← Chapters

ကတိကဝတ်

Vol. 4 Ch. 38

ကတိကဝတ်

Vol. 4 Ch. 38

ချွီးတယိုသည် ရွှီနင်၏ဘေးသို့ လျှောက်လာပြီး ပခုံးကို ဖွဖွလေး ပုတ်လိုက်သည်။

ထို့နောက် လေးနက်သော လေသံဖြင့် ဆိုလေသည်။ “ရွှီနင်... ငါ့ကို အပြစ်မတင်ပါနဲ့ကွာ။ မင်း အခုလောလောဆယ် ဒုက္ခရောက်နေရတယ် ဆိုပေမဲ့ ဒါက အနာဂတ်အတွက် အခွင့်အရေးကောင်း တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်”

ရွှီနင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။ “ခေါင်းဆောင်... နည်းနည်းလောက် ပိုရှင်းအောင် ပြောပြပေးလို့ ရမလားခင်ဗျာ”

ချွီးတယိုက ရွှီနင်ကို တိုက်ရိုက်ပြန်မဖြေဘဲ မေးခွန်းထုတ်လိုက်သည်။ “မင်း တယွမ်ကုန်သွယ်ရေးအဖွဲ့အကြောင်း ဘယ်လောက်သိထားလဲ”

ရွှီနင် ခေါင်းညိတ်လိုက်သည်။ “လက်ထောက်ချန် ပြောပြလို့ နည်းနည်းပါးပါးတော့ သိထားပါတယ်... ပြီးတော့ ကျွန်တော့်ပတ်ဝန်းကျင်က လူတွေ ပြောပြတာလည်း ကြားဖူးပါတယ်”

“ဩော်...”

ချွီးတယိုက ထပ်မေးလိုက်သည်။ “ချန်ရန့်က တယွမ်ကုန်သွယ်ရေးအဖွဲ့အကြောင်း ဘာတွေ ပြောပြလဲ”

ထိုစကားကို ကြားသောအခါ ရွှီနင်က ချန်ရန့် ပြောပြခဲ့သည်များကို ပြန်ပြောပြလိုက်သည်။

အဓိကအချက်မှာ ခန်းယွင်ခရိုင်အပေါ် တယွမ်ကုန်သွယ်ရေးအဖွဲ့၏ အကျိုးပြုမှုများနှင့် သူတို့၏ အဆင့်အတန်းကို အသိအမှတ်ပြုခြင်းပင် ဖြစ်သည်။

ချွီးတယိုသည် ရွှီနင်ပြောသည်များကို နားထောင်ပြီးနောက် မည်သည့်မှတ်ချက်မှ မပေးပေ။ သူက ဆက်မေးလိုက်သည်။ “မင်းရော... မင်းအမြင်က ဘယ်လိုလဲ။ တယွမ်ကုန်သွယ်ရေးအဖွဲ့နဲ့ လတ်တလော ထိတွေ့ဆက်ဆံပြီးနောက်မှာ သူတို့ကို ဘယ်လိုမြင်လဲ”

ရွှီနင် ချက်ချင်း ပြန်မဖြေပေ။ သူသည် အတွေးများကို စုစည်းလိုက်ပြီးမှ ပြောလိုက်သည်။ “တယွမ်ကုန်သွယ်ရေးအဖွဲ့က လက်ထောက်ချန် ပြောသလောက် မကောင်းပါဘူးဗျာ... သူတို့က သိပ်ပြီး လောဘကြီးလွန်းတယ်”

ချွီးတယိုသည် တယွမ်ကုန်သွယ်ရေးအဖွဲ့နှင့် ဆန့်ကျင်ဘက်တွင် ရှိနေသူဖြစ်ရာ ရွှီနင်က သူ့ရင်ထဲရှိ အမှန်တရားအတိုင်း ဖွင့်ပြောလိုက်ခြင်း ဖြစ်သည်။

ချွီးတယိုက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ “မင်းပြောတာ မှန်တယ်... သူတို့က တကယ်ကို လောဘကြီးလွန်းတယ်။ ဒါပေမဲ့ ချန်ရန့်ပြောတာလည်း အမှန်တွေပါပဲ။ ဘာပဲဖြစ်ဖြစ် ခန်းယွင်ခရိုင်အပေါ်ထားရှိတဲ့ တယွမ်ကုန်သွယ်ရေးအဖွဲ့ရဲ့ အတိတ်က ပံ့ပိုးမှုတွေကိုတော့ လျစ်လျူရှုလို့ မရဘူးလေ... ဒါပေမဲ့...”

