← Chapters

ကင်းစခန်း

Vol. 4 Ch. 32

ကင်းစခန်း

Vol. 4 Ch. 32

“အဆင့်သတ်မှတ်ချက်ကို ပြောင်းလဲလို့ရတယ်လား”

စိမ်းပြာရောင်နှင့် မီးခိုးရောင် သတ္ထုပြားရရှိထားသော လူငယ်များမှာ နားစွင့်လိုက်ကြသည်။

“နောင်ကျရင် သုံးလတစ်ကြိမ် အကဲဖြတ်စစ်ဆေးမှုတွေ လုပ်သွားမယ်”

ဝေ့ချန်ချင်းက ပြောလိုက်သည်။ “အကဲဖြတ်ပုံက ရိုးရှင်းပါတယ်။ တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ရမှာပါ။ အဆင့်နိမ့်နံပါတ်ပြား ပိုင်ဆိုင်ထားသူက အဆင့်မြင့်နံပါတ်ပြား ပိုင်ဆိုင်ထားသူကို စိန်ခေါ်ခွင့်ရှိတယ်။ တကယ်လို့ အနိုင်ရခဲ့ရင် စိန်ခေါ်သူနဲ့ အစိန်ခေါ်ခံရသူတို့ရဲ့ နံပါတ်ပြားကို လဲလှယ်ရမယ်။ စိန်ခေါ်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်ကိုတော့ နောက်မှ ကြေညာပေးမယ်”

‘စိန်ခေါ်ပွဲ...’

ရွှီနင် တစ်ချက် စဉ်းစားလိုက်မိသည်။

ဝေ့ချန်ချင်း ပြောပုံအရဆိုလျှင် စိမ်းပြာရောင်နံပါတ်ပြား ပိုင်ဆိုင်ထားသော သူ့ကို မီးခိုးရောင်နံပါတ်ပြား ပိုင်ရှင်က စိန်ခေါ်နိုင်ပေသည်။ အကယ်၍ သူ ရှုံးနိမ့်သွားပါက မီးခိုးရောင်အဆင့်သို့ တန်းဆင်းသွားရပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် သူကလည်း အဝါရောင်နံပါတ်ပြား ပိုင်ရှင်ကို စိန်ခေါ်ခွင့်ရှိသည်။ အကယ်၍ အောင်မြင်ပါက အဝါရောင်အဆင့်သို့ တိုးမြှင့်ခံရမည် ဖြစ်သည်။

သို့သော် ဤစည်းမျဉ်းက မတရားဟု ရွှီနင် ခံစားမိလိုက်သည်။

အဘယ်ကြောင့်ဆိုသော် အဆင့်မြင့်နံပါတ်ပြား ပိုင်ရှင်အချို့သည် လက်ရှိတိုက်ခိုက်နိုင်စွမ်း မမြင့်မားသေးသော်လည်း ငယ်ရွယ်ပြီး အလားအလာကောင်းမွန်သောကြောင့် စိမ်းပြာရောင် သို့မဟုတ် အဝါရောင်နံပါတ်ပြားများကို ရရှိထားခြင်း ဖြစ်သည်။

ထိုလူများသည် အနာဂတ်တွင် မကြာခဏ စိန်ခေါ်ခံရနိုင်ချေ ရှိပေသည်။

အမှန်စင်စစ်တွင် ရွှီနင်၏ တွေးဆချက်မှာ မှန်ကန်နေသည်။ အချို့လူများသည် အသက်ငယ်ရွယ်သော အဝါရောင်နှင့် စိမ်းပြာရောင်နံပါတ်ပြားပိုင်ရှင်များကို မျက်စိကျနေကြပြီ ဖြစ်သည်။

‘ဒါ့အပြင် ဒီလိုအကဲဖြတ်တဲ့စနစ်ကိုသာ ကျင့်သုံးလိုက်ရင် လူသစ်တွေကြားက အကျိုးစီးပွား ပဋိပက္ခတွေကို ရှောင်လွှဲလို့ရမှာ မဟုတ်တော့ဘူး။ သူတို့တွေ အချင်းချင်း စည်းလုံးကြတော့မှာ မဟုတ်ဘဲ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်တွေ ကြီးထွားလာကြလိမ့်မယ်’

