တိုးတက်လာပြန်ပြီ
Vol. 19 Ch. 285
ရှန်းယောင်သည် ချက်ချင်း ထွက်သွားရမည့်အစား ကျီမိသားစု ဧည့်ခန်းထဲရှိ ထိုင်ခုံရှည်ပေါ်၌ ညတာကို ကုန်ဆုံးခဲ့လေသည်။
တကယ်က သူပြေးလာရမည့် ပထမအချက်မှာ အာ့ထောင်ကို သူတကယ်လွမ်းလို့ဖြစ်ပေမဲ့ နောက်တစ်ချက်မှာ သူ စိုးရိမ်သောကြောင့် ဖြစ်ပေသည်။
ဘယ်လိုပဲဖြစ်ဖြစ် ကျီချန်သည် အရမ်းငယ်လွန်းပြီး ကျီကျောက်အား ကောင်းစွာ စောင့်ရှောက်နိုင်စွမ်း မရှိသေးချေ။
အာရုဏ်တက်ချိန်မရောက်သေးခင်မှာပဲ ရှန်းယောင်သည် ပိုင်ဟွားပေါ်တက်၍ ရှန်းဟယ်ကျေးရွာသို့ အလျင်အမြန် ပြန်ခဲ့လေသည်။
ကောင်းစွာ အိပ်စက်အနားယူခဲ့ရသည့် ကျီကျောက်သည် ပျင်းရိစွာဖြင့် သူမ၏ ခါးလေးအား ဆန့်လိုက်ကာ ချီကုန်းအသက်ရှူလေ့ကျင့်ခန်းအား လုပ်လိုက်လေသည်။ ချွေးအနည်းငယ်ထွက်လာပြီးနောက် သူမ လန်းဆန်းပေါ့ပါးသလို ခံစားလိုက်ရသည်။
သူမ မီးဖိုချောင်ထဲသို့ ၀င်၍ အိုးအဖုံးအား လှပ်လိုက်သည့်အချိန်ခိုက်မှာပဲ သူမနှုတ်ခမ်း၌ အပြုံးတစ်ခု ဖြစ်ထွန်းလာလေသည်။
“အစ်မ” ကျီချန်သည် မီးဖိုချောင်ထဲသို့ လမ်းလျှောက်၀င်လာခဲ့လေသည်။ သူ့အစ်မတစ်ယောက် အိုးအဖုံးကြီးကိုင်လျက် အရူးလို ပြုံးရယ်နေသည်အား မြင်ရသည့်အခါ သူ စိတ်မပူပဲ မနေနိုင်စွာ မေးလိုက်မိသည်။
“အစ်မ အဆင်ပြေရဲ့လားဗျ”
“အင်…အင်း ဘာမှမဖြစ်ဘူးနော်” ကျီကျောက်သည် အလျင်အမြန်ပြုံးကာ ပြောလိုက်လေသည်။
“ချန်ချန် မနက်စာစားကြရအောင်”
မွှေရနံ့များ သင်းပျံ့နေသည့် မွှေကြက်ဥအသားပေါင်းလေးမှာ ပြောင်းဖူးဖုတ်လေးဖြင့် တွဲစပ်ထားသည်မှာ သားရည်ယိုချင်စရာကောင်းလှပေသည်။
ကျီကျောက်သည် ကြက်ဥပေါင်းတစ်ဇွန်းအား ခပ်လိုက်ကာ တစိမ့်စိမ့် အရသာခံကြည့်လေသည်။
ကျီကျောက်သည် သူမ သုံးသပ်ချက်ပေးရရင်တော့ ရှန်းယောင်ရဲ့ ဟင်းချက်လက်ရာမှာ ထပ်မံ တိုးတက်လာပြန်သည်။
မောင်နှမနှစ်ယောက်သား မနက်စာစားပြီးနောက်မှာတော့ အိမ်၀င်းအပြင်ဖက်မှ ရင်းနှီးကျွမ်း၀င်သည့် အသံတစ်ခုအား ကြားလိုက်ရပေသည်။
“အာ့ထောင်ရေ….”