ချွီးတယို၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ “ဒါပေမဲ့ သူတို့ရဲ့ အတိတ်က ကောင်းမှုတွေက လက်ရှိ လုပ်ရပ်တွေကိုတော့ ဖုံးကွယ်မပေးနိုင်ဘူး”

ချွီးတယို၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ယှက်သန်းလာသည်ကို မြင်လိုက်ရသဖြင့် ရွှီနင် မျက်မှောင်ကြုတ်သွားမိသည်။

“အစတုန်းကတော့ တယွမ်ကုန်သွယ်ရေးအဖွဲ့က မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ကို အများကြီး ကူညီပေးခဲ့တာပါ။ သူတို့သာ မရှိရင် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့အနေနဲ့ ခန်းယွင်ခရိုင်က ပြည်သူတွေရဲ့ စားဝတ်နေရေးကို ဒီလောက်မြန်မြန် ပြန်လည်ထူထောင်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ခန်းယွင်ခရိုင်ထဲမှာ တယွမ်ကုန်သွယ်ရေးအဖွဲ့ရဲ့ ဩဇာအာဏာ ကြီးထွားလာတာနဲ့အမျှ သူတို့က မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ကို ပြန်ပြီး အာဏာပြချင်လာကြတယ်”

“သူတို့က စီးပွားရေးလုပ်ငန်းသက်သက် ဖြစ်နေရတာကို မကျေနပ်တော့ဘဲ ခန်းယွင်ခရိုင်ထဲမှာ အာဏာပိုရဖို့ ကြိုးစားလာကြတာလေ”

“အကြီးမားဆုံး အချိုးအကွေ့ကတော့ လွန်ခဲ့တဲ့ ၈ နှစ်က စခန်း (၁) ရဲ့ ခေါင်းဆောင်နေရာ အပြောင်းအလဲပဲ။ အဲဒီတုန်းက စခန်း (၁) ခေါင်းဆောင် ရာထူးကဆင်းပြီး ယွင်ယင်းမြို့ကို ပြန်သွားတယ်။ အဲဒီအချိန်မှာပဲ ခေါင်းဆောင် ချိုက်ချင်းဟန်က စခန်း (၁) ကို တာဝန်ယူလိုက်တယ်။ အဲဒီအချိန်ကစပြီး တယွမ်ကုန်သွယ်ရေးအဖွဲ့က သူတို့အာဏာကို ဆက်လက်ချဲ့ထွင်လာခဲ့တာ”

ချွီးတယို ပြောနေစဉ်တွင် သူ၏မျက်လုံးများထဲ၌ လွမ်းဆွတ်တမ်းတမှုများ ပြည့်နှက်နေလေသည်။

ရွှီနင်သည် ဘေးတွင်ရပ်ကာ နားထောင်ရင်း တွေးတောနေမိသည်။

ခန်းယွင်ခရိုင် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ထဲတွင် ရာထူးအကြီးဆုံးမှာ တပ်မှူးကြီး ဝေ့ချန်ချင်း ဖြစ်ပြီး သူ့အောက်တွင် ခေါင်းဆောင် လေးဦးရှိသည်။ ၎င်းတို့မှာ ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင် နင်ဖုန်းဝမ်၊ စခန်း (၁) ခေါင်းဆောင် ချိုက်ချင်းဟန်၊ စခန်း (၂) ခေါင်းဆောင် ရှယွမ်ရှင်နှင့် စခန်း (၃) မှ ခေါင်းဆောင် ချွီးတယို တို့ ဖြစ်ကြသည်။

ထိုလူများထဲတွင် ချွီးတယိုသည် ရာထူးတိုးခံရမှု နောက်အကျဆုံးဖြစ်သဖြင့် သူ၏ အာဏာမှာ နှိုင်းယှဉ်ရလျှင် နည်းပါးလေသည်။

