စမ်းကြည့်တဲ့သူတွေအားလုံးက ကောင်းတယ်လို့ပြောကြတယ်
Vol. 29 Ch. 403
အခန်း (၄၀၃) စမ်းကြည့်တဲ့သူတွေအားလုံးက ကောင်းတယ်လို့ပြောကြတယ်
ရန်ကျောက်ကဲ စဉ်းစားနေရင်း သူ့မျက်ဝန်းများက အဆက်မပြတ် တောက်ပနေသည်။
ရုတ်တရက် ရန်ကျောက်ကဲမျက်ဝန်းများ အေးစက်တင်းမာသွားပြီး...
“ကြည့်ရတာ... ဒီနှစ်တွေပြီးရင် မီးတောက်မိစ္ဆာတွေ နောက်ထပ်တိုက်ခိုက်လာဦးမှာလား ၊ ဒါမှမဟုတ်... တစ်ခုခုပဲ”
ယွမ်ကျန်းဖုန်း ၊ ဖူအန်းစုတို့နှင့်အတူ မိုးထိတောင်ထွတ်သို့ ရောက်လာသည့်အခါ သူက ခေါင်းတစ်ချက်ခါယမ်းရင်း အတွေးများကို ရပ်တန့်လိုက်သည်။
လူတိုင်းဘေးကင်းစွာပြန်ရောက်လာမှ တောင်ပေါ်တွင် ကျန်ရစ်သူများသည်လည်း သက်ပြင်းချနိုင်ကြသည်။
ဝါဒတောင်ကိုကာကွယ်ရန် တောင်ပေါ်တွင် ကျန်ရစ်ခဲ့သော ရန်တိက အရှေ့ပင်လယ်မှ မြေပြင်သွေးကြောများ ဖောက်ပြန်သွားသောသတင်းကိုကြားသည့်အခါ အရှေ့ပင်လယ်သို့ လိုက်လာရန် ပြင်ဆင်နေခဲ့သည်။
သို့သော် ယခုတော့ တိုက်ပွဲပြီးဆုံးကာ အားလုံး အန္တရယ်ကင်းစွာ ပြန်ရောက်လာခဲ့သဖြင့် စိတ်အေးရသည်။
ယွမ်ကျန်းဖုန်းက သက်ပြင်းတစ်ချက်ချရင်း...
“ဒီတစ်ခေါက် မီးတောက်မိစ္ဆာတွေက တကယ်အခက်တွေ့အောင်လုပ်ကြတာ ၊ နောက်ဆိုရင် ငါတို့တွေ မီးတောက်မိစ္ဆာတွေကို ပိုပြီးသတိထားရတော့မယ်”
ရန်တိက...
“ကျောက်စိမ်းပင်လယ်မြို့တော်က အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ပြုလုပ်နိုင်ပြီဆိုတော့ သူတို့ အင်အားပြန်ကောင်းလာရင် အရှေ့ပင်လယ်အတွက် စိတ်ချရပါပြီ ၊ သူတို့က မီးတောက်မိစ္ဆာတွေရဲ့ ကျူးကျော်မှုကို ဖြေရှင်းနိုင်မှာပါ”
ယွမ်ကျန်းဖုန်းက...
“အမှန်ပဲ ၊ ဒီအတောအတွင်း နေသူတော်စင်ဂိုဏ်းက ကျောက်စိမ်းပင်လယ်မြို့တော်ကို တိုက်ခိုက်မလားဆိုတာ ငါတို့တွေ သတိရှိရှိနဲ့ စောင့်ကြည့်ရမယ် ၊ ကျောက်စိမ်းပင်လယ်မြို့တော်က နေသူတော်စင်ဂိုဏ်းနဲ့ ရန်သူဖြစ်သလို ငါတို့နဲ့လည်း မဟာမိတ်ဆိုတော့ အခွင့်အရေးကိုအသုံးချပြီး ရန်သူဘက်က တိုက်ခိုက်လာနိုင်တယ် ၊ အဘိုးကြီး’ဟွမ်’ တို့အုပ်စုကို လွှတ်ထားလို့ မရဘူး”
ရန်တိက စဉ်းစားရင်း...
“ဒီတစ်ခေါက် မီးတောက်မိစ္ဆာတွေကျူးကျော်တာ အတော်ပြင်းထန်တယ်နော်”
ယွမ်ကျန်းဖုန်းက...
“အမှန်ပဲ ၊ ငါတို့ဘက်က မီးတောက်မိစ္ဆာဘုရင်နှစ်ယောက် သတ်လိုက်နိုင်တာတောင် သူတို့စွမ်းအားက လျော့ကျမသွားခဲ့ဘူး ၊ ဒီတော့ သူတို့ရဲ့ လှုပ်ရှားမှုတွေကို တားဆီးဖို့ ကျောက်စိမ်းပင်လယ်မြို့တော် အားကောင်းနေမှ ဖြစ်မှာ ၊ ဒါမှ ပင်လယ်ဒေသ အန္တရယ်ကင်းနိုင်မယ် ၊ ဒါပေမဲ့ မီးတောက်မိစ္ဆာတွေကို အပြည့်အဝ အာရုံစိုက်ရမယ်ဆိုရင် သူတို့အနေနဲ့ နေသူတော်စင်ဂိုဏ်းကို သတိထားဖို့ အင်အားအများကြီး သုံးနိုင်မှာ မဟုတ်ဘူး”
ထိုစကားကိုကြားတော့ ဖူအန်းစုက နှာခေါင်းတစ်ချက်ရှုံ့ရင်း...
“မီးတောက်မိစ္ဆာတွေကြောင့် နေသူတော်စင်ဂိုဏ်းကတော့ အနေချောင်သွားပြန်ပြီပေါ့လေ”
ဖန်ကျွင်းက ရန်ကျောက်ကဲကို ကြည့်ရင်း...
“ကျောက်ကဲ... မင်း အဲဒီ သွေးနီရောင်စေတီကို အဖြေရှာတာ တစ်ခုခု သိရပြီလား”
ရန်ကျောက်ကဲက...
“အဲဒီပစ္စည်းနဲ့ပတ်သက်လို့ ကျွန်တော် အခုထိ အတိအကျ နားမလည်သေးဘူး”
ယွမ်ကျန်းဖုန်းက ခေါင်းညိတ်လိုက်သည်။
အပြန်လမ်းတွင် ထိုသွေးနီရောင်စေတီငယ်ကို ရန်ကျောက်ကဲက သူနှင့် ဖူအန်းစုကို ပြသခဲ့သော်လည်း ထိုအရာနှင့်ပတ်သက်ပြီး သူတို့သည်ပင် များများစားစား နားမလည်ခဲ့ကြပေ။
ဖန်ကျွင်းက...
“ငါ ဆိုလိုတာက... အဲဒါမျိုး နောက်တစ်ခု မီးတောက်မိစ္ဆာတွေ ထပ်လုပ်နိုင်မလား”
ရန်ကျောက်ကဲက ခဏမျှစဉ်းစားရင်း...
“အဲဒါတော့ ဖြစ်နိုင်ခြေ မရှိလောက်ဘူး ဆရာဦးလေး ၊ ဘာလို့လဲဆိုတော့ ဒီပစ္စည်းက မီးတောက်မိစ္ဆာတွေ ကိုယ်တိုင်လုပ်ထားတာမဟုတ်ဘူး ၊ တခြားနေရာကနေ ရထားတာ ဖြစ်လောက်တယ် ၊ တစ်ယောက်ယောက်က သူတို့ကို ပေးလိုက်တာလား ၊ ