကဲသည်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ထျန်းချန်လမ်းစဉ်ဂိုဏ်း နဲ့ ဖုန်းယွင်လှံခန်းမ က လူတွေက အားရှင်း ကို လိုချင်နေတာလား”
စူးချန်ကဲ၏ စိတ်ထဲတွင် သံသယတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ မဟုတ်မှလွဲရော ၊ ဒီကောင်တွေ အဲ့တုန်းက လျှို့ဝှက်ချက်တွေကို သိထားကြတာလား “
“ သူတို့ကို ဖိနှိပ်စစ်ဆေးမေးမြန်းပြီး အချက်အလက်တချို့ကို စုဆောင်းကြည့်ရမလား”
…..
စူးချန်ကဲ မှ စဉ်းစားနေစဉ် ၊
ဘေးနားက အားရှင်းသည် မသက်မသာပုံစံဖြင့် စူးချန်ကဲကို ပွတ်သပ်ကာ ဆိုရှာသည်။
“လူကြီးမင်း..... လူကြီးမင်း အားရှင်းကို မကူညီတော့ဘူးလား ဟင်.....”
စူးချန်ကဲသည် အချိန်အတော်ကြာ တိတ်ဆိတ်နေသောကြောင့် ၊ တဖက်လူသည် မိမိကို စွန့်ပစ်တော့မည်ဟု ထင်မှတ်ကာ အားရှင်းသည် စိုးရိမ်စပြုလာခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော ကျင့်ကြံသူများလည်း အလွန်အမင်း အံ့အားသင့်နေကြသည်။
“ဘုရားရေ ! ဒီသံမဏိစက်ရုပ်က တကယ်ပဲ အသိဉာဏ်ရှိတာလား ..ဒီလို ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အမူအရာတွေတောင် လုပ်တတ်နေသေးတယ်”
“ဒါပေမဲ့.... ငါ မှတ်မိသလောက်ဆိုရင်၊ ထျန်းချန်လမ်းစဉ်ဂိုဏ်း က ကောင်တွေကလည်း ဒီသံမဏိစက်ရုပ်ကို လိုက်ဖမ်းနေတာ မဟုတ်လား”
စောင့်ကြည့်သူ တစ်ယောက်က မေးခွန်းထုတ်လိုက်သည်။
“ ဒါပေမဲ့ ဖုန်းယွင်လှံခန်းမ ကလည်း ဘာလို့ ဒီသံမဏိစက်ရုပ်ကို လိုချင်နေတာလဲ......”
“ မဟုတ်မှလွဲရော.... ဒီအင်အားစုနှစ်ခုက ဒီချစ်စရာကောင်းတဲ့ သံမဏိစက်ရုပ်ကို လာဘ်ကောင်လေးအဖြစ် ဖမ်းခေါ်သွားချင်တာလား”
ထိုစကားကို ကြားလိုက်ရသော လူတိုင်း မျက်မျက်မှောင်ကြုတ်သွားကြသည်။
ဒီမယ်ဗျို့! ကျုပ်တို့နားမှာ ဉာဏ်ကြီးရှင်တစ်ကောင် ရှိနေတယ်!!
“အရူးကောင်! ဒီသံမဏိစက်ရုပ်ကို ကျောက်ဟွ အမတဧကရာဇ် က ဖန်တီးခဲ့တာလေ ...သူ့မှာ မသိနိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေမှာပဲ!”
“ဒီအင်အားစုနှစ်ခုက အားရှင်း ဆိုတဲ့ ဒီသံမဏိစက်ရုပ်ကနေတဆင့် ပုန်းကွယ်နေတဲ့ ရတနာတွေကို ရှာတွေ့နိုင်လိမ့်မယ်”
ထိုစကားများ ထွက်လာပြီးနောက် လူတိုင်း အနည်းငယ် အံ့အားသင့်သွားကြသည်။
ထိုအတိုင်းသာဆိုလျှင်ဖြင့် ၊ စူးချန်ကဲသည် ယင်း၌ ပါဝင်သော လျှို့ဝှက်ချက်များကို လက်လွှတ်ခံရန် ဆန္ဒရှိမည်လော။
အနည်းငယ် တင်းမာနေသော လေသံဖြင့် ရှောင်ဝူရှန်းသည် အပြုံးမပျက် ထပ်ပြောပြန်သည်။
“ညီနောင်ချန်ကဲ ခုနကပြောတဲ့ စကားတွေကို ချိုးဖျက်တော့မှာလား “
“ဒါက ညီနောင်ချန်ကဲ ကိုယ်တိုင် ပြောခဲ့တာနော်... ငါတို့ကို ကျေနပ်စရာ အဖြေပေးမယ်လို့ ပြီးတော့ ငါတို့ ဖုန်းယွင်လှံခန်းမက တပည့်တော်တော်များများ မရဏငရဲမီးလျှံရဲ့ ပေါက်ကွဲမှုထဲမှာ သေဆုံးသွားခဲ့ရတယ်”
ရှောင်ဝူရှန်းသည် ဤဖြစ်ရပ်ကို အသုံးပြုကာ တဖက်လူအား ဖိအားပေးရန် ရည်ရွယ်ထားသည်မှာ ထင်ရှားသည်။
သူ့စကား၏ ဆိုလိုရင်းမှာ-
ငါ့ဖုန်းယွင်လှံခန်းမ က တပည့်တော်တော်များများ မင်းကြောင့် သေဆုံးသွားခဲ့ရတာ... မင်းကိုယ်တိုင် ငါတို့ကို အဖြေပေးမယ်လို့ ပြောခဲ့တာ အခုကြမှ ပေးခဲ့တဲ့ကတိကို ချိုးဖျက်တော့မလို့လား ?
