← Chapters

ကျောက်စိမ်းပဲကိတ်မုန့်

Vol. 19 Ch. 289

ကျောက်စိမ်းပဲကိတ်မုန့်

Vol. 19 Ch. 289

စီချွမ်ကြက်သားတုတ်ထိုးအပြင် ကျီကျောက်သည် နောက်ထပ် အဆာပြေမုန့်တစ်မျိုးအား လုပ်လိုက်သည်။

သူမသည် ပြုတ်ထားသည့် ပဲတီစိမ်းများအား ကြိတ်ချေထားသည့် ရေခဲနှင့်ရောလိုက်ကာ ပဲတီစိမ်းဖျော်ရည် လုပ်လေသည်။

ခြောက်လပိုင်း လလယ်ဖြစ်သည့်အတွက် ရာသီဥတုက ပိုပိုပူလာပြီဖြစ်သည်။ ပဲတီစိမ်းအား များများစားပေးခြင်းသည် ကိုယ်တွင်းအပူနှင့် အဆိပ်အတောက်များအား ဖယ်ရှားပေးပြီး ကျန်းမာရေးအတွက် အထူးအကျိုးရှိပေသည်။

ကျီကျောက်သည် ခဏတာလောက် စဉ်းစားပြီးနောက် ကျောက်စိမ်းပဲကိတ်မုန့်တချို့ ပေါင်းရန် ပြင်ဆင်လေသည်။

“ကျောက်စိမ်းပဲကိတ်မုန့်လား” ဒုတိယမရီးရှန်း၏ မျက်လုံးများ တောက်ပလာပြီး သူမသည် ကျီကျောက်၏ လက်မောင်းများအား ချိတ်လိုက်ကာ အမောတကြီး ပြောလာလေသည်။

“အာ့ထောင် မင်းပြောနေတာ ကျောက်စိမ်းပဲကိတ်မုန့်ကိုလား…..ဆုကျိုးက မုန့်တမျိုး ဟုတ်တယ်မလားဟင်”

“ဟုတ်ပါတယ်” ကျီကျောက် အနည်းငယ် အံ့ဩသွားလေသည်။

“ဒုတိယမရီး အရင်က ကျောက်စိမ်းပဲကိတ်မုန့် စားဖူးတာလား”

“အင်း မြည်းကြည့်ဖူးတယ်လေ” ဒုတိယမရီးရှန်းသည် ရုတ်တရက် လည်ချောင်းထဲ၌ တစ်ဆို့သလို ခံစားလိုက်ရသည်။

“အစ်မ ငယ်ငယ်တုန်းက အစ်မရဲ့ သူငယ်ချင်းကောင်း တစ်ယောက်က ဆုကျိုးမှာ အိမ်ထောင်ကျသွားတာလေ။ လွန်ခဲ့တဲ့ငါးနှစ်ခန့်လောက်ကပေါ့ သူက တစ်ယောက်ယောက်နဲ့ ပစ္စည်းတွေ အများကြီး ပို့ပေးခဲ့တယ်လေ၊ ကျောက်စိမ်းဖဲပြားကိတ်အပါ၀င်ပေါ့။ ဒါပေမယ့် သူ မသိလိုက်တာက သူ လက်ထပ်ပြီး နှစ်နှစ်ခန့်အကြာမှာ သူ့မိဘတွေက နာမကျန်းဖြစ်ပြီး ဆုံးပါးသွားကြတယ်လေ…”

“သူ့မိဘတွေ ဆုံးပါးသွားတာကို သမီးဖြစ်တဲ့သူက ဘာလို့ ပြန်မလာတာလဲဟင်”

“ဘာလို့လဲ‌ဆိုတော့ သူ့မိဘတွေဆိုတာက မွေးစားမိဘတွေမို့လို့လေ….” ဒုတိယမရီးရှန်းသည် သူမ၏ ခေါင်းအား ခါလိုက်ပြီး ထိုအကြောင်းရာအား ဆက်ပြောချင်ပုံမပေါ်ပေ။

