← Chapters

ဒီမှာ ယူလိုက်ပါ

Vol. 19 Ch. 284

ဒီမှာ ယူလိုက်ပါ

Vol. 19 Ch. 284

အတိတ်ကာလများတွင် လူအိုကြီးကျီ သက်ရှိထင်ရှားရှိနေချိန်၌ သူသည် ကျီမောင်နှမ မြည်းစမ်းရန် ခေါက်ဆွဲမွှေးမွှေးလေး တစ်ပန်းကန် အမြဲလုပ်ပေးခဲ့သည်။

ကျီ‌ချန်သည် မီးဖိုအပြင်သို့ သူ့မျက်နှာလေးအား ပြူထွက်ကာ အပြုံးဖျော့ဖျော့လေး ပြုံးလိုက်မိသည်။

ကျီကျောက်သည် ကွယ်လွန်သွားသည့် သူမအဖိုးအကြောင်း စဉ်းစားရင်း အတိတ်သို့ တသသ လွမ်းဆွတ်သလို ခံစားလိုက်ရသည်။

“အစ်မ……မီးမွှေးပြီးပါပြီဗျ”

ကျီချန်သည် မီးဖိုအပြင်ဖက်သို့ သူ့မျက်နှာလေးအား ပြူထွက်ကာ အပြုံးဖျော့ဖျော့ ပြုံးပြလိုက်လေသည်။

“ကောင်းပါပြီ”

ကျီကျောက်သည် သတိပြန်၀င်လာပြီးနောက် သူ့အား ပြန်ပြုံးပြလိုက်သည်။ ထို့နောက် သူမသည် မုန့်နှစ်အား ဆွဲယူကာ နယ်လိုက်လေသည်။ ပြီးနောက် သူမသည် ကပ်ကြေးယူ၍ မုန့်နှစ်များအား ငါးသေးသေးလေးများပုံစံ အမြှောင်းမြှောင်း လှီးဖြတ်လေသည်။

လှီးဖြတ်ထားသည့် ငါးခေါက်ဆွဲများအား ဆူပွက်နေသည့်ဟင်းရည်အိုးထဲသို့ လောင်းထည့်လိုက်လေသည်။

ကျီကျောက်သည် အိုးထဲမှ ဟင်းရည်များ ဆူပွက်လာသည်အားကြည့်ရင်း ပြုံးလိုက်မိလေသည်။ သူမသည် ပန်းကန်လုံးနှစ်လုံး ယူလာ၍ ကြက်ဥနှင့် ပဲငံပြာရည်အား ဟင်းရည်တချို့နှင့် ရောထည့်လိုက်သည်။ ထို့နောက် အိုးထဲမှ ဟင်းရည်ပူပူတစ်ဇွန်းအပြည့် ခပ်လိုက်လေသည်။ နောက်ဆုံး၌ သူမသည် အိုးထဲရှိ ချက်ထားပြီးသော ငါးခေါက်ဆွဲအား ခပ်ယူလိုက်ကာ ပန်းကန်လုံးထဲထည့်လိုက်သည်။ အဆုံးသတ်အနေဖြင့် နှမ်းဆီအနည်းငယ်အား ငါးခေါက်ဆွဲပေါ်သို့ စမ်းလိုက်လေသည်။

“မွှေးလိုက်တာ”

ကျီချန်သည် ငါးခေါက်ဆွဲဟင်းရည် တစ်ဇွန်း ခပ်သောက်ပြီးနောက် သူ့မျက်လုံးများမှာ ရဲတက်လာလေသည်။

“အစ်မ…..ကျွန်တော် အဖိုးကို လွမ်းတယ်”

ကျီကျောက်သည်လည်း ကြင်နာပြီး စေတနာတရား ထက်သန်သည့် အဘိုးအိုအား မလွမ်းပဲ ဘယ်နေနိုင်ပါ့မလဲ။ ဒါပေမဲ့ အဖိုးမှာ ကွယ်လွန်သွားပြီဖြစ်လေသည်။

“နောက်ကျနေပြီ…..စောစောနားတော့လေ”

သူမ ဆယ့်ခြောက်နှစ်ကြာနေခဲ့ဖူးသည့် ကျဉ်းမြောင်းလှသည့် အခန်းငယ်လေးအား ပြန်ရောက်သည့်အခါ ကျီကျောက် အတော်လေး စိတ်တည်ငြိမ်သွားလေသည်။ ပျော်ရွှင်မှု ဆိုသည့် စာလုံးလေးအား နေရာတိုင်း၌ မြင်လိုက်ရ၍ သူမ၏ နှလုံးသားအောက်ခြေရှိ အမုန်းတရားများမှာ ဆေးကြောခံလိုက်ရခြင်း ဖြစ်နိုင်ပေသည်။

