ကောင်းတဲ့အရာတွေ ဖြစ်ဖို့ နီးလာပြီ
Vol. 19 Ch. 283
တိယွီအစား ပိုင်ဟွားလို့ခေါ်သင့်တာပေါ့။
ပိုင်ဟွား၏နှာခေါင်းပေါ်ရှိ သုံးထောင့်ချွန်တြိဂံပုံစံ အမွှေးလေးမှာ ဆီးနှင်းနှင့်ပင် တူနေသေးသည်။ ထိုအမွှေးလေးမှာ ပိုင်ဟွား၏ ခန္ဓာကိုယ်မှ နီညိုရောင်အမွှေးများဖြင့် ထူးခြားကွဲပြားလို့နေလေသည်။
ရှန်းယောင်၏ သူ့၀တ်ရုံစအားမ၍ ခုန်တက်လိုက်ကာ ပိုင်ဟွား၏ကျောပေါ်၌ ဖြည်းညင်းစွာထိုင်လိုက်သည်။
ထို့နောက် သူသည် သူ့ညာလက်အား ကျီကျောက်ဆီသို့ ကမ်းလိုက်လေသည်။
“အာ့ထောင်…..”
ကျီကျောက်လည်း နာခံစွာဖြင့် သူမဘယ်ဖက်လေးအား ပြန်ကမ်းလိုက်သည့် တခဏမှာပဲ လေပေါ်လွင့်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူမ၏ ကိုယ်လေးသည် ရှန်းယောင်၏ လက်မောင်းများကြားသို့ ဖြည်းညင်းစွာ ရောက်သွားလေသည်။
ရှန်းယောင်သည် မြင်းဇက်ကြိုးအား ဆွဲ၍ အော်လိုက်လေသည်။
လေးကြိုးမှ လွှတ်တင်လိုက်သည့် မြှားကဲ့သို့ ပိုင်ဟွားသည် လျင်မြန်စွာ ဒုန်းစိုင်းပြေးထွက်သွားလေသည်။
လေတိုက်တဲ့အချိန်မှာတော့ အာ့ထောင်၏နားသယ်စပ်မှ ဆံပင်လေးများမှာ လေနဲ့အတူ လွင့်၍ ဝဲကျနေလေသည်။ ရှန်းယောင်သည် လေထဲမှ ခေါင်ရမ်းပန်းနံ့ဖျော့ဖျော့လေးအား ရလေသည်။ နာရီ၀က်ခန့်လောက် ဒုန်းဆိုင်းပြေးပြီးနောက်မှာတော့ ပိုင်ဟွားသည် တောင်ကျ စမ်းချောင်းလေးတစ်ခု၌ ရပ်တန့်သွားလေသည်။
သစ်ပင်အရိပ်လေးများသည် နေအားကွယ်နေကြလျက် စမ်းချောင်းလေးမှာ သာယာနှာပျော်ဖွယ်အသံလေးများ မြည်ဟည်းနေပေသည်။
“တောင်အနောက်ဖက်မှာ ဒီလိုတိတ်ဆိတ်တဲ့နေရာလေး ရှိလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး”
ကျီကျောက်သည် စမ်းချောင်းလေးဆီသို့ လျှောက်လာလျက် ဖြည်းညင်းစွာ ထိုင်ချလိုက်လေသည်။ စမ်းချောင်းရေကြည်လေးများသည် လေအဝှေ့၌ လှိုင်းထနေကြလျက် သူမ၏ တောက်ပပြီး နူးညံ့သည့် မျက်နှာလေးအား ရောင်ပြန်ဟပ်နေပေသည်။
“ကိုယ် ဒီနေရာလေးကို မတော်တဆ ရှာတွေ့ခဲ့တာလေ”
ရှန်းယောင်သည် သူမလက်လေးအား ဆုပ်ကိုင်လိုက်ကာ စမ်းချောင်းလေးတစ်လျှောက် ဖြတ်သွားရင်း ပြောလိုက်လေသည်။
“အာ့ထောင် ကိုယ်နဲ့ လိုက်ခဲ့”