“ချိုက်ချင်းဟန်က ခေါင်းဆောင်ရာထူး တိုးပြီးတဲ့နောက်မှာ တယွမ်ကုန်သွယ်ရေးအဖွဲ့နဲ့ အရောင်းအဝယ်တွေ ဆက်တိုက် လုပ်ခဲ့တယ်။ သူနဲ့ တယွမ်ကုန်သွယ်ရေးအဖွဲ့ ပူးပေါင်းကြံစည်ကြတာပေါ့။ သူက တယွမ်ကုန်သွယ်ရေးအဖွဲ့ကို ခန်းယွင်ခရိုင်ရဲ့ မူဝါဒရေးဆွဲရေးအပိုင်းတွေမှာတောင် ပါဝင်ခွင့် ပေးခဲ့တယ်”

ချွီးတယို ပြောလေ လေသံက ပိုအေးစက်လာလေ ဖြစ်သည်။

“အဲဒါက ခန်းယွင်ခရိုင် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ရဲ့ အထက်ပိုင်း အပြောင်းအလဲတွေနဲ့လည်း တိုက်ဆိုင်နေတယ်။ တပ်မှူးကြီးနဲ့ ခေါင်းဆောင်တွေ တစ်ယောက်ပြီးတစ်ယောက် နှုတ်ထွက်သွားကြတယ်။ တပ်မှူးသစ်နဲ့ ခေါင်းဆောင်သစ်တွေ ရောက်လာပြီးတဲ့နောက်မှာ ချိုက်ချင်းဟန်က တယွမ်ကုန်သွယ်ရေးအဖွဲ့ကို မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ရဲ့ ကိစ္စရပ်တွေထဲ ပိုပိုပြီး ဆွဲသွင်းလာတော့တာပဲ”

“မင်းရောက်နေတဲ့ မေပယ်လမ်းကြား ကင်းစခန်းက ပါဝင်ပတ်သက်မှု အနက်ရှိုင်းဆုံးပဲ။ အထက်ကနေ အောက်ခြေအထိ အကုန်လုံးက တယွမ်ကုန်သွယ်ရေးအဖွဲ့ရဲ့ ရုပ်သေးရုပ်တွေချည်းပဲ”

ထိုစကားကို ကြားသောအခါ ရွှီနင်က မေးလိုက်သည်။ “ဒါပေမဲ့ ဆရာ... ချိုက်ချင်းဟန်က ဘယ်လောက်ပဲ အာဏာကြီးကြီး သူက ခေါင်းဆောင်တစ်ယောက်ပဲလေ၊ တပ်မှူးကြီး ဝေ့ချန်ချင်းကသာ အကြီးဆုံး မဟုတ်ဘူးလား... တပ်မှူးကြီးဝေ့က ချိုက်ချင်းဟန်ကို ဒီလိုလုပ်ခွင့်ပြုထားတာလား”

“တပ်မှူးကြီးဝေ့က ရာထူးပိုမြင့်တာတော့ မှန်ပါတယ်...” ချွီးတယိုက ပြောသည်။ “ဒါပေမဲ့ သူက ဒီကိစ္စတွေထဲ ဝင်မပါချင်ဘူး”

“တပ်မှူးကြီးဝေ့က ယွင်ယင်းမြို့က မိသားစုကြီးတစ်ခုကနေ ဆင်းသက်လာတာ၊ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီမှာ နှစ်အနည်းငယ်လောက် လာနေရတာလေ။ ဒီကာလအတွင်းမှာ တပ်မှူးကြီးဝေ့က ဘာပြဿနာမှ မလိုချင်ဘူး”