ဤအစီအစဉ်၏ ဆိုးကျိုးများကို ရွှီနင် မြင်နေရသည်။

အဆင့်နိမ့်နံပါတ်ပြားပိုင်ရှင်များ စိန်ခေါ်သည့်အခါ အခြားရွာမှလူများကို မလွဲမသွေ ရွေးချယ်စိန်ခေါ်ကြပေလိမ့်မည်။

ပြင်ပ ပဋိပက္ခများ ပြင်းထန်လာသည်နှင့်အမျှ အတွင်းရေး ပဋိပက္ခများလည်း တိုးပွားလာပေမည်။

‘ကြည့်ရတာ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က ငါတို့ကိုသုံးပြီး ဒေသခံတွေနဲ့ တစ်သားတည်းဖြစ်အောင် ပေါင်းစည်းချင်ပုံရတယ်။ တခြားအင်အားစုတွေကိုလည်း ခွဲခြားထားချင်ပုံပဲ... မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ရဲ့ အင်အားက ခန်းယွင်ခရိုင်တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်တယ် ဆိုပေမဲ့ ဒီလိုလုပ်ရပ်က အဖွဲ့အစည်းတွေကြားက ဆက်ဆံရေးကို ပိုပြီး သိမ်မွေ့နက်နဲသွားစေတယ်...’

ရွှီနင်နှင့် အခြားလူများမှာ စစ်တုရင်ပွဲမှ နယ်ရုပ်ကလေးများသာ ဖြစ်နိုင်ကြောင်း သူသိလိုက်သော်လည်း ကံကောင်းသည်မှာ နယ်ရုပ်ဖြစ်နေစဉ်ကာလအတွင်း အရင်းအမြစ်များကို ရရှိနေခြင်းပင်။

“တတိယမြောက် ပြောချင်တဲ့ အချက်ကတော့”

ဝေ့ချန်ချင်း၏ လေသံ အနည်းငယ် မြင့်တက်သွားသည်။ “မင်းတို့အားလုံး အရင်းအမြစ်တွေကို ရရှိပြီးတဲ့နောက်မှာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး လေ့ကျင့်ကြဖို့၊ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ကြဖို့နဲ့ ကိုယ့်အရည်အချင်းတွေကို အပြည့်အဝ ထုတ်ဖော်ပြသကြဖို့ မျှော်လင့်ပါတယ်”

“မင်းတို့သိကြတဲ့အတိုင်းပဲ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ရဲ့ နောက်မှာ ယွမ်ရှန်းဂိုဏ်းကြီး ရှိနေတယ်... ဂိုဏ်းရဲ့ ညွှန်ကြားချက်အရ သုံးနှစ်အတွင်းမှာ ခန်းယွင်ခရိုင်ကနေ ဂိုဏ်းထဲဝင်ခွင့်ရမယ့် နေရာတွေ ရလာလိမ့်မယ်။ အဲဒီနေရာတွေကို မင်းတို့ထဲက တချို့ ဝင်ခွင့်ရကြလိမ့်မယ်”

‘ယွမ်ရှန်းဂိုဏ်းထဲ ဝင်ရမယ် ဟုတ်လား’

ရွှီနင် အံ့အားသင့်သွားသည်။ ဤအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

ရွေးချယ်ရေးနှင့် အကဲဖြတ်ခြင်းဆိုင်ရာ အသိပေးစာထဲတွင် ဤအကြောင်းကို ထည့်သွင်းဖော်ပြထားခြင်း မရှိခဲ့ပေ။

သို့သော် ရွှီနင် သတိထားမိလိုက်သည်မှာ ထောင်ချင်းယွမ်၊ ထောင်ကျင်နှင့် ထန်ဖုန်းယင်တို့ကဲ့သို့သော လူအချို့၏ မျက်နှာထားများမှာ အေးစက်တည်ငြိမ်နေခြင်းပင်။ သူတို့က ဤအကြောင်းကို ကြိုသိနေကြသည်မှာ ထင်ရှားလှသည်။

‘ကြည့်ရတာ ရွာရဲ့ အကြီးအကဲပိုင်းတွေက ဒီကိစ္စကို သိထားကြပေမဲ့ သတင်းကို မဖြန့်ထားကြဘူးပဲ...’

