အနည်းဆုံး သူ့ထက်ပိုကောင်းတယ်
Vol. 19 Ch. 280
“အာ့ထောင် တကယ်တော့ ငါ့ဆရာကလည်း ငါ့ကို ဒီပုစ္ဆာမေးခဲ့ဖူးတယ်။ ငါဘယ်လိုဖြေခဲ့လဲ ခန့်မှန်းကြည့်မလား”
နတ်ဆေးသမားတော် ရှန်းဟယ်သည် ဖြည်းညင်းစွာ ထရပ်လာသည်။ သူ့မျက်လုံးများမှာ မှောင်ရိပ်သန်းနေပြီး သူ့မျက်နှာပေါ်ရှိ အပြုံးမှာ ပိုပို၍ စဉ်းစားမရအောင် နက်နဲလာလေသည်။
ကျီကျောက်သည် ဒီအကြောင်းအား အလေးအနက် တွေးလိုက်မိသည်။ ထို့နောက် သူမ၏ ခေါင်းလေးအား ညင်သာစွာ ခါလိုက်ကာ ပြောလေသည်။
“ဆရာသခင်ရဲ့ အဖြေကို တပည့် မခန့်မှန်းတတ်ပါဘူး။ ဒါပေမဲ့ ဆရာသခင်ရဲ့ အဖြေက တပည့်အဖြေနဲ့ သေချာမှာ ကွဲပြားနေမယ်လို့ ထင်မိပါတယ်”
“အ ရင် ကယ် ပြီး မှ သတ်”
နတ်ဆေးသမားတော် ရှန်းဟယ်သည် သူ့မျက်လုံးထဲမှ ကြမ်းကြုတ်မှုများအား ဖုံးကွယ်ရန် မျက်လုံးများအား အောက်စိုက်လိုက်ပြီး သက်ပြင်းဖျော့ဖျော့ ချလိုက်မိသည်။
ကျီကျောက် ထိုအဖြေအားကြားလိုက်ပြီးနောက် သူမ အစပိုင်း၌ အနည်းငယ် မှင်သက်သွားမိသည်။ ထိုအဖြေအား ဂရုတစိုက် စဉ်းစားပြီးနောက် ယုတ္တိရှိကြောင်း သူမ ခံစားလိုက်ရသည်။
“လူတချို့ ထင်ကြတာက မင်းရဲ့ ဆရာ ငါက လောကကြီးကို ဂရုစိုက်တယ်လို့ပေါ့။ ဒါပေမဲ့ ဒီလို မှားယွင်းတဲ့ ဂုဏ်သတင်းတွေကို ငါဘယ်တုန်းကမှ မလိုချင်ခဲ့ဖူးဘူး”
ဆရာကြီးသည် ရုတ်တရက် ခါးသီးစွာ ရယ်လိုက်မိတော့သည်။
“ဒါကို မေ့လိုက်ပါတော့…. အတိတ်ကို ပြန်ပြီးမပြောကြရအောင်။ ဒါပေမယ့် ငါ့တပည့်အလိမ္မာလေး မင်းအဖြေက အရမ်းကောင်းတယ်လို့ ဆရာထင်တယ်”
အနည်းဆုံး သူ့အဖြေထက် ပိုကောင်းနေတယ်လေ။
အရင်ချိန်တုန်းက သူ၏ ဆေးပညာ လေ့လာရသည့် မူလရည်ရွယ်ချက်မှာ လူတွေအား ထိခိုက်စေရန် ဖြစ်လေသည်။ ဒါပေမဲ့ အာ့ထောင်ကတော့ သူနှင့် ကွဲပြားသည်။
သူ့တပည့်အလိမ္မာလေးကတော့ စိတ်ရင်းစေတနာနှင့်ပြည့်စုံသည့် နှလုံးသားရှိပေသည်။