“အရင်တုန်းကတော့ ခေါင်းဆောင်ရှ နဲ့ ခေါင်းဆောင်နင် တို့က ချိုက်ချင်းဟန်ကို တိုက်ခိုက်ဖို့ စိတ်ဝင်စားခဲ့ကြပေမယ့် အကောင်းဆုံးအနေနဲ့ သူတို့အင်အားက ချိုက်ချင်းဟန်နဲ့ တယွမ်ကုန်သွယ်ရေးအဖွဲ့ကို ထိန်းထားနိုင်ရုံလောက်ပဲ ရှိတယ်။ တပ်မှူးကြီးဝေ့က စခန်း (၃) တည်ဆောက်ဖို့ သဘောတူလိုက်ပြီး ငါရာထူးတိုးလာတဲ့အချိန်မှာတော့ ချိုက်ချင်းဟန်ကို တုံ့ပြန်နိုင်တဲ့ ငါတို့ရဲ့အင်အားက အများကြီး တိုးလာခဲ့တယ်။ ဒါက ငါတို့ဘက်ကနေ စတင်တိုက်ခိုက်ဖို့ အခွင့်အရေး ရလာစေတာပဲ”

နားထောင်ပြီးနောက်တွင် ဤဇာတ်လမ်း မည်မျှနက်ရှိုင်းကြောင်း ရွှီနင် သဘောပေါက်သွားတော့သည်။

မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့၏ လူသစ်ရွေးချယ်မှု နောက်ကွယ်၌ အင်အားစုများ၏ အာဏာလုမှုအပြင် တွန်းလှန်မှု အကြောင်းရင်းများလည်း ရှိနေသည်။

လူသစ်အဖွဲ့သည် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ထဲသို့ မဝင်ရောက်မီကပင် အခြားသူများ၏ စီမံကိန်းထဲမှ အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့ချေပြီ။

ဤအချက်က ရွှီနင်ကို ကြိုးဆွဲရာကရသော ရုပ်သေးရုပ်ကဲ့သို့၊ အခြေအနေကို မထိန်းချုပ်နိုင်သကဲ့သို့ ခံစားလိုက်ရစေသည်။

“တယွမ်ကုန်သွယ်ရေးအဖွဲ့က မင်းကို ပစ်မှတ်ထားရတဲ့ အကြောင်းရင်းက ငါတို့ အရင်ကချခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ သက်ဆိုင်တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူသစ်တွေ နေရာချထားပေးတုန်းက မေပယ်လမ်းကြား ကင်းစခန်းက လူအင်အားလုံလောက်ပြီမို့လို့ လူသစ်တွေ ထပ်မပို့ဖို့ အတိအလင်း ပြောခဲ့တယ်။ အမှန်က ငါ့လူတွေကို မေပယ်လမ်းကြားထဲ ဝင်မလာစေချင်လို့လေ၊ ဒါပေမဲ့ ငါက မင်းကို အဲဒီမှာ တာဝန်ချထားလိုက်တယ်”

“ဒီလိုလုပ်ရတဲ့ အကြောင်းရင်းက မေပယ်လမ်းကြားက သူတို့ရဲ့ အခိုင်မာဆုံး အခြေစိုက်စခန်း ဖြစ်နေလို့ပဲ”

ချွီးတယိုက ရွှီနင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များ၏ အကြောင်းရင်းကို ရှင်းပြလိုက်သည်။

ရွှီနင် နားရှုပ်သွားရသည်။

ချွီးတယိုနှင့် အခြားသူများ၏ မျက်လုံးထဲတွင် သူသည် တိုက်စစ်ဆင်ရန် အသုံးချခံ နယ်ရုပ်လေးတစ်ရုပ် သို့မဟုတ် ပြိုင်ဘက်ကို အနေရခက်စေမည့် ဆူးတစ်ချောင်းသာ ဖြစ်နေသည်။

သူ မေပယ်လမ်းကြားတွင် ရှိနေသရွေ့ တယွမ်ကုန်သွယ်ရေးအဖွဲ့က စိတ်အနှောင့်အယှက် ဖြစ်နေရမည်။ သူသည် ဓားတစ်လက် ဖြစ်လာပြီး ဓားကိုင်ထားသူက အခွင့်အရေးရသည်နှင့် ထိုးစိုက်ပေလိမ့်မည်။

ထို့ကြောင့်ပင် တယွမ်ကုန်သွယ်ရေးအဖွဲ့သည် ဓားသွားတုံးသွားစေရန် သူ့ကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားခဲ့ခြင်းဖြစ်သည်။

