← Chapters

အရင်းအမြစ်များ

Vol. 4 Ch. 31

အရင်းအမြစ်များ

Vol. 4 Ch. 31

နောက်တစ်နေ့ မနက်ခင်းတွင်…

ထောင်ချင်းဖင်နှင့် ရွှီနင်တို့သည် အိပ်ရာထပြီးနောက် အိပ်ရာခင်းများကို သိမ်းဆည်းနေကြလေသည်။

“သွားရအောင်... ထမင်းသွားစားကြစို့”

ထောင်ချင်းဖင်က စားသောက်ဆောင်သို့ သွားရန် ရွှီနင်ကို ထပ်မံခေါ်ယူလိုက်သည်။

မနေ့ညက ညစာမစားခဲ့ရသဖြင့် ထောင်ချင်းဖင်တစ်ယောက် ကောင်းကောင်း အိပ်မပျော်ခဲ့ရှာပေ။

ရွှီနင်မှာမူ နေလို့ကောင်းသော်လည်း ဗိုက်ထဲတွင် ဟာတာတာဖြစ်နေသည်ကို ခံစားနေရသည်။

“ရွှီနင်”

ရွှီနင်နှင့် ထောင်ချင်းဖင်တို့ အခန်းပြင်ထွက်လိုက်သည်နှင့် အခြားထောင်ရွာသားများနှင့် ပက်ပင်းတိုးလေသည်။

လူတိုင်းက ရွှီနင်ကို အားတက်သရော ဦးအောင်နှုတ်ဆက်ကြရာ ရွှီနင်ကလည်း ယဉ်ကျေးစွာ ပြန်လည်နှုတ်ဆက်လိုက်သည်။

ရွှီနင် ဤမျှ လူချစ်လူခင် များလာရခြင်းမှာ မနေ့ကဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် များစွာသက်ဆိုင်နေပေသည်။

မနေ့က နှစ်ဖက်တိုက်ခိုက်ကြစဉ် ထောင်ရွာသားတိုင်းလိုလိုပင် ရွှီနင်က သူတို့နှင့်အတူ ယှဉ်တွဲတိုက်ခိုက်ပေးသည်ကို မြင်တွေ့ခဲ့ကြသည်။ ရွှီနင်၏ လက်သီးချက်များက ပြင်းထန်သည်၊ မပြင်းထန်သည်ကို အသာထား သူတို့နှင့်အတူ ဘေးချင်းယှဉ် ရပ်တည်ပေးခဲ့သည်ကို မြင်လိုက်ရရုံဖြင့် ရွှီနင်အပေါ် အမြင်ကောင်းများ ဖြစ်ပေါ်စေခဲ့သည်။

ထို့အပြင် ပဋိပက္ခပြီးဆုံးသွားသောအခါ ထောင်ချင်းယွမ်က ရွှီနင်ကို ဦးဆောင်စကားပြောဆိုခဲ့သည်ကို လူတိုင်းမြင်တွေ့လိုက်ရသဖြင့် ရွှီနင်၏ အဆင့်အတန်းသည် လူတိုင်း၏ နှလုံးသားထဲတွင် မြင့်တက်သွားခဲ့ချေပြီ။

“သောက်ကျိုးနည်းကွာ”

စားသောက်ဆောင်သို့ ရောက်သည်နှင့် ရွှီနင်တို့အဖွဲ့သည် ထန်ရွာမှလူများနှင့် ဆုံမိကြလေသည်။

ယခုအခါ သူတို့သည် ရန်ဘက်များ ဖြစ်နေကြပြီ။

သို့သော် ကြိုတင်သတိပေးခံထားရသဖြင့် နှစ်ဖက်စလုံး ထပ်မံရန်ဖြစ်ခြင်း မပြုကြတော့ပေ။

ရွှီနင်သည် မနေ့က နေ့လယ်စာ မစားခဲ့ရသဖြင့် ဤသည်မှာ စားသောက်ဆောင်၌ ပထမဆုံးအကြိမ် စားသောက်ဖူးခြင်း ဖြစ်သည်။

ရွှီနင် လျှောက်ကြည့်လိုက်ရာ ဒီနေရာမှ အစားအသောက်များမှာ အံ့အားသင့်ဖွယ် ကောင်းမွန်နေကြောင်း သတိထားမိလိုက်သည်။

အသားဟင်းများမှာ ပန်းကန်များဖြင့် အစီအရီ ရှိနေလေသည်။ ကန့်သတ်ချက်မရှိဘဲ မိမိကြိုက်နှစ်သက်သလောက် ယူဆောင်စားသောက်နိုင်သည်။

မနက်စာပင်လျှင် ဤမျှ ခမ်းနားထည်ဝါနေပေသည်။

ရွှီနင်သည် မုန့်ပြားတစ်ချပ်၊ အသားတစ်ပန်းကန်နှင့် ဆန်ပြုတ်တစ်ပန်းကန်ကို ယူလိုက်သည်။

ထို့နောက် ထောင်ချင်းဖင်ရှိရာကို ရှာပြီး ဝင်ထိုင်လိုက်သည်။ သူထိုင်လိုက်သည်နှင့် တပြိုင်နက် ထောင်ချင်းယွမ်ကလည်း အခွင့်ကောင်းယူကာ ရွှီနင်ဘေးတွင် ဝင်ထိုင်လိုက်လေသည်။

“ဟို ထန်ရွာကလူတွေကို ကြည့်ပါဦး... သူတို့ ငါတို့ကို မုန်းနေမှာ သေချာတယ်”

ထောင်ချင်းဖင်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“မင်းရော သူတို့ကို မမုန်းဘူးလား”

ရွှီနင်က ပြုံးလျက် ပြန်မေးလိုက်သည်။

“မနေ့ညနေက ဆုန့်ရွာကလူတွေလည်း ရောက်လာကြတယ်... ခရိုင်မြို့ပြင်က ရွာငယ်လေးတွေက လူသစ်တွေကလွဲရင် ကျန်တဲ့လူသစ် အများစုကတော့ ရောက်နေကြပြီ”

ထောင်ချင်းယွမ်က မုန့်ပြားတစ်ဖဲ့ကို ပါးစပ်ထဲ ထည့်ရင်း ပြောလိုက်သည်။

ရွှီနင် ဘေးဘီဝဲယာကို ကြည့်လိုက်ရာ စားသောက်ဆောင်တွင် လူအတော်များနေပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။

လူတိုင်းသည် မိမိတို့အုပ်စုနှင့်မိမိ ခွဲခြားကာ အတူတူ ထိုင်နေကြသည်။

“ထောင်ကျင်... ဒီမှာ လာထိုင်လေ”

စားသောက်နေရင်း ထောင်ချင်းယွမ်က ရုတ်တရက် လှမ်းခေါ်လိုက်သည်။

ရွှီနင် မော့ကြည့်လိုက်သည်။ ထောင်ကျင်နှင့် မိန်းကလေးသုံးဦး ပန်းကန်များ ကိုင်ထားသည်ကို တွေ့လိုက်ရ၏။ သူတို့ခမျာ ထိုင်စရာနေရာ မရသေးပုံရသည်။

ထောင်ချင်းယွမ် လှမ်းခေါ်လိုက်သောအခါ ထောင်ကျင်နှင့်အဖွဲ့ လျှောက်လာကြသည်။

ရွှီနင်နှင့် ထောင်ချင်းဖင်တို့သည် နေရာဖယ်ပေးရန် အနည်းငယ် တိုးကပ်လိုက်ကြသည်။

ယခုတစ်ကြိမ် မဟူရာသံချပ်ကာတပ်ဖွဲ့ စစ်ဆေးမှုကို အောင်မြင်ခဲ့သော ထောင်ရွာမှ အမျိုးသမီးဟူ၍ ဤလေးယောက်သာ ရှိလေသည်။

ထိုင်ပြီးနောက် သူတို့သည် ခေါင်းညိတ်နှုတ်ဆက်ကာ အစားအစာများကို စားသောက်ကြသည်။

ထောင်ကျင်သည် ရွှီနင်နှင့် ထောင်ချင်းယွမ်ကြားတွင် ဝင်ထိုင်လိုက်လေသည်။

ထောင်ကျင်သည် ခေါင်းငုံ့ကာ ဆန်ပြုတ်ကိုသာ သောက်နေပြီး မော့ကြည့်ခြင်း၊ စကားပြောခြင်း မရှိပေ။

‘ဒီလူတွေကတော့...’