“ဆရာသခင် အတိတ်မှာ ဘယ်လို နာကျင်မှုမျိုး တွေ့ကြုံခဲ့ရတယ်ဆိုတာ တပည့်မသိပေမဲ့ အနာဂတ်မှာတော့ ဆရာ အခုထက် ပိုပြီး ပျော်ရွှင်စွာ နေနိုင်ဖို့ တပည့်မျှော်လင့်ပါတယ်”
ကျီကျောက်သည် သူ့မျက်လုံးထဲသို့ကြည့်၍ စိတ်ရင်းအမှန်ဖြင့် ပြောလိုက်သည်။ သူမ၏ စစ်မှန်သည့် အကြည့်များဖြင့် ကြည့်နေသည်ကို မြင်လိုက်ရတဲ့အခါ ဆရာကြီးမှာ မပြုံးပဲ မနေနိုင်စွာ ပြုံးလိုက်မိသည်။
သူ ကျီကျောက်အား တပည့်အဖြစ် ကောက်ကာငင်ကာ လက်ခံခဲ့သည့် တဒင်္ဂသည် သူလုပ်ခဲ့ဖူးသမျှထဲ၌ အမှန်ကန်ဆုံးအရာဖြစ်နိုင်ပေသည်။ ဇွန်လ ခြောက်ရက်မြောက်နေ့၌ ကျီကျောက်နှင့် ရှန်းယောင်တို့၏ မင်္ဂလာပွဲကျင်းပရန် ဆယ်ရက်အလိုသာ ကျန်တော့သည် ဖြစ်ပေသည်။ ကျီကျောက်မှလွဲ၍ ရှန်းမိသားစုရှိ လူတိုင်းမှာ ဖနောင့်နှင့် မြေကြီး မထိနိုင်အောင် အလုပ်ရှုပ်နေကြလေသည်။
သူမ ကူညီဖို့ လုပ်သည့်အချိန်တိုင်း၌ ကျောက်လန်ဟွာသည် သူမအား တားမြစ်လေသည်။
“အမေတို့ အာ့ထောင်လေး ဘာမှစိတ်ပူမနေနဲ့နော်….ကောင်းကောင်းအိပ် ကောင်းကောင်းစား ပြီးရင် သတို့သမီး လှလှလေး လုပ်ရမယ်နော်”
မင်္ဂလာပွဲနေ့၌ ချက်ပြုတ်ရန် စားဖိုမှူးအဖြစ် ကျောက်လန်ဟွာစိတ်ထဲ၌ ကိုယ်စားလှယ်လောင်းတစ်ဦး ရှိနေပေသည်။
“လန်ဟွာ….. ဒါက မသင့်တော်လောက်ဘူးနော်” ထျန်ကွမ်းရှန့်သည် ကျောက်လန်ဟွာမှ သူ့အား မင်္ဂလာပွဲနေ့၌ စားဖိုမှူးအဖြစ် တာ၀န်ယူပေးရန် မေးလာမည်လို့ မထင်ထားမိချေ။ သူသည် သူ့လက်အား ခါကာ ငြင်းလိုက်မိလေသည်။
“အလုပ်ဖြစ်မယ် မထင်ဘူးနော်။ နောက်ပြီး အဖေ့ရဲ့ ညာဖက် လက်ကောက်၀တ်အားကို မထိန်းနိုင်တော့တာပဲ ကြာလှပြီကို မင်းလည်း မသိတာမဟုတ်ပဲ။ ကြော်လှော်ချက်ပြုတ်တာလုပ်ဖို့ အတွက်တောင် ခက်ခဲနေမှာကို အဖေ စိုးရိမ်မိတယ်”
ကျောက်လန်ဟွာသည် ရုတ်တရက် အကြံတစ်ခု ပေါ်လာသဖြင့် သူ့အား ကျီကျောက်ဆီသို့ ခေါ်ဆောင်သွားလေသည်။
“အဖိုး……အမေ….”
