← Chapters

သာမန်လူသားနယ်ပယ် တတိယအဆင့် (အတွင်းအားပြည့်ဝအဆင့်)

Vol. 4 Ch. 39

သာမန်လူသားနယ်ပယ် တတိယအဆင့် (အတွင်းအားပြည့်ဝအဆင့်)

Vol. 4 Ch. 39

နောက်တစ်နေ့…

မေပယ်လမ်းကြား ကင်းစခန်း၌

ရွှီနင်သည် စတုဂံပုံသဏ္ဌာန် သစ်သားသေတ္တာတစ်လုံးကို ကိုင်ဆောင်လျက် ကင်းစခန်းထဲသို့ ဝင်လာခဲ့သည်။

ထိုအချိန်တွင် ဖုန်ဆစ်ကွား ချဉ်းကပ်လာသည်။

“ဆရာ...” ဖုန်ဆစ်ကွားကသည် ရွှီနင်အနားသို့ ကပ်လာပြီး အသံနှိမ့်ကာ ပြောလိုက်သည်။ “ဒီနေ့ ကင်းစခန်းကို မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင်တချို့ ရောက်နေကြတယ်၊ သူတို့အားလုံး လက်ထောက်ချန်ရဲ့ စာကြည့်ခန်းထဲမှာ ရောက်နေကြတယ်”

“သူတို့က ဘာလာလုပ်ကြတာတဲ့လဲ”

ရွှီနင် မေးလိုက်သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မေပယ်လမ်းကြားတွင် ရွှီနင်သည် လုပ်ဖော်ကိုင်ဖက် သုံးလေးယောက်ကိုသာ တွေ့ဖူးပြီး သူတို့အားလုံး ကင်းစခန်းတွင် တစ်ပြိုင်နက် ရှိနေသည်ဟူ၍ တစ်ခါမှ မကြုံဖူးပေ။

ဒီမနက် ရောက်လာကြသော မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင်များကို သူ မသိကြောင်း ဖုန်ဆစ်ကွားက ပြောပြလေသည်။

“ရုတ်တရက် အစည်းအဝေး ခေါ်တာများလား...”

ဖုန်ဆစ်ကွားက ပြန်ဖြေလိုက်သည်။

“ငါ့ကိုရော မမေးကြဘူးလား”

ရွှီနင် မေးလိုက်သည်။

ဖုန်ဆစ်ကွား မျက်မှောင်ကြုတ်သွားပြီး “မမေးဘူး” ဟု ဖြေလေသည်။

ရွှီနင် ပြုံးလိုက်သည်။ “ဒါဆိုရင်လည်း ငါနဲ့မဆိုင်ပါဘူး၊ ထားလိုက်ပါတော့”

ဖုန်ဆစ်ကွားသည် ခေါင်းမော့ကာ ရွှီနင်ကို တစ်ချက်ကြည့်လိုက်သည်။ ဆရာရွှီနင်သည် လက်ထောက်ချန်နှင့် အခြားလုပ်ဖော်ကိုင်ဖက်များအပေါ် ပေါ့ပေါ့ပါးပါး သဘောထားရှိပုံရပြီး ဖယ်ကြဉ်ခံရသည့်တိုင် စိတ်လှုပ်ရှား ခံစားနေရပုံ မပေါ်ချေ။

“ငါနဲ့ လိုက်ခဲ့”

ရွှီနင်က ဖုန်ဆစ်ကွားကို ပြောလိုက်သည်။ “ငါ လုပ်စရာကိစ္စလေး ရှိလို့... မင်းက တံခါးဝမှာ စောင့်နေပေး၊ ဘယ်သူမှ ပေးမဝင်နဲ့”

“လက်ထောက်ချန်က ငါ့ကို အစည်းအဝေးတက်ဖို့ လာခေါ်ရင်တောင် မနှောင့်ယှက်နဲ့၊ ငါပြီးတဲ့အထိ စောင့်ခိုင်းလိုက်”

ရွှီနင်က လှည့်ထွက်သွားရင်း မှာကြားလိုက်သည်။

“ဟုတ်ကဲ့ပါ ဆရာ”

