သူ ယုံကြည်ပါလိမ့်မယ်
Vol. 19 Ch. 291
ကောင်းကင်ကြီးသည် ကျိုင်းကောင်များဖြင့် ပြည့်နှက်လာတော့သည်။
ကျိုင်းကောင်များ ဖြတ်သန်းသွားသည့်နေရာများမှာ ကျတ်တီးမြေကဲ့သို့ ဖြစ်သွားလေသည်။
ရှန်းဟယ်ကျေးရွာရှိ ကောက်နှံပင်များအားလုံးမှာ ရှင်းကျင်းခံလိုက်ရလေသည်။
ကျတ်တီးမြေပေါ်ရှိ ရွာသားများမှာ ဒူးထောက်ချလိုက်ကြပြီး ခါးသီးစွာ ငိုမိလိုက်ကြလေသည်။
တင်းယွမ်ကောင်တီအနီးရှိ ရွာများမှာ ပို၍ပင် ဒုက္ခခံလိုက်ကြရပေသည်။
မြို့တော် ရာဇ၀တ်တရားသူကြီး ကျီထင်အန်းမှာ သောကရောက်နေရလေသည်။ သဘာဝဘေးဒဏ်ခံနေရသည့် ပြည်သူများမှာ မြို့တော်သို့ အလျင်ပြေးလာကြပြီး ခရိုင်တရားရုံးအပြင်ဖက်၌ အရာရှိများအား သိုလှောင်ရုံအား ဖွင့်၍ အစာရေစာများ စွန့်ကြဲပေးရန် ဒူးထောက် ဆန္ဒပြကြလေသည်။
သို့ပေမယ့် ထိုည၌ပင် ခရိုင်တရားရုံး၏ စပါးကျီမှာ မီးလောင်သွားသဖြင့် စားစရာများမှာ ပြာအဖြစ်သာ ကျန်ခဲ့လေသည်။
ပို၍ ကြောက်လန့်စရာကောင်းသည့် ဖြစ်ရပ်မှာ ခရိုင်တရားရုံး ရာဇ၀တ်တရားသူကြီး ကျီထင်အန်း ပျောက်ကွယ်သွားခြင်းပင် ဖြစ်ပေသည်။
ဦးဆောင်မည့်သူမရှိတော့သည့် တင်းယွမ်ကောင်တီ တစ်မြို့လုံး ကပ်ဆိုးများ ကျရောက်လာတော့လေသည်။
ကျီကျောက်သည် သူမအိပ်မက်ထဲမှ မြင်ကွင်းများအား မြင်လိုက်ရသည့်နောက် ၀မ်းနည်းစွာဖြင့် သူမ၏ မျက်လုံးများအား အုပ်လိုက်ကာ ငိုနေမိလေသည်။
“ကျောက်ကျောက်….” အရုဏ်တက်ချိန်၌ ရှန်းယောင်သည် သူ့ဘေးရှိသူ၏ ပုံမှန်မဟုတ်သည့် အပြုအမူအား သတိပြုမိသွားပြီး သူ့မျက်လုံးများအား စိတ်လှုပ်ရှားစွာ ဖွင့်လိုက်ပြီး အလောတကြီး အော်ခေါ်လိုက်လေသည်။
“ကျောက်ကျောက်….ကျောက်ကျောက်…. ဘာဖြစ်လို့လဲဟင်”
ကျီကျောက်သည် အိပ်မောကျလျက်ရှိနေသေးကာ အလွန်တရာ ၀မ်းနည်းစွာဖြင့် ငိုနေခဲ့လေသည်။
သူမ၏ လက်ဖဝါးအရွယ်စားရှိ မျက်နှာလေးမှာ ၀မ်းနည်းရှုံ့မဲ့နေလျက် မျက်နှာတစ်ပြင်လုံး၌ မျက်ရည်များ ရွှဲနစ်နေခဲ့လေသည်။
“ကျောက်ကျောက်…..ကျောက်ကျောက်…”
ရှန်းယောင်သည် နှလုံးကွဲကြေမတတ် ငိုနေသည့် သူမအား စိုးရိမ်တကြီး အော်ခေါ်ရင်း နှိုးနေခဲ့လေသည်။
“ရှန်းယောင်…..ဝူး…..ဝူး….”
