← Chapters

မာန်စွယ်ကျိုးပြီ

Vol. 174 Ch. 2484

မာန်စွယ်ကျိုးပြီ

Vol. 174 Ch. 2484

ထိုကိုယ်တော်ကို ဒုက္ခသမာဓိဟု သိကြ၏။ သူသည် ရဟန်းမဖြစ်ခင်ကတည်းက ဗုဒ္ဓအားလုံးအရှင်နောက်သို့ လိုက်ခဲ့သည်ဟု ကောလာဟလများက ဆိုသည်။

ရီဖူရှင်းက သွားနေရာမှ ရပ်လိုက်၏။ သူသည် ဒုက္ခသမာဓိထွက်ပေါ်လာသည်ကို မြင်လိုက်သောအခါ ဖိအားခပ်ရေးရေးကို အာရုံခံမိလိုက်၏။ ဒုက္ခသမာဓိ၏ကိုယ်မှနေ၍ မည်သည့်စွမ်းအားကြီးအရှိန်အဝါမှ ထွက်မနေသော်လည်း သူ၏တည်ငြိမ်အေးဆေးသည့်ဟန်ပန်သည် အန္တရာယ်အငွေ့အသက်များ ပါဝင်နေသည်။

ထို့ပြင် ထိုပြိုင်ဘက်သည် ရှန်းယန်ရဟန်းရှုံးသွားပြီးနောက်မှ ထွက်ပေါ်လာသူဖြစ်၍ သူသည် ရှန်းယန်ရဟန်းထက် ပို၍စွမ်းအားကြီးမည်ဖြစ်ကြောင်း ရီဖူရှင်းသိသည်။

“ကိုယ်တော်က ဒုက္ခသမာဓိလို့ ခေါ်ပါတယ် ဒကာလေးရီ”

ဒုက္ခသမာဓိသည် လက်အုပ်ချီ၍ ရီဖူရှင်းကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်၏။ သူသည် ယဉ်ကျေးပျူငှာ၍ လေးစားသမှုရှိသည်။

“နှုတ်ဆက်ပါတယ် ကိုယ်တော်...”

ရီဖူရှင်းသည်လည်း ပြန်၍ ဦးညွှတ်နှုတ်ဆက်လိုက်သည်။

“ကိုယ်တော်ဒုက္ခသမာဓိက ဗုဒ္ဓအားလုံးအရှင်နောက်ကိုလိုက်ပြီး သူ့လက်အောက်မှာ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တာ။ သူက ဗုဒ္ဓဂိုဏ်းတွေကြားမှာ အရိုအသေ၊ အလေးအမြတ်ထားခံရတဲ့သူပဲ။ ဒကာလေးရီ သတိထားဖို့လိုလိမ့်မယ်”

ဝူထျန်းဗုဒ္ဓအရှင်သည် ကောင်းကင်ထိပ်ဖျားမှနေ၍ ပြုံးကာပြောလိုက်သည်။ သူ ဒုက္ခသမာဓိကို မိတ်ဆက်ပေးပုံသည် ကွဲပြား၏။ ဒုက္ခသမာဓိသည် ဗုဒ္ဓအားလုံးအရှင်လက်အောက်တွင် ကျင့်ကြံနေသူဖြစ်ပြီး အလေးအမြတ်ထားခြင်းခံရသူဟု သူမိတ်ဆက်ပေးသည်။

ဒုက္ခသမာဓိသည် ဗုဒ္ဓအရှင်အဆင့်ကိုယ်တော်များအကြားတွင်ပင် အရိုအသေပေးခြင်းခံရသူဖြစ်ကြောင်း ထင်ရှား၏။ သူသည် ဗုဒ္ဓအားလုံးအရှင်ကို အလုပ်အကြွေးပြုသူ ဖြစ်ခဲ့ဖူးသည်ဟူသော အချက်ကြောင့် သူ့ကို မည်သူမှ အထင်မသေးရဲကြပေ။

ရီဖူရှင်းသည် ဝူထျန်းဗုဒ္ဓအရှင် ပြောသည့်စကားကို ကြားလိုက်သောအခါ အံ့အားသင့်သွားသည်။ ထိုကိုယ်တော်သည် အမှန်ပင် ကြီးမားသော နောက်ကြောင်း ရှိပေသည်။ သူသည် ထပ်မံ၍ဦးညွှတ်လိုက်ပြီး ပြောလိုက်၏။

“ကိုယ်‌တော့်ဆီကနေပြီး လမ်းညွှန်ပြသမှုကိုရတာ ဂုဏ်ယူစရာပါပဲ”

“ဝူထျန်းဗုဒ္ဓအရှင်... အရှင်က တပည့်တော်ကို အမွှန်းတင်လွန်းနေပါပြီ။ တပည့်တော်က ဗုဒ္ဓအားလုံးအရှင်ကို အလုပ်အကျွေးပြုတဲ့သူလေးပါပဲ။ တပည့်တော်က တောက်တိုမယ်ရလေးတွေ လုပ်ပေးတာပါ။ ဒကာလေးရီ... ဒကာလေးက ကောင်းကင်ဒေသကနေ ဒီကိုရောက်လာကတည်းက ဗုဒ္ဓဓမ္မကို လပိုင်းလောက်ပဲ ကျင့်ကြံရသေးတာပဲ။ အဲ့ဒါတောင် ဒကာလေးရဲ့ ဗုဒ္ဓဓမ္မက ဒီကဗုဒ္ဓတော်တော်များများထက် သာလွန်တာပဲ။ ကိုယ်တော် တော်တော်လေးအထင်ကြီးမိပါတယ်။ ဒကာလေးရဲ့ ဗုဒ္ဓဓမ္မအပေါ်နားလည်မှုက ဒွိတိုက်ပွဲဝင်ပုံစံကို သင်ကြားနိုင်ဖို့အထိ နက်ရှိုင်းတာပဲ။ အဲ့ဒါကြောင့် ဒီနေ့ ဒကာလေးဆီက ဗုဒ္ဓဓမ္မနဲ့ပတ်သတ်လို့ လမ်းညွှန်ချက်တချို့ရအောင် ကိုယ်တော်ရှေ့ထွက်လာခဲ့တာပါ”

ဒုက္ခသမာဓိသည် နှိမ့်ချ၊ ယဉ်ကျေးစွာ ပြောလိုက်သည်။ သူတို့နှစ်ဦးစလုံးသည် အပြန်အလှန်လေးစားမှုရှိကာ အပြင်းအထန်တိုက်ခိုက်တော့မည့်သူနှစ်ဦးနှင့် မတူပေ။

“ကိုယ်တော် အရင်စပါ”

ရီဖူရှင်း ပြောလိုက်သည်။

“ဒကာလေးပဲ အရင်စပါ”

သူတို့က လောကွတ်စကားများဆိုပြီးသောအခါ သူတို့၏ခန္ဓာကိုယ်များမှ ဗုဒ္ဓအလင်းများ တလက်လက်တောက်ပလာ၏။ ရီဖူရှင်း၏မဟာဝေရောစနတိုက်ပွဲဝင်ပုံစံမှာ ဆက်ရှိနေသေးသည်။ သူသည် မဟာဝေရောစနဖြစ်လာသကဲ့သို့ ထင်ရပြီး မျက်စိကျိန်းလောက်အောင် တောက်ပလာသည်။ သူက လက်မြှောက်လိုက်ပြီး ရှေ့သို့ညွှန်ပြလိုက်သည်တွင် မဟာဝေရောစနလက်ဖဝါးသည် ဒုက္ခသမာဓိထံသို့ ဆန့်ထွက်သွားသည်။ ထိုတိုက်ခိုက်မှုသည် ဒုက္ခသမာဓိ၏အစွမ်းကို စမ်းသပ်ရန်အတွက်သာဖြစ်၏။ မဟာဝေရောစနလက်ဖဝါးတစ်ခုတည်းဖြင့်သာဆိုလျှင် ရီဖူရှင်းသည် ရှန်းယန်ရဟန်းကိုပင် အနိုင်ယူနိုင်မည်မဟုတ်ပေ။ ဒုက္ခသမာဓိသည် ထိုတိုက်ခိုက်မှုကို အလွယ်တကူ ခုခံနိုင်သည်။

