← Chapters

မီးတောက်မိစ္ဆာကမ္ဘာကိုတန်ပြန်တိုက်ခိုက်ရန်

Vol. 29 Ch. 402

မီးတောက်မိစ္ဆာကမ္ဘာကိုတန်ပြန်တိုက်ခိုက်ရန်

Vol. 29 Ch. 402

အခန်း (၄၀၂) မီးတောက်မိစ္ဆာကမ္ဘာကိုတန်ပြန်တိုက်ခိုက်ရန်

မီးတောက်မိစ္ဆာများ အုံနှင့်ကျင်းနှင့် ကျူးကျော်ဝင်ရောက်လာမှု ရပ်တန့်သွားပြီးနောက် အရှေ့ပင်လယ်မှ ဒီရေလှိုင်းလေများသည်လည်း ငြိမ်သက်သွားခဲ့သည်။

သို့သော် ရန်ကျောက်ကဲအမြင်အရဆိုလျှင် မီးတောက်မိစ္ဆာများကျူးကျော်ဝင်ရောက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် စတင်နေပြီ ဖြစ်သည်။

ကျောက်စိမ်းပင်လယ်မြို့တော်က ‘ကျောက်စိမ်းပင်လယ်နတ်ဆေးဓား’ ကို ပိုင်ဆိုင်ထားပြီဖြစ်ရာ ပိုမိုအင်အားကြီးမားလာမည်မှာ အမှန်ပင်။

မီးတောက်မိစ္ဆာများသာ ကျူးကျော်ဝင်ရောက်လာခြင်းမရှိပါက ကျောက်စိမ်းပင်လယ်မြို့တော်အနေဖြင့် ဆုံးရှုံးမှုများစွာ တွေ့ကြုံရမည်မဟုတ်ဘဲ အဆုံးမဲ့တောင်တန်း ၊ လှိုင်းနက်ဂေဟာနှင့် ကောင်းကင်မိုးကြိုးခန်းမတို့ထက် အင်အားသာလွန်သွားပြီး ဝါဒတောင် ၊ နေသူတော်စင်ဂိုဏ်းတို့နှင့် အဆင့်တူလာမည် ဖြစ်သည်။

သို့သော် မီးတောက်မိစ္ဆာများ ကျူးကျော်ဝင်ရောက်လာခဲ့သဖြင့် ကျောက်စိမ်းပင်လယ်မြို့တော် ကြီးမားသောကပ်ဘေးကြီးကို ရင်ဆိုင်ခဲ့ရသည်။ ‘ကျောက်စိမ်းပင်လယ်နတ်ဆေးဓား’ ကို အောင်မြင်စွာ ပြုလုပ်နိုင်သော်လည်း မြို့တော်သခင် ‘စုန့်ဝူလျန်’ ဒဏ်ရာရသွားသလို ကျောက်စိမ်းပင်လယ် ပင်မအစီအရင်ကြီးလည်း လုံးဝပျက်ဆီးသွားပြီဖြစ်ရာ ပြန်လည်တည်ဆောက်ရန် လိုအပ်သည်။

ထို့ပြင် ကျောက်စိမ်းပင်လယ်မြို့တော်မှ တပည့်အများအပြားသည်လည်း တိုက်ပွဲအတွင်းကျဆုံးခဲ့ကြရပြီး ဒဏ်ရာရရှိသူများစွာလည်းရှိခဲ့သည်။ ထို့ကြောင့် သူတို့အနေဖြင့် နယ်ပယ်အတော်များများတွင် ဆုံးရှုံးနစ်နာခဲ့ကြရ၏။

အခြေခံအုတ်မြစ်ခိုင်မာပြီးသားဖြစ်သဖြင့် ဤအခက်အခဲများအားလုံးကို ကျော်ဖြတ်ပြီးသည်နှင့် ယခင်ကထက်ပင်ပိုမိုအင်အားကြီးမားလာမည်ဟု မျှော်လင့်နိုင်သည်။