ထောင်ကျင်သည် ထိရှလွယ်ပြီး အနည်းငယ် မောက်မာသူဖြစ်ကြောင်း ရွှီနင် အမြဲ ခံစားရသည်။

ထောင်ချင်းယွမ်နှင့် မတူဘဲ သူမ၏မျက်နှာပေါ်တွင် မောက်မာမှုများ အထင်းသား ပေါ်လွင်နေတတ်သည်။

သို့သော် ထောင်ကျင်သည် ထောင်မျိုးနွယ်ခေါင်းဆောင်၏ မြေးမဖြစ်သည်။ ရွှီနင်သည် အပေါ်ယံတွင် သူမကို သည်းခံသော်လည်း ရင်ထဲမှာမူ မနှစ်သက်ပေ။

သူတို့ စားသောက်နေစဉ် စားသောက်ဆောင်အဝင်ဝမှ တစ်စုံတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။

“အားလုံး နားထောင်ကြ”

ရွှီနင်နှင့် ကျန်သူများ လှည့်ကြည့်လိုက်ရာ အော်ဟစ်လိုက်သူမှာ မနေ့ညက ရန်ပွဲကို ဖြန်ဖြေပေးခဲ့သော ခပ်ပုပုနှင့် မဟူရာသံချပ်ကာတပ်ဖွဲ့ဝင် ဖြစ်နေသည်။

သူက ပြောလိုက်သည်။ “အားလုံး စားသောက်ပြီးရင် စခန်းလေ့ကျင့်ရေးကွင်းပြင်မှာ လာစုကြ... သခင်ကြီးဝေ့က မိန့်ခွန်းပြောစရာ ရှိတယ်”

ထို့နောက် ခပ်ပုပုနှင့် မဟူရာသံချပ်ကာတပ်ဖွဲ့ဝင်သည် လှည့်ထွက်သွားလေသည်။

“အခုတောင် စတော့မှာလား...”

သခင်ကြီးဝေ့ မိန့်ခွန်းပြောပြီးသည်နှင့် သူတို့ တာဝန်များ စတင်ထမ်းဆောင်ရတော့မည့်ပုံ ပေါ်သည်။

ဤကြေညာချက်ကြောင့် လူတိုင်း အစာစားချင်စိတ် ပျောက်ဆုံးသွားကြသည်။

လက်ကျန် အစားအစာအနည်းငယ်ကို အမြန်စားသောက်ပြီးနောက် အားလုံးသည် လေ့ကျင့်ရေးကွင်းပြင်သို့ သွားရောက်ကြသည်။

မည်သူကမျှ အထက်လူကြီး၏ ရှေ့တွင် အထင်အမြင်သေးခံရမည့်အဖြစ်မျိုး အရောက်မခံချင်ကြပေ။

လေ့ကျင့်ရေးကွင်းပြင်သို့ ရောက်သောအခါ လူအများအပြား ရောက်ရှိနေကြပြီ ဖြစ်သည်။

လမ်းတစ်လျှောက်တွင်လည်း အရပ်မျက်နှာအသီးသီးမှ လူများ လာရောက်နေကြသည်။ စခန်းထဲရှိ လူသစ်အားလုံးကို ဤနေရာ၌ လာရောက်စုဝေးရန် အကြောင်းကြားထားကြောင်း ထင်ရှားလှပေသည်။

“တန်းစီလိုက်ကြ”