ဒုက္ခသမာဓိသည် တစ်လက်မမျှပင် ရွေ့လျားခြင်းမရှိ။ သူ့ပတ်ပတ်လည်တွင် ဗုဒ္ဓအလင်းများလှည့်ပတ်နေပြီး သူ၏ပါးစပ်သည် အနည်းငယ်လှုပ်ရှားသွား၏။ သူ ရွတ်ဖတ်နေသည့်အရာကို မည်သူမှမကြားနိုင်ပေ။ သို့သော် ဗုဒ္ဓတရားသံသည် အာကာပြင်ထဲတွင် ပဲ့တင်ထပ်နေသည်။ ဒုက္ခသမာဓိ၏နှုတ်ခမ်းမှနေ၍ မရေမတွက်နိုင်အောင်များပြားသော ဗုဒ္ဓသင်္ကေတများ ထွက်ပေါ်လာသည်တွင် ရုတ်ခြည်းအတွင်းမှာပင် လေထုသည် တိတ်ဆိတ်သွား၏။

“ဥုံမဏိပဒ္မေဟုံ...”

“ဥုံမဏိပဒ္မေဟုံ...”

“ဥုံမဏိပဒ္မေဟုံ...”

ဗုဒ္ဓတရားသံသည် သူတို့ကို လှည့်ပတ်နေခြင်းက ဗုဒ္ဓတစ်ပါး နိုးထလာသကဲ့သို့ပင်။ ထိုနေရာတွင် ဗုဒ္ဓသာရှိ၍ မည်သည့်မိစ္ဆာစွမ်းအားမှ ကိန်းအောင်းနိုင်စွမ်း မရှိသည့်အလား…။

တချိန်တည်းမှာပင် ဒုက္ခသမာဓိ၏ခန္ဓာကိုယ်သည် ပြောင်းလဲနေလေသည်။ သူ၏ခန္ဓာကိုယ်သည် ရွှေရောင်အဖြစ်ပြောင်းလဲသွားပြီး စတင်ပြန့်ကားလာ၏။ ထိုဂါထာတော်နှင့်အတူ သူသည် ဧရာမအစစ်အမှန်ဗုဒ္ဓတစ်ပါးဖြစ်လာသည်။ ၎င်းသည် ရီဖူရှင်း၏မဟာဝေရောစန တိုက်ပွဲဝင်ပုံစံထက်ပင် ကြီးမားသည်။

ထိုဂါထာကား သစ္စာခြောက်ပါးတရားတော်ပင်။

ရီဖူရှင်းသည် ရင်ထိတ်သွား၏။ ဗုဒ္ဓဓမ္မရှိ သစ္စာခြောက်ပါးတရားတော်သည် ရိုးရှင်းပုံပေါ်သော်လည်း နက်နက်ရှိုင်းရှိုင်းနားလည်နိုင်ရန် ခက်ခဲသည်။ ထိုတရားတော်ကို လူတိုင်းကျင့်ကြံနိုင်သော်လည်း အပေါ်ယံအပိုင်းသာ ကျင့်ကြံနိုင်မည်ဖြစ်သည်။ သစ္စာခြောက်ပါးတရားတော်၏အဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်း နားလည်နိုင်ရန် မဖြစ်နိုင်သလောက်ပေ။ ဗုဒ္ဓဓမ္မများကို ကျွမ်းကျင်သော ဗုဒ္ဓများသာ ထိုတရားတော်၏ အနှစ်သာရအစစ်အမှန်ကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်နိုင်၏။

အနောက်ကောင်းကင်တစ်ခွင်လုံးတွင် သစ္စာခြောက်ပါးတရားတော်ကို အောင်အောင်မြင်မြင်ကျင့်ကြံနိုင်ခဲ့သည် ဗုဒ္ဓအရေအတွက်ကို လက်တစ်ဖက်ဖြင့်ပင် လက်ချိုးရေတွက်၍ ရသည်။ ထိုတရားတော်ကို ကျင့်ကြံနိုင်ခဲ့သူများမှာလည်း တန်ခိုးကြီးဗုဒ္ဓများဖြစ်သည်။ ဒုက္ခသမာဓိသည် သူတို့ထဲမှ တစ်ပါးဖြစ်သည်။

ဝုန်း...

မဟာဝေရောစနလက်ဖဝါးသည် ဒုက္ခသမာဓိ၏ ဧရာမရွှေခန္ဓာဖြင့် ရိုက်ခတ်သွား၏။ ဒုက္ခသမာဓိ၏ရွှေခန္ဓာသည် ရွေ့ပင်မရွေ့သွားချေ။ သူသည် တည်ငြိမ်စွာ ရပ်နေဆဲပင်။ မဟာဝေရောစနလက်ဖဝါးမှာမူ ရုတ်ခြည်းပျက်စီးသွားသည်။ ထို့ကြောင့် ရွှေခန္ဓာသည် မည်မျှခိုင်မြဲကြောင်း ပေါ်လွင်ပေသည်။

“အဲ့ဒါက သစ္စာတရားတိုက်ပွဲဝင်ပုံစံပဲ”

တစ်စုံတစ်ယောက် ပြောလိုက်သည်။

ဗုဒ္ဓများသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားသွားကြ၏။ ဒုက္ခသမာဓိသည် ဗုဒ္ဓအားလုံးအရှင်နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သူဖြစ်ရာ ထိုသို့စွမ်းမည်ကို မျှော်လင့်ထားပြီးဖြစ်သည်။ သူသည် သစ္စာတရားတိုက်ပွဲဝင်ပုံစံကိုပင် ပြီးပြည့်စုံသည်အထိ ကျင့်ကြံခဲ့ပြီးပေပြီ။ သစ္စာခြောက်ပါးတရားတော်နှင့် သစ္စာတရားတိုက်ပွဲဝင်ပုံစံတို့ ပေါင်းစပ်လိုက်သောအခါ သူ၏ဗုဒ္ဓခန္ဓာသည် မဖျက်ဆီးနိုင်၊ မရွေ့နိုင် ဖြစ်လာ၏။

ရီဖူရှင်း၏မဟာဝေရောစနလက်ဖဝါးသည်လည်း စွမ်းအားကြီးပေသည်။ သို့သော် ထိုလက်ဖဝါးသည် ဒုက္ခသမာဓိ၏ရွှေခန္ဓာနှင့် ရိုက်ခတ်သွားသောအခါ ၎င်းဘာသာပျက်စီးသွားလေသည်။ ၎င်းသည် ဒုက္ခသမာဓိ၏ရွှေခန္ဓာကို တစ်လက်မပင်‌ရွေ့သွားအောင် မလုပ်နိုင်ခဲ့ပေ။

ဤအကြိမ်တွင် ရီဖူရှင်းသည် စွမ်းအားကြီးသောပြိုင်ဘက်နှင့် အမှန်ပင်ရင်ဆိုင်ရပေပြီ။

ထိုတိုက်ပွဲမတိုင်ခင်က တိုက်ပွဲများတွင် အခြားသူများသည် ရီဖူရှင်း၏တိုက်ပွဲဝင်ပုံစံကို လှုပ်ရှားသွားအောင် မလုပ်နိုင်ခဲ့ပေ။ ယခုတွင် တိုက်ခိုက်လိုက်သူမှာ သူဖြစ်သော်လည်း ထိုတိုက်ခိုက်မှုသည် ဒုက္ခသမာဓိ၏ရွှေခန္ဓာ၏ခုခံမှုကို မဖောက်ထွင်းနိုင်ခဲ့ပေ။ အခြေအနေသည် ပြောင်းပြန်ဖြစ်သွားခဲ့ပေပြီ။

ရီဖူရှင်းသည် သူ့အပေါ်သို့ကျရောက်နေသော ဖိအားကို ခံစားလိုက်ရသည်။ ထိုဖိအားသည် အလွန်စွမ်းအားကြီးရာ ဗုဒ္ဓအားလုံးအရှင်လက်အောက်တွင် ကျင့်ကြံသူတစ်ဦးထံမှ ထွက်ပေါ်လာသော ဖိအားဖြစ်ကြောင်း သိသာထင်ရှားပေသည်။ သူ၏ပြိုင်ဘက်သည် စတင်တိုက်ခိုက်လိုက်သည်နှင့် ရီဖူရှင်းသည် ထိုပြိုင်ဘက်၏ဗုဓ္ဓဓမ္မစွမ်းအားကို အာရုံခံမိလိုက်၏။ သစ္စာခြောက်ပါးတရားတော်အောက်တွင် အာကာပြင်တစ်ခွင်လုံးသည် သူ့ပြိုင်ဘက်၏ထိန်းချုပ်မှုကို ခံထားရပြီး စွမ်းအားကြီးသော ဗုဒ္ဓဓမ္မကိန်းဝပ်နေသည့်အလား ထင်မှတ်ရ၏။