သို့မဟုတ်ပါက ဒီခန္ဓာကိုယ်၏ မူလပိုင်ရှင်မှ ခွင့်လွှတ်လိုက်ခြင်းကြောင့်လဲ ဖြစ်နိုင်ပေသည်။

ကျီကျောက်သည် သက်ပြင်းဖျော့ဖျော့ ချလိုက်မိကာ သူမကိုယ်သူမ အတွေးမလွန်စေဖို့ ပြောလိုက်လေသည်။

သူမ၏ အကြည့်သည် အခန်းထောင့်ရှိ ဖုန်တက်နေသည့် သစ်သားသေတ္တာလေးပေါ်သို့ ကျရောက်သွားလေသည်။ သူမသည် ဖြေးညင်းစွာ အနားကပ်သွား၍ သေတ္တာအား ဖွင့်ပြီး ဟောင်းနွမ်းနေသည့် ကလေးကစားစရာ ပလုတ်တုတ်လေးတစ်ခုအား ယူလိုက်လေသည်။

လူအိုကြီးကျီသည် ဒီပလုတ်တုတ်လေးအား သူမကစားဖို့အတွက် ပထမ‌ဆုံးအနေဖြင့် ဈေးထဲမှ ၀ယ်လာပေးသည်ကို အမှတ်ရမိလေသည်

“အာ့ထောင်….”

ကျီကျောက်တစ်ယောက် အတိတ်ရဲ့ မှတ်ဉာဏ်များကြား နှစ်မြုပ်နေတုန်းမှာပဲ သူမ‌၏ အနောက်မှ ရင်းနှီးကျွမ်း၀င်သည့် အသံတစ်ခုအား ရုတ်တရက် ကြားလိုက်ရသည်။

သူမသည် မသိစိတ်မှ လှည့်ကြည့်လိုက်ရာ ရှန်းယောင်၏ အရပ်ရှည်ရှည်ပုံရိပ်အား မြင်လိုက်ရသည်။

“ရှင်……ဘာလို့ ဒီကိုရောက်နေတာလဲဟင်”

“ကိုယ် မင်းကိုလွမ်းလို့ပေါ့”

ရှန်းယောင်သည် ဘာမှထပ်ပြောမလာတော့ဘဲ သူမကိုယ်လုံးလေးကို ဖက်လိုက်၍ သူ့ခေါင်းအား သူမလည်ပင်းကြား တိုး၀င်လိုက်ကာ သူမကိုယ်မှ ခေါင်ရမ်းပန်းနံ့လေးအား လောဘတကြီး ရှူရှိုက်လို့နေလေသည်။

“အမေပြောတာ ကျွန်မတို့တွေ မင်္ဂလာပွဲမတိုင်ခင် သုံးရက်အတွင်း တွေ့လို့မရဘူး မဟုတ်လား”

ကျီကျောက်သည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိလေသည်။

“ဒါက အကြောင်းရင်း မခိုင်လုံတဲ့ စည်းမျဉ်းတစ်ခုလေနော်”

“ကိုယ်တို့က လက်ထပ်ကြတော့မှာဆိုတော့ ကိုယ်တို့ရဲ့ ဆက်ဆံရေး တိုးတက်မှုရှိဖို့ မခွဲမခွာပဲ ရှိနေသင့်တာပေါ့။ နောက်ပြီး အာ့ထောင်ကို မတွေ့ရတဲ့ တစ်ရက်က ကိုယ့်အတွက်တော့ သုံးနှစ်လောက် ကြာသလို ခံစားရတယ်။ တကယ်လို့ ကိုယ်တို့တွေ သုံးရက်တောင် မတွေ့ရဘူးဆို ကိုယ့်အတွက် ခြောက်နှစ်လောက် စောင့်နေရသလို ဖြစ်နေမှာပေါ့”

“အဓိပ္ပါယ်မရှိလိုက်တာရှင်” သူ့ရဲ့ ယုတ္တိမရှိသည့် ပြန်လည်ချေပချက်အား ကြားပြီးနောက် ကျီကျောက်သည် ရယ်ရလွန်း၍ မျက်ရည်များပင်ထွက်လာသည်။