“ဒေါ်လေးကွေ့ဟွားပါလား” ကျီကျောက်သည် ဘယ်သူဆိုတာကို မြင်လိုက်ရသည့်အခါ အနည်းငယ် အံ့ဩသွားလေသည်။
သူမအား ပိုပြီး အံ့အားသင့်သွားစေသည့်အရာမှာ ဒေါ်လေးကွေ့ဟွားနောက်၌ လိုက်ပါလာသည့် မြင်းလှည်း ခြောက်စီးပင် ဖြစ်ပေသည်။
မြည်းလှည်း ခြောက်စီးလုံး၌ ပစ္စည်းများ အပြည့် တင်ဆောင်လာပြီး သူမမျက်စိအား အဖမ်းစားနိုင်ဆုံးတစ်ခုမှာ တောသမင်တစ်ကောင်အား အ၀တ်ဖြူပတ်ကာ တင်ဆောင်လာသည့် မြင်းလှည်းပင် ဖြစ်ပေသည်။
တောနက်ထဲ၌ သမင်သေတစ်ကောင်သည် မြက်ခင်းဖြူဖြူထဲတွင် နစ်မြုပ်ကာ လဲလျောင်းနေပေသည်။
အချစ်နွံထဲနစ်နေသည့် အပျိုစင်ကောင်မလေးအား လူကြီးလူကောင်းတစ်ယောက်မှ မျက်စိကျလေသည်။
ဒီစကားလုံးတွက ကျီကျောက်၏ စိတ်ထဲသို့ ရုတ်ခြည်းပေါ်လာသဖြင့် သူမ၏ မျက်နှာအပူချိန်မှာ ၂ ဒီဂရီလောက် ထိုးတက်သွားပေသည်။
“ဒေါ်လေးကွေ့ဟွား ဒီကိုဘာလုပ်ဖို့ လာတာလဲဟင်”
“အာ့ထောင် သမီးအမေက သမီးကို ကြိုမပြောထားဘူးလားကွယ့်” ဒေါ်လေးကွေ့ဟွားသည် အပြုံးကြီးကြီး ပြုံးလိုက်ရာ သူမ၏ သွားများအား မမြင်နိုင်ဘဲ မနေတော့ချေ။ “သမီးအမေက ဒေါ်လေးကို အောင်သွယ်တော် လုပ်ပေးဖို့ မေးလာတယ်လေ။ ဒေါ်လေး ဒီနေ့ သမီးအတွက် တင်တောင်းပစ္စည်းတွေ ပေးဖို့ ရောက်နေတာပဲ”
ကျီကျောက်သည် ကျောက်လန်ဟွာမှ သူမအတွက် ဒီလိုကြီးမားတဲ့ အံ့ဩစရာမျိုး ပြင်ဆင်ထားလိမ့်မည်ဟု မထင်ထားမိချေ။
“စကားမစပ် ဒီသမင်ရိုင်းကတော့ ဒီမနက်တင် ရှန်းယောင် ထည့်ပေးလိုက်တာလေ” ဒေါ်လေးကွေ့ဟွားသည် စိတ်လှုပ်တရှားဖြင့် မိတ်ဆက်ပေးလာလေသည်။
“တောသမင်အပြင် သေရည်ရယ် လက်ဖက်ရည်ရယ် အ၀တ်တွေရယ် အို... ပြီးတော့ အများကြီးပါ ပါသေးတယ်။ စိတ်မပူနဲ့နော်သမီး ဒါတွေအားလုံး အစုံလိုက် ထည့်ပေးလိုက်တယ်”
“အိုး ဟုတ်သားပဲ ဟုတ်သားပဲ ဒီမှာ တင်တောင်းငွေ ( ၉၉ ) လျန်းလည်း ပါသေးတယ်နော်”
ဒေါ်လေးကွေ့ဟွားသည် တစ်စုံတစ်ခုအား တွေးမိသွားပုံရ၍ သူမ၏ နဖူးအား ရိုက်လိုက်လေသည်။
“ဒါတွေက သမီးအမေ အထူးတလည် ညွှန်ကြားထားတာလေ။ ငွေ ( ၉၉ ) လျန်း ဆိုတာက သမီးနဲ့ ရှန်းယောင်တို့ အနာဂတ်မှာ သာယာပျော်ရွှင်စရာဘ၀ကို အသက်ရှည်ရှည် နေနိုင်အောင်ဆိုတဲ့ အဓိပ္ပါယ် ဖော်ဆောင်တယ်တဲ့လေ”
ငွေ ( ၉၉ ) လျန်း အပြင် အချိန် ( ၅၀ ) ကီလို ရှိသည့် မင်္ဂလာခန်း၀င်မုန့်ထုပ်ကြီး တစ်ထုပ်၊ ပင်လယ်စာ ( ၈ ) မျိုး (ရေညှိ၊ ဂုံး၊ ကမာ၊ ရှီတာကီမှို၊ ပုစွန်ခြောက်၊ ငါးမန်းတောင်ပံ၊ ရေဘဝဲ၊ ပင်လယ်မျှော့)၊ ၀က်သား၊ သိုးသား၊ အမဲသား၊ ငါးကြင်း၊ သစ်သီး ( ၄ ) မျိုး (တရုတ်ရိုးရာ မင်္ဂလာဆောင် ဓလေ့ထုံးတမ်းအရ သစ်သီး ( ၄ ) မျိုး တစ်ဆက်အား လက်ဆောင်ပေးခြင်းသည် သတို့သမီးရဲ့ မိသားစုနှင့် သတို့သားရဲ့ မိသားစုတို့ မိသားစုတစ်စုတည်းအဖြစ် ပေါင်းစည်းခြင်း မင်္ဂလာတော် အထိမ်းအမှတ်အဖြစ် ရည်ရွယ်ခြင်း ဖြစ်ပေသည်။ သစ်သီးလေးမျိုးမှာ များသောအားဖြင့် လုံငန်းသီးခြောက်၊ တရုတ်ဆီးသီး၊ ကြာစေ့နှင့် သစ်ကြားသီးတို့ ပါ၀င်၍ မင်္ဂလာစုံတွဲအား အနာဂတ်၌ သားသမီးရတနာများ၊ ပျော်ရွှင်မှုများ၊ ချမ်းသာကြွယ်၀မှုများ ဒီရေအလား တိုးပွားပါစေဆိုသည့် ကံကောင်းခြင်း အတိတ်နမိတ်ဆောင်သည့်အနေဖြင့် လက်ဆောင်ပေးကြခြင်းဖြစ်လေသည်။)နှင့် ငွေသားသေတ္တာ တစ်လုံး ပို့ဆောင်လိုက်ခြင်း ဖြစ်ပေသည်။ ဒေါ်လေးကွေ့ဟွား ရွတ်ပြသည့် တင်တောင်းလက်ဆောင် အမျိုးအမည်များနှင့် အရေအတွက်အား နားထောင်ပြီးနောက် ကျီကျောက်တစ်ယောက် ခေါင်းမူးလာသလို ခံစားရလေသည်။
ဒေါ်လေးကွေ့ဟွား၏ အသံမှာ အလွန်ကျယ်လှသဖြင့် ကျီမိသားစု အိမ်၀င်းအပြင်ဖက်၌ ပွက်လောရိုက်ကာ စည်ကားလာလေသည်။ မကြာမီပင် ကျီမိသားစု အိမ်၀င်းသည် ရွာသားများဖြင့် ပြည့်သွားလေသည်။
“အားလုံးပဲရှင် အာ့ထောင်ရဲ့ မင်္ဂလာနေ့က သိပ်မကြာခင် ကျရောက်တော့မှာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ကျီမိသားစုက မင်္ဂလာအခမ်းအနား ကျင်းပမှာ ဖြစ်ပါတယ်။ လူတိုင်းပဲ မင်္ဂလာအခမ်းအနားကို လာရောက်ကြဖို့ မမေ့ကြပါနဲ့နော်”