ထောင်ရွာမှ လူ ၂၀ သည် ထောင်ချင်းယွမ်၏ဘေးတွင် စုဝေးနေကြပြီဖြစ်သည်။

သူက လူတိုင်းကို တန်းစီရန် ညွှန်ကြားလိုက်သည်။

ထောင်ရွာသာမက ဆုန့်ရွာ၊ ထန်ရွာနှင့် အခြားရွာငယ်လေးများမှ လူသစ်များသည်လည်း မိမိတို့အုပ်စုလိုက် စုဝေးနေကြသည်။

“ကပ်ရပ်လိုက်ကြ”

မဟူရာသံချပ်ကာတပ်ဖွဲ့ဝင် ပြန်ပေါ်လာသည်။

သူသည် အုပ်စုများကြားရှိ ကွာဟနေသော နေရာလွတ်များကို လက်ညှိုးထိုးပြပြီး လူတိုင်းကို ပိုမိုနီးကပ်စွာ နေရန် ညွှန်ပြလိုက်သည်။

“သခင်ကြီးဝေ့ ရောက်လာရင် တိတ်တိတ်နေကြ... သူစကားပြောနေချိန် စကားပြောတဲ့သူရှိရင် အပြစ်ပေးခံရမယ်”

ဤမဟူရာသံချပ်ကာတပ်ဖွဲ့ဝင်သည် မည်သည့်ရာထူးရှိမှန်း သူတို့ မသိကြသော်လည်း အမိန့်ပေးသံဖြင့် ပြောဆိုနေသဖြင့် အားလုံးက မသိစိတ်ဖြင့်ပင် နာခံလိုက်ကြသည်။

မကြာမီ မဟူရာသံချပ်ကာတပ်ဖွဲ့တစ်ဖွဲ့ ကွင်းပြင်ထဲသို့ ဝင်ရောက်လာသည်။

သူတို့ နေရာယူပြီးနောက် လူတိုင်း စကားသံ တိတ်သွားကြသည်။

ထို့နောက် အဖြူရောင်အင်္ကျီဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လူအနည်းငယ် ခြံရံလျက် ဝင်ရောက်လာသည်။

သူသည် ပိန်ပါးပြီး ဆံပင်များ ဖြူနေသော်လည်း အပြင်ပန်းကြည့်လျှင် ဂုဏ်သရေရှိသော ပုံစံမျိုး ပေါ်လွင်နေသည်။

သူ့ဘေးတွင် ခပ်ပုပု မဟူရာသံချပ်ကာတပ်ဖွဲ့ဝင်အပြင် ရှယွမ်ရှင်ကိုပါ ရွှီနင် တွေ့လိုက်ရသည်။

သူတို့သည် လေးစားမှု ပြည့်ဝနေသော မျက်နှာထားများဖြင့် အဖြူရောင်အင်္ကျီနှင့် လူကြီး၏ နောက်မှ လိုက်ပါလာကြသည်။

ဤအဖြူရောင်ဝတ်စုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ခန်းယွင်ခရိုင် မဟူရာသံချပ်ကာတပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ သခင်ကြီး ဝေ့ချန်ချင်းဖြစ်ကြောင်း လူတိုင်း ခန့်မှန်းမိလိုက်ကြသည်။

“ငါက ဝေ့ချန်ချင်းပဲ”

ဝေ့ချန်ချင်းသည် ကွင်းပြင်ရှိ စင်မြင့်ပေါ်တွင် ရပ်လိုက်သည်။

ဤနေရာမှနေ၍ လူတိုင်း၏ မျက်နှာအမူအရာများကို သူ မြင်တွေ့နိုင်သည်။

“ဒီနေ့ ကိစ္စသုံးခု ပြောစရာရှိတယ်”

“ပထမဆုံးအနေနဲ့ မင်းတို့အားလုံး မဟူရာသံချပ်ကာတပ်ဖွဲ့ စစ်ဆေးမှုကို အောင်မြင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်... ရှေ့ဆက်မယ့် ရက်တွေမှာလည်း အားလုံးက ကိုယ့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပြီး ကြိုးစားကြဖို့ မျှော်လင့်တယ်... ခန်းယွင်ခရိုင် မဟူရာသံချပ်ကာတပ်ဖွဲ့ရဲ့ အဓိကကျောရိုး ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်”