“ဒါနဲ့ အာ့ထောင် မင်း ကျောက်စိမ်းပဲကိတ်မုန့် ဘယ်လိုလုပ်ရတယ်ဆိုတာ သိတာလားကွယ့်”

“ဟုတ်ကဲ့ ညီမ သိတယ်” ကျီကျောက်သည် ခိုင်ခိုင်မာမာ ပြောလာလေသည်။

သူမသည် တော်၀င်စားဖိုမှူး၏ မျိုးဆက် တစ်ဦး ဖြစ်ပေသည်။ သူမ၏ ဟင်းချက်စွမ်းရည်မှာ ၂၁ ရာစု၏ ထိပ်တန်းစာရင်း၀င်ဖြစ်ပေသည်။ သူမသည် ကမ္ဘာ့ဟင်းချက်စွမ်းရည်ပြိုင်ပွဲ၌ ရွှေတံ‌ဆိပ်ဆုအား ရရှိခဲ့ရုံသာမက ဟင်းချက်စွမ်းရည်ပြိုင်ပွဲ၏ သုံးနှစ်ဆက်တိုက် ဒိုင်လူကြီးတစ်ယောက် ဖြစ်ပေသည်။

“ကျောက်စိမ်းပဲကိတ်မုန့်ပြုလုပ်နည်းက တကယ်တော့ ရိုးရှင်းတယ်။ အရေးကြီးဆုံးအရာက ကောက်ညှင်းဆန်မှုန့် ပမာဏ မှန်ကန်ဖို့ပဲ လိုအပ်တယ်” ကျီကျောက်သည် ကောက်ညှင်းဆန်မှုန့် တစ်ထုပ်အား ယူလိုက်ကာ နူးညံ့စွာ ရှင်းပြလာလေသည်။

“ကိတ်မုန့်လုပ်ဖို့ ကောက်ညှင်းဆန်မှုန့်စစ်စစ်ကို အသုံးပြုရမယ်။ ကောက်ညှင်းမှုန့် လက်တစ်ဆုပ်၊ ဆီ တစ်ဇွန်း၊ သကြားရယ် ယူပြီး ပေါင်းအိုးထဲ ထည့်ပေါင်းလိုက်ပါ။ အပူချိန်ကို အမြင့်ဆုံး ထားပြီးမှ ပြန်လျှော့ရမယ်နော်။ ပေါင်းပြီးသွားရင်တော့ အပိုင်းပိုင်းလေးတွေ ဖြတ်ပြီးသွားရင် ကျောက်စိမ်းပဲကိတ်မုန့်လေးတွေ ရပါပြီ”

“ချိုပြီး နူးအိနေရောနော်…..တကယ့်ကို အရသာရှိတယ်”

ကျောက်စိမ်းပဲကိတ်မုန့် တစ်ပိုင်းအား မြည်းစမ်းကြည့်ပြီးနောက် ဒုတိယမရီးရှန်းသည် ချက်ချင်းဆိုသလို မြှောက်ပင့် ပြောဆိုလာလေသည်။ “အာ့ထောင် မင်းကတော့ တကယ့်အောချစရာပါပဲကွယ်”

“ဒုတိယမရီး ကြိုက်တယ်ဆို များများသာ စားပါနော်”

ကျီကျောက်အတွက် ပျော်ရွှင်မှူဆိုသည်မှာ သူမ ပြုလုပ်သည့် အစားအစာများအား လူတိုင်းမှ မြိန်ရေယှက်ရေ သုံးဆောင်သည်ကို ကြည့်ရခြင်းပင် ဖြစ်ပေသည်။

စီချွမ်ကြက်သားတုတ်ထိုး၊ ပဲတီစိမ်းဖျော်ရည်နှင့် ပဲစိမ်းကိတ်မုန့်တို့မှာ ရှန်းမိသားစုရှိ လူတိုင်း၏ အစာအိမ်အား ပြည့်အောင်ဖြည့်ပေးခဲ့လေသည်။

နေ့လည်စာစားပြီးချိန်မှာတော့ ရှန်းတာ့ရှန်သည် ရှန်းတာ့လန်နှင့် ရှန်းအာ့လန်တို့အား သူ့လယ်ထဲသို့ ခေါ်သွားလေသည်။