နိုးလာပြီဖြစ်သည့် ကျီကျောက်သည် သူမ၏ ကိုယ်လေးအား သူ့လက်မောင်းဆီသို့ ပြေး၀င်လိုက်လေသည်။ သူမ၏ လက်မောင်းများဖြင့် သူ့လည်ပင်းအား ချိတ်ထားလိုက်ကာ ၀မ်းနည်းတကြီး ရှိုက်ငိုလေသည်။ ရှန်းယောင်သည် အလျင်အမြန် သူ့လက်များဖြင့် သူမ၏နောက်ကျောလေးအား ညင်သာစွာ ပုတ်ပေးလိုက်၍ တိတ်တဆိတ် နှစ်သိမ့်ပေးလေသည်။
အချိန်အတော်ကြာသည့်နောက် ကျီကျောက် တဖြည်းဖြည်း စိတ်ငြိမ်လာလေသည်။
ရှန်းယောင်သည် သူမ၏ မျက်နှာမှ မျက်ရည်များအား သုတ်ပေးရင်း နူးညံ့စွာ မေးလာလေသည်။
“ဘာဖြစ်လို့လဲဟင်…. အိပ်မက်ဆိုး မက်လို့လား”
“အိပ်မက်ဆိုးထက် ပိုကြောက်ဖို့ကောင်းတယ်”
ကျီကျောက်သည် နှာခေါင်းရှုံ့လျက် သူမ၏ မျက်လုံးများထဲ၌ မျက်ရည်များဖြင့် ပြည့်နေခဲ့ကာ စိုးရိမ်တကြီး ပြောလာလေသည်။
“ရှန်းယောင်….ကျိုင်းကောင်ကပ်ဆိုးက တကယ်ကြောက်ဖို့ကောင်းတယ်ရှင်”
“ဘာတွေမြင်ခဲ့ရလို့လဲဟင်” ရှန်းယောင် အနည်းငယ် အံ့ဩမိသွားလေသည်။
သူ အာ့ထောင်အား သိခဲ့သည့် တစ်လျှောက်လုံး၌ သူမသည် သူမအနီးမှ သူများနှင့် ပတ်သက်၍ သူမ၏ အိပ်မက်ထဲ၌ မသိရသော သတိပေးမှုများ ရှိတတ်လေသည်။ ဒါက ကောင်းကင်ဘုံမှ သတိပေးချက်များ ဖြစ်နေမလား။
“ရှန်းယောင်…’’ ကျီကျောက်သည် သူ့၀တ်ရုံလက်ရှည်အား ဆွဲကာ ခိုင်ခိုင်မာမာ ပြောလာလေသည်။ “ကျွန်မ အရာရှိကျီနဲ့ သွားတွေ့ချင်တယ်”
“အရာရှိကျီလား….” ရှန်းယောင်သည် စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်မိလေသည်။
“ကျိုင်းကောင်ကပ်ဆိုးက တကယ်ကြောက်ဖို့ကောင်းတယ်။ အကယ်၍ အရာရှိကျီသာ လူတိုင်းကို ကြိုတင်ပြင်ဆင်ခြင်းတွေလုပ်ထားဖို့ လှုံ့ဆော်နိုင်မယ်ဆို အကျိုးသက်ရောက်မှုတချို့ ရှိလာမယ်မလား။ ဘယ်လိုပင်ဖြစ်ပါစေ အရာရှိကျီက ကျွန်မတို့ တင်းယွမ်ကောင်တီရဲ့ မိဘသဖွယ် အရာရှိပဲလေ” ကျီကျောက်သည် အလေးအနက် ရှင်းပြလာလေသည်။ “ဒါကြောင့်မလို့ ကျွန်မအထင် အရာရှိကျီကို ဒီအကြောင်းပြောပြဖို့ လိုအပ်တယ်လို့ ထင်တာပါပဲ”