အိမ်တော်၀န်းထဲ၌ ဆေးပင်များအား အခြောက်လှန်းနေသည့် အာ့ထောင်တစ်ယောက် သူမနောက်မှ ပွက်လောရိုက်သံများအား ကြားရသဖြင့် သူမနောက်သို့ အလျင်အမြန်လှည့်ကြည့် လိုက်ကာ ပြုံးလျက် ကျိုးနွံစွာ ခေါ်လိုက်လေသည်။
“ဘာဖြစ်ကြလို့လဲဟင်”
“အာ့ထောင်ရေ အမေ မင်း အကူအညီ လိုနေပြီကွယ်” ကျောက်လန်ဟွာသည် တည့်တိုးပဲ ပြောလိုက်လေသည်။
“မင်းအဖိုးရဲ့ ညာလက်ကို တစ်ချက် ကြည့်ပေးလို့ ရမလားကွယ်”
ထျန်ကွမ်းရှန့်သည် စီရင်စုမြို့တော်တစ်ခု၏ စားသောက်ဆိုင်ကြီးတစ်ခုရဲ့ စားဖိုမှူး ဖြစ်ခဲ့ဖူးလေသည်။ သူသည် ခေါက်ဆွဲပြုလုပ်တဲ့နေရာ၌ ဆရာတစ်ဆူ ဖြစ်ခဲ့ခြင်း ဖြစ်သည်။
သို့ပေမယ့်လည်း တစ်နေ့မှာတော့ သူ့ညာဖက်လက်မှာ ရုတ်ခြည်း အားအင်ဆုတ်ယုတ်သွားခဲ့သည်။ သူက အတိတ်မှာ သမားတော်တွေ အများကြီးဆီ သွားတွေ့ခဲ့သော်ငြား ထိုသမားတော်တွေအားလုံးမှ သူသည် လက်အားကို အလွန်အကျွံ အသုံးပြုမိခြင်းကြောင့် ရုတ်တရက် အားဆုတ်ယုတ်ခြင်းဖြစ်သည်ဟု ပြောခဲ့ကြလေသည်။ အဆိုးဆုံးရလဒ်အနေနဲ့ သူ့ညာလက်သည် လုံး၀ဥဿုံမလှုပ်ရှားနိုင်တော့သည်မျိုး ဖြစ်လာနိုင်ကြောင်း ပြောလေသည်။
ထို့ကြောင့် စဉ်းစားချင့်ချိန်မှုတချို့လုပ်ပြီးနောက် ထျန်ကွမ်းရှန့်သည် ကျောက်လန်ဟွာငယ်လေးအား ခေါ်၍ ထျန်ကျားကျေးရွာထဲသို့ ပြန်လာလေသည်။ နောက်ပိုင်းမှ ထျန်ရှို့အယ်ဆိုတဲ့ မိန်းမသည် အပြောချိုသလောက် မြွေနှလုံးသားရှိသည့် ကောက်ကျစ်စဉ်းလဲသော မိန်းမ ဖြစ်လေသည်။ သူသည် ထိုမိန်းမ၏ အလိမ်အညာစကားများအား ယုံခဲ့မိကာ သူ့သမီးအရင်းအား နှင်ထုတ်၍ တစ်ပါးသူ၏ ကလေးအား နှစ် ၂၀ ကျော် ကြာအောင် ပြုစုပျိုးထောင်ပေးခဲ့သည့် အရူးတစ်ယောက် ဖြစ်ခဲ့လေသည်။
ထျန်ကွမ်းရှန့်သည် သူ့ဘ၀တစ်လျှောက်၏ ကံဆိုးမှုများအားလုံးမှာ ထိုညာဖက်လက် တစ်ခုခုဖြစ်သွားခဲ့သည့် အချိန်မှစတင်ခဲ့ခြင်းဖြစ်သည်ဟု ခံစားရလေသည်။
သို့ပေမယ့် နှစ်အတော်ကြာပြီးနောက်မှာတော့ သူ့ကံကြမ္မာအား တဖြည်းဖြည်း လက်ခံလိုက်ပေသည်။
“လန်ဟွာ….. အာ့ထောင်က အခုမှ ဆေးပညာကို သင်ယူနေခါစပဲ ရှိသေးတာလေ။ သူ့ကို ခက်ခဲအောင် မလုပ်နေပါနဲ့ကွယ်”
ထျန်ကွမ်းရှန့်သည် မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“အဖိုး…..အမေ….. အရင် ဧည့်ခန်းထဲသွားကြရအောင်လေနော်”
အမှန်တကယ်တော့ ကျီကျောက်သည် သူမအဖိုးရဲ့ လက်ကောက်၀တ်ရှိ ဒဏ်ရာအား ကြည့်ရှုနိုင်ရန် အခွင့်အရေး ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။
ဘယ်လိုအကြောင်းပြချက်မျိုးရှာ၍ ကြည့်ရှုရမလဲဆိုသည်ကို သူမ မစဉ်းနိုင်ခဲ့ခြင်းကြောင့်သာ ဖြစ်ပေသည်။ ဒီနေ့မှာတော့ တိုက်ဆိုင်စွာဖြင့် အခွင့်အရေး ရှိလာခဲ့လေပြီ။
“အာ့ထောင်….. မင်းအမေ မဟုတ်တာ ပြောနေတာတွေကို နားထောင်မနေနဲ့။ အဖိုးလက်ဒဏ်ရာက ရောဂါဟောင်းဖြစ်နေပြီ။ အရင်ထဲက အဖိုး သမားတော်တွေ အများကြီးကို ရှာကြည့်ခဲ့ပေမဲ့ ဘာတိုးတက်မှုမှ မရှိလာဘူးလေ။ သမီး ဆေးပညာ သင်ယူနေတာလည်း သိပ်မှမကြာသေးပဲလေ။ ကိုယ့်ကိုယ်ကို ဖိအားပေးမနေပါနဲ့ကွယ်” ထျန်ကွမ်းရှန့်သည် ညင်သာစွာ အကြံပြုလာလေသည်။
“အဖိုး စိတ်မပူပါနဲ့နော်။ သမီး အဖိုးဒဏ်ရာကို မကုသနိုင်ဘူးဆိုရင်တောင် သမီး စိတ်ပျက်မှာ မဟုတ်ပါဘူး” ကျီကျောက်သည် သူ၏ စိုးရိမ်မှုများအား နားလည်လိုက်သဖြင့် အလျင်အမြန်ပြောကာ ပြုံးလိုက်သည်။
“ဒါပေမဲ့ ဆရာပြောဖူးတာက အတွေ့အကြုံဆိုတာ အကောင်းဆုံးဆရာပဲတဲ့လေ။ လက်တွေ့ကုသမှု မလုပ်ဖူးဘဲ ဆေးစာအုပ်တွေထဲက ဆေးညွှန်းတွေပဲ ထိုင်မှတ်နေတာက အချည်းနှီးပဲတဲ့လေ”
ကျီကျောက် စကားများကိုကြားပြီးသည့်နောက် ထျန်ကွမ်းရှန့်သည် အားပါးတရ ရယ်မောလျက် ပြောလေသည်။
“ဟုတ်ပြီလေ…. ဒါဆိုလည်း ဒီနေ့ အဖိုးက အာ့ထောင်ရဲ့ လူနာ ဖြစ်ပေးပါ့မယ်”
ကျောက်လန်ဟွာသည် သူမ၏ ချွေးမလေးအား တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။
ပထမဆုံးအနေနှင့် ကျီကျောက်သည် ထျန်ကွမ်းရှန့် သွေးခုန်နှုန်းအား စမ်းသပ်လျက် သူ့ညာဖက်လက်ကောက်၀တ်အား ဂရုတစိုက် စစ်ဆေးကြည့်ရှုလိုက်သည်။
“အဖိုး လက်ဖြန့်ပေးနိုင်မလားရှင့်”
“ကောင်းပါပြီ”