မည်သို့ပင်ဖြစ်စေ လက်ရှိမှာတော့ ခက်ခဲသောအချိန်များကို ကျော်ဖြတ်ကြရမည် အမှန်ပင်။

မီးတောက်မိစ္ဆာများ နောက်တစ်ကြိမ်ထပ်မံကျူးကျော်လာမည်ကို အသာထား ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာပင် ကျောက်စိမ်းပင်လယ်မြို့တော်အနေဖြင့်သတိထားရမည့်အရာများစွာ ရှိနေသည်။

နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမက ကျောက်စိမ်းပင်လယ်မြို့တော် အင်အားပြန်ကောင်းလာသည်အထိ လွှတ်ထားမည် မဟုတ်ပေ။

ဝါဒတောင်တိုက်ပွဲအပြီးတွင် ဝါဒတောင် ၊ ကျောက်စိမ်းပင်လယ်မြို့တော်နှင့် အဆုံးမဲ့တောင်တန်း မဟာမိတ်အုပ်စုက နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမထက် အင်အားကြီးမားလာခဲ့သည်။

ကျောက်စိမ်းပင်လယ်မြို့တော်သာ ပြန်လည်အားကောင်းလာပါက ‘နေမိုးကြိုးမဟာမိတ်အဖွဲ့’မှာ ပို၍ပင် အင်အားနည်းပါးလာပေမည်။

မီးတောက်မိစ္ဆာများနှင့်စစ်ပွဲကြီးတွင် နေသူတော်စင်ဂိုဏ်းမှ ‘ဟွမ်ကွမ်လီ’ နှင့် ကောင်းကင်မိုးကြိုးခန်းမမှ ‘ချန်လီ’ တို့က ဆုံးရှုံးမှုများစွာ မရှိခဲ့ကြပေ။

စုန့်ဝူလျန် ကျောက်စိမ်းပင်လယ်မြို့တော်သို့ အလျှင်အမြန်ပြန်သွားရသည့်အကြောင်းရင်းများထဲတွင် ဤအချက်လည်း ပါဝင်သည်။

သူ့အနေဖြင့် ဒဏ်ရာများအလျှင်အမြန်ပြန်လည်ကောင်းမွန်လာရန် လိုအပ်သည်။ သို့မှသာ နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမတို့၏ တိုက်ခိုက်မှုကို အချိန်တိုင်း သတိထားနေနိုင်မည် ဖြစ်၏။

ယွမ်ကျန်းဖုန်းသည်လည်း တိုက်ပွဲတွင် ဒဏ်ရာရခြင်းမရှိသဖြင့် အခြေအနေကောင်းမွန်သည်ဆိုရမည်။ ထို့ကြောင့် ဝါဒတောင်နှင့်မဟာမိတ်ဖြစ်သော ကျောက်စိမ်းပင်လယ်မြို့တော်အနေဖြင့် ယွမ်ကျန်းဖုန်း၏ ထိရောက်သော အကူအညီများကို စိတ်ချယုံကြည်ထားနိုင်သည်။

သို့သော် မီးတောက်မိစ္ဆာများ ကျူးကျော်တိုက်ခိုက်မှုတွင် ကျောက်စိမ်းပင်လယ်မြို့တော်အနေဖြင့် ဝါဒတောင်ကို အကြွေးများစွာ တင်ထားပြီးဖြစ်လေရာ စုန့်ဝူလျန်နှင့် အခြားသောအကြီးအကဲများကို ဖိအားများစွာ ခံစားရစေသည်။

“လှိုင်းနက်ဂေဟာကတော့ ပြဿနာမရှိနိုင်လောက်ပါဘူး”

ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်ရင်း တွေးလိုက်သည်။

လှိုင်းနက်ဂေဟာ၏ အဓိကထောက်တိုင်ဖြစ်သော ဂေဟာသခင်မ’အန်းချင်လင်’ တိုက်ပွဲအတွင်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သိုင်းသူတော်စင်များထဲတွင် သူမရရှိခဲ့သောဒဏ်ရာက အပြင်းထန်ဆုံးဖြစ်၏။