“ဒါပေမဲ့ အာ့ထောင် အရာရှိကျီကရော ကိုယ်တို့ကို ယုံကြည်ပါ့မလား” ရှန်းယောင်သည် စိတ်ပူစွာဖြင့် ပြောလာလေသည်။
“ဒါပေမဲ့ အာ့ထောင်…. အရာရှိကျီက ကိုယ်တို့ကို ယုံကြည်ပါ့မလား” ရှန်းယောင်သည် စိုးရိမ်ကြီးစွာ ပြောလာလေသည်။ “ဘယ်လိုပဲဖြစ်ဖြစ် ကျိုင်းကောင်ကပ်ဆိုးက အခုထိ မဖြစ်သေးဘူး မဟုတ်လား။ လူတိုင်းမှာ မျှော်လင့်ချက် ရှိနေကြသေးတယ်လေ”
မိုးခေါင်ခြင်းက ကာလကြာရှည် ဖြစ်နေသော်ငြား ရွာသားတွေက လယ်ထဲမှာ ကြိုးကြိုးစားစား အလုပ်လုပ်လျက်ရှိကြကာ ကောင်းကင်ဘုံမှ မျက်စိဖွင့်ကာ မိုးစောစောရွာဖို့ မျှော်လင့်နေကြတုန်းဖြစ်သည်။
“သူ ကျွန်မတို့ကို ယုံကြည်မှာပါ” ကျီကျောက်သည် စိတ်ပိုင်းဖြတ်ထားသည့် အမူအရာဖြင့်ပြောလာလေသည်။
သူမသည် ကျီထင်အန်းမှ သူမအား ယုံကြည်လိမ့်မည်ဟု ခံစားချက်ရလေသည်။
“ကောင်းပြီလေ” အကောင်း၊ အဆိုးအား ချိန်ဆပြီးနောက် ရှန်းယောင်သည် ခေါင်းငြိမ့်ကာ သဘောတူလိုက်လေသည်။ “မနက်စာစားပြီးရင် ကိုယ်မင်းကို ခရိုင်တရားရုံးဆီကို လိုက်ပို့ပေးမယ်နော်”
မနက်ခင်းစောစော၌ ရှန်းမိသားစုသည် ပင်မခန်းထဲရှိ ထမင်းစားပွဲတွင်ထိုင်ကာ အရသာရှိလှသည့် မနက်စာအား ပျော်ပျော်ရွှင်ရွှင် သုံးဆောင်နေကြလေသည်။
မျက်စိလျင်လှသည့် ကျောက်လန်ဟွာသည် ကျီကျောက်မျက်နှာလေးမှ မျက်ရည်များအား မြင်သည့်အခါ အလောတကြီး မေးလာလေသည်။
“အာ့ထောင် သမီး ငိုထားတာလား…. စန်းလန်က သမီးကို အနိုင်ကျင့်လို့လားဟင်”
“ဟင့်အင်း….မဟုတ်ပါဘူး” ဖက်ထုပ်စားနေသည့် ကျီကျောက်တစ်ယောက် အလျင်အမြန် သူမလက်အား ဝှေ့ယမ်းကာ ပြောလေသည်။ “အမေ သမီး မငိုထားပါဘူး”
“မင်း ကောင်စုတ်လေး မင်းဇနီးကို အလိုလိုက်ပေးရမယ့်အစား မင်းက သူမကို အနိုင်ကျင့်နေတာ မဟုတ်လား” ကျောက်လန်ဟွာသည် ရှန်းယောင်အား ဒေါသတကြီး စိုက်ကြည့်ကာ ဝေဖန်ပြောဆိုလာလေသည်။
“အမေ တကယ် အဲ့လို မဟုတ်ရပါဘူး”
“ကျွန်တော်က အာ့ထောင်ကို ခဏနေရင် မြို့တော်ထဲကို လိုက်ပို့ပေးမလို့ပါ” ရှန်းယောင်သည် အမှုမဲ့ အမှတ်မဲ့ ပြုံးလိုက်လေသည်။ “အမေ ဆက်သုံးဆောင်လိုက်ပါဦးဗျ”
ကျောက်လန်ဟွာ မတုံ့ပြန်နိုင်ခင်မှာပဲ ရှန်းယောင်သည် ကျီကျောက်၏ လက်အား ဆွဲပြီး ရှန်းမိသားစုအိမ်၀င်းအတွင်းမှ ထွက်ခွာသွားလေသည်။
ကျီကျောက်သည် အနည်းငယ် အပြစ်ရှိသလို ခံစားရသဖြင့် သူမသည် ရှန်းယောင်၏ လက်မောင်းအား လှုပ်ရမ်းလိုက်ကာ သူမ၏ မျက်လုံးများသည် ရှုပ်ထွေးမှုများဖြင့် ပြည့်နေလေသည်။ “အမေက အခုနတုန်းက နားလည်မှု လွဲနေတာလေ။ ရှင် ဘာဖြစ်လို့ မရှင်းပြလိုက်တာလဲ။”
ရှန်းယောင်သည် သူ့လက်အား မြှောက်ကာ သူမ၏ ပါးလေးအား ပွတ်သပ်၍ နူးညံ့စွာ ပြောလာလေသည်။ “အမေနဲ့ ဒုတိယမရီးတို့က အားလပ်ချိန်တိုင်း ၀တ္ထုတွေ အမြဲဖတ်ကြတယ်လေ။ ကိုယ်သာ ရှင်းပြလိုက်ရင် သူတို့တွေ ပိုပြီး အတွေးလွန်ကြလိမ့်မယ်….”
ကျီကျောက်သည် သိပ်သဘောမပေါက်သေးပုံရပေမဲ့လည်း အူတူတူဖြင့် ခေါင်းငြိမ့်လာလေသည်။
တင်းယွမ်ကောင်တီ၊ တော်၀င်ရုံး။
မနေ့က တရား၀င်သိုလှောင်ရုံသို့ ကိုယ်တိုင်သွား၍ စပါးများအား စစ်ဆေးကြည့်ခဲ့ပြီးသည့် အချိန်ထဲက ကျီထင်အန်း၏ မျက်ခုံးများမှာ ပြေလျော့မလာနိုင်တော့ပေ။
သူ၏ စစ်ဆေးတွေ့ရှိချက်အရ စာရင်းစာအုပ်ထဲရှိ စပါးစာရင်းနှင့် စပါးကျီထဲတွင် သိုလှောင်ထားသည့် စပါးများမှာ ကွဲပြားခြားနားမှု ရှိနေလေသည်။
ဆိုလိုသည်မှာ တစ်စုံတစ်ယောက်မှ သိုလှောင်ရုံထဲရှိ စပါးများအား သူတို့၏ အိတ်ကပ်ထဲဖြည့်ရန် တိတ်တဆိတ် ရောင်းချနေခြင်း ဖြစ်ပေသည်။
ထပ်ပေါင်းပြောရရင် တင်းယွမ်ကောင်တီ မိုးခေါင်ခြင်းမှာ အရင်နှစ်များထဲတွင် အလွန်ပြင်းထန်ခဲ့ပေမဲ့ ခရိုင်တရားရုံးမှ စပါးကျီအား တစ်ခါမှ မဖွင့်ခဲ့ဖူးပေ။
“လူကြီးမင်း”
“ဘာကိစ္စရှိလို့လဲ”
“ရှန်းယောင်နဲ့ သူ့ဇနီးက တွေ့ခွင့်တောင်းနေပါတယ်ခင်ဗျ”
တစ်နာရီခွင့်ကြာပြီးနောက် ကျီထင်အန်းသည် ကျီကျောက်အား ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ကာ မည်းမှောင်စွာ စိုက်ကြည့်လာလေသည်။