ကျီကျောက်သည် ထျန်ကွမ်းရှန့်၏ အနည်းငယ် အသားမာတက်နေသည့် လက်ဖဝါးအား ဂရုတစိုက် ကြည့်ရှုလိုက်သည်။ သူမ၏ အကြည့်များသည် လက်ကောက်၀တ်ပေါ်ရှိ စူဖောင်းနေသည့် သွေးကြောများပေါ်သို့ ရောက်သွားလေသည်။
“ နာလားဟင် အဖိုး”
ကျီကျောက်သည် သူမအား၏ နှစ်ဆယ်ရာခိုင်နှုန်းအား အသုံးပြု၍ ထိုဖောင်းနေသည့် သွေးကြောများ ရှိသည့် နေရာသို့ လက်ချောင်းလေးများဖြင့် ဖိလိုက်လေသည်။ သို့ပေမယ့် ထျန်ကွမ်းရှန့်၏ မျက်နှာပေါ်၌ မည်သည့်နာကျင်မှုမှ မပြချေ။
“မနာပါဘူးကွယ်”
ကျီကျောက်သည် စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လျက် အားထပ်ထည့်ကာ ဖိလိုက်လေသည်။
သို့ပေမယ့်လည်း အဖိုး၏ မျက်နှာပေါ်၌ မည်သည့် နာကျင်မှု အရိပ်အယောင်မှ မပြသေးချေ။
“တကယ်လို့ သမီး မမှားဘူးဆိုရင် အဖိုးရဲ့ ညာဖက်လက်အား ဆုတ်ယုတ်ရတာက ပင်မလက္ခဏာက သွေးစူနာကြောင့် ဖြစ်လောက်တယ်”
ကျီကျောက်သည် အလျင်အမြန် ပြောလိုက်သည်။
“အဖိုး…..အမေ….သမီးကို ခဏလောက် စောင့်ပေးနော်”
သူမသည် ဧည့်ခန်းထဲမှထွက်၍ သူမ၏ အခန်းဆီသို့ အပြေးသွားတော့သည်။ သူမသည် စာအုပ်စင်ဆီသို့သွား၍ ဆေးစာအုပ် တစ်အုပ်အား အတိအကျ ရှာတွေ့ခဲ့လေသည်။
သူမသည် ဆေးစာအုပ်အား လှန်လှောဖတ်ရှုပြီးနောက် တိုးတက်မှုတချို့အား တွေ့လိုက်ရသည်။
သူမ အဖိုး ထျန်ကွမ်းရှန့်၏ ညာလက် အားနည်းနေရခြင်းအကြောင်းရင်းမှာ တာ့လင်သွေးကြော ပိတ်ဆို့နေခြင်းကြောင့် ဖြစ်ရသည်မှာ သေချာသလောက် ဖြစ်ပေသည်။
တကယ်လို့ လူတစ်ယောက်၏ သွေးကြောများက တစ်ခုနှင့် တစ်ခု ချိတ်ဆက်မှု မရှိတော့လျှင် ပင်ကိုအားဖြင့် ထိုလူ၏ လက်ကောက်၀တ်အား အင်အားဆုတ်ယုတ်မှု ဖြစ်စေသည်။
သို့ပေမယ့် တာ့လင်သွေးကြောပိတ်ဆို့မှုသည် ရင်တုန်ခြင်းနှင့် ဗိုက်အောင့်ခြင်း လက္ခဏာအား သေချာပေါက် ဖြစ်စေလိမ့်မည်။ ဒါပေမယ့် အဖိုးသည် ထိုသို့သော လက္ခဏာများအား ခံစားရသည့်ပုံ မပေါ်ချေ။
ထိုအကြောင်းအား ပိုတွေးမိလေ ပိုထူးဆန်းလာသလို သူမ ခံစားရသည်။ ဆေးစာအုပ်အား ယူ၍ နတ်ဆေးသမားတော် ရှန်းဟယ်ရှေ့သို့ အပြေးသွားလိုက်လေသည်။