“အိမ်မှာ အာ့ထောင် မရှိတော့ ကိုယ် အိပ်လို့ မပျော်နိုင်ဘူးလေ” ရှန်းယောင်သည် သူမ၏ မျက်နှာလေးအား စိုက်ကြည့်ကာ ရိုးသားစွာ ပြောလေသည်။

သူတို့နှစ်ယောက်သည် အခုထိ လက်ထပ်ခြင်းအမှု အထမမြောက်သေးသော်ငြား သူတို့၏ ခံစားချက်များကို ဖလှယ်ကြပြီးသည့်အချိန်ကတည်းက တစ်ကုတင်ထဲ အိပ်ခဲ့ကြလေသည်။

အခု အာ့ထောင်က ရှီလျို့ကျေးရွာသို့ လက်ထပ်ပွဲအတွက် ပြန်လာသည့်အတွက် ရှန်းယောင်မှာ တကယ်ပဲ နေသားမကျပါချေ။

သူသည် အိပ်ရာထဲ၌ ဟိုလှိမ့်ဒီလှိမ့်လုပ်ကာ အိပ်မပျော်နိုင်ခဲ့ပေ။ အဆုံးမှာတော့ သူသည် နှလုံးသားစေရာသို့ လိုက်ရန် ဆုံးဖြတ်လိုက်၍ ပိုင်ဟွားအား ခေါ်ဆောင်ကာ ရှီလျို့ကျေးရွာသို့ ထွက်လာခဲ့လေသည်။

“အမေ သိသွားရင် သေချာပေါက် စိတ်ဆိုးနေမှာနော်” ကျီကျောက်သည် သူ့အား ကူရာမဲ့စွာ ကြည့်၍ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့ အမေ မသိစေရပါဘူး” ရှန်းယောင်သည် ပြုံးလိုက်ရင်း ညင်သာစွာ ပြောလာလေသည်။ “နေမထွက်ခင် အိမ်ကို အပြေးပြန်လိုက်မယ်လေ”

ရှန်းယောင်ရဲ့ အရှက်မဲ့တဲ့ အပြုအမူအား ကျီကျောက် ဘယ်ခံနိုင်ရည်ရှိပါ့မလဲ။

အထူးသဖြင့် ထိုချောမောလှသည့်ရုပ်ရည်အား မြင်ပြီးသည့်အခါ သူမ ဘယ်လိုများ ငြင်းပယ်နိုင်စွမ်း ရှိပါ့မလဲ။

“ဒီပလုတ်တုတ်လေးက အာ့ထောင်ငယ်ငယ်က အရုပ်လေးလားဟင်” ရှန်းယောင်သည် သူမလက်ထဲမှ အရာအား အမှတ်တမဲ့ ဖျတ်ခနဲ မြင်လိုက်ရသဖြင့် နူးညံ့စွာ မေးလိုက်လေသည်။

“အင်း” ကျီကျောက်သည် ဖြည်းညင်းစွာ ခေါင်းညိမ့်၍ ပြောလိုက်သည်။ “ကျွန်မ မှတ်မိသလောက်တော့ ကျွန်မ ခြောက်နှစ်အရွယ်တုန်းက အဖိုးက ဈေးထဲသွားပြီး ကျွန်မဆော့ဖို့အတွက် ပထမဆုံး ၀ယ်လာပေးတဲ့ အရုပ်လေးလေ။ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဒီပလုတ်တုတ်လေးကို ကျွန်မ သဘောကျသွားတယ်လေ။ အဲ့တုန်းကတော့ ပလုတ်တုတ်လေးပေါ်မှာ ထူးခြားလှတဲ့ ခေါင်ရမ်းပန်း ပုံစံလေး ရေးဆွဲထားခဲ့တာလေ”

ကံမကောင်းစွာနဲ့ ပလုတ်တုတ်လေးပေါ်က ဆေးပုံလေးမှာ အရောင်လွင့်သွား‌ပြီ ဖြစ်ပေသည်။ ပလုတ်တုတ်လေးမှာ ကွဲသွားပြီးထဲက ဂျောက်ဂျက်အသံလေးအား

မမြည်နိုင်တော့ပေ။

“ကျီမိသားစုက ဆင်းရဲတာကြောင့် ကျွန်မ ငယ်ငယ်တုန်းက အရုပ်တွေ အများကြီး မရှိခဲ့ဘူးလေ”

