← Chapters

ကျောက်ကျောက်…ကောင်းသောညလေးပါ

Vol. 19 Ch. 290

ကျောက်ကျောက်…ကောင်းသောညလေးပါ

Vol. 19 Ch. 290

“ဘာဖြစ်လို့လဲဟင်”

ကျီကျောက်သည် မျက်တောင်ခတ်လိုက်လေရာ သူမ၏ အမူအရာလေးမှာ ဖြူစင်ရိုးသားကာ ချစ်ဖို့ကောင်းနေပေသည်။

ရှန်းယောင်သည် သူမ အနီးသို့ ဖြည်းဖြည်းချင်း တိုးလိုက်ကာ သူ့နှုတ်ခမ်းများနှင့် သူမ၏ နှုတ်ခမ်းရဲရဲလေးသို့ နီးကပ်လာသည့် အချိန်မှာပင်…..

“အဟမ်း” ချင်မင်ဟုန်သည် သူ့မျက်ခုံးများအားပင့်လိုက်ကာ သူ့မျက်နှာအား ယပ်တောင်ဖြင့် ကာလိုက်လေသည်။ သူ့လေသံတွင် သိသိသာသာ စနောက်မှုများ ပြည့်နှက်နေပေသည်။ “မင်းတို့တွေ ကြင်စဦးဇနီးမောင်နှံဆိုတာကို သိပေမဲ့ မင်းတို့ကွာ အချိန်အခါကိုတော့ အာရုံစိုက်သင့်တာပေါ့”

“အစ်ကိုချင်…” ရှန်းယောင်သည် အံ့အားသင့်စွာ အော်ခေါ်လိုက်လေသည်။

“ဒါမှာ မင်းတို့နှစ်ယောက်အတွက် မင်္ဂလာလက်ဆောင်” ချင်မင်ဟုန်သည် သူ့လက်ထဲမှ ယပ်တောင်အား ခေါက်သိမ်းလိုက်ကာ သူ့အနောက်ရှိအစေခံအား ခေါင်းညိမ့်ပြလိုက်လေသည်။ အစေခံသည် ချက်ချင်းပင် သူမအား ရိုသေလေးစားစွာဖြင့် သူ့လက်‌ထဲမှ သေတ္တာတစ်လုံးလား ကမ်းလာခဲ့လေသည်။

“ကျေးဇူးပါ အစ်ကိုချင်” ကျီကျောက်သည် သေတ္တာအလေးကြီးအား လက်ခံလိုက်ပြီးနောက် ပြုံးပြလာလေသည်။

“စကားမစပ် အစ်ကိုချင် အခုထိ ညစာမစားရသေးဘူးမလား။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မီးဖိုချောင်ထဲမှာ ခေါက်ဆွဲအေးတွေ ရှိနေသေးတယ်လေ။ နှမ်းနှစ်ခေါက်ဆွဲအေးတစ်ပန်းကန်ပြင်ပြီး အစ်ကိုကြီးချင် မြည်းဖို့ ယူလာပေးမယ်လေနော်”

“ကောင်းပါပြီဗျ” ချင်မင်ဟုန်သည် မဆိုင်းမတွ သဘောတူလိုက်ပေသည်။

( ၁၅ ) မိနစ်ခန့် ကြာသည့်နောက် ကျီကျောက်သည် နှမ်းနှစ်ခေါက်ဆွဲအေး တစ်ပန်းကန်နှင့် အချဉ်ဖောက်ထားသည့် မက်မွန်အရသာကွေ့ဟွား သေရည်တစ်အိုး ပြင်ဆင်လိုက်လေသည်။

“မွှေးနေပါရောလား” ချင်မင်ဟုန်သည် အတိတ်သို့ လွမ်းဆွတ်စွာ သက်ပြင်းချလိုက်လေသည်။

“ကိုယ် စီရင်စုမြို့တော်မှာ ရှိတဲ့အချိန်တုန်းက အာ့ထောင်ရဲ့ ဟင်းချက်လက်ရာကို အရမ်းလွမ်းနေခဲ့တာလေ”

“အစ်ကိုချင် ကြိုက်တယ်ဆို များများသာစားပါနော်”

“သေချာပေါက်ပဲပေါ့ဗျာ”

ထိုအချိန်တွင် သူ့မျက်နှာချင်းဆိုင်၌ ထိုင်နေသည့် ရှန်းယောင်သည် သူ့နှလုံးသားထဲမှ လောင်မြိုက်လာသည့် အပူများအား ငြိမ်းသတ်ရန် လက်ဖက်ရည်အေးတစ်ခွက် သောက်နေလေသည်။ ထို့နောက် သူ့အကြည့်တွေကို အောက်စိုက်ကာ ပြောလိုက်သည်။