‘ဖေးယွင်ပြည်နယ်ရဲ့ သိုင်းပညာမြင့်မြတ်နယ်မြေဖြစ်တဲ့ ယွမ်ရှန်းဂိုဏ်းတဲ့လား... ငါ ဒီနေရာရဖို့ ကြိုးစားရမယ်...’ ဟု ရွှီနင် တွေးလိုက်မိသည်။

“ငါပြောချင်တဲ့ အချက်သုံးချက်ကတော့ ပြီးသွားပြီ”

ဝေ့ချန်ချင်းက ပြောဆိုလိုက်သည်။ “ဒီအချိန်ကစပြီး ခေါင်းဆောင်ချွီးက စခန်းသစ်ရဲ့ ကိစ္စရပ်တွေကို တာဝန်ယူ ဆောင်ရွက်ပေးလိမ့်မယ်”

ကိစ္စရပ်များကို တာဝန်ယူထားသော တောင့်တင်းသန်မာသည့် မဟူရာသံချပ်ကာဝတ်တပ်သားက မတ်တပ်ရပ်လိုက်ပြီး ဝေ့ချန်ချင်းကို လက်သီးဆုပ်ကာ အရိုအသေပြုလိုက်သည်။ “ဟုတ်ကဲ့ပါ ခင်ဗျာ”

ဝေ့ချန်ချင်း ခေါင်းညိတ်ပြပြီး လေ့ကျင့်ရေးကွင်းပြင်မှ ထွက်ခွာသွားလေသည်။

စင်မြင့်ပေါ်တွင် ခေါင်းဆောင်ချွီးသာ ကျန်ရစ်ခဲ့တော့သည်။

“မနက်ဖြန်ကျရင် မင်းတို့ တာဝန်ကျမယ့် နေရာတွေကို ငါထုတ်ပြန်ပေးမယ်၊ သေချာ ဂရုစိုက်ကြ။ အသိပေးစာ ရတာနဲ့ သုံးရက်အတွင်း သက်ဆိုင်ရာနေရာကို သွားရောက်သတင်းပို့ကြရမယ်။ ကိုယ့်နံပါတ်ပြားတွေကို ယူသွားဖို့ မမေ့ကြနဲ့”

ခေါင်းဆောင်ချွီးက လက်ဝှေ့ယမ်းလိုက်သည်။ “ကဲ... လူစုခွဲလို့ရပြီ”

ခေါင်းဆောင်ချွီး ထွက်ခွာသွားပြီးနောက် လူအုပ်ကြီးလည်း လူစုခွဲလိုက်ကြသည်။

‘မဟူရာသံချပ်ကာဝတ်တပ်သား ဖြစ်ရတာ အရေးပါတဲ့ အလုပ်တစ်ခု ဖြစ်ပေမဲ့ ငါတို့က သာမန်တာဝန်တွေကို ထမ်းဆောင်ရဦးမှာပါလား...’

ရွှီနင်သည် သိုင်းပညာလေ့ကျင့်ရာတွင် စိတ်နှစ်ထားရန် မလိုအပ်သဖြင့် အသေးအဖွဲအလုပ်များ လုပ်ရမည်ကို ဝန်မလေးပေ။

သို့သော် ထောင်ချင်းယွမ်၊ ထောင်ကျင်နှင့် အခြားသူများမှာမူ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေကြသည်။ တာဝန်ထမ်းဆောင်ခြင်းက သူတို့၏ လေ့ကျင့်မှုကို မလွဲမသွေ နှောင့်နှေးစေမည် ဖြစ်သောကြောင့်ပင်။

သို့သော် သူတို့အားလုံး ဤအကြောင်းကို ကြိုသိထားကြပြီး ဖြစ်သည်။ သို့တိုင်အောင် အရင်းအမြစ်များနှင့် မူလဂိုဏ်းသို့ ဝင်ခွင့်ရမည့် အခွင့်အရေးကြောင့် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့သို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပေသည်။

…

ရက်အနည်းငယ် ကုန်လွန်သွားခဲ့လေသည်။

ခန်းယွင်ခရိုင်၊ မေပယ်လမ်းကြား။

ရွှီနင်သည် စိမ်းပြာရောင်နံပါတ်ပြားနှင့် သက်သေခံအချက်အလက်များကို ယူဆောင်လျက် ဤနေရာသို့ ရောက်ရှိလာသည်။

မေပယ်လမ်းကြားရှိ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ ကင်းစခန်းသည် ရွှီနင် တာဝန်ကျရာနေရာ ဖြစ်သည်။

မေပယ်လမ်းကြားဟု အမည်တွင်သော်လည်း တကယ်တမ်းတွင် လမ်းကြားတစ်ခုမဟုတ်ဘဲ နယ်မြေတစ်ခု ဖြစ်သည်။ ခန်းယွင်ခရိုင်၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး ဧရိယာကျယ်ဝန်းကာ စည်ကားသော လမ်းမကြီးများစွာ ပါဝင်လေသည်။

ယနေ့အချိန်တွင် ခန်းယွင်ခရိုင်၌ မြို့စောင့်တပ်သား ၆၀၀၀ ခန့် ရှိသည်။ ဤမြို့စောင့်တပ်သားများသည် ပြင်ပသိုင်းပညာကို လေ့ကျင့်ထားသူများ သို့မဟုတ် ပါရမီနှင့် အလားအလာ နည်းပါးကာ သာမန်အတွင်းအားသာ ရှိသော သိုင်းပညာရှင်များ ဖြစ်ကြသည်။

ထို့အပြင် မဟူရာသံချပ်ကာဝတ်တပ်သား ၄၀၀ ရှိပြီး ထိုအထဲတွင် လူသစ် ၁၀၀ ပါဝင်လေသည်။

ခန်းယွင်ခရိုင်တွင် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ ကင်းစခန်း ၁၆ ခုနှင့် တပ်စခန်းကြီး ၃ ခု ရှိသည်။

ကင်းစခန်း ၁၆ ခုအနက် အချို့မှာ ကြီးမားပြီး အချို့မှာ သေးငယ်သဖြင့် စခန်းတစ်ခုစီရှိ တပ်သားအရေအတွက်မှာ ကွဲပြားကြသည်။ ရွှီနင်သည် မေပယ်လမ်းကြား ကင်းစခန်းတွင် တာဝန်ကျလေသည်။ နေရာမှာ မသေးငယ်သော်လည်း ထိုနေရာ၌ တပ်စွဲထားသော မဟူရာသံချပ်ကာဝတ်တပ်သားမှာ ၁၀ ယောက်ပင် မပြည့်ချေ။

လူသစ်များ၏ သုံးပုံတစ်ပုံမှာ တပ်စခန်းကြီး၌ ကျန်ရစ်ခဲ့ပြီး ကင်းလှည့်ခြင်းလုပ်ငန်းများကို တာဝန်ယူရသည်။

ရွှီနင်အပါအဝင် ကျန်ရှိသော သုံးပုံနှစ်ပုံမှာမူ ကင်းစခန်းအသီးသီးသို့ တာဝန်ခွဲဝေချထားခြင်း ခံရလေသည်။