သူတို့နှစ်ယောက်သားသည် စမ်းချောင်းတစ်လျှောက် လှေကားထစ်လေးများအား ဖြတ်သွားကြလေသည်။ တစ်နာရီခန့်ကြာပြီးနောက်မှာတော့ နှစ်ယောက်သား တစ်နေရာ၌ ရပ်တန့်လိုက်လေသည်။
“ ဒီနေရာမှာ ရေပူစမ်းတစ်ခု တကယ် ရှိနေတာပါ့လား”
လေထဲ၌ ရေငွေ့လေးများ ပျံ့နှံ့နေကာ တောင်ကျစမ်းချောင်းလေးမှ သိပ်မဝေးသည့် နေရာလေးတွင် ရေပူစမ်းလေးအား တွေ့လိုက်သည့်အခိုက် ကျီကျောက်၏ မျက်လုံးလေးများမှာ အံ့ဩမှုများဖြင့် ပြည့်နှက်သွားလေသည်။
“အင်း” သူမ၏ မှင်သက်နေသည့်အမူအရာအား ကြည့်လျက် ရှန်းယောင်သည် အလွန်စိတ်လှုပ်ရှားလာသည်။
“ကိုယ် ဒီနေရာလေးကို မတော်တဆ ရှာတွေ့ခဲ့တာက တိုက်ဆိုင်မှုတစ်ခုပဲ။”
ကျီကျောက်သည် စိတ်မရှည်စွာဖြင့် အရှေ့သို့ တိုးသွားပြီး ရေပူစမ်းထဲသို့ သူမလက်ကလေးအား ထိလိုက်လေသည်။ ရေပူနွေးနွေးလေးများမှာ သူမ၏ အရေပြားအား လွှမ်းခြုံလျက် အနွေးဓာတ်အား ခံစားရစေသည်။
“အာ့ထောင်…..ရေပူစမ်းထဲ ၀င်စိမ်ချင်လို့လား”
ရှန်းယောင်သည် သူမဘေး၌ရပ်ကာ အပြုံးလေးဖြင့် အကြံပြုလာလေသည်။
“အခုလားဟင်”
“အင်း” ရှန်းယောင်က ဖြေးညင်းစွာ ခေါင်းညိမ့်ပြလာလေသည်။
“ကိုယ် စောင့်ကြည့်ပေးထားပါ့မယ်”
ကျီကျောက်သည် အကျပ်ရိုက်နေပုံဖြင့် သူမ၏ နှုတ်ခမ်းလေးအား ကိုက်လိုက်သည်။ သူမ တကယ်ကြီး ရေပူစမ်းထဲ၀င်စိမ်ချင်နေသည်။
သို့ပေမယ့်လည်း ရှန်းယောင်ကို သူမအား စောင့်ကြည့်ခိုင်းရန်မှာ အနည်းငယ် ထူးဆန်းနေပေသည်။
“ကိုယ့်ကို စိုးရိမ်နေလို့လား အာ့ထောင် ဟုတ်လားဟင်”
ရှန်းယောင်သည် ရုတ်တရက်ပြုံးလိုက်၍ သူမ၏ မေးစေ့လေးအား အသာမေ့ကာ တုံ့ဆိုင်းမှု မရှိဘဲ အနမ်းပေးလိုက်လေသည်။
( ၁၅ ) မိနစ်ခန့်ကြာပြီးနောက် သူသည် သူ့လက်ထဲမှ ချစ်စရာကောင်းသည့် မိန်းကလေးအား အင်တင်တင်ဖြင့် လွှတ်ပေးလိုက်ကာ သူမ၏ နှာခေါင်းထိပ်လေးအား တို့ထိကာ ပြောလိုက်သည်။
“အာ့ထောင် မင်း အဆင်သင့် မဖြစ်သေးသ၍ ကိုယ် မင်းကို အနိုင်မကျင့်ပါဘူးကွာ”
ရှန်းယောင်သည် သူမ၏ နဖူးပေါ်မှ ဆံပင်လေးအား သပ်ပေးလိုက်ကာ သူ့မျက်လုံးများထဲ၌ နူးညံ့မြတ်နိုးမှုများနှင့် ပြည့်နေသည်။
“ရှန်းယောင်….”