“တစ်ယောက်ယောက်က လိုချင်တာ မရှိပဲနဲ့ ဘယ်တော့မှ အလည်မလာတတ်ဘူးတဲ့”

“ မင်း ကျွန်တော့်ကို မကြိုဆိုဘူးလို့ ဘာလို့ ခံစားနေရတာပါလိမ့်”

ချင်မင်ဟုန်သည် သူ့မျက်လုံးများအား လှန်လိုက်ကာပြောလေသည်။

“အလှလေးကို မင်းပိုင်ဆိုင်ထားပြီးပြီပဲဟာ။ ဘာလို့ တွန့်တိုနေသေးတာလဲကွာ”

“ညဉ့်နက်နေတဲ့အချိန်ကြီး အပြေးရောက်ချလာတာဆိုတော့ ဘာကိစ္စများရှိလို့ပါလဲ ဆိုပါဦးဗျ” ရှန်းယောင်သည် သူ့လေသံထဲမှ မကျေနပ်သည့် အရိပ်အရောင်အား လျစ်လျူရှုလိုက်ကာ အသံနိမ့်နိမ့်ဖြင့် ပြောလေသည်။

“စီရင်စုမြို့တော်က ပြောင်းလဲတော့မယ်” ချင်မင်ဟုန်သည် သူ့နောက်မှာ ရပ်နေသည့် အစေခံအားကြည့်ရင်း ပြောလိုက်သည်။ အစေခံက နာခံစွာဖြင့် နောက်ဆုတ်ကာ တံခါး၀အပြင်ဖက်၌ ရပ်စောင့်နေလေသည်။ ထို့နောက်မှ သူက ဆက်ပြောလေသည်။

“ကျင်းနန်မှာရှိတဲ့ ဆားကုန်သည်တွေ တရားမ၀င်ဆားမှောင်ခိုဂိုဏ်းဖြစ်တဲ့ ချောင်ဂိုဏ်းရဲ့ လုပ်ကြံခြင်းခံလိုက်ရတယ်လို့ ကိုယ်ကြားခဲ့ရတယ်။ လွန်ခဲ့တဲ့ငါးနှစ်လောက်ကထဲက တော်ဝင်နန်းတော်က စေလွှတ်ခံရတဲ့ ဆားကုန်သည်တွေ တစ်ယောက်မှ ပြန်မလာခဲ့ကြတာကြောင့် ဘုရင်မင်းမြတ်က အမျက်ထွက်ပြီး တင်းတင်းကြပ်ကြပ် စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့တယ်လေ။ ဒီကိစ္စအတွက် တာန်ရှိတဲ့သူကတော့ လက်ရှိ ယွင်ချန်စီရင်စုအုပ်ချုပ်ရေးမှူး စွင်းရှန်းနန်ပဲ ဖြစ်တယ်”

“ကိုယ် အကြီးဆုံးအဒေါ်ဆီက ထပ်ကြားရတာက တော်၀င်ကိုယ်လုပ်တော်စွင်းက ဒီအခွင့်အရေးရဖို့ အပြင်းအထန် ကြိုးပမ်းခဲ့ရတယ်တဲ့”

“မြို့တော်ထဲမှာ ကောလဟာလတွေ ပြန့်နေတာကတော့ ဘုရင်မင်းမြတ်က လက်ရှိဧကရီကို နန်းချပြီး တော်၀င်ကိုယ်လုပ်တော်ကို ဧကရီအဖြစ် တင်မြှောက်ချင်နေတယ်ဆိုပဲ”

ချင်မင်ဟုန်သည် အသံနိမ့်နိမ့်ဖြင့် ထပ်ပြောလာလေသည်။ “တော်၀င်ကိုယ်လုပ်တော်စွင်းသာ တိုင်းပြည်မိခင်ဖြစ်လာတာနဲ့ စွင်းမိသားစုကို လှုပ်ကိုင်နိုင်ဖို့ဆိုတာ လွယ်မှာ မဟုတ်တော့ဘူး”

ဒီသတင်းတွေကို တိတ်တဆိတ် နားထောင်နေသည့် ရှန်းယောင်တစ်ယောက် တည်ငြိမ်လို့ နေလေသည်။

ချင်မင်ဟုန်သည် သူ၏ မထူးခြားနားသည့် အမူအရာအား ကြည့်ကာ နားမလည်ဖြစ်လာတော့သည်။ “ဒီကိစ္စကို မင်း လုံး၀ ဂရုစိုက်နေပုံ ပေါ်မနေပါလား။ မင်း လက်စားမချေချင်တော့ဘူးလား”