ဖုန်ဆစ်ကွားက အလျင်အမြန် ပြန်ဖြေလိုက်သည်။

ဒီနေ့ ရွှီနင်၏ပုံစံမှာ ထူးထူးခြားခြား တည်ကြည်လေးနက်နေသည်ဟု သူ ခံစားလိုက်ရသည်။

မေပယ်လမ်းကြား ကင်းစခန်းမှာ အတော်လေး ကြီးမားကျယ်ဝန်းသော်လည်း ရွှီနင်အပါအဝင် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင် ခုနစ်ဦးသာ ရှိလေသည်။ ထို့ကြောင့် လူတိုင်း၏ စာကြည့်ခန်းများမှာ ကျယ်ဝန်းပြီး အခန်းဝတွင် ကိုယ်ပိုင်ခြံဝင်းငယ်လေးတစ်ခုစီ ပါရှိကြသည်။

ရွှီနင်သည် စာကြည့်ခန်းထဲသို့ ဝင်သွားပြီး ဖုန်ဆစ်ကွားသည် တံခါးဝတွင် စောင့်နေလိုက်သည်။

ရွှီနင် ဘာလုပ်မည်ကို သူ မသိသော်လည်း ဆရာရွှီ၏ အမိန့်ကို ရိုးရှင်းစွာ နာခံလိုက်ခြင်းသာ ဖြစ်သည်။

ရွှီနင် စာကြည့်ခန်းထဲ ဝင်သွားပြီး မကြာမီမှာပင် မြို့စောင့်တပ်သားတစ်ဦး ရောက်လာလေသည်။

“အစ်ကိုဆစ်ကွား...”

မြို့စောင့်တပ်သားသည် တံခါးဝရှိ ဖုန်ဆစ်ကွားကို မြင်လိုက်ရသောအခါ အတင်းကာရော ပြုံးပြလိုက်သည်။

မြို့စောင့်တပ်သား၏ ဆက်ဆံရေးအပေါ် ဖုန်ဆစ်ကွား ကျေနပ်သွားသော်လည်း အပေါ်ယံတွင်မူ တည်ငြိမ်နေဆဲပင်။ “ဆရာရွှီ အလုပ်ရှုပ်နေတယ်၊ သူ့ကို မနှောင့်ယှက်ပါနဲ့”

မြို့စောင့်တပ်သားမှာ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

သူက “လက်ထောက်ချန်က ဆရာရွှီကို အစည်းအဝေးတက်ဖို့ ခေါ်ခိုင်းလိုက်လို့ပါ” ဟု ပြောလိုက်သည်။

“ဘယ်အချိန်လဲ”

ဖုန်ဆစ်ကွား မျက်ခုံးပင့်သွားသည်။

“အခုပါ”

မြို့စောင့်တပ်သားက ပြန်ဖြေသည်။

ဖုန်ဆစ်ကွား၏ မျက်နှာမှာ ခံစားချက်ကင်းမဲ့နေ၏။ “ကောင်းပြီ၊ ငါ ဆရာရွှီကို ပြောလိုက်မယ်”

“ကျေးဇူးပါဗျာ”

မြို့စောင့်တပ်သားက ဦးညွှတ်အရိုအသေပေးပြီး လှည့်ထွက်သွားလေသည်။

မြို့စောင့်တပ်သား ထွက်သွားပြီးနောက် ဖုန်ဆစ်ကွားသည် ခေါင်းလှည့်ကာ စာကြည့်ခန်းဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် မူလနေရာမှာပင် ဆက်လက်ရပ်နေရန် ဆုံးဖြတ်လိုက်သည်။

ဆရာရွှီက သူ့ကို မနှောင့်ယှက်ရန် ပြောထားပြီးဖြစ်ရာ ဖုန်ဆစ်ကွားသည် တံခါးဝတွင်သာ ဆက်လက်စောင့်ကြပ်နေလိုက်တော့သည်။

…

စာကြည့်ခန်းထဲတွင် ဖြစ်သည်။

ရွှီနင်သည် စတုဂံပုံ သစ်သားသေတ္တာကို စားပွဲပေါ်တင်လိုက်ပြီး ညင်သာစွာ ဖွင့်လိုက်လေသည်။

သေတ္တာထဲတွင် ပျံလွှားမြီးမြက် ခြောက်ပင်ကို သပ်ရပ်စွာ စီစီရီရီ ထည့်ထားသည်။

မနေ့ညက ချွီးတယိုသည် ရွှီနင်အား ချင်းလျိုဆေးပြား သုံးပြား ပေးခဲ့သည်။

သို့သော် ရွှီနင်သည် ချင်းလျိုဆေးပြားများကို တိုက်ရိုက်လက်မခံခဲ့ဘဲ ဆေးပြားအစား ငွေသားဖြင့် လဲလှယ်ပေးရန် တောင်းဆိုခဲ့သည်။