“အင်း”
“ကျွန်မတို့တွေ လက်ထပ်ပြီးတဲ့အချိန်ကျရင် ဒီနေရာကို အတူတူ ရေစိမ်ဖို့ ပြန်လာကြမယ်လေ ဟုတ်ပြီလား”
ကျီကျောက်သည် သူ့နားထဲသို့ တိုးတိုးပြောလိုက်ရင်း နောက်လှည့်ကာ အမြန်ပြေးသွားလေသည်။
ဤသို့လုပ်လိုက်ခြင်းကြောင့် ရှန်းယောင်၏ နှလုံးသားထဲ၌ မီးရှူးမီးပန်းများ ဖောက်နေကြသည့်အလား ခံစားရလေသည်။
ဤအရာသည် ပြောပြလို့ပင် မရနိုင်သင့် အလှတရားပဲဖြစ်သည်။
သူတို့ကြားထဲတွင် ကောင်းတဲ့အရာတွေ ဖြစ်လာတော့မှာပဲဖြစ်လေသည်။
အကောင်းအဆိုး ချင့်ချိန်ပြီးနောက်၌ ကျီကျောက်သည် ကျီချန်အား ရှီလျို့ကျေးရွာသို့ ပြန်ပို့ရန် ဆုံးဖြတ်လိုက်ပေသည်။
“အစ်မ ကျွန်တော့်အတွက် လုပ်နေတာပဲ”
ကျီချန်သည် ရုတ်တရက်ပြောလာ၍ အထုပ်အပိုးတွေပြင်နေသည့် အာ့ထောင်အား ကြည့်လိုက်သည်။
“ရှီလျို့ကျေးရွာကို အစ်မမှမကြိုက်တာကို ကျွန်တော့်အတွက်နဲ့ ကိုယ့်ကိုယ်ကို တွန်းအားမပေးပါနဲ့ဗျာ”
ကျီချန်သည် အသက် ခုနှစ်နှစ်မျှသာ ရှိသေးပေမဲ့ နာခံမှုရှိကာ စဉ်းစားချင့်ချိန်တတ်သည့် ကလေးဖြစ်လေသည်။
“အရူးကောင်လေး”
ကျီကျောက်သည် သူ၏ ဆံသားနုနုလေးအား ဖွလိုက်ကာ အပြုံးလေးဖြင့် ပြောလေသည်။
“အမျိုးသမီးတစ်ယောက်က လက်ထပ်တော့မယ်ဆိုမှတော့ သူမရဲ့ မိသားစုအိမ်ကနေ လက်ထပ်သင့်တာပေါ့ကွယ်”
“ပြီးတော့ အစ်မထင်တာတော့ အဖိုးလည်း ဒီမြင်ကွင်းကိုမြင်ချင်မှာပဲလေ”
“မဟုတ်ဘူး…..ဒါ အဓိကအကြောင်းရင်းမှ မဟုတ်တာလေ” ကျီချန်သည် ခေါင်းမာစွာဖြင့် သူ့ခေါင်းအား ခါယမ်းလိုက်သည်။ “အစ်မက ကျီမိသားစုဘိုးဘေးခန်းမ ပြန်ဆောက်ဖို့ ငွေပေးတာရော ကျီမိသားစုအိမ်မှာ လက်ထပ်ဖို့ ဆုံးဖြတ်တာရော ချန်ချန့်ကြောင့်ပဲမလားဗျ။ အစ်မက ကျွန်တော့်အတွက် ဂုဏ်သတင်းကောင်း ပျံ့နှံ့စေချင်လို့မလား”
“အရူးလေး အများကြီး လိုက်ပြီး စဉ်းစားမနေပါနဲ့”
ကျီချန်သည် စကားပြောမကောင်းပေမဲ့ စိတ်သဘောထားပြည့်၀သည့် ကလေး ဖြစ်ပေသည်။
“အစ်မ ချန်ချန့်အတွက် ကိုယ့်ဘာသာကိုယ် တွန်းအားပေးနေတာကို ချန်ချန် သဘောမကျဘူး”
“ပြီးတော့ လက်ထပ်တယ်ဆိုတာ ကိစ္စအကြီးကြီးဗျ”
“ကျွန်တော် အစ်မကို ကျွန်တော့်ကြောင့်နဲ့ နောင်တမရစေချင်ဘူး”
“ချန်ချန် အရူးကောင်လေး မင်းက အစ်မကို အစ်မမိသားစုရဲ့ မိသားစု၀င်အဖြစ်နဲ့ လက်မထပ်စေချင်တာလား”
ကျီကျောက်သည် ပြုံးကာ ပြောလေသည်။
“ချန်ချန် အစ်မအတွက်တော့လေ ရှန်းမိသားစုက အစ်မခင်ပွန်းရဲ့ မိသားစုပဲ။ မင်းကသာ အစ်မရဲ့ မိသားစု၀င်အရင်းကြီးပဲ။ မင်း နားလည်ပြီလား”