ဒေါ်လေးကွေ့ဟွားသည် စည်တီးမောင်းခတ်ကာ ကြေညာလိုက်ပြီး လူတိုင်းအား မင်္ဂလာသကြားလုံး ဝေပေးလိုက်လေသည်။
“စကားမစပ် အာ့ထောင် အနီးကပ် လာကြည့်ပါဦးကွယ်။ ဒါတွေက တင်တောင်းပစ္စည်းစာရင်းတွေလေ”
ဧည့်ခန်းထဲရောက်သည့်အခါ ဒေါ်လေးကွေ့ဟွားသည် ရွှင်မြူးစွာဖြင့် သူမ၏ ဝတ်ရုံလက်ထဲမှ ပစ္စည်းများအား ထုတ်လာပေးလေသည်။
“ဒေါ်လေးကြားတာတော့ စန်းလန်ကိုယ်တိုင် ချရေးထားတာတဲ့လေ”
“ဒေါ်လေးကွေ့ဟွား ဒေါ်လေးရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးပါရှင်။”
ကျီကျောက်သည် ကိုယ်တိုင်ကိုယ်ကျ လက်ဖက်ရည်တစ်ခွက်ငဲ့ကာ သူမအား လှမ်းပေးလိုက်၍ ကျေးဇူးတင်စွာဖြင့် ပြုံးကာ ပြောလေသည်။
“ဟေ့ ကောင်မလေး ဘာဖြစ်လို့ ဒေါ်လေးအပေါ် အရမ်း ယဉ်ကျေးလွန်းနေတာလဲကွယ့်။ သမီးအမေနဲ့ ဒေါ်လေးကြားက ဆက်ဆံရေးကို မပြောနဲ့ဦး။ သမီးနဲ့ ဒေါ်လေးက ရှီလျို့ကျေးရွာကနေ အိမ်ထောင်ကျတဲ့ မိန်းကလေးနှစ်ယောက် ဖြစ်နေတယ် ဆိုတာနဲ့တင် ဒေါ်လေး ကူညီသင့်တာပေါ့ကွယ်။” ဒေါ်လေးကွေ့ဟွားသည် တောက်ပစွာ ပြုံး၍ ပြောလေသည်။
“ဒါ့အပြင် သမီးတို့အမေက ဒေါ်လေးကို ဆိုးဆိုးဝါးဝါး မဆက်ဆံခဲ့ဖူးဘူးလေ”
အရင်ထဲက ကျောက်လန်ဟွာသည် သူမအား ပြောထားခြင်း ဖြစ်ပေသည်။ သူမသာ ရှီလျို့ကျေးရွာမှာ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲလုပ်ချင်တယ်ဆိုပါက သူမသည် များပြားလှသည့် လက်ဆောင်များအား သေချာပေါက် ပြင်ဆင်ထားမည် ဖြစ်ပေသည်။
“မနက်ဖြန်ကျရင် အိမ်တော်ကို အလှဆင်ကြရအောင်” ဒေါ်လေးကွေ့ဟွားက အပြုံးလေးဖြင့် ပြောလေသည်။ “ဒါနဲ့ စကားမစပ် သမီးရဲ့ မင်္ဂလာဆောင်၀တ်စုံကိုပါ ဒေါ်လေး ယူလာခဲ့တယ်။”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဒေါ်လေး”
“ဘာလို့ အရမ်းယဉ်ကျေးနေရပြန်တာလဲကွယ့်” ဒေါ်လေးကွေ့ဟွားရဲ့ ပြင်ဆင်မှုများ အပြီးတွင် ကျီမိသားစုအိမ်၀င်းသည် အသစ်ကဲ့သို့ ဖြစ်သွားလေသည်။
အိမ်၀င်းထဲတွင် ငှားထားသည့် စားပွဲခုံများ၊ ကုလားထိုင်ခုံများ၊ ခုံတန်းရှည်များအား စီစီရီရီ ခင်းကျင်းထားလျက် အနီရောင် ပိုးပိတ်စရှည်မှာ ထိုပစ္စည်းများအပေါ်သို့ လွှားထားလေသည်။