သစ္စာခြောက်ပါးတရားတော်သည် မည်သည့်စွမ်းအားမှ ရှိသည့်ပုံမပေါ်ပေ။ သို့သော် ထိုတရားတော်၏အစွမ်းသည် ပုံစံမဲ့၏။ ထိုတရားတော်သည် အမြင့်ဆုံးဉာဏ်ပညာဖြစ်ပြီး ဗုဒ္ဓဓမ္မစွမ်းအား၏ အဆင့်မြှင့်တင်မှုကို ခံစားရလေသည်။ သစ္စာခြောက်ပါးတရားတော်၏ သစ္စာအက္ခရာခြောက်လုံးသည် ပြန့်ကားလာရာ လိပ်ပြာတောင်ကုန်း ဗုဒ္ဓအလင်းများဖြင့် လင်းဖြာသွားသည်။ အဆုံးမဲ့အလင်းသည် တိုက်ပွဲနေရာကို လွှမ်းခြုံသွား၏။ ထိုအလင်းအတွင်း၌ ပုံစံမဲ့ဗုဒ္ဓအရှိန်အဝါ ကိန်းဝပ်နေသည်။ သူ့ပြိုင်ဘက်၏စွမ်းအားကို ဗုဒ္ဓများက မြှင့်တင်ပေးနေကြောင်းကို ရီဖူရှင်း အမှန်ပင် အာရုံခံစားနိုင်သည်။

ထိုအခိုက်တွင် သူသည် ကြောက်မက်ဖွယ်ဖိအားနှင့် သူ့ပြိုင်ဘက်၏အရှိန်အဝါကို အမှန်ပင်အာရုံခံနိုင်၏။

ရီဖူရှင်း၏အမူအရာက လေးနက်လာသည်။ သူ၏အနန္တဟင်းလင်းပြင်တိုက်ပွဲဝင်ပုံစံပေါ်လာပြီး ဧရာမဗုဒ္ဓပုံရိပ်သည် ကျယ်ပြောသာအာကာပြင်ကို ဖုံးလွှမ်းသွားသည်။ ပတ်ပတ်လည်အာကာပြင်တွင် ဗုဒ္ဓပုံရိပ် အများအပြားပေါ်ပေါက်လာပြီး ထိုပုံရိပ်အားလုံးသည် စွမ်းအားကြီးသော ဗုဒ္ဓအလင်းကို ထုတ်လွှတ်နေကြ၏။ ရီဖူရှင်းသည် ရှန်းယန်ရဟန်းနှင့် တိုက်ခိုက်ခဲ့စဉ်က သုံးခဲ့သော စွမ်းအားကြီးတိုက်ခိုက်မှုကို ထပ်မံသုံးရန် ကြိုးစားလိုက်ခြင်းပင်။

သို့သော် သစ္စာခြောက်ပါးတရားတော်သည် အလျှော့မပေးပေ။ ဒုက္ခသမာဓိ၏ဧရာမရွှေဗုဒ္ဓခန္ဓာကိုယ်သည် မျက်စိမှိတ်ထားပြီး လက်နှစ်ဖက်ကိုလည်း ရင်ဘတ်ရှေ့တွင် လက်အုပ်ချီထား၏။ သစ္စာခြောက်ပါးတရားတော်သည် ကောင်းကင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်နေသည်။ အဆုံးမဲ့ဗုဒ္ဓအလင်းများသည် အထက်ကောင်းကင်တွင် လွှမ်းခြုံထားပြီး ဧရာမဗုဒ္ဓပုံရိပ်များ ပေါ်လာသည်။

ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ ကောင်းကင်ထက်တွင် ဗုဒ္ဓတစ်ပါး၏မျက်နှာတော် ဖြစ်ပေါ်လာခြင်းပင်။ ၎င်းသည် သူတို့ကို ငုံ့ကြည့်နေသည်။ ကောင်းကင်တစ်ခွင်လုံးသည် ဗုဒ္ဓတစ်ပါး၏ပုံရိပ်ဖြစ်လာ၏။ ထိုအရာသည် ယခင်က ကြယ်တာရာလောကတွင် မဟာအင်ပါယာစီဝေ့၏မျက်နှာ ပေါ်လာသလိုမျိုးပင်။