ကျီကျောက်သည် အပြုံးဖျော့ဖျော့လေးဖြင့် ထိုင်ချလိုက်ကာ သေတ္တာထဲမှ ပစ္စည်းလေးများအား လှန်လှောကြည့်လိုက်လေသည်။

“ဒါပေမဲ့ အဖိုးက ဘယ်တုန်းကမှ ကျွန်မအပေါ် ဆိုးဆိုးဝါးဝါး မဆက်ဆံခဲ့ဖူးဘူးလေ။ ကြည့်… ဒီမြက်နဲ့ ရက်လုပ်ထားတဲ့ နှံကောင်လေးက အစစ်အတိုင်းပဲမလား”

“အရမ်းအသက်၀င်တယ်နော်”

“အဖိုးကိုယ်တိုင် ဒါလေးကို ရက်လုပ်ထားတာလေ” ကျီကျောက်၏ လေသံသည် မသိလိုက်ပဲနှင့် ဂုဏ်ယူရိပ်သန်းနေလေသည်။

“အဖိုးရဲ့ လက်တွေက တကယ့်ကို သွက်လက်ကျွမ်းကျင်လွန်းတယ်နော်”

“ဒါပေါ့ရှင့်”

ရှန်းယောင်သည် သူမနှင့်အတူ အဖော်ပြု၍ သေတ္တာထဲမှ ပစ္စည်းများအား ကြည့်ရှုနေမိသည်။ သူမ ကလေးဘ၀တုန်းက ဖြစ်ပျက်ခဲ့သည့် စိတ်၀င်စားစရာ အကြောင်းများအား ညင်သာစွာ နားထောင်နေမိသည်။

မသိလိုက်ခင်မှာပဲ သူ့ရဲ့ နှုတ်ခမ်းထောင့်အား ကွေးညွှတ်လိုက်မိပေမဲ့ သူနှလုံးသားထဲ၌ ပူဆွေးမှုများဖြင့် ပြည့်နေသေးလေသည်။

“အယ်” ကျီကျောက်သည် မတော်တဆဖြင့် အမွှေးအိတ်လေးတစ်ခုအား တွေ့ပြီးနောက် စိတ်ရှုပ်ထွေးစွာနှင့် သူမမျက်ခုံးအား ပင့်လိုက်မိလေသည်။

“ဘာလို့ ကျွန်မ ဒီအမွှေးအိတ်လေးနဲ့ ပတ်သက်ပြီး ဘာမှတ်ဉာဏ်မှ မရှိရတာလဲ”

တိမ်ပုံစံ ရက်လုပ်ထားသည့် လက်ဖဝါးအရွယ်ရှိ အပြာရောင် အမွှေးအိတ်လေး ဖြစ်ပေသည်။

အထည်သားမှာ အိစက်နေကာ အရှားပါးဆုံးအရာမှာ အတိတ်နမိတ်ကောင်းဆောင်သည့် တိမ်ပုံသဏ္ဍာန်လေးအား ငွေချည်ထိုးဖြင့် အနားကွပ်ထားခြင်း ဖြစ်ပေသည်။

“အာ့ထောင် ကလေးတုန်းက ၀တ်နေကြ အမွှေးအိတ်လေးများလား”

ကျီကျောက်သည် ခေါင်းခါပြလိုက်မိသည်။

“ကျွန်မလည်း သိပ်တော့ မသေချာပေမဲ့ ဒီအမွှေးအိတ်ကိုတော့ မမှတ်မိဘူး။”

ရှန်းယောင်သည် သူမလက်ထဲမှ အမွှေးအိတ်အား ယူလိုက်ကာ ဂရုတစိုက် အနံ့ခံကြည့်လိုက်လေသည်။

“အနံ့ဖျော့ဖျော့လေးတစ်ခု ရတယ်….ဒါပေမယ့် ဒါအနံ့လဲ‌ဆိုတာတော့ ပြောဖို့ခက်တယ်”

“ဘာလို့ မဖွင့်ကြည့်တာလဲ”

ကျီကျောက်သည် အလွန်အမင်း သိချင်စိတ်ဖြင့် အမွှေးအိတ်အား ချက်ချင်း ဖွင့်ကြည့်လိုက်ပေသည်။

သို့သော်ငြား အမွှေးအိတ်တစ်ခုထက် ပို၍ အထဲ၌ မည်သည့်အရာမှ မရှိပေ။

“သာမန် အမွှေးအိတ် တစ်ခုပဲ ဖြစ်လောက်မယ်” ကျီကျောက်သည် ကူရာမဲ့စွာ ပုခုံးတွန့်လိုက်သည်။