ခြောက်လပိုင်း ဆယ့်ငါးရက်နေ့မြောက်မှာတော့ လအလင်းရောင်သည် ညကောင်းကင်ယံမှာ အထူးတလည် တောက်ပလို့ နေလေသည်။
ကျီကျောက်သည် ပြတင်းပေါက်ဘေး၌ ရပ်လျက် လပြည့်၀န်းဆီသို့ ကြည့်နေပေသည်။
အားလုံးပြီးတဲ့နောက်မှာတော့ မနက် နေထွက်ပြီးတာနဲ့ သူမလက်ထပ်ရတော့မည် ဖြစ်ပေသည်။
ကျွီ*
“အစ်မ”
“ချန်ချန်လားကွယ့်” ကျီကျောက်သည် အနောက်သို့လှည့်လိုက်ကာ သူမဆီသို့ အပြုံးလေးဖြင့် လျှောက်လာသည့် ကောင်ငယ်လေးအား ကြည့်လိုက်ပေသည်။
“ ဘာဖြစ်လို့လဲဟင်”
“ကျွန်တော် အစ်မနဲ့ စကားပြောချင်လို့ပါ” ကျီချန်သည် သူမအား ကြည့်ကာ ကျိုးနွံစွာ ပြောလေသည်။
“ကောင်းပါပြီ။ အစ်မတို့ချန်ချန်လေးက ဘာအကြောင်းပြောချင်လို့များလဲရှင့်”
“အစ်မ…..ဒီလကုန်ကျရင် ကျွန်တော် ဆရာစုန့်နဲ့အတူ ကျန်းနန်ကို လိုက်သွားချင်လို့ပါဗျ” ကျီချန်က တိုးတိုးလေး ပြောလာလေသည်။
ကျီကျောက်သည် အနည်းငယ် အံ့ဩသွားရသဖြင့် သူမလက်အား မြှောက်၍ သူ့ခေါင်းလေးကို ပွတ်လိုက်လေသည်။
“ဘယ်အချိန်ထဲက သွားဖို့ ဆုံးဖြတ်ထားတာလဲဟင်”
“လွန်ခဲ့တဲ့ လ၀က်လောက်အကြာထဲကပါ အစ်မ” ကျီချန်က ရိုးသားစွာ ပြောလာလေသည်။
“ဆရာပြောတာက ကျန်းနန်ရဲ့ ရှုခင်းတွေက အရမ်းလှတယ်တဲ့။ သူက ဟိုးအရင်ထဲက ကျန်းနန်ကို သွားဖို့ကို တမ်းတနေခဲ့ရတာတဲ့။ သူက ကျွန်တော့်ကို ခေါ်သွားပြီး ကျန်းနန်တစ်ခွင် လှည့်ပတ်ကြည့်ချင်တယ်တဲ့။ နှစ်သစ်ကူး၀န်းကျင်လောက်မှ ဒီကို ပြန်ရောက်မယ်တဲ့”
“မင်း သွားချင်လား”
“ဟုတ်” ကျီချန်သည် တုံ့ဆိုင်းမှု မရှိဘဲ ခေါင်းငြိမ့်ပြလေသည်။
“ဒါပေမဲ့ ကျွန်တော်က အစ်မနဲ့ ပိုပြီး သွားချင်မိတာ။ ဒါပေမယ့် ချွင်းဖုန့်ဆိုင်က အစ်မရဲ့ ကြိုးစားမှုတစ်ခုဖြစ်တာကြောင့် အစ်မ မထားရက်နိုင်ဘူးဆိုတာ ချန်ချန် သိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တစ်ယောက်တည်း သွားဖို့ပဲ လုပ်လိုက်တာပါ”