“မိန်းကလေး ဆိုလိုချင်တာက ကျုပ်ကို သိုလှောင်ရုံတံခါး ကြိုဖွင့်ထားပြီး စားစရာတွေ ဝေခိုင်းစေချင်တာလား” ကျီထင်အန်းသည် သူ့ခေါင်းအား ငုံ့လိုက်၍ ခါးရှိ ကျောက်စိမ်းဆွဲပြားအား ဆော့နေလျက် သူ့လေသံမှာ အနည်းငယ် မတွေးဆတတ် ဖြစ်နေလေသည်။ သူသည် သိုလှောင်ရုံမှာ စပါးများခိုးထုတ်သွားသော ခရိုင်တရားရုံးထဲရှိ ပုပ်စော်နံနေသည့် ကြွက်စုတ်ကောင်အား စုံစမ်းရှာဖွေနေခိုက်အချိန်၌ သူမသည် သိုလှောင်ရုံအား ဖွင့်ခိုင်းကာ စားစရာများ ဝေငှရန် အကြံပြုနေခြင်းပါတကား။
“ဟုတ်ကဲ့” ကျီကျောက်သည် မယုတ်မလွန်သော အပြုအမူဖြင့် ပြောလာလေသည်။
“အရင်နှစ် နွေရာသီတုန်းက တင်းယွမ်ကောင်တီမှာရှိတဲ့ လယ်မြေအများအပြားက ခြောက်ကပ် အက်ကွဲတာတွေ ရှိကြပါတယ်။ တချို့ရွာတွေဆို သူတို့သားသမီးတွေကိုတောင် ရောင်းစားရတဲ့ အခြေအနေအထိ ဖြစ်ခဲ့ပါတယ်။ ဒါတွေ ဖြစ်ရတာက အရင်တရားသူကြီးမင်းမာက အလွန်ဆိုးရွားလွန်းတဲ့ အရာရှိတစ်ယောက်ဖြစ်တာကြောင့် ပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ ဒုက္ခတွေကို နားမလည်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အရာရှိကျီကတော့ မတူဘူးလေ။ ရှင်က ပြည်သူတွေကို စိတ်ရင်းနဲ့ အကျိုးဆောင်ပေးချင်တယ်လေ။ ပြီးတော့ ရှင်က အရှက်သိက္ခာမဲ့တဲ့လုပ်ရပ်မျိုးလဲ မလုပ်ဖူးသလို အဲ့ဒီဆောင်ကြာမြိုင်တွေကိုလည်း ပိတ်ပင်ခဲ့တယ်လေ။ ဒါကြောင့်မို့ ကျွန်မတို့ ဇနီးမောင်နှံနှစ်ယောက် သတ္တိမွေးပြီး ကျွန်မတို့ရဲ့အကြံပြုချက်တွေကို လာရောက်တင်ပြဖြစ်တာပါ”
“ကျုပ်တို့တွေ သိုလှောင်ရုံဖွင့်ပြီး စားစရာဝေဖို့ အချိန်မှန် လိုပါသေးတယ်” သူမ၏ စစ်မှန်သည့်အမူအရာအားကြည့်၍ ကျီထင်အန်း၏ နှလုံးသားထဲမှ သံသယများ ပျောက်ကွယ်သွားလေသည်။ ဒါမှမဟုတ် ဒါက တကယ် တိုက်ဆိုင်ရုံသက်သက်ပဲလား။
“တင်းယွမ်ကောင်တီမှာ မိုးမရွာတော့တာ နှစ်လခန့် ရှိနေပါပြီ”
“ဒါပေမဲ့ အရင်နှစ်ခြောက်လပိုင်းတုန်းက ကျုပ်တို့ မိုးမုန်တိုင်းကို ကြိုဆိုခဲ့ကြတယ်မဟုတ်လား။ ဒါ့အပြင် ဒီနှစ်မှာလည်း အရင်နှစ်လို ဖြစ်ချင် ဖြစ်သွားနိုင်တာပဲလေ” ကျီထင်အန်းသည် မစဉ်းစားဘဲ မေးလိုက်လေသည်။