သို့သော် ရွှီနင်ကို နားမလည်နိုင်ဖြစ်စေသည့်အချက်မှာ အခြားကင်းစခန်းများသို့ တာဝန်ကျသော လူသစ်များသည် ၃ ယောက်မှ ၅ ယောက်အထိ အုပ်စုလိုက် သွားရသော်လည်း သူကမူ တစ်ယောက်တည်း သွားရောက်သတင်းပို့ရခြင်း ဖြစ်သည်။

“ဘကြီး... မေပယ်လမ်းကြား ကင်းစခန်းက ဘယ်နားမှာလဲဗျ”

ရွှီနင်သည် တည်နေရာအတိအကျကို မသိသဖြင့် လမ်းဘေးတွင် သကြားကပ်သစ်သီးရောင်းနေသော အဘိုးအိုတစ်ဦးကို မေးမြန်းလိုက်ရသည်။

ရွှီနင်သည် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့၏ ဝတ်စုံနှင့် ပစ္စည်းကိရိယာများကို ရရှိထားပြီးဖြစ်သည်။

သူသည် အနက်ရောင်ဝတ်စုံနှင့် သံချပ်ကာအပါးကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားရှည်သစ်တစ်လက် ချိတ်ဆွဲကာ လည်ပင်းတွင် စိမ်းပြာရောင်နံပါတ်ပြား ဆွဲထားလေသည်။

အဘိုးအိုသည် ရွှီနင်မှာ မဟူရာသံချပ်ကာဝတ်တပ်သားတစ်ဦးဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်သဖြင့် အလျင်အမြန်ပင် လမ်းညွှန်ပြသလိုက်သည်။ “သခင်လေး... ကင်းစခန်းက ဒီလမ်းကို ဖြတ်ပြီး မြစ်ရဲ့တောင်ဘက်ကမ်းအတိုင်း ဆက်သွားလိုက်ရင် ရောက်ပါတယ်”

အဘိုးအိုမှာ သိသိသာသာပင် ကြောက်ရွံ့နေပုံရသည်။

ရွှီနင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။ “ကျေးဇူးပါပဲဗျာ”

ရွှီနင် လှည့်ထွက်လာခဲ့သည်။

လမ်းမပေါ်တွင် လျှောက်သွားနေစဉ် လမ်းသွားလမ်းလာများသည် သူ့အနားမှ ရှောင်ကွင်းသွားကြသည်ကို သတိပြုမိလိုက်သည်။ အချို့ဆိုလျှင် ရပ်တန့်ပြီး သူဖြတ်သွားသည်အထိ စောင့်နေကြလေသည်။

လမ်းဘေးဈေးသည်များအနားမှ ဖြတ်သွားသည့်အခါတွင်လည်း ဈေးသည်များမှာ ဈေးရောင်းအော်ဟစ်သံများ ရပ်တန့်သွားကြသည်။

လူတိုင်းက သူ့ကို ကြောက်ရွံ့မှုနှင့် ရိုသေလေးစားမှုများ ရောယှက်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

‘ခန်းယွင်ခရိုင်မှာ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ရဲ့ ကြီးစိုးမှုက ပြည်သူတွေရဲ့ နှလုံးသားထဲအထိ အမြစ်တွယ်နေပုံရတယ်...’

ရွှီနင်သည် ဤအခြေအနေကို နေသားမကျဖြစ်နေသော်လည်း တဖြည်းဖြည်း အသားကျအောင် ကြိုးစားနေရသည်။

အဘိုးအို ညွှန်ပြသောလမ်းအတိုင်း လျှောက်လာပြီးနောက် မကြာမီတွင် ရွှီနင်သည် မေပယ်လမ်းကြား ကင်းစခန်းကို ရှာတွေ့သွားလေသည်။

ကင်းစခန်းသည် အပြင်ပန်းမှကြည့်လျှင် အုပ်ချုပ်ရေးရုံးငယ်လေးတစ်ခုနှင့် တူလေသည်။

ကင်းစခန်း၏ တံခါးကြီးမှာ ပွင့်နေပြီး မြင့်မားသော တံတိုင်းများဖြင့် ဝန်းရံထားကာ တံခါးဝတွင် မြို့စောင့်တပ်သားနှစ်ဦး စောင့်ကြပ်နေသည်။

ရွှီနင် လျှောက်သွားလိုက်သည်နှင့် စကားပင်မပြောရသေးမီ တပ်သားတစ်ဦးက “မေးပါရစေ သခင်လေး... သခင်လေးရဲ့ မျိုးရိုးနာမည်က ရွှီ လားခင်ဗျ” ဟု မေးလိုက်သည်။

“ဟုတ်ပါတယ်၊ ကျွန်တော့်နာမည် ရွှီနင်ပါ”

ရွှီနင်က တဲ့တိုးပင် ပြန်ဖြေလိုက်သည်။

တပ်သားက ရိုသေစွာဖြင့် ပြောလိုက်သည်။ “သခင်လေးရွှီ... သခင်လေးရောက်လာရင် ခေါ်လာခဲ့ဖို့ လက်ထောက်ချန်က မှာထားပါတယ်”

ရွှီနင် နောက်ဆုံးတော့ သဘောပေါက်သွားသည်။

သူ ဤစခန်းသို့ ရောက်လာမည့်သတင်းက ကြိုတင်ရောက်ရှိနှင့်နေပုံရသည်။

“ကျေးဇူးပါပဲ”

ရွှီနင်က ယဉ်ကျေးစွာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ တပ်သားမှာ အားနာသွားပုံရပြီး အလျင်အမြန်ပင် “ရပါတယ် သခင်လေးရယ်” ဟု ပြောလိုက်သည်။

ထို့နောက် သူက ဦးညွှတ်ကာ ရွှီနင်ကို ကင်းစခန်းထဲသို့ ခေါ်ဆောင်သွားလေသည်။

ကင်းစခန်းထဲသို့ ဝင်လိုက်သည်နှင့် ခြံဝင်းထဲ၌ မီတာ ၂၀ ကျော် မြင့်မားသော သစ်ပင်ကြီးတစ်ပင်ကို ရွှီနင် တွေ့လိုက်ရသည်။

ထို့အပြင် ပန်းများနှင့် အပင်အမျိုးမျိုး ရှိနေသဖြင့် တစ်ချက်ကြည့်လိုက်လျှင် ပန်းခြံတစ်ခုနှင့်ပင် တူနေလေသည်။

“ပြင်ဆင်ထားပုံက မဆိုးဘူးပဲ...”ဟု ရွှီနင် ပြောလိုက်သည်။

“ဒါတွေအားလုံးက လက်ထောက်ချန် စီစဉ်ထားတာပါ”

မြို့စောင့်တပ်သားက ပြုံးလျက် ပြန်ဖြေသည်။

ရွှီနင် ခေါင်းညိတ်လိုက်သည်။

မေပယ်လမ်းကြား ကင်းစခန်းတွင် တာဝန်များများစားစား မရှိပုံရသည်။ သို့မဟုတ်ပါက တာဝန်ခံဖြစ်သူ လက်ထောက်ချန်သည် ဤနေရာကို အလှဆင်ရန် အချိန်ရမည် မဟုတ်ပေ။

ခြံဝင်းကို ဖြတ်သန်းပြီးနောက် တပ်သားသည် ရွှီနင်ကို အနောက်ဘက်ဝင်းဆီသို့ ခေါ်ဆောင်သွားပြီး အခန်းတစ်ခန်းရှေ့၌ ရပ်တန့်လိုက်သည်။

“သခင်လေးရွှီ... လက်ထောက်ချန် အထဲမှာ ရှိပါတယ်၊ ဝင်သွားလို့ ရပါပြီ”

တပ်သားက ပြောလိုက်သည်။

ရွှီနင် ကျေးဇူးတင်စကားပြောပြီး အဝတ်အစားများကို သပ်ရပ်အောင် ပြုပြင်ကာ ရှေ့သို့လျှောက်သွားပြီး တံခါးခေါက်လိုက်လေသည်။

All Chapters