ချွီးတယိုက မေးခွန်းထုတ်မနေဘဲ ချက်ချင်း သဘောတူခဲ့သည်။ သူသည် ချင်းလျိုဆေးပြား သုံးပြားအစား အမှတ် ၃ စခန်း၏ ပစ္စည်းသိုလှောင်ရုံမှ ငွေစ ၁၅၀၀ ကို ထုတ်ပေးခဲ့သည်။

ရွှီနင်သည် ပျံလွှားမြီးမြက်နှင့် တိုက်ရိုက်လဲလှယ်လိုသော်လည်း ဆေးလုံးများကို ဝိညာဉ်ဆေးပင်နှင့် ဘာကြောင့် လဲလှယ်ချင်ရသလဲ ဆိုသည်ကို ရှင်းပြရန် ခက်ခဲပေလိမ့်မည်။ သူသည် ချွီးတယို သံသယဝင်မည်ကို မလိုလားသဖြင့် ငွေသားဖြင့်သာ လဲလှယ်ခဲ့ခြင်း ဖြစ်သည်။

ယခုမနက်တွင် ရွှီနင်သည် အခြားလမ်းကြားတစ်ခုသို့ သွားရောက်ကာ တယွမ်ကုန်သွယ်ရေးအဖွဲ့ပိုင် မဟုတ်သော ဆေးဆိုင်တစ်ဆိုင်ကို ရှာဖွေပြီး ငွေစ ၁၅၀၀ ကို ပျံလွှားမြီးမြက်များနှင့် လဲလှယ်ခဲ့လေသည်။

ဆိုင်ရှင်က သူ့ကို မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ ဝတ်စုံဖြင့် မြင်သောအခါ ဈေးလျှော့ပေးခဲ့သည်။ ငွေစ ၁၅၀၀ ဖြင့် ပျံလွှားမြီးမြက် ခြောက်ပင် ရရှိခဲ့ရာ ပျမ်းမျှအားဖြင့် တစ်ပင်လျှင် ငွေစ ၂၅၀ ကျသင့်ခဲ့သည်။

ဤဈေးနှုန်းသည် ကောယယ်ထက် ပိုများနေသော်လည်း ဆိုင်ရှင်အတွက်မူ အမြတ်အစွန်း နည်းပါးလှပေသည်။

ဤသည်မှာ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင် ဖြစ်ခြင်း၏ မမြင်နိုင်သော အကျိုးကျေးဇူးများထဲမှ တစ်ခုပင် ဖြစ်သည်။

‘ပျံလွှားမြီးမြက် ခြောက်ပင်... ဒါတွေကို စုပ်ယူပြီးရင် ငါ့ဆီမှာ စွမ်းအင် ၁၈ ယူနစ် ရလာလိမ့်မယ်...’

ရွှီနင်သည် သေသပ်စွာ စီထားသော ပျံလွှားမြီးမြက်များကို ကြည့်ရင်း ပြုံးလိုက်မိသည်။

သူသည် ဆေးပင်တစ်ပင်ကို လက်ဖြင့် ဆုပ်ကိုင်လိုက်ရာ စွမ်းအင်စုပ်ယူမည့် အသိပေးချက်တစ်ခု သူ၏ရှေ့တွင် ပေါ်လာလေသည်။

—

စွမ်းအင် ရှာတွေ့သည် - ၃ ယူနစ်

စုပ်ယူမည်လား။

စုပ်ယူမည်/မစုပ်ယူပါ

—

“စုပ်မည်”

ရွှီနင် တုံဆိုင်းမနေပေ။

ရွှီနင်သည် ဤလုပ်ငန်းစဉ်ကို ခြောက်ကြိမ်တိုင်တိုင် ထပ်ခါတလဲ လုပ်ဆောင်လိုက်သည်။

စွမ်းအင်ကို စုပ်ယူလိုက်တိုင်း ရွှီနင်သည် ဖော်ပြမရနိုင်သော ကျေနပ်မှုမျိုးကို ခံစားလိုက်ရသည်။