ရှန်းယောင်ကတော့ မလိုက်သွားပါချေ။ ထိုအစား သူသည် စာလေ့လာရန်သွားလေသည်။

“ရှင် ဘာရှာနေတာလဲဟင်” ကျီကျောက် အခန်းထဲသို့ လျှောက်လာချိန်တွင် ရှန်းယောင်သည် စာအုပ်စင်ရှေ့၌ ရပ်ကာ စာအုပ်များအား အလောတကြီး လှန်ရှာနေခဲ့လေသည်။

“ကိုယ် ရှာတွေ့ပြီ” ရှန်းယောင်သည် ဝါကြင့်ကြင့်အရောင်ပြောင်းနေပြီဖြစ်သည့် စာအုပ်ဟောင်းတစ်အုပ်အား ဖျတ်ခနဲကြည့်မိလိုက်လေသည်။ ထို့နောက် သူသည် သူ့နောက်ရှိ ကျီကျောက်အား လေးနက်စွာ စိုက်ကြည့်လာလေသည်။

“ဘာဖြစ်လို့လဲဟင်”

“ကျောက်ကျောက် ကိုယ် စိုးရိမ်နေတာ တစ်ခု ရှိတယ်” ရှန်းယောင်က လေးလေးနက်နက် ပြောလာလေသည်။ “မိုးခေါင်တာကြာလာတဲ့အခါ သေချာပေါက် ကျိုင်းကောင်တွေ ပေါ်လာလိမ့်မယ်တဲ့”

“ရှင် ဆိုလိုချင်တာက……” ကျီကျောက်သည် ထိုအကြောင်းကြားသည့်နောက် သူမ နှလုံးသားမှာ တစ်ချက် အခုန်မြန်သွားလေသည်။

“အရင်နှစ် နွေရာသီအစောပိုင်းမှာ တာ့ကျင်းမင်းဆက်တစ်ခုလုံး သုံးနှစ်ဆက်တိုက် မိုးခေါင်ခြင်းကို ခံစားခဲ့ရတယ်လေ။ နောက်ဆုံးမှာ မိုးရွာခဲ့ပေမဲ့လည်း လယ်တွေထဲက ကောက်နှံပင်တွေက ကောင်းကောင်း မကြီးထွားကြတော့ဘူး။ ဒီနှစ်လည်း ထပ်ပြီး မိုးခေါင်ဖို့ စနေပြီလေ…”

ရှန်းယောင်၏ လေသံမှာ လေးနက်သည်ထက် လေးနက်လာခဲ့လေသည်။ သူ့လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်ကာ အသံနိမ့်နိမ့်ဖြင့် ပြောလာလေသည်။ “ဒီစာအုပ်ထဲမှာ လွန်ခဲ့တဲ့ နှစ် ( ၃၀ ) ခန့်က ကျိုင်းကောင်ကပ်ဆိုး အပါအ၀င် သဘာ၀ဘေးအန္တရာယ်များစွာကို မှတ်တမ်းတင်ထားတယ်လေ”

“ကျိုင်းကောင်ကပ်ဆိုးသာ ကျရောက်လာရင် မြက်တစ်ပင်တောင် ရှင်သန်နိုင်မှာ မဟုတ်လောက်ဘူး” ကျီကျောက်သည်လည်း အခြေအနေရဲ့ လေးနက်သည်ကို သိလိုက်ရပြီး စိုးရိမ်စွာ မေးလိုက်လေသည်။ “ရှန်းယောင်….. ကျွန်မတို့တွေ ကြိုတင်ပြင်ဆင်မှု မလုပ်ထားသင့်ဘူးလား”

“ကြိုတင်ပြင်ဆင်တာက ကုသခြင်းထက် ပိုကောင်းတာတဲ့လား” ထိုစကားအား ကြားပြီးနောက် သူသည် အတွေးနက်ထဲ ကျရောက်သွားလေသည်။ ထို့နောက် သူ့ခေါင်းအား ခါကာ ခါးသီးစွာ ပြုံးလိုက်လေသည်။