ကျီကျောက်သည် ရှီလျို့ကျေးရွာရှိ ကျီမိသားစုအိမ်သို့ ပြန်၍ လက်ထပ်ရန် ဆုံးဖြတ်လိုက်သည်အား ကျောက်လန်ဟွာ ကြားလိုက်ရသည့်နောက် သူမ မှင်သက်သွားပေမဲ့ အဆုံးမှာ မတားမြစ်ခဲ့ချေ။
“အစတုန်းက ကျွန်မက ကျီကျောက်ကို ထျန်မိသားစုအိမ်ကနေ လက်ထပ်စေချင်တာလေ။ ကျွန်မဆန္ဒကို ဖြည့်ဆည်းချင်တယ်လို့လဲ မှတ်လို့ ရပါတယ်”
ကျောက်လန်ဟွာသည် ပြုံးလျက် သက်ပြင်းချလိုက်သည်။
“ဒါပေမဲ့ ဒီကလေးမလေး ဒီလို ဆုံးဖြတ်ချက်မျိုး ချနိုင်တာကိုလည်း ကျွန်မ ဂုဏ်ယူရသလို အထင်ကြီးမိပါတယ်”
သူမရဲ့ ချွေးမလေးဟာ အလွန်တရာ နာခံမှုရှိလှပေသည်။
“ဘယ်လိုပဲ ဖြစ်နေပါစေ….ချန်ချန်ရဲ့ မျိုးရိုးနာမည်က ကျီပဲလေ” ရှန်းတာ့ရှန်သည် ကျီကျောက်၏ ဆုံးဖြတ်ချက်က အကြောင်းအရင်း ခိုင်လုံမှုရှိတယ်လို့ ခံစားရသည်။
“ဒါပေမဲ့ အခု ရှီလျို့ကျေးရွာမှာက လူမရှိဘူး မဟုတ်လား။ ကိုယ်တို့တွေ မင်္ဂလာပွဲအတွက် စိတ်ချရမယ့်သူတစ်ယောက် ရှာသင့်တာ မဟုတ်ဘူးလား။”
“ဒါတော့ စိတ်မပူပါနဲ့တော့။ ကျွန်မ အစ်မကွေ့ဟွားနဲ့ စကားပြောပြီးသွားပြီ။”
“သူမက အဆင်ပြေတယ်တဲ့လေ။”
ခြောက်လပိုင်းရဲ့ ဆယ့်သုံးရက်မြောက်နေ့တွင် ကျီကျောက်သည် ကျီချန်အား ရှီလျို့ကျေးရွာသို့ ပြန်ပို့လေသည်။ ဦးလေးဝေ့သည်လည်း တစ်ရွာလုံး ခေါ်လာ၍ သူတို့အား ကြိုဆိုလေသည်။
ရှီလျို့ကျေးရွာသားတွေက ကျီကျောက်တစ်ယောက် ဘိုးဘေးခန်းမပြင်ဆင်ဖို့အတွက် ငွေကြေး အကုန်ကျခံသည်ကို သိလိုက်ကြပြီးနောက် အားလုံးမှာ အရမ်း ပျော်ရွှင်နေကြလေသည်။
ကျီကျောက်သည် သူမ၏ မျိုးရိုးနာမည်အား အသိအမှတ်ပြုနေသေးပါက ရှီလျို့ကျေးရွာအတွက် မျှော်လင့်ချက် ရှိနေသေးပေသည်။
ရှန်းဟယ်ကျေးရွာရဲ့ ဆီထုတ်လုပ်သည့်အလုပ်ရုံ ဘာကြောင့် အောင်မြင်သထက် အောင်မြင်ရတာလဲ။
ဒါတွေအားလုံးက ကျီကျောက်မှာ မြို့တော်ရှိ ကုန်သည်ကြီးများနှင့် ရင်းနှီးကျွမ်း၀င်မှူရှိခြင်းကြောင့် မဟုတ်ပါလား။
အခု သူမက ရှီလျို့ကျေးရွာ၌ လက်ထပ်ပွဲ ကျင်းပမည်လို့ ဆုံးဖြတ်ထားသည့်အတွက် ရွာသူရွာသားတွေက စိတ်ရင်းအမှန်ဖြင့် ပျော်ရွှင်နေကြလေသည်။
သူတို့ထဲတွင် ဦးလေးဝေ့က ကျီမိသားစုရဲ့မူလ အိမ်တော်အား အစက်တစ်စက်မှ မရှိဘဲ ပြောင်ရှင်းနေအောင် ရွာသားများအား ခေါ်၍ ရှင်းလင်းထားခဲ့ပေသည်။ သူသည် ငွေအမြောက်အမြား အကုန်ခံ၍ အလှစက္ကူများ ၀ယ်ကာ အလှဆင်ထားလေသည်။