“ဒါပေမဲ့ ရွှီနင်... မင်း ငါ့ကိုလည်း အပြစ်မတင်သင့်ပါဘူး”

ချွီးတယိုက ပြောလိုက်သည်။ “ငါတို့က တယွမ်ကုန်သွယ်ရေးအဖွဲ့ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေကြတာ။ မင်းက ငါတို့ရဲ့ ပထမဆုံး ခြေလှမ်းပဲ။ မင်းက ခက်ခဲတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်နေရပေမယ့် မင်းနောက်မှာ ခေါင်းဆောင် သုံးယောက် ရှိနေတယ်လေ။ မင်းရဲ့ လုံခြုံရေးအတွက် သိပ်စိတ်ပူစရာ မလိုပါဘူး။ ပြီးတော့ မင်းသာ တယွမ်ကုန်သွယ်ရေးအဖွဲ့ကို အနိုင်ယူပြီး သူတို့အင်အားကို လျှော့ချနိုင်မယ်ဆိုရင် မင်းက သူရဲကောင်း ဖြစ်လာမှာ”

“ငါ အခု ကတိပေးတယ်... တယွမ်ကုန်သွယ်ရေးအဖွဲ့ရဲ့ အာဏာ လျော့ကျသွားတာနဲ့ မင်းက စခန်း (၃) ရဲ့ ပထမဆုံး လက်ထောက်ခေါင်းဆောင် ဖြစ်လာရမယ်”

ထိုစကားကို ကြားသော်လည်း ရွှီနင်၏ မျက်နှာအမူအရာမှာ သိပ်ပြောင်းလဲမသွားပေ။

တကယ်တမ်းတွင် သူသည် လက်ထောက်ခေါင်းဆောင် ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ သူ့တွင် ရွေးချယ်ခွင့် မရှိခဲ့ချေ။

“ခေါင်းဆောင်...”

ရွှီနင် အခြေအနေကို နားလည်သော်လည်း မေးခွန်းတစ်ခု ရှိနေသေးသည်။ “ခေါင်းဆောင်... ဘာဖြစ်လို့ မေပယ်လမ်းကြားကို သွားဖို့ ကျွန်တော့်ကို ရွေးချယ်ခဲ့တာလဲ။ ကျွန်တော်က စိမ်းပြာအဆင့် လူသစ်တစ်ယောက်ပါ၊ ကျွန်တော့်ထက်တော်တဲ့ အဝါအဆင့် လူသစ်တွေ ရှိနေတာပဲ”

ချွီးတယို ရယ်မောလိုက်သည်။ “ဒါက တိုက်ဆိုင်မှုတစ်ခုပါပဲ”

“ပထမအချက်က ငါမင်းရဲ့ အချက်အလက်တွေကို စစ်ဆေးကြည့်တယ်။ မင်းက ထောင်ရွာအတွက်ဆို အပြင်လူတစ်ယောက်။ ယေဘုယျအားဖြင့် ပြောရရင် အပြင်လူတွေက ရွာသားတွေနဲ့ အဆင်ပြေဖို့ ခက်ခဲကြတယ်။ ဒါပေမဲ့ ငါ့ရဲ့ လေ့လာချက်အရ မင်းက ထောင်ရွာနဲ့ တသားတည်း ကျနေတယ်။ ထောင်ရွာက လူငယ်တွေက မင်းကို လက်ခံကြတယ်။ အနည်းဆုံးတော့ ဒါက မင်းဟာ လူဆိုးတစ်ယောက် မဟုတ်ဘူးဆိုတာ ပြသနေတာပဲ”

“လူဆိုးတစ်ယောက် မဟုတ်ဘူး...”