ထို့ကြောင့် ဒဏ်ရာကုသရန်အတွက် တံခါးပိတ်ကျင့်ကြံရမည်ဖြစ်သည်။ မဟုတ်ပါက သူမ၏ဒဏ်ရာက ဘယ်တော့မှမပျောက်ကင်းတော့သည့် ထာဝရဒဏ်ရာကြီးတစ်ခုဖြစ်သွားပြီး အနာဂတ်ကျင့်ကြံခြင်းထိခိုက်စေရုံသာမက ကျင့်ကြံခြင်းအခြေခံအုတ်မြစ် မူလအတိုင်းထိန်းထားနိုင်လျှင်ပင် ကံကောင်းသည်ဟု ဆိုရမည်။

အန်းချင်လင် တံခါးပိတ်ကျင့်ကြံနေချိန်တွင် လှိုင်းနက်ဂေဟာက အင်အားလျော့နည်းသွားပေလိမ့်မည်။

လှိုင်းနက်ဂေဟာက အမြဲတမ်း ကြားနေဝါဒကျင့်သုံးသော်လည်း သူတို့ပိုင်နက်ဖြစ်သော ရေကန်ဒေသဆိုသည်က ရင်းမြစ်ပစ္စည်းအလွန်တရာ ပေါကြွယ်ဝသော ဒေသတစ်ခုဖြစ်သ်ည။ ထို့ကြောင့် အန်းချင်လင် မလှုပ်ရှားနိုင်သည့်ကာလများတွင် လောဘဇောတိုက်သူအချို့က ရေကန်နယ်မြေကို မျက်စိကျ တိုက်ခိုက်လာနိုင်သည်။

“ပြဿနာတော့ မရှိလောက်ပါဘူး”

ရန်ကျောက်ကဲ တွေးလိုက်၏။

“ဒီလိုအခြေအနေမျိုးမှာ လှိုင်းနက်ဂေဟာကို ပြဿနာရှာတဲ့သူကတော့ လူတွေအကုန်လုံးရဲ့ အမျက်ဒေါသကို အကြီးကျယ် ခံစားရမှာပဲ”

“ဒါပေမဲ့ ရေကန်နယ်မြေကိုတိုက်ခိုက်ပြီး ရင်းမြစ်တွေကို ယူချင်တယ်ဆိုရင် အချိန်တိုအတွင်း လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

ယွမ်ကျန်းဖုန်းတို့အုပ်စု အလယ်ပိုင်းကောင်းကင်ဒေသ ဝါဒတောင်သို့ ပြန်လည်ရောက်ရှိလာသည်။ လမ်းတစ်လျှောက်တွင် ဒေသအသီးသီးမှ သတင်းနှင့်အချက်အလက် အစီရင်ခံချက်များက ယွမ်ကျန်းဖုန်းနှင့် ရန်ကျောက်ကဲထံသို့ အဆက်မပြတ် ရောက်ရှိလာကြသည်။

ပကတိမီးသွေးကြောများအတွင်းမှ မူမမှန်မှုများ ပျောက်ကွယ်သွားသည်နှင့် အရှေ့ပင်လယ်သည်လည်း တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာသည်။ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်အပြောင်းအလဲကြောင့် ပတ်ဝန်းကျင်ပင်လယ်ဒေသတွင်  ဖြစ်ပေါ်နေသော ဆူနာမီငလျှင်လှိုင်းများနှင့် မုန်တိုင်းများသည်လည်း တဖြည်းဖြည်း နှေးကွေးသွားကာ နောက်ဆုံးရပ်တန့်သွားခဲ့သည်။

အရှေ့ပင်လယ်တိုက်ပွဲကြောင့် ပင်လယ်ပြင်သာမက ပြည်မပတ်ဝန်းကျင် ပင်လယ်ကမ်းခြေများသည်ပင် ထိခိုက်မှုများ ရှိခဲ့သည်။

သို့သော် ထိခိုက်မှုအများဆုံးမှာ မြေကြီးအတွင်းမှ ဝိညာဉ်စွမ်းအားလှည့်ပတ်မှုများ ဖြစ်သည်။