ကျီမိသားစု၏ အိမ်၀င်းထဲသို့ ခြေချလိုက်သည့်အချိန်ခိုက်မှာဘဲ ကျီကျောက်က မှင်သက်သွားလေသည်။
တစ်နှစ်ခန့်အချိန်သာရှိသေးသည်ဆိုပေမဲ့ ကိစ္စ အများအပြား ဖြစ်ပျက်ခဲ့ပေသည်။
အဖိုးရဲ့ နာမကျန်း ကွယ်လွန်မှု၊ အဖွားရှဲ့ရဲ့ အကျဉ်းကျခံရမှု၊ ကျီမိသားစုပြိုလဲသွားမှု စသည့် မြင်ကွင်းများမှာ သူမစိတ်ထဲ၌ နောက်ကြောင်းပြန်ပေါ်လာလေသည်။
“အစ်မ….” သူမ မှင်သက်နေသည်အား သတိထားမိသဖြင့် ကျီချန်သည် စိုးရိမ်တကြီးဖြင့် သူမ၏ အင်္ကျီစအား ဆွဲလိုက်လေသည်။
“အစ်မ အဆင်ပြေပါတယ်ကွယ်” ကျီကျောက်သည် ပြန်ပြုံးလိုက်ကာ သူမ အရင်က နေခဲ့ဖူးသည့် အိမ်တော်ထဲသို့ လျှောက်သွားလိုက်လေသည်။
အိမ်တော်ထဲရှိ ပရိဘောဂများမှာ အရင်အတိုင်း ရှိနေကြဆဲပင်။
သို့ပေမယ့် ပျော်ရွှင်မှု ဆိုသည့် စာလုံးလေးအား အိမ်တော်၏ မှိန်ပြပြ အလင်းရောင်အောက်တွင်ပင် နေရာတိုင်း၌ တွေ့နိုင်သေးပေသည်။
“အချိန်သိပ်မရှိတော့တာကြောင့် အနည်းငယ်ပဲ ရှင်းလင်းနိုင်ခဲ့တယ်လေ” ဦးလေးဝေ့သည် အပြုံးလေးဖြင့် ရှင်းပြလာလေသည်။
“အတော်လေး ရှင်းလင်းနေပါပြီရှင်” ကျီကျောက်သည် ၀မ်းမြောက်ကျေးဇူးတင်စွာ ပြုံးလိုက်သည်။
“ကျေးဇူးပါ ဦးလေးဝေ့”
“အာ့ထောင် မင်းက တို့ရွာက မိန်းကလေးပဲလေ အဲ့လောက် ယဉ်ကျေးစရာ မလိုပါဘူးကွယ်”
ဦးလေးဝေ့က ကြင်နာစွာ ပြုံးရင်းပြောလေသည်။
“ဦးလေး တစ်ယောက်ယောက်ကို မီးဖိုချောင်ထဲမှာ ဆန်နဲ့ခေါက်ဆွဲတွေ ပြင်ဆင်ခိုင်းထားတယ်။ ရက်အနည်းငယ်စားဖို့အတွက် လုံလောက်ပါတယ်ကွယ်”
“ကျေးဇူးပါ ဦးလေး”
ကျီကျောက်သည် သူမအိတ်ထဲမှ ငွေတုံး တစ်တုံး ထုတ်ပြီး ဦးလေးဝေ့အား ပေးလိုက်သည်။ အစကတော့ ဦးလေးဝေ့က လက်မခံပေမဲ့ ကျီကျောက်၏ ခေါင်းမာမှုအား မလွန်ဆန်နိုင်စွာဖြင့် နောက်ဆုံး၌ သူ လက်ခံလိုက်ရပေသည်။
ကျီအိမ်၀င်းထဲ၌ မောင်နှမ နှစ်ယောက်သာ ကျန်ခဲ့သည့်အချိန်မှာတော့ တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည့် ကျီချန်အား ကြည့်လျက် ပြုံးလိုက်သည်။
“ချန်ချန် ငါးခေါက်ဆွဲ စားမလားဟင်”
ဦးလေးဝေ့ စီစဉ်ပေးထားသည်များမှာ အလွန်စေ့စပ်လှပေသည်။ မီးဖိုချောင်ထဲတွင် ဆန်နဲ့ ခေါက်ဆွဲအပြင် ဥနဲ့ အသီးအရွက် အချို့လည်း ရှိနေပေသည်။
မီးဖိုဘေး၌ သစ်သားချောင်းများအား စနစ်တကျစီထားလေသည်။
“ချန်ချန် မီးမွှေးလိုက်…..အစ်မ ခေါက်ဆွဲ ချက်ပေးမယ်” ကျီကျောက်သည် အပြုံးလေးဖြင့် ညွှန်ကြားလိုက်သည်။