ဝေ့ချန်ချင်း၏ လေသံမှာ တိုးညှင်းသော်လည်း ကွင်းပြင်ရှိ လူတိုင်း ရှင်းလင်းပြတ်သားစွာ ကြားနေရသည်။

“ဒုတိယအချက်ကတော့ မင်းတို့ လူသစ်တွေအတွက် အရင်းအမြစ် ခွဲဝေမှုအကြောင်းပဲ”

“ငါတို့ရဲ့ အရင်းအမြစ် ခွဲဝေမှုကို ပြီးခဲ့တဲ့ စစ်ဆေးမှု ရလဒ်အဆင့်တွေပေါ် မူတည်ပြီး သတ်မှတ်တယ်”

“မင်းတို့ထဲမှာ မီးခိုးရောင်သတ္ထုပြားရတဲ့သူ ၆၀၊ စိမ်းပြာရောင်သတ္ထုပြားရတဲ့သူ ၃၀ နဲ့ အဝါရောင်သတ္ထုပြားရတဲ့သူ ၁၀ ယောက် ရှိတယ်”

“လစဉ်လစာအပြင် မီးခိုးရောင်သတ္ထုပြားရတဲ့ လူသစ်တွေက တစ်လကို ထောက်ပံ့ကြေး ငွေစ ၂၀၀ ထပ်ရမယ်... စိမ်းပြာရောင်သတ္ထုပြားရတဲ့ လူသစ်တွေကတော့ ထောက်ပံ့ကြေး ငွေစ ၂၀၀ အပြင် ပျံလွှားမြီးမြက် တစ်ပင် ထပ်ရမယ်... အဝါရောင်သတ္ထုပြားရတဲ့ လူသစ်တွေကတော့ လစဉ် ထောက်ပံ့ကြေး ငွေစ ၂၀၀ နဲ့ ချင်းလျိုဆေးပြား တစ်ပြား ရရှိမယ်”

ဝေ့ချန်ချင်း ထိုသို့ပြောပြီးနောက် အောက်ဘက်ရှိ လူသစ်များ၏ မျက်နှာပေါ်တွင် အမျိုးမျိုးသော ခံစားမှုများ ဖြစ်ပေါ်လာကြသည်။

မီးခိုးရောင်သတ္ထုပြား ရရှိသူများမှာ ကံမကောင်းသလို ခံစားလိုက်ရသည်။ အနိမ့်ဆုံးအဆင့် လူသစ်များဖြစ်သည့်အားလျော်စွာ သူတို့၏ ထောက်ပံ့ကြေးသည် စိမ်းပြာရောင်သတ္ထုပြားရသူများ၏ တစ်ဝက်သာရှိပြီး အဝါရောင်သတ္ထုပြားရသူများ၏ သုံးပုံတစ်ပုံသာ ရှိလေသည်။

စိမ်းပြာရောင်သတ္ထုပြား ရရှိသူများမှာမူ ကံကောင်းသလိုလို၊ ကံဆိုးသလိုလို ခံစားနေရသည်။

အဝါရောင်သတ္ထုပြား ရရှိသူများသာလျှင် နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေး ပေါ်နေကြသည်။

ရွှီနင် နားထောင်နေသော်လည်း စိတ်လှုပ်ရှားခြင်း မရှိပေ။ သူသည် အဝါရောင်သတ္ထုပြားသမားများ ရရှိမည့် ချင်းလျိုဆေးပြားကိုသာ စိတ်ဝင်စားနေမိသည်။

ချင်းလျိုဆေးပြားအကြောင်းကို ကောယယ်ထံမှ ရွှီနင် ကြားဖူးသည်။

၎င်းသည် ပျံလွှားမြီးမြက်ကဲ့သို့ အာနိသင်ရှိသော ဆေးဝါးတစ်မျိုး ဖြစ်သည်။ အတွင်းအားလေ့ကျင့်သူများအတွက် ခန္ဓာကိုယ်ကို သန်မာစေသော အာနိသင် ရှိလေသည်။