“အာ့ထောင် ကိုယ့်ကို အဲ့အမွှေးအိတ်လေး ပေးနိုင်မလား”

“ဒီမှာ ရှင့်အတွက်” ကျီကျောက်သည် အပြုံးလေးဖြင့် ပြောလိုက်သည်။

“ကျေးဇူးပါ ရှင်မရေ” ရှန်းယောင်သည် အမွှေးအိတ်အား ယူ၍ သူမ၏ ပါးပြင်လေးအား အနမ်းပေးလိုက်လေသည်။

အောင်မြင်စွာ အလစ်ငိုက် အနမ်းခံလိုက်ရသည့် ကျီကျောက်တစ်ယောက်သည် တ‌ဖြည်းဖြည်း ရှက်သွေးဖြန်းသွားလေသည်။

သူမသည် ဒေါသတကြီးဖြင့် သူမပါးလေးအား ဖောင်းလိုက်ကာ သူ့အား ခက်ထန်စွာ ကြည့်လိုက်လေသည်။

သို့ပေမယ့် သူမ၏ အမူအရာမှာ မည်သို့ဖြစ်နေသည်ကို သူမ မသိရှာချေ။

“အဟမ်း…နောက်တောင်ကျနေပြီ။ အာ့ထောင် ကိုယ်တို့ အနားယူကြရအောင်လေ”

ကျီကျောက်သည် သူမမျက်လုံးများအား ကျဉ်းမြောင်းလိုက်ကာ သူ့အား မည့်သည့် အကြောင်းပြချက်မှ မပေးဘဲ အခန်းအပြင်သို့ တွန်းလွှတ်လိုက်ပေသည်။

“ကျွန်မအခန်းထဲက အိပ်ရာက လူနှစ်ယောက်အတွက် အရမ်းသေးလွန်းတယ်။

“ဒါဆို ကိုယ်ကရော...” တံခါးအပြင်ဖက်၌ မတ်တပ်ရပ်စောင့်နေသည့် ရှန်းယောင်သည် လေအေးထဲ၌ သနားစဖွယ်ကောင်းသည့် အမူအရာလေးဖြင့် မေးလာလေသည်။

“ရှင့်ဘာသာ လိုက်ရှာပေါ့ရှင်” ကျီကျောက်သည် တံခါးအား အလျင်အမြန် သော့ခတ်လိုက်၍ သူမ၏ ပါးစပ်လေးအား ပိတ်လျက် ကြိတ်ရယ်လိုက်မိသည်။

ရှန်းယောင်သည် သိပ်မဝေးသည့် နေရာ၌ မတ်တပ်ရပ်နေသည့် ကျီချန်အား အကူအညီတောင်းဖို့သာ တတ်နိုင်ပေသည်။

“ယောက်ဖရေ….. လူကြီးလူကောင်း တစ်ယောက်မှာ လုပ်သင့်တဲ့အရာနဲ့ မလုပ်သင့်တဲ့အရာဆိုတာ ရှိတယ်ဗျ”

ကျီချန်၏ မျက်နှာသည် တင်းမာလျက် အလေးအနက် ပြောလာလေသည်။

“ယောက်ဖသာ ကျွန်တော့်အစ်မကို တကယ်လက်ထပ်ချင်ရင် စည်းမျဉ်းတွေကို လိုက်နာသင့်တယ်ဗျ”

“ဒီညမှာ အစ်ကို စိတ်လိုက်မာန်ပါနဲ့ ဒီနေရာကို အပြေးလာခဲ့မိပါတယ်”

ရှန်းယောင်သည် အနည်းငယ် အရှက်ရစွာဖြင့် ပြောလေသည်။

“အစ်ကို ဒီလိုလုပ်တယ်ဆိုတာ အစ်ကို သူ့ကို အရမ်းသတိရတာကြောင့်ပါကွာ။ အခု အစ်ကို ထွက်သွားတော့မယ်နော်။”

“ကောင်းပါပြီဗျ”

ကျီချန်သည် စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်လေသည်။ ထို့နောက် သူသည် နောက်ပြန်လှည့်ကာ အခန်းထဲသို့ ပြန်သွား၍ တံခါးပိတ်လိုက်လေသည်။

ရုတ်တရက် ရှန်းယောင် အနည်းငယ် ခါးသီးလာသလို ခံစားလိုက်ရသည်။

All Chapters