နောက်ဆုံးတွင် ပျံလွှားမြီးမြက် ခြောက်ပင်စလုံး ညှိုးနွမ်းခြောက်သွေ့သွားကြသည်။

ရွှီနင်သည် ညှိုးနွမ်းသွားသော ပျံလွှားမြီးမြက် ခြောက်ပင်ကို မီးဖိုထဲသို့ ပစ်ထည့်လိုက်ရာ သဲလွန်စမကျန် ပျောက်ကွယ်သွားတော့သည်။

ရွှီနင်၏ သိုင်းပညာမျက်နှာပြင်သည် အသစ် ပြောင်းလဲသွားလေသည်။

—

အမည် - ရွှီနင်

သိုင်းပညာ -

နွေဦးလေပြည်ကျင့်စဉ် (သာမန်လူသားနယ်ပယ် ဒုတိယအဆင့် - အရိုးအကြောနယ်ပယ်)+

လေပြင်းမုန်တိုင်းဓားနည်းစနစ် (အလယ်အလတ်အဆင့်)+

ပေါ့ပါးငှက်မွှေး လေးအတတ်ပညာ (အခြေခံအဆင့်)+

မူလအသက်ရှူနည်း ခန္ဓာကျင့်စဉ် (အစပျိုးအဆင့်)+

ရရှိနိုင်သော စွမ်းအင် - ၂၄ ယူနစ်

—

‘ရရှိနိုင်သော စွမ်းအင်က ၂၄ ယူနစ်တောင်...’

ရွှီနင်တွင် ယခင်က ဤမျှလောက်များပြားသော စွမ်းအင်လက်ကျန်မျိုး မရှိခဲ့ဖူးပေ။

ယခင်က ရွှီနင်၌ စွမ်းအင် ၆ ယူနစ် စုဆောင်းမိထားသည်။ သူသည် သာမန်လူသားနယ်ပယ် တတိယအဆင့်ဖြစ်သော အတွင်းအားပြည့်ဝအဆင့်သို့ မြှင့်တင်ရန်အတွက် စွမ်းအင် ၁၂ ယူနစ်အထိ စုဆောင်းရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ။ ချွီးတယို ပေးလိုက်သော ချင်းလျိုဆေးပြား သုံးပြားကို ပျံလွှားမြီးမြက်များနှင့် လဲလှယ်လိုက်ခြင်းက လုပ်ငန်းစဉ်ကို မြန်ဆန်သွားစေခဲ့သည်။

ရွှီနင် တုံဆိုင်းမနေတော့ပေ။ သူသည် နွေဦးလေပြည်ကျင့်စဉ် ဘေးရှိ “+” ခလုတ်ကို နှိပ်လိုက်သည်။

—

နွေဦးလေပြည်ကျင့်စဉ်ကို အဆင့်မြှင့်တင်ရန် စွမ်းအင် ၁၂ ယူနစ် သုံးစွဲမည်လား။

လုပ်မည်/မလုပ်ပါ

—

“လုပ်မည်”

ရွှီနင်၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေလေသည်။

ထို့နောက် မျက်နှာပြင်သည်အသစ်ပြောင်းလဲသွားသည်။

—

အမည် - ရွှီနင်

သိုင်းပညာ -

နွေဦးလေပြည်ကျင့်စဉ် (သာမန်လူသားနယ်ပယ် တတိယအဆင့် - အတွင်းအားပြည့်ဝအဆင့်)+

လေပြင်းမုန်တိုင်းဓားနည်းစနစ် (အလယ်အလတ်အဆင့်)+

ပေါ့ပါးငှက်မွှေး လေးအတတ်ပညာ (အခြေခံအဆင့်)+

မူလအသက်ရှူနည်း ခန္ဓာကျင့်စဉ်(အစပျိုးအဆင့်)+

ရရှိနိုင်သော စွမ်းအင် - ၁၂ ယူနစ်

—

မျက်နှာပြင် ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် ရွှီနင်သည် လေ့ကျင့်ရေးနယ်ပယ်သို့ ပထမဆုံး ရောက်ရှိစဉ်ကကဲ့သို့ ခန္ဓာကိုယ်အတွင်းရှိ သွေးများ ဆူပွက်လာသော ခံစားမှုကို ခံစားလိုက်ရသည်။