ရောဂါအခြေအနေကို ရှင်းပြပြီးနောက် သူမ ပိုပြီး ပဟေဠိ ဖြစ်လာလေသည်။
“ဆရာသခင် တပည့် အဖြေကို ရှာမတွေ့တာ ဘာကြောင့်လဲဟင်”
“လူနာဆီမှာ မင်းပြောတဲ့လက္ခဏာတွေ ရှိမနေဘူးဆိုရင် မင်းသွေးခုန်နှုန်းစစ်တဲ့ နေရာမှာ အမှား ရှိ မရှိ ဂရုစိုက်ပြီးစဉ်းစားသင့်တယ်။ ပြီးတော့ အဲ့ဒီသွေးကြောက တာ့လင်သွေးကြောဆိုတာ ဘာဖြစ်လို့ ဒီလောက် သေချာနေရတာလဲ”
နတ်ဆေးသမားတော် ရှန်းဟယ်သည် လက်ဖက်ရည် တစ်ငုံ သောက်လိုက်ကာ ပြုံးလျက် ထောက်ပြလာလေသည်။
“ငါ့တပည့်လိမ္မာလေးရေ ဆေးပညာကျောင်းသားတွေအတွက် အတားမြစ်ဆုံးအရာက အထင်နဲ့ မှန်းဆတတ်တဲ့ အယူအဆပဲကွယ့်။ မင်းသာ တစ်ခုခုကို စိတ်မှန်းနဲ့ မှန်းဆမိလိုက်ရင် ထူးဆန်းတဲ့ သံသရာစက်၀န်းထဲကို မင်းကျရောက်သွားလိမ့်မယ်”
“တပည့် နားလည်ပါပြီ”
အဆုံးမှာတော့ ကျီကျောက် သဘောပေါက်သွားခဲ့သည်။
“ထားလိုက်ပါတော့….. ဆရာ မင်းနဲ့ လိုက်ခဲ့ပေးပါ့မယ်”
၁၅ မိနစ် ကြာပြီးသည့်နောက် နတ်ဆေးသမားတော် ရှန်းဟယ်သည် သွေးခုန်နှုန်း စမ်းသပ်ပြီးသဖြင့် သူ့လက်အား ပြန်ရုတ်လိုက်ကာ သူ့အကြည့်များမှာ လေးနက်လာခဲ့လေသည်။
“အာ့ထောင်….ဆရာကို အပ်ထုပ်နဲ့ ရေနွေးပူ အသင့်ပြင်ထားပေး”
ကြိုတင်ကာကွယ်မှုအနေနဲ့ ဆရာကြီးသည် ဆေးညွှန်းအား အလျင်အမြန် ချရေး၍ ကျီကျောက်အား လှမ်းပေးလိုက်သည်။
“ဆေးညွှန်းမှာပါတဲ့အတိုင်း ဆေးပင်လက်တစ်ဆုပ်ကို ရေထဲထည့်ပြုတ်ပြီး ယူလာခဲ့နော်”
“ဟုတ်ကဲ့ပါ”
တစ်နာရီခန့်ကြာပြီးနောက် ဆရာကြီးသည် အပ်ထုပ်အားဖွင့်လျက် နွားမွှေးကဲ့သို့ ပါးလွှာသည့် ငွေမျှင်ရောင်အပ်များအား ထုတ်လိုက်၍ ထျန်ကွမ်းရှန့်၏ ညာဖက်လက်ကောက်၀တ်ပေါ်သို့ အပ်စိုက်ကုထုံးပြုလုပ်လိုက်သည်။ ထို့နောက် သူသည် ဓားအသေးတစ်ချောင်းဖြင့် လက်ကောက်၀တ်ပေါ်ရှိ တာ့လင်သွေးကြောအမှတ်ပေါ်သို့ ဂရုတစိုက် ပိုင်းဖြတ်ဖွင့်လိုက်သည်။
အံ့ဩစရာကောင်းစွာဖြင့် ထျန်ကွမ်းရှန့်သည် သူ့အသားအား လှီးဖြတ်ခံရသော်ငြား မည်သည့် နာကျင်မှုမှ မခံစားရပေ။