“ဘာလို့ လက်စားမချေချင်ရမှာလဲဗျာ” ရှန်းယောင်သည် စားပွဲခုံအား ဖွဖွလေးခေါက်လိုက်ကာ လေးလေးနက်နက် ကြည့်လာလေသည်။

“ကျွန်တော်တို့တွေ လက်စားချေဖို့ကိစ္စနဲ့ ပတ်သက်ပြီး သောကရောက်စရာမလိုဘူးလို့ ထင်မိလို့ပါ။ တစ်ချက်ထဲနဲ့ ချက်ကောင်းကို ထိနိုင်မယ်လို့ ယုံကြည်ချက်မရှိရင် မစွန့်စားတာပဲ ကောင်းပါတယ်”

ပြီးခဲ့တဲ့ ဆယ်နှစ်တာ တစ်ချိန်လုံးမှာ သူခြေရာဖျောက်နေရသည့် အဓိကအချက်မှာ စွင်းမိသားစု၏ ပြစ်မှုသက်သေများအား စုစည်း၍ သူတို့အား တစ်ချက်တည်းဖြင့် အမိဖမ်းနိုင်ရန် ဖြစ်ပေသည်။ ဒါကြောင့် သူအနေနှင့် သူတို့အား အမြင့်သို့ ထပ်တက်ရန် အခွင့်အရေး မပေးနိုင်တော့ချေ။

“လက်ရှိစွင်းမိသားစုရဲ့ အဆင့်အတန်းက လူတိုင်းရဲ့ အထက်မှာ ရှိနေတယ်။ မင်းသာ သူတို့ကို လှုပ်ကိုင်ချင်ပါတယ်ဆိုရင် အရူးတစ်ယောက်ရဲ့ အိပ်မက်နဲ့ မခြားနား ဖြစ်နေလိမ့်မယ်” ချင်မင်ဟုန်သည် ညင်သာစွာ သက်ပြင်းချလိုက်မိလေသည်။

“ကိုယ်တို့ စီရင်စုမြို့တော်ဆီက မထွက်ခွာခင် အချိန်အတော်ကြာတုန်းက ဦးလေးဆီကို ဆက်သွယ်ခဲ့လိုက်သေးတယ်။ ကျင်းနန်မှာ ပျောက်သွားတဲ့ ဆားကုန်သည်တွေက ချောင်ဂိုဏ်းနဲ့ ဆက်စပ်မှု ရှိမနေဘူးတဲ့လေ”

“ချောင်ဂိုဏ်းက ဒီနှစ်တွေမှာ ကြီးမားတဲ့လုပ်ငန်းတွေကိုပဲ လုပ်ကိုင်နေခဲ့တာမလို့ တရားမ၀င်‌ဆား တင်ပို့တယ်ဆိုတာက အဓိပ္ပါယ်မရှိနေဘူးတဲ့လေ” ချင်မင်ဟုန်သည် တိတ်တဆိတ်ဖြင့် သူ့လက်သီးအားဆုပ်လိုက်မိကာ နက်ရှိုင်းစွာပြောလာလေသည်။

“အစိုးရအရာရှိတွေရဲ့ ပြောစကားတွေချည်းပဲ ဖြစ်နေတာကြောင့် ချောင်ဂိုဏ်းက လူတွေမှာ ရှင်းပြဖို့ အာဏာမရှိနေဘူးလေ။ သူတို့တွေက အံကြိတ်ပြီး အပြစ်တင်ဝေဖန်တာတွေကို ထပ်ခါတလဲလဲ ခေါင်းခံဖို့ပဲရှိတယ်လေ။ ချောင်ဂိုဏ်းက ညီအစ်ကိုတွေသာ သူတို့မိသားစုတွေကို ထောက်ပံ့နေရတာ မဟုတ်ဘူးဆိုရင် ဘယ်သူကမှ ဒီလို အခြေအမြစ် မရှိတဲ့ ယုတ်မာမှုတွေကို ခေါင်းငုံ့ခံကြမှာ မဟုတ်ဘူး”

“အစ်ကိုချင်ကရော ဒီနှစ် ဆောင်းဦး တော်၀င်အရာရှိ စာမေးပွဲမှာ ပါ၀င်မှာ မဟုတ်လားဗျ” ရှန်းယောင်သည် ရုတ်တရက် အကြောင်းအရာအား ပြောင်းလိုက်၍ မေးလေသည်။