သူ့ခန္ဓာကိုယ်ထဲတွင် မီးအိမ်ပေါင်း ရာချီ လောင်ကျွမ်းနေသကဲ့သို့ ပူလောင်ပြင်းပြသော ခံစားမှုသည် ပိုမိုပြင်းထန်လာလေသည်။

သို့သော် ဤကဲ့သို့ ပူလောင်သော ခံစားမှုသည် နာကျင်ခြင်းမျိုး မဟုတ်ဘဲ သူ၏ အသားအရေနှင့် ကြွက်သားများကို ပိုမိုသန်မာလာစေရန် သွန်းလောင်းပုံဖော်ပေးနေသကဲ့သို့ ခံစားရသည်။

ရွှီနင်သည် အော်ဟစ်လိုက်ချင်စိတ်ကို မနည်းထိန်းချုပ်ထားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်မှ စွမ်းအားနှင့် အင်အားများ ပေါက်ကွဲထွက်ပေါ်လာသည်ကို ခံစားနေရ၏။ သူသည် အပြင်ထွက်၍ မီတာ တစ်သောင်းခန့် မောပန်းခြင်းမရှိဘဲ ပြေးလွှားနိုင်လိမ့်မည်ဟု ခံစားနေရသည်။

‘အတွင်းအားပြည့်ဝအဆင့်ကို ရောက်ပြီးတဲ့နောက်မှာ ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက ကဏ္ဍစုံမှာ တိုးတက်လာပြီး သာမန်လူသားခန္ဓာကိုယ်ရဲ့ အကန့်အသတ်ကို ရောက်ရှိသွားပြီပဲ... ခွန်အား၊ အမြန်နှုန်း၊ ပေါ့ပါးသွက်လက်မှုနဲ့ ခံနိုင်ရည်တွေ အများကြီး တိုးတက်လာတယ်... ဒီအခြေအနေမှာ ခန္ဓာကိုယ်ကြံ့ခိုင်မှု အင်အားက သာမန်လူတွေနဲ့ နှိုင်းယှဉ်လို့ မရတော့ဘူး’

ရွှီနင် လက်သီးတစ်ချက် ထိုးထုတ်လိုက်သည်။

သူသည် ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ရာ အရိုးအကြောနယ်ပယ်တွင် ရှိစဉ်က ကြားရလေ့ရှိသော တဝုန်းဝုန်းမြည်သံများ ပျောက်ကွယ်သွားပြီး၊ ၎င်းအစား သူ၏ ခန္ဓာကိုယ်ထဲတွင် သွေးများ ပွက်ပွက်ဆူနေသကဲ့သို့ တိုးညှင်းသော မြည်သံများဖြင့် အစားထိုးသွားလေသည်။

သို့သော် ထိုမြည်သံမှာ အလွန်တိုးညှင်းလှသည်။ သူ၏ ခန္ဓာကိုယ်အင်အား အပြည့်အဝကို အသုံးပြုမှသာ ရွှီနင် ကိုယ်တိုင် ပြန်ကြားနိုင်ရုံမျှသာ ရှိလေသည်။

‘ဒါကြောင့် အတွင်းအားကျင့်စဉ်က အဓိက ခွန်အားအရင်းအမြစ် ဖြစ်နေတာ ကိုး’

သူ၏ခန္ဓာကိုယ်၌ ကြီးမားသော ပြောင်းလဲမှုကို ခံစားလိုက်ရပြီးနောက် ရွှီနင် သက်ပြင်းချလိုက်မိသည်။ ‘အတွင်းအားကျင့်စဉ် သိုင်းပညာရှင်တစ်ယောက်ဟာ ပြင်ပသိုင်းပညာ အခြေခံအဆင့်လောက်ပဲ ရှိရင်တောင်မှ ပြင်ပသိုင်းပညာ သီးသန့်ကျင့်ကြံသူကို အလွယ်တကူ အနိုင်ယူနိုင်တာပဲ... ဒီလိုစွမ်းအားမျိုးက ရုပ်ပိုင်းဆိုင်ရာ ခွန်အားကွာခြားချက် သက်သက်တင် မဟုတ်ဘဲ ပိုမိုသန်မာတဲ့ ခန္ဓာကိုယ်က သေစေနိုင်တဲ့ တိုက်ခိုက်စွမ်းအားကိုလည်း တိုးမြင့်စေနိုင်တာကိုး’

‘လေပြင်းမုန်တိုင်းဓားနည်းစနစ်နဲ့ အတွင်းအားပြည့်ဝအဆင့် ပေါင်းစပ်လိုက်မယ်ဆိုရင် လူသစ်တွေထဲမှာ ငါက အသန်မာဆုံး ဖြစ်လောက်ပြီ...’