အရှေ့ပင်လယ်တစ်ခုလုံးရှိ မြေပြင်သွေးကြောများမှ ဝိညာဉ်စွမ်းအားများမှာ ပကတိမီးသွေးကြောနှင့်အတူ ပေါက်ကွဲထွက်ခဲ့သဖြင့် မြေကြီးအတွင်းမှ ဝိညာဉ်စွမ်းအားများကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။

ထို့ကြောင့် အရှေ့ပင်လယ်အပြင်ပိုင်းဒေသကို ဗဟိုပြုပြီး အရှေ့ပင်လယ်အတွင်းပိုင်း ၊ မြောက်ပင်လယ်အပြင်ပိုင်း ၊ တောင်ပင်လယ်အပြင်ပိုင်းနှင့် သမုဒ္ဒရာအဝေးတွင်တည်ရှိသည့် ပိုအရှေ့ဘက် ပတ်ပတ်လည်ပတ်ဝန်းကျင်များအားလုံး ကြီးမားသည့်အပြောင်းအလဲနှင့် ရင်ဆိုင်ခဲ့ကြရသည်။ ပူလောင်ပြင်းပြမှုများ အဆုံးသတ်သွားသည့်အခါ အလွန်တရာ အေးစက်သော ချီစွမ်းအားများ မြင့်တက်လာခဲ့၏။

နဂိုကပင်အေးခဲနေသည့် မြောက်ပင်လယ်ဒေသဆိုလျှင် ယခင်ကထက် ရေခဲမြစ်အရေအတွက် ပိုမိုများပြားလာခဲ့သည်။

ရေနယ်မြေ အရှ့ဘက်အကျဆုံးနေရာမှ မြို့တော်(၃)ခုအပါအဝင် ပြည်မကြီး၏အရှေ့ကမ်းရိုးတန်းတစ်လျှောက်သည်လည်း ထိုသို့သောအခြေအနေမျိုး တွေ့ကြုံခဲ့ကြရသည်။

ယင်းအဖြစ်အပျက်များမှာ အရှေ့ပင်လယ် မီးလောင်ကျွမ်းရခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပြီး ပြန်လည်ကောင်းမွန်လာရင် အချိန်များစွာ လိုအပ်မည်ပင်။

ထိုသတင်းကိုကြားတော့ ဖူအန်းစုက ခေါင်းခါယမ်းရင်း...

“ဒီလို ဘေးဒဏ်ခံရတာ ငါတို့နေထိုင်တဲ့ဒေသမှာဖြစ်တာ မဟုတ်ပေမယ့် တစ်ကမ္ဘာလုံးကိစ္စဆိုတော့ ငါတို့အားလုံး ကိုင်တွယ်ဖြေရှင်းရမယ့် တာဝန်ရှိတယ် ၊ အင်း... မီးတောက်မိစ္ဆာကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်နိုင်ရင် ဘယ်လောက်ကောင်းမလဲ”

ရန်ကျောက်ကဲက မချိပြုံးတစ်ချက်ပြုံးရင်း...

“မီးတောက်မိစ္ဆာကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ကတော့... လောလောဆယ် မဖြစ်နိုင်လောက်သေးဘူး”

အရှေ့ပင်လယ်မှ ပကတိမီးသွေးကြောများ ပေါက်ကွဲထွက်ပြီး ပင်လယ်တစ်ခုလုံး မီးလောင်ကျွမ်းကာ ဆူပွက်နေချိန်တွင် မီးတောက်မိစ္ဆာများ၏စွမ်းအားက တဟုန်ထိုးမြင့်တက်လာခဲ့သည်။ နယ်မြေအားသာမှုရရှိသည်နှင့် မီးတောက်မိစ္ဆာများက ဧည့်သည်မှ အိမ်ရှင်အဖြစ် ပြောင်းလဲသွားကာ လူသားများကို အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။

မီးတောက်မိစ္ဆာများနေထိုင်ကြသော မီးတောက်မိစ္ဆာကမ္ဘာဆိုလျှင် သူတို့၏ အားသာချက်နှင့်စွမ်းအားများ မည်မျှမြင့်မားနေမည်ကို ပြောနေစရာပင် မလိုတော့ပေ။

ယွမ်ကျန်းဖုန်းက...