ရွှီနင် တိတ်ဆိတ်စွာ နားထောင်နေသည်။

“ဒုတိယအချက်က မင်း ထန်ရွာက လူငယ်နဲ့ တိုက်ခိုက်တုန်းက ငါ မင်းကို စောင့်ကြည့်နေခဲ့တာ။ မင်းက သွေးဆူလွယ်တဲ့ တခြားလူငယ်တွေနဲ့ မတူဘူး။ နှစ်ဖက်တိုက်ခိုက်နေချိန်မှာ မင်းက အားအများကြီးမသုံးဘဲ အခွင့်အရေးကို ရှာဖွေနေရင်း အားစိုက်ထုတ်မှုနည်းနည်းနဲ့ အကျိုးရှိတဲ့ဆုံးဖြတ်ချက်တွေချခဲ့တယ်။ ငါ့အမြင်မှာတော့ မင်းက ဉာဏ်ကောင်းတဲ့လူပဲ”

“မေပယ်လမ်းကြားမှာ သန်မာတဲ့လူကို ထားတာထက် ဉာဏ်ရှိတဲ့လူကို ထားတာက ပိုကောင်းတယ်။ မင်းအနေနဲ့ အကျင့်ပျက်ခြစားခံရဖို့ အခွင့်အလမ်းနည်းပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ နည်းလမ်းတွေ ရှာတွေ့လိမ့်မယ်။ ပြီးတော့ အချိန်အခါသင့်ပြီး အခြေအနေပေးလာရင် မင်းမှာ ပြိုင်ဘက်ကို သေစေလောက်တဲ့ ဒဏ်ရာရအောင် လုပ်နိုင်စွမ်း ရှိတယ်”

“ဒါ့အပြင် မင်းက တယွမ်ကုန်သွယ်ရေးအဖွဲ့ရဲ့ ပြဿနာတွေကို သတိထားမိပြီး အကွာအဝေးတစ်ခုကနေ ဆက်ဆံဖို့ ရွေးချယ်ခဲ့တယ်။ ဒါက ငါ့အမြင် မှန်ကန်ကြောင်း ပြသလိုက်တာပဲ”

နောက်ဆုံးတွင် ချွီးတယိုက ရွှီနင်အား သတင်းအချက်အလက် အကုန်လုံး ပေးလိုက်လေသည်။

ချွီးတယိုအနေဖြင့် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့၏ အတွင်းရေးကိစ္စအားလုံးကို သိရှိနိုင်မည်မဟုတ်ဟု ရွှီနင် ခံစားမိသော်လည်း နားထောင်ပြီးနောက်တွင် ရွှီနင် ယုံကြည်မှု အပြည့်ရှိသွားသည်။

ရွှီနင်သည် အနာဂတ်တွင် မေပယ်လမ်းကြား ကင်းစခန်းကို မည်သို့ကိုင်တွယ်ရမည်၊ တယွမ်ကုန်သွယ်ရေးအဖွဲ့နှင့် ဆက်ဆံရေးကို မည်သို့ထားရှိရမည်ကို သဘောပေါက်သွားသည်။

“ကဲ... ဒီလောက်ဆို ရပါပြီ”

ချွီးတယိုသည် စားပွဲပေါ်မှ သစ်သားသေတ္တာကို ယူလိုက်ပြီး ရွှီနင်ထံ ပစ်ပေးလိုက်သည်။ “ယူသွားလိုက်၊ ဒါ မင်းအတွက်ပဲ”

ရွှီနင် တွန့်ဆုတ်စွာဖြင့် လှမ်းယူလိုက်သည်။

ထိုအရာကို မြင်သော် ချွီးတယိုက ပြောလိုက်သည်။ “ဒီသစ်သားသေတ္တာကို ငါသိမ်းဆည်းထားတာ၊ ဒါ ငါ့ပစ္စည်းပဲ။ အခု ငါမင်းကို ပေးလိုက်ပြီ၊ မင်း စိတ်ပူစရာ မလိုဘူး”

“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ချွီး”

ရွှီနင် ကျေးဇူးတင်စကား ပြောလိုက်သော်လည်း ထွက်မသွားသေးပေ။

“ဘာကိစ္စ ရှိသေးလို့လဲ”

ချွီးတယို မေးလိုက်သည်။

“ခေါင်းဆောင်...” ရွှီနင်က စမ်းတဝါးဝါး မေးလိုက်သည်။ “ဒီ ချင်းလျိုဆေးပြား သုံးပြားကို ငွေသားနဲ့ လဲလို့ရမလားခင်ဗျာ”

All Chapters