ရွှီနင်သည် ဘဝင်မြင့်နေခြင်း မဟုတ်ပေ။

ရွှီနင်၏ လေ့လာတွေ့ရှိချက်များအရ သိုင်းပညာမျက်နှာပြင်မှတစ်ဆင့် အဆင့်မြှင့်တင်လိုက်တိုင်း သူ၏ အတွင်းအားဖြစ်စေ၊ ပြင်ပသိုင်းပညာဖြစ်စေ သက်ဆိုင်ရာ နယ်ပယ်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားလေ့ရှိသည်။

‘အရည်အချင်းစစ်ဆေးပွဲမှာ အဝါရောင်သတ္ထုပြား ရဖို့ဆိုတာ မခက်ခဲလောက်တော့ဘူး’

ရွှီနင်သည် သိုင်းပညာမျက်နှာပြင်ကို တစ်ချက် ပြန်ကြည့်လိုက်သည်။

ရရှိနိုင်သော စွမ်းအင် ၁၂ ယူနစ် ကျန်ရှိနေသေးသည်။

သူသည် ထို ၁၂ ယူနစ်ကို ချက်ချင်း အသုံးမပြုသေးဘဲ နွေဦးလေပြည်ကျင့်စဉ် ဘေးရှိ “+” ခလုတ်ကို နှိပ်လိုက်သည်။

—

နွေဦးလေပြည်ကျင့်စဉ်ကို အဆင့်မြှင့်တင်ရန် စွမ်းအင် ၂၅ ယူနစ် သုံးစွဲမည်လား။

လုပ်မည်/မလုပ်ပါ

—

‘၂၅ ယူနစ်တောင်...’

ရွှီနင် မျက်မှောင်ကြုတ်လိုက်မိသည်။

သာမန်လူသားနယ်ပယ် စတုတ္ထအဆင့်သို့ တက်လှမ်းရန် လိုအပ်သော စွမ်းအင်ပမာဏသည် နှစ်ဆကျော် တိုးမြင့်သွားခဲ့သည်။

သို့သော် သာမန်လူသားနယ်ပယ် တတိယအဆင့်နှင့် စတုတ္ထအဆင့်ကြားတွင် ကြီးမားသော ကွာဟချက်ရှိကြောင်း ရွှီနင် နားလည်ထားသည်။

သာမန်လူသားနယ်ပယ်၏ ပထမအဆင့်သုံးဆင့်သည် လူသားခန္ဓာကိုယ်ကို အဓိကထား မြှင့်တင်ပေးခြင်းဖြစ်သည်။ အတွင်းအားပြည့်ဝအဆင့်သို့ ရောက်ရှိပြီးနောက်တွင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် ယေဘုယျအားဖြင့် အမြင့်ဆုံးကန့်သတ်ချက်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ထပ်မံ အဆင့်မြှင့်တင်ပါက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာဦးမည် ဖြစ်သော်လည်း သာမန်လူသားနယ်ပယ် တတိယအဆင့် နောက်ပိုင်းတွင်မူ အခြေခံကျကျ ပြောင်းလဲတော့မည် မဟုတ်ပေ။

သာမန်လူသားနယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိပြီးနောက်တွင်မူ အတွင်းအားကျင့်စဉ် တိုးတက်မှုများသည် အတွင်းအားချီစွမ်းအင် ကျင်းကြံခြင်းသို့ ပြောင်းလဲသွားမည် ဖြစ်သည်။

ဤအဆင့်မှစတင်၍ ရန်သူကို အနိုင်ယူသော နည်းလမ်းသည် ခွန်အားနှင့် အမြန်နှုန်းအပေါ် မူတည်တော့မည် မဟုတ်ဘဲ မိမိ၏ အတွင်းအားချီစွမ်းအင်အပေါ်တွင်သာ မူတည်တော့မည် ဖြစ်သည်။

မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့တွင်မူ သာမန်လူသားနယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိခြင်းကို လက်ထောက်တပ်ခွဲမှူး ဖြစ်လာရန် အခြေခံလိုအပ်ချက်အဖြစ် သတ်မှတ်ထားကြလေသည်။

All Chapters