“ကျောက်ကဲ... မီးလျှံကွန်ယက်ဗဟိုချက်ကို ချိုးဖျက်တုန်းက မင်းသုံးလိုက်တဲ့အစီအရင်က သူတို့ကို အတော်ထိခိုက်စေတယ်နော်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဟုတ်တယ် ဆရာဘိုးဘိုး ၊ အဲဒါ ကျွန်တော် ကြိုးစားပြီး ပြန်လည်ဖော်ထုတ်ထားတဲ့ ရှေးဟောင်းပညာတစ်ခုပဲ ၊ ‘အေးစိမ့်ချောက်နက်အရံအတား’ လို့ခေါ်တယ် ၊ ကျွန်တော်စမ်းကြည့်တာ နည်းနည်းတော့ အောင်မြင်နေပြီ”

သူက ဆက်ပြောသည်။

“အဲဒီပညာက မဟာကပ်ဘေးကြီးမတိုင်ခင်က မီးတောက်မိစ္ဆာဧကရာဇ် ၊ မိုးကြိုးဧကရာဇ်တို့နဲ့ခေတ်ပြိုင် ရေခဲဧကရာဇ် ချန်ထားခဲ့တဲ့ပညာလေ ၊ ရေခဲဧကရာဇ်က တန်ခိုးစွမ်းအားမြင့်မားပြီး ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးနိုင်ခဲ့ပေမယ့် သူ့ပညာအမွေကို ဆက်ခံမယ့်သူ အရမ်းနည်းပါးခဲ့တယ် ၊ ပြီးတော့ သူ့ပညာတွေက တစ်စုတစ်စည်းတည်းမရှိဘဲ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေတော့ သင်ယူဖို့ခက်တယ်”

ရန်ကျောက်ကဲက လက်နှစ်ဖက်ကိုရင်ဘတ်ရှေ့တွင်ထားကာ လက်ဝါးတစ်ဖက်ကိုအပေါ်သို့ပင့်တင်ပြီး ကျန်တစ်ဖက်ကို အောက်သို့ဆွဲချလိုက်ရာ များပြားလှစွာသော ဝိညာဉ်သင်္ကေတများ ထွက်ပေါ်လာသည်။

ထို့နောက် သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရက ရေငွေ့မှရေခဲအဖြစ်သို့ သိပ်သည်းပြောင်းလဲသွားပြီး ရေခဲဆူးချွန်တစ်ခု ထွက်ပေါ်လာသည်။

သို့သော် သူ့လက်ထဲမှ ရေခဲဆူးချွန်က သန္ဓေတည်သည့်အဆင့်တွင်သာ ရှိနေသေးပြီး အသုံးပြုနိုင်သည့်အဆင့်သို့ရောက်ရှိရန် အချိန်ယူ သန့်စင်ပေးရဦးမည် ဖြစ်သည်။

ရန်ကျောက်ကဲက သရုပ်ပြရင်း ဆက်ရှင်းပြသည်။

“ကျွန်တော်က ဂိုဏ်းရဲ့အမွေအနှစ်ဖြစ်တဲ့ ရှေးဟောင်းအစီအရင်ပညာကျမ်းစာတွေထဲမှာ ရေခဲဧကရာဇ်ရဲ့ ရှေးဟောင်းအစီအရင်အချို့ကို သိခဲ့ရတယ် ၊ ဒါပေမဲ့ အဲဒါတွေက ပြီးပြည့်စုံမှုမရှိဘူး ၊ ရေခဲနဂါးသူတော်စင်နေထိုင်တဲ့ နန်းတော်ကြီးကိုရောက်တော့ အဲဒီအစီအရင်နဲ့ပတ်သက်တဲ့ အကိုးအကားတွေ ထပ်ပြီးရှာတွေ့ခဲ့တယ် ၊ အဲဒါတွေအားလုံးကို ပေါင်းစပ်ကြည့်လိုက်တော့ အခုနောက်ဆုံး ဒီလိုပုံစံ ဖြစ်လာတာပါပဲ”