ထိုမျှသာမကသေးပေ။ အောက်ဖက်ရှိ ကွဲပြားသောဦးတည်ရာသုံးဘက်တွင် စွမ်းအားကြီးဗုဒ္ဓသုံးပါးပေါ်ပေါက်လာသည်။ သူတို့သည် ဗုဒ္ဓခန္ဓာကိုယ်သုံးပါးဖြစ်သော တြိကာယဖြစ်ပုံရလေသည်။ ထိုပုံရိပ်သုံးခုမှနေ၍ ကြောက်မက်ဖွယ်အလင်းများကို ထုတ်လွှတ်နေလေသည်။ သူတို့သည် ရီဖူရှင်းဆင့်ခေါ်ထားသော ဧရာမဗုဒ္ဓများကို ရုတ်ခြည်းဝန်းရံလိုက်သည်။

ထို့ပြင် ရီဖူရှင်းဆင့်ခေါ်ထားသော ဗုဒ္ဓများ၏ပတ်ပတ်လည်တွင် အခြားဗုဒ္ဓများသည် ဗုဒ္ဓပင်လယ်တမျှအများအပြားပေါ်လာသည်။ ဗုဒ္ဓများသည် တစ်ပြိုင်နက် ပေါ်လာခြင်းဖြစ်ပြီး ရီဖူရှင်းဆင့်ခေါ်ထားသော ဧရာမဗုဒ္ဓများကို ဝန်းရံလိုက်သည်။ အရပ်မျက်နှာတိုင်းတွင် ရီဖူရှင်းသည် အရေးနိမ့်နေလေသည်။

ရီဖူရှင်းသည် မျက်လုံးဖွင့်၍ သူ့ပတ်ပတ်လည်ရှိ မြင်ကွင်းကို ကြည့်လိုက်သည်။ ဗုဒ္ဓအလင်းအောက်တွင် ဗုဒ္ဓတရားသံသည် တည်ငြိမ်စွာ သူ့ကိုလှည့်ပတ်နေသည်။ ထိုဗုဒ္ဓအလင်းသည် သူ့ကိုယ်ပေါ်သို့ မည်သည့်သတ်ဖြတ်လိုသည့်အငွေ့အသက်မှ မပါဘဲနှင့် ကျရောက်နေ၏။ အလင်းထဲတွင် ဗုဒ္ဓ၏အတုမဲ့အရှိန်အဝါသာ ပါလေသည်။ ဗုဒ္ဓအစစ်အမှန် ဆင်းသက်လာသကဲ့သို့ပင်။

‌ရှေးဦးစွာ ရီဖူရှင်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အနည်းငယ် တွန့်ဆုတ်သွားသည်။ ထို့နောက် သူသည် စိတ်သက်သာရာရသွား၏။ သူသည် ဒုက္ခသမာဓိကို ကြည့်လိုက်ပြီး လက်အုပ်ချီလိုက်သည်။ ထို့နောက် သူသည် ဒုက္ခသမာဓိကို အတန်ငယ်ဦးညွှတ်၍ ပြောလိုက်သည်။

“ကိုယ်တော်... ကိုယ်တော်ရဲ့ဗုဒ္ဓဓမ္မကို နားလည်မှုက နက်ရှိုင်းပါတယ်။ ကျွန်တော် မယှဉ်နိုင်ပါဘူး။ ကျွန်တော် အရှုံးကို ဝန်ခံပါပြီ”

ရီဖူရှင်းသည် ထိုသို့ပြောလိုက်ပြီး သူ၏အရှိန်အဝါကို ရုတ်ခြည်းပြန်ရုတ်လိုက်၏။ သူ့ကိုယ်ပေါ်ရှိ ဗုဒ္ဓအလင်းသည်လည်း ချက်ချင်း ပျောက်ကွယ်သွားသည်။ သူသည် ဆက်၍ယှဉ်ပြိုင်ရန် ဆန္ဒမရှိတော့ပေ။ သူသည် ဗုဒ္ဓဓမ္မအပေါ် နားလည်မှုနှင့်ပတ်သက်၍ သူ့ပြိုင်ဘက်ထက် နိမ့်ကျနေသေးကြောင်း သိလေသည်။

နှစ်တစ်ထောင်ကျော် ကြိုးကြိုးပမ်းပမ်းကျင့်ကြံထားသူကို သူ၏လအနည်းငယ်ကျင့်ကြံအားထုတ်ထားမှုနှင့် ယှဉ်နိုင်မည်မဟုတ်ချေ။

All Chapters