သို့သော် ဆေးပြားများသည် ဝိညာဉ်ဆေးပင်များ၏ အနှစ်သာရဖြစ်သည်။ ဈေးကြီးပြီး ဖော်စပ်ရန် ခက်ခဲသည်။ ချင်းလျိုဆေးပြားတစ်ပြားသည် ငွေစ ၅၀၀ တန်ကြေးရှိပြီး ဝိညာဉ်ဆေးပင်များကဲ့သို့ တန်ဖိုးကြီးမားသည်။

ထို့ကြောင့် ဆေးပြားများ၏ အာနိသင်သည် ပိုမိုကောင်းမွန်သည်။ စားသုံးပြီးနောက် ဆေးစွမ်းကို စုပ်ယူရန်လည်း ပိုမိုလွယ်ကူသည်။

သာမန်လူတစ်ဦးအတွက် ဝိညာဉ်ဆေးပင်၏ အာနိသင်ထိရောက်မှုသည် အလွန်ဆုံး ၂၀ ရာခိုင်နှုန်းသာ ရှိသော်လည်း ဆေးပြားများမှာမူ ၅၀ ရာခိုင်နှုန်းကျော်အထိ ရောက်ရှိနိုင်သည်။

သိုင်းပညာမျက်နှာပြင် ပိုင်ဆိုင်ထားသော ရွှီနင်ကဲ့သို့ လူမျိုးသာလျှင် ဝိညာဉ်ဆေးပင်ထဲမှ စွမ်းအင်အားလုံးကို စုပ်ယူနိုင်ပြီး အတွင်းအား သို့မဟုတ် ပြင်ပသိုင်းပညာ တိုးတက်မှုအဖြစ်သို့ ပြောင်းလဲနိုင်ခြင်း ဖြစ်သည်။

အတွင်းအားကို စတင်လေ့ကျင့်သူတစ်ဦးအတွက် ပျံလွှားမြီးမြက် ၁၀ ပင်ကို ပြုတ်သောက်လျှင်တောင်မှ နယ်ပယ်အဆင့်တက်ရန် မလွယ်ကူပေ။ သို့သော် ရွှီနင်ကမူ အဆင့်တက်ရန်အတွက် ပျံလွှားမြီးမြက်တစ်ပင်၏ စွမ်းအင်ကိုသာ လိုအပ်သည်။

ဤသည်မှာ စုပ်ယူလိုက်သော စွမ်းအင်ပမာဏကြောင့်သာ မဟုတ်ဘဲ သိုင်းပညာမျက်နှာပြင်၏ ထူးခြားသော အဆင့်မြှင့်တင်မှု စနစ်ကြောင့်လည်း ပါဝင်သည်။

ထို့ကြောင့် ချင်းလျိုဆေးပြားထဲတွင် စွမ်းအင် မည်မျှပါဝင်သည်ကို ရွှီနင် သိချင်နေခြင်း ဖြစ်သည်။

‘ထောင်ချင်းယွမ် ချင်းလျိုဆေးပြား ရတဲ့အခါကျရင် ငါ ကြည့်ကြည့်ရမယ်...’

ရွှီနင် တွေးလိုက်မိသည်။

လူသစ်များ၏ ကွဲပြားသော မျက်နှာအမူအရာများကို မြင်ပြီးနောက် ဝေ့ချန်ချင်း ပြုံးလိုက်သည်။

“စစ်ဆေးမှု ရလဒ်အဆင့်တွေ မတူသလို ဆုလာဘ်တွေ မတူကြပေမဲ့ ဒီအဆင့်သတ်မှတ်ချက်တွေက အသေသတ်မှတ်ထားတာ မဟုတ်ဘူး”

ဝေ့ချန်ချင်းက ပြောလိုက်သည်။ “မင်းတို့သာ ကောင်းကောင်း စွမ်းဆောင်နိုင်ရင် နောက်ပိုင်းကျရင် အဆင့်တိုးလာနိုင်ပါတယ်”

All Chapters