“ဟင်….” ချင်မင်ဟုန်သည် ဒီလိုမေးခွန်းမျိုးအား မတွေးထားခဲ့သဖြင့် တခဏလောက် မှင်သက်သွားလေသည်။ ထို့နောက် ခဏတာလောက် တိတ်ဆိတ်သွားပြီးနောက်မှာတော့ သူ့ခေါင်းအား ခါလိုက်လေသည်။

“ဘာလို့လဲဗျ”

“ကိုယ် မ၀င်မဖြေချင်ဘူးလေ” ချင်မင်ဟုန်သည် တည့်တိုးဆန်စွာ ပြောလာခဲ့လေသည်။ “ဒီတစ်ခေါက် ကိုယ် စီရင်စုမြို့တော်ဆီက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့ ပထမအချက်က မင်းတို့ကို လာနှုတ်ဆက်ချင်တာနဲ့ နောက်တစ်ချက်ကတော့ ကျင်းနန်က‌နေ ထွက်ပြီး ဦးလေးကို ကူပေးချင်တာမလို့လေ”

“အရာရှိလောကအတွက်ကတော့ တော်ပါပြီကွာ” ချင်မင်ဟုန်သည် ခပ်ဖွဖွ ရယ်မောလိုက်ကာ ပြောလေသည်။ သူ့စကားများထဲ၌ အထင်သေးသည့် အရိပ်အရောင်များ ထင်ဟပ်နေလေသည်။

“ကိုယ် ဆိုရိုးစကား တစ်ခုကြားဖူးတာ ရှိတယ်။ အကျင့်ပျက်ခြစားမှုတွေက စံဖြစ်လာတဲ့အခါ ရိုးသားဖြူစင်မှုဟာ မှုဒုစရိုက်တစ်ပါး ဖြစ်လာတယ်တဲ့လေ”

“အစ်ကိုချင်…..ဒီလိုမတွေးသင့်ပါဘူးဗျာ” ရှန်းယောင်သည် သဘောမတူစွာဖြင့် ခေါင်းခါလိုက်မိသည်။

“ချင်မိသားစုနဲ့ယှဉ်ရင်တောင် အစ်ကိုက ဦးလေးကို ပိုဂရုစိုက်တယ် ထင်ပါရဲ့ဗျာ။ ဦးလေးက ချောင်ဂိုဏ်းကလူမဟုတ်လား။ ချောင်ဂိုဏ်းဆိုတာ ကိုယ်ခံပညာအဖွဲ့အစည်း တစ်ခုပဲ မဟုတ်လား။ အကယ်၍ သူတို့သာ ဒီ‌လို အခြေအမြစ် မရှိတဲ့ အရာရှိတွေနဲ့ ပက်ပင်းကြုံရရင် သူတို့ရဲ့ ဘ၀တွေ ပိုပြီး ကြမ်းတမ်းလာပါလိမ့်မယ်။ ဒါကြောင်မလို့ အစ်ကိုချင်က ဒီစက်၀န်းကနေ ခုန်ထွက်ပြီး အပြင်လူတစ်ယောက်ရဲ့ ရှုထောင့်ကနေ စဉ်းစားကြည့်ပါလားဗျ”

“ဥပမာဆိုရမယ်ဆိုရင် အစ်ကိုချင်သာ ကျင်းနန်အင်ပါယာမြို့တော်ရဲ့ အရာရှိတစ်ယောက်ဖြစ်လာမယ်ဆိုရင် တချို့သော မူဝါဒတွေကို သင့်တော်လျောက်ပတ်အောင် ပြောင်းလဲနိုင်လိမ့်မယ်မဟုတ်ပါလား” ရှန်းယောင်သည် ညင်သာစွာ ပြောလာလေသည်။

“ကျွန်တော့်ကိုယ်ကျိုးကို ကြည့်ပြီး အတင်းစည်းရုံးနေတာမျိုး မဟုတ်ပါဘူး။ အစ်ကိုချင်သာဆန္ဒရှိမယ်ဆို ဦးလေးချင်ကို နောင်တစ်နည်းနဲ့ တိတ်တိတ်လေး ကူညီပေးနိုင်ပါတယ်။ ဒါဆိုရင် အားထုတ်မှု နည်းနည်းနဲ့ ရလဒ် မြန်မြန် ထွက်လာနိုင်မယ် မဟုတ်ပါလား”

ရှန်းယောင်နှင့် နှစ်နာရီကြာအောင် စကားလက်ဆုံကြပြီးနောက် ချင်မင်းဟုန်တစ်ယောက် ဉာဏ်အလင်း ပွင့်သွားလေသည်။ သူ့အား စိတ်ရှုပ်စေခဲ့သည့် မေးခွန်းတွေအား ထိုသူမှ ဖြေပေးသွားခဲ့လေသည်။

“ နောက်တောင်ကျနေပြီပဲ…ဂရုစိုက်ပြန်ပါဗျ လိုက်မပို့တော့ဘူးနော်”

ချင်မင်ဟုန်သည် တစ်ညတာ တည်းခိုရန်အတွက် မေးဖို့ ပြင်နေခိုက်တွင် ရှန်းယောင်သည် သူ့အကြံအား လွင့်ပြယ်သွားစေလေသည်။

“ကျွန်မတို့တွေ အစ်ကိုချင်အတွက် ဧည့်သည်ခန်း တစ်ခန်းလောက် ရှင်းပေးလိုက်ကြမယ်လေ…အပြင်မှာ မှောင်နေပြီ မဟုတ်လားရှင့်” ကျီကျောက်က အပြုံးလေးဖြင့် အကြံပြုလာလေသည်။

“ကိစ္စမရှိပါဘူး အစ်ကိုချင်မှာ ရထားလုံး ရှိတယ်လေ။ ရထားလုံးက ပိုမြန်တာပေါ့”

“ဒီလောက်နောက်ကျနေမှတော့ ဂိတ်တံခါးတွေ ပိတ်သွားလောက်ပြီမလား”

“ဒါလဲ ကိစ္စမရှိပါဘူး။ အစ်ကိုချင်က တော်ဝင်နန်းတော်က အရာရှိတစ်ဦးရဲ့ မိသားစု၀င်ပဲလေ….ထွက်ခွာခွင့် တံဆိပ်တုံး ရှိနေမှာပါ”

“ဒါ‌ဆိုရင် ကောင်းကောင်းပြန်ပါနော် အစ်ကိုချင်….” ကျီကျောက်သည် ကျိုးနွံစွာ လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်လေသည်။

ချင်မင်ဟုန်သည် ထိုစုံတွဲ၏ စကားများအား နားထောင်ရင်း ယဉ်ကျေးသည့် အပြုံးလေး ပြုံးထားသော်ငြား သူ့အမူအရာမှတစ်ဆင့် သူ့သွားများအား အံကြိတ်ထားသည်ကို ကျီကျောက် ပြောနိုင်ပေသည်။

ချင်မင်ဟုန်သည် ရွေးချယ်စရာမရှိပဲ အင်တင်တင်ဖြင့် ရထားလုံးထဲ၀င်လိုက်လေသည်။

အိမ်၀င်းအပြင်၌ မတ်တပ်ရပ်ကာ ရထားလုံးထွက်သွားသည်ကို ကြည့်ပြီးနောက် ကျီကျောက်သည် သူမ၏ အကြည့်များအား ရုတ်လိုက်လေသည်။

“ရှန်းယောင်……”

“ကျောက်ကျောက် ကိုယ်တို့လည်း အိပ်ရာ၀င်ကြရအောင်နော်”

ထိုစကားအားကြားပြီးနောက် ကျီကျောက်သည် တုန်ရီလာကာ တိုးတိုးလေး ညီးညူလိုက်မိလေသည်။

သူတို့တွေ စောင်အောက်မှာ စကားစမြည်ပြောနိုင်ကြပါ့မလားနော်။

အဖြေကတော့ သိသာစွာဖြင့် ဟင့်အင်း ဆိုတာပါပဲ။

ရှည်လျားလှသည့် မိုးသက်လေပြင်းဒဏ်အား လူးလှိမ့်အောင် ခံစားပြီးနောက်မှာတော့ ကျီကျောက်သည် မျက်လုံးပင် မဖွင့်နိုင်လောက်အောင် ပင်ပန်းနွမ်းနယ်သွားတော့လေသည်။

ရှန်းယောင်သည် မျက်နှာသုတ်ပဝါအား ယူကာ သူမ၏ မျက်နှာပေါ်မှ ချွေးစက်လေးများအား သုတ်ပေးလိုက်ပြီးနောက် သူ့နှလုံးသားမှာ ယားယံလာပြန်သည်။

“ရှန်းယောင်….”

“ကျောက်ကျောက်…. ကောင်းသောညပါနော်” ရှန်းယောင်သည် သူမ၏ နှုတ်ခမ်းလေးအား အနမ်းခြွေလိုက်ကာ ညင်သာစွာ ပြောလာလေသည်။

မူးဝေနေသည့် ကျီကျောက်တစ်ယောက် နောက်ထပ် အိပ်မက်တစ်ခု မက်ခဲ့လေသည်။

All Chapters