“ကောင်းပါပြီကွယ်” ကျီကျောက်သည် အင်တင်တင်ဖြစ်နေပေမဲ့လည်း သဘောတူလိုက်လေသည်။
ကျီချန်သည် ကြီးပြင်းလာပြီ မဟုတ်ပါလား။
သူသည် အပြင်ထွက်၍ ကမ္ဘာကြီးအား မြင်သင့်လေသည်။
“အစ်မ စောစောနားပါဗျ”
နောက်နေ့တွင် ကောင်းကင်သည် စတင်တောက်ပနေသည့်အချိန်ခိုက်၌ ဒေါ်လေးကွေ့ဟွား၏ အော်သံကြောင့် ကျီကျောက် အိပ်ရာမှ နိုးထလာလေသည်။
သူမသည် အိပ်ချင်စုန်မွှားဖြင့် တံခါးထဖွင့်လိုက်လေသည်။
“ဒေါ်လေး ဘာလို့ အစောကြီး ထလာတာလဲဟင်”
“အရူးမလေး မျက်နှာသစ်သင့်နေပြီ”
ဒေါ်လေးကွေ့ဟွားသည် မျက်နှာဝိုင်းဝိုင်းအမျိုးသမီးတစ်ယောက်အား အခန်းထဲသို့ ခေါ်၍ အပြုံးလေးဖြင့် သူမနှင့် မိတ်ဆက်ပေးလေသည်။
“အာ့ထောင် ဒါက အမျိုးသမီးကောတဲ့။ သူမက ဒီအနီးအနားရွာတစ်ဝိုက်မှာ နာမည်အကြီးဆုံး မင်္ဂလာဆောင် အကျိုးဆောင်ပဲ။”
“မမလေး အာ့ထောင်ရှင့်၊ အသင့်ဖြစ်ပါပြီလား။” အမျိုးသမီးကောသည် အနီရင့်ရောင် ၀တ်ရုံရှည်အား ၀တ်ဆင်ထားလျက် ကြီးမားလှသည့် ရင်သားများနှင့် တင်ပါးဆုံ ဖွံ့ဖွံ့ထွားထွားများရှိလျက် ရွှင်ရွှင်ပျပျ အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။
“ဘာအတွက် အသင့်ဖြစ်ရမှာလဲဟင်”
“မျက်ခုံးမွှေးပုံသွင်းဖို့အတွက်ပါ မမလေးရှင့်”
ကျီကျောက်သည် ထိုစကားအား ကြားပြီးနောက် ပင့်သက်ရှိုက်မိသွားလေသည်။
အမျိုးသမီးကောသည် ကျီကျောက်ရှေ့၌ မတ်တပ်ရပ်လိုက်ပြီး ငါးရောင်စပ်ချည်ကြိုးဖြင့် သူမ၏ မျက်ခုံးမွှေးများအား ပုံသွင်းခြင်း အမှု စတင် လုပ်ဆောင်နေပေသည်။
အာ့*
အမျိုးသမီးကောမှ သူမ၏ လက်များအား လှုပ်ရှားလိုက်တိုင်း ကျီကျောက်မှာ အသံမထွက်ပဲ မနေနိုင် ဖြစ်နေလေ၏။
မျက်ခုံးမွှေး ပုံသွင်းခြင်းအမှုမှာ အလွန်နာကျင်လွန်းလေသည်။
တစ်နာရီခန့်ကြာပြီးနောက်တွင် အမျိုးသမီးကောမှ ပြောလာလေသည်။
“ပြီးသွားပါပြီရှင့်”
ကျီကျောက်သည် ကြေးမုံမှန်ထဲမှ သူမ၏ မျက်နှာအား တိတ်တဆိတ် ကြည့်လိုက်၍ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်လေသည်။ သူမကိုယ်သူမတောင်မှ မမှတ်မိတော့ချေ။