သူက ဆက်ပြောသည်။

“အခုတော့ ဒီပညာက သိပ်ပြီးတိုးတက်မှုမရှိသေးဘူး ၊ နားမလည်တာတွေလည်း အများကြီး ကျန်နေသေးတယ် ၊ ကျွန်တော် အရှေ့ပင်လယ်ကိုရောက်တော့ ဒီပညာအသုံးပြုပြီး မီးတောက်မိစ္ဆာတွေနဲ့ စမ်းသပ်ကြည့်မယ်လို့ စဉ်းစားခဲ့တယ် ၊ စိတ်မကောင်းစရာ... ဒီလောက်ပြင်းထန်တဲ့တိုက်ပွဲကြီးဖြစ်လာမယ်လို့ မထင်ခဲ့မိဘူး ၊ ကျွန်တော်လည်း တတ်သမျှ မှတ်သမျှနဲ့ စွန့်စားခဲ့ရတယ်”

သူတို့အုပ်စု မြေပြင်ဆင်းသက်တောင်ထွတ်ကို ဖြတ်ကျော်ပြီး ဝါဒတောင်၏ အဓိကတောင်ထွတ်ကြီးဖြစ်သော မိုးထိတောင်ထွတ်ဆီသို့ လျှောက်လာကြသည်။

ရန်ကျောက်ကဲက လမ်းလျှောက်ရင်း...

“ဒီပညာကို ပိုကောင်းအောင်ပြုလုပ်နိုင်မယ်ဆိုရင် အစီအရင်စွမ်းအားလည်း တိုးလာမှာဖြစ်သလို အစီအရင်အသုံးပြုသူရဲ့ စွမ်းအားကလည်း မြင့်မားမယ်ဆိုရင် မီးတောက်မိစ္ဆာကမ္ဘာကို တန်ပြန်တိုက်ခိုက်ဖို့ ဖြစ်နိုင်ခြေ ရှိလာနိုင်တယ်”

သူက ဆက်ပြောသည်။

“ရေခဲဧကရာဇ်လောက် အဆင့်မမြင့်ဘူးဆိုရင်တောင်မှ... ကျွန်တော် ကြိုးစားကြည့်နိုင်မှာပါ ၊ ပြီးတော့ သူတို့ကမ္ဘာမှာလည်း မီးတောက်မိစ္ဆာဧကရာဇ် ရှိတော့တာမှ မဟုတ်တာလေ”

ထိုစကားကြားတော့ ယွမ်ကျန်းဖုန်းနှင့် ဖူအန်းစုတို့ ခေါင်းညိတ်လိုက်ကြသည်။

ရန်ကျောက်ကဲက စကားပြောဆိုနေရင် သွေးနီရောင်စေတီငယ်လေးအကြောင်း စဉ်းစားနေမိသည်။

“အဲဒီပစ္စည်းကြောင့်သာမဟုတ်ရင် မီးတောက်မိစ္ဆာတွေ ဒီလောက်လွယ်လွယ် တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး”

စဉ်းစားရင်း လင်ကျိုးမသေခင်ပြောခဲ့သောစကားများကို သတိရသွားသည်။

“ကြည့်ရတာ... ဒီကောင် မဟုတ်တာတွေပြောသွားတာတော့ မဖြစ်နိုင်ဘူး ၊ နောက်နှစ်ပိုင်းမှာ ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာကို မီးတောက်မိစ္ဆာတွေ ကျူးကျော်တာထက် ပိုပြီးပြင်းထန်တဲ့ ကပ်ဘေးတွေ ကျရောက်လာနိုင်မလားပဲ”

ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်လိုက်သည်။

“ဘာတွေထပ်ဖြစ်မလဲ ဘယ်သူသိနိုင်မှာလဲ”

All Chapters