“မိုးခေါင်တဲ့အခြေအနေက အခုချိန်မှာ အနည်းငယ် လေးနက်တယ်ဆိုပေမဲ့ ကျိုင်းကောင်ကပ်ဆိုးကတော့ ရှားပါးတယ်။ အကယ်လို့ ကိုယ်တို့တွေ သတင်းဖြန့်မိရင် မလိုအပ်တဲ့ဝေဖန်မှုတွေ ဆွဲဆောင်မိမှာကို ကိုယ်စိုးရိမ်မိတယ်”

“ဒါပေမဲ့ ကျွန်မတို့တွေ လယ်တွေထဲက ကောက်နှံပင်တွေကို ကျိုင်းကောင်တွေ ဖျက်ဆီးမှာကိုတော့ ရပ်မကြည့်နေနိုင်ဘူး မဟုတ်လားဟင်” ကျီကျောက်က စိုးရိမ်တကြီးပြောလိုက်လေသည်။

“ကျွန်မတို့တွေ အရင်ဆုံး ရွာလူကြီး‌ဆီ သွားကြရအောင်လေ။ အရင်ဆုံး လူတိုင်းကို လယ်တွေထဲက ကောက်နှံပင်တွေကို ရိတ်သိမ်းထားဖို့ နည်းလမ်းကို ကျွန်မတို့တွေ အတူတူ စဉ်းစားလို့ ရတာပေါ့”

သဘာ၀မျက်နှာပြင်ပေါ်ရှိ လူသားများမှာ သေးငယ်ကြပေသည်။

ထို့ကြောင့် ကျီကျောက်ခံစားရသည်က လက်ရှိသူတို့လုပ်နိုင်သည်မှာ ဆုံးရှုံးမှုတွေ လျော့ပါးစေရန် နည်းလမ်းများ ရှာဖွေဖို့ပဲ ဖြစ်ပေသည်။

“ကောင်းပါပြီ”

ထိုအချိန်၌ ရှန်းမုန့်ဟူသည် မြေကမ္ဘာဘုရားကျောင်း၌ အမွှေးနံ့သာ ပူဇော်နေခြင်းဖြစ်ပေသည်။ နဂါးလှေပွဲတော်ပြီးထဲက ရာသီဥတုမှာ ပူသည်ထက်ပူလာပြီး မိုးခြိန်းသံပင် မကြားရတော့ပေ။ ရှန်းဟယ်ကျေးရွာရှိ လယ်ကွင်းအများစုသည် ချင်းဟယ်မြစ်လက်တက်နှင့် နီးသည့်အတွက် လယ်ကွင်းများထဲရှိ ကောက်နှံပင်များမှာ ရှင်သန်နိုင်ကြခြင်း‌ ဖြစ်ပေသည်။ သို့ပေမယ့် လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ရှန်းမုန့်ဟူသည် မြို့တော်သို့ သွားခဲ့ချိန်၌ အနီးနားရွာများရှိ လယ်ကွင်းအများပြားသည် ခြောက်သွေ့အက်ကွဲမှုများ ရှိနေသည်အား သူကြားခဲ့ရလေသည်။ အတွေ့အကြုံရှိတဲ့ လယ်သမားတစ်ယောက်အနေနှင့် ရှန်းမုန့်ဟူသည် ဒီအခြေအနေက မကောင်းသည်ကို ခံစားရလေသည်။ ဒီနှစ်တွင်လည်း မိုးခေါင်ခြင်း နောက်တစ်နှစ် ဖြစ်လာနိုင်ပေသည်။

ဘာသာတရား ကိုင်းရှိုင်းသည့် နှလုံးသားဖြင့် ရှန်းမုန့်ဟူသည် သူ့အတွေးများအား ရပ်လိုက်ကာ သူ့လက်ထဲရှိ အမွှေးနံ့သာချောင်းအား သုံးချောင်းထောက် အမွှေးတိုင်အိုးထဲသို့ စိုက်လိုက်လေသည်။ သူ လှည့်ထွက်သွားရန် ပြင်လိုက်ချိန်မှာပဲ ရှန်းယောင်နဲ့ သူ့ဇနီးလေးတို့ အထဲသို့ လျှောက်ဝင်လာကြတာကို မြင်လိုက်ရလေသည်။

( ၁၅ ) မိနစ်ခန့်ကြာသည့်နောက်တွင် လူငယ်နှစ်ယောက်၏ စကားအား နားထောင်ပြီးနောက် ရှန်းမုန့်ဟူတစ်ယောက် အတွေးနက်ထဲ ကျရောက်သွားလေသည်။

“ရွာလူကြီး…. ဒီစာအုပ်ထဲမှာရှိတဲ့ မှတ်တမ်းတွေအရ မူမမှန်တဲ့ရာသီဥတုက သတိပေးနေတာပါပဲ။ ရှည်လျားတဲ့မိုးခေါင်ခြင်းပြီးနောက်မှာ ကျိုင်းကောင်တွေ သေချာပေါက် ရှိလာမှာပါပဲ။ လယ်ကွင်းထဲက ကောက်နှံပင်တွေက အခုထိ လုံးလုံး မမှည့်ကြသေးပေမဲ့လည်း ကျွန်တော်တို့တွေ အခုထဲက ရိတ်သိမ်းထားလိုက်မယ်ဆိုရင် အနည်းဆုံး ကောက်နှံပင်တွေရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းကို ရိတ်သိမ်းထားနိုင်မှာပါဗျ”

ရှန်းယောင်သည် သူ့နှုတ်ခမ်းများအား တင်းတင်းစေ့ပြီး လေးနက်စွာ ရှင်းပြလာလေသည်။

“ကျိုင်းကောင်ကပ်ဆိုးသာ တစ်ကြိမ်လောက် ရောက်လာလိုက်တာနဲ့ ကျွန်တော်တို့ ရှန်းဟယ်ကျေးရွာမှာ ရိတ်သိမ်းဖို့ ရိက္ခာတွေ မရှိနိုင်တော့မှာကို စိုးရိမ်မိပါတယ်ဗျ”

ရှန်းမုန့်ဟူသည် အလျင်စလို သဘောမတူသေးဘဲ သူ့မျက်လုံးများအား ကျဉ်းမြောင်းလိုက်ပြီး ရှန်းယောင်အား အချိန်အတော်ကြာအောင် စေ့စေ့ကြည့်နေခဲ့ပြီးနောက် ဖြည်းညှင်းစွာ ပြောလာလေသည်။

“ရှန်းယောင်…..ကျိုင်းကောင်တွေ သေချာပေါက် ပေါ်လာမယ်ဆိုတာကို မင်း အာမခံနိုင်လား”

ရှန်းယောင် တိတ်ဆိတ်သွားလေသည်။ တကယ်လည်း သူ အာမ မခံနိုင်ပါချေ။

“ဒါပေမဲ့ ရွာလူကြီးရှင့်၊ ဒါက တစ်သောင်းပုံရင် တစ်ပုံသာ ရှိတဲ့ ကြောက်ဖို့ကောင်းတဲ့ ကျိုင်းကောင်ကပ်ဆိုးကို ကျွန်မတို့တွေ ကြိုတင်မပြင်ဆင်ထားသင့်ဘူးလားရှင့်”

ကျီကျောက်သည် အလျင်စလို ရှင်းပြလာလေသည်။

“ရှန်းယောင်နဲ့ ကျွန်မတို့ နှစ်ယောက် ကျိုင်းကောင်ကပ်ဆိုး သေချာပေါက် ပေါ်လာမလားဆိုတာ အာမ မခံနိုင်ကြပေမဲ့ အကယ်လို့ ဖြစ်လာခဲ့ရင်ရော...”

“ကျုပ် စဉ်းစားပါရစေဦး”

ရှန်းမုန့်ဟူသည် သူတို့၏ အကြုံပြုချက်အား တိုက်ရိုက်လက်ခံမည့်အစား လူတိုင်းရဲ့ အကြံအား မေးမြန်းရန် ရွာအစည်းအဝေး ကျင်းပရန် ဆုံးဖြတ်လိုက်သည်။

နေ၀င်ဆည်းဆာချိန်နီးကပ်လာသည်နှင့် ကောင်းကင်၌ တောက်ပသည့် နေ၀င်ဆည်းဆာအလင်းတန်းများဖြင့် ပြည့်နေလေသည်။ ရောင်စုံအလင်းတန်းများမှာ နေရာတိုင်းသို့ ဖြန့်ကျက်နေပြီး ရှန်းဟယ်တစ်ရွာလုံးအား အတိတ်နမိတ်ကောင်းဆောင်သည့် အလင်းရောင်များဖြင့် လွှမ်းခြုံထားလေသည်။

ကျီကျောက်သည် မေးထောက်လျက် ရှန်းမိသားစု အိမ်၀င်းအပြင်ဖက်ရှိ လှေကားထစ်၌ ထိုင်နေပေသည်။ သူမသည် အဝေးရှိ လှပသည့် နေ၀င်ရီတရောမြင်ကွင်းအား ကြည့်နေလျက် သူမ၏ တည်ငြိမ်နေသည့် မျက်၀န်းများ၌ စိုးရိမ်မှုအရိပ်အရောင်များ ထင်ဟပ်နေလေသည်။

ရှန်းယောင်သည် လှီးထားသည့် ဖရဲသီးစိတ်များအား ယူလာကာ သွားကြားထိုးတံဖြင့် ဖရဲသီးတစ်စိတ်အား ထိုးစိုက်လိုက်ပြီး သူမ၏ နှုတ်ခမ်းနား တေ့ပေးလာလေသည်။

ဖရဲသီးအနံ့ချိုချိုမွှေးမွှေးလေးသည် ကျီကျောက်အား သူမ၏ အသိစိတ်ဆီသို့ ရုတ်ခြည်း ခေါ်ဆောင်ပေးလေသည်။

“နေ့လည်ခင်းတုန်းက အမေက အသီးခြံထဲသွားပြီး ဖရဲသီးခူးကာ ရေတွင်းထဲမှာ လေးနာရီလောက် ထည့်ထားလိုက်တယ်လေ” ရှန်းယောင်သည် သူမအား နူးညံ့စွာ ပြုံးပြလာလေသည်။

“မြန်မြန် စားလိုက်ဦး” ကျီကျောက်သည် ပြုံးလိုက်ကာ တစ်ကိုက်ကိုက်လိုက်ပြီးနောက် စိတ်ကျေနပ်စွာဖြင့် သူမမျက်လုံးများအား ကျဉ်းမြောင်းလိုက်မိသည်။

“အရမ်းချိုတာပဲ”

“ချိုရင် များများစားဦး”

ရှန်းယောင်သည် သူမအား ချစ်မြတ်နိုးစွာ ဆက်တိုက်ကျွေးလိုက်လေသည်။ သူ ကျီကျောက်စားနေသည်ကို ကြည့်ရတာ သဘောကျပေသည်။ ကျီကျောက် စားနေသည့်အချိန်တွင် သူမ၏ ပါးလေးများမှာ ဖောင်းနေပြီး ချစ်စရာကောင်းတဲ့ ငါးပူတင်းနှင့် တူကာ လူတွေအား သူမပါးလေးအား ဆွဲဆိတ်ချင်စိတ် ဖြစ်စေလေသည်။

သူ့နှလုံးသားထဲမှ တွေးလိုက်မိသည့်အတိုင်း သူလုပ်ခဲ့မိလေသည်။

“အမ်း” အကာအကွယ်မဲ့စွာဖြင့် ကျီကျောက်၏ မျက်နှာလေးမှာ ဆွဲဆိတ်ခံလိုက်ရလေသည်။ သူမသည် အကူညီမဲ့စွာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်နေခဲ့ပြီး သူမ၏ မျက်၀န်းလေးမှာ ဖြူစင်ကာ ချစ်စရာကောင်းလှသည်။

All Chapters