စူးချန်ကဲသည် မည်သို့လုပ်ဆောင်မည်ကို လူတိုင်း စောင့်ကြည့်နေကြစဉ် ၊
စူးချန်ကဲသည် အားရှင်း၏ ခေါင်းကို ပွတ်သပ်ကာ ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်။
“အားရှင်း၊ မင်း သူတို့နဲ့ လိုက်သွားချင်လား”
အားရှင်း က ခေါင်းခါလေ၏။
“အားရှင်းက လူကြီးမင်းနဲ့တူတူ ပိုင်ရှင်ကို ပြန်ပြင်ချင်တာ.....”
စူးချန်ကဲသည် ခေါင်းညိတ်ပြလိုက်ရင်း ၊ ထို့နောက် ပြန်ဖြေလိုက်သည်။
“ မင်းတို့ ကြားတယ်နော် အားရှင်း က မလိုချင်ဘူးတဲ့ ...အဲ့တာ ငါ ဆုံးဖြတ်လို့ရတဲ့အရာ မဟုတ်ဘူး”
ဤစကားသည် ရှောင်ဝူရှန်း နှင့် လှံသူတော်စင် ပါရမီရှင်များ၏ မျက်နှာအမူအရာများကို အနည်းငယ် မှိုင်းညို့သွားစေသည်။
စိတ်မြန်လက်မြန် ရှိသော လှံသူတော်စင် ပါရမီရှင်တစ်ဦးက ဦးစွာ ရှေ့ထွက်လာပြီး စူးချန်ကဲ ကို မေးခွန်းထုတ်လိုက်သည်။
“စူးချန်ကဲ! မင်း ဘာကို ဆိုလိုတာလဲ”
“မင်းပဲ ငါတို့ကို ကျေနပ်လောက်မယ့် အဖြေပေးဖို့ အကောင်းဆုံးကြိုးစားပေးမယ်လို့ ပြောခဲ့တာ..အခုကြမှ ဒီလို စကားမျိုးထွက်လာတယ် .. ငါတို့ ဖုန်းယွင်လှံခန်းမ ကို လုပ်ချင်သလို လုပ်လို့ရမယ်လို့ မင်း ထင်နေလား”
“ဟမ်! နင်က ဘာကောင်မို့လဲ”
ယဲ့ချုံယွဲ့ က နှာခေါင်းရှုံ့ကာ ဝင်ပြောလိုက်သည်။
“ ငါတို့ဂိုဏ်းက ချန်ကဲ ဆက်ခံသူ ပြောတာကို နင် မကြားဘူးလား၊ ကျေနပ်လောက်မယ့် အဖြေကို ပေးမယ်လို့ပဲ ပြောတာ....အကောင်းဆုံး ကြိုးစားပေးမယ်လို့ ဘယ်တုန်းက ပြောလိုက်လို့တုန်း”
“ ကိုယ့်ဟာကိုယ် အမြင်မှားပြီး ငါတို့ ဆက်ခံသူရဲ့ အဓိပ္ပာယ်ကို လွဲမှားပြီး ကောက်ချက်ချဖို့ မကြိုးစားနဲ့!”
ကြယ်စုသခင်ပါရမီရှင်များသည် ဉာဏ်ရည်မြင့်မားသူများ ဖြစ်သည့်အလျောက် မိမိတို့ ဆက်ခံသူ၏ ဆိုလိုရင်းကို နားလည်ကြသည်။