“လူကြီးမင်း….ခင်ဗျား ထင်တာ မှားပါတယ်ဗျ။ ဒီနှစ်ရာသီဥတုက အရင်နှစ်နဲ့တူမယ်ဆိုတာ ဘယ်သူကမှ အာမမခံနိုင်ပါဘူး” ရှန်းယောင်သည် သူ ယူလာခဲ့သည့် စာအုပ်အား လှမ်းပေးလိုက်ကာ ညင်သာစွာ ရှင်းပြလာလေသည်။
“လူကြီးမင်း….ဒီစာအုပ်ထဲက မှတ်တမ်းတွေကို တစ်ချက်ကြည့်လိုက်ပါဗျ။ နွေလယ်ခေါင်မှာ မိုးခေါင်ခြင်းက နှစ်လထက် ပိုကြာလာပြီဆို နောက်ထပ်ကြောက်လန့်စရာကောင်းတဲ့ ကပ်ဆိုးတစ်ခု ထပ်ဖြစ်လာနိုင်ပါတယ်”
“ကျိုင်းကောင်ကပ်ဆိုးလား….” ကျီထင်အန်းသည် ရှန်းယောင် ဘာကိုဆိုလိုသည်အား နားလည်သွားသဖြင့် အံ့ဩစွာကြည့်လာလေသည်။
“အမှန်ပါပဲ ကျိုင်းကောင်ကပ်ဆိုးပါ” ရှန်းယောင်သည် ခေါင်းငြိမ့်လိုက်ကာ အလေးအနက် ပြောလာလေသည်။ “ကျိုင်းကောင်တွေသာ တစ်ကြိမ်လောက် ရောက်လာတာနဲ့ လယ်ကွင်းတွေထဲမှာရှိတဲ့ ကောက်နှံပင်တွေအားလုံး ဖျက်ဆီးခံလိုက်ရမှာပါ”
ကျီထင်အန်းသည် သူ့မျက်လုံးများအား ကျဉ်းမြောင်းလိုက်ကာ သူ့မျက်လုံးထဲမှ ခံစားချက်များမှာ ရောထွေးနေလေသည်။
“မင်းပြောတဲ့အတိုင်းသာဆို ကျုပ် ဒီတစ်ခေါက်မှာ ကျိုင်းကောင်ကပ်ဆိုး ကြိုတင်ကာကွယ်ဖို့ နည်းလမ်းကို ရှာသင့်တာပေါ့လေ” ကျီထင်အန်းသည် တခဏလောက် တွေးလိုက်၍ အော်ပြောလိုက်လေသည်။ “တစ်ယောက်ယောက်…. ချင်မင်ဟုန်ကို သွားဖိတ်ခေါ်ကြစမ်း”
“ကျုပ်ကြားတာက မင်းတို့ဇနီးမောင်နှံက ချင်မင်ဟုန်နဲ့ ဆက်ဆံရေးကောင်းကြတယ်ဆို...”
“ဟုတ်ပါတယ်” ကျီကျောက်သည် ပွင့်ပွင့်လင်းလင်း ပြောလိုက်လေသည်။ “လူကြီးမင်း…. ကျွန်မတို့နဲ့ အစ်ကိုကြီးချင်တို့မှာ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုတချို့ ရှိကြပါတယ်”
“ဒါ ကောင်းတာပေါ့” ကျီထင်အန်းသည် ရုတ်တရက်ပြုံးကာ ခေါင်းငြိမ့်ပြလေသည်။
အကြောင်းရင်းတချို့ကြောင့် ကျီကျောက်သည် သူမျက်နှာပေါ်ရှိ အပြုံးထဲ၌ အန္တရာယ်ရှိသည့် အရိပ်ယောင်တစ်ခုအား ဖတ်လိုက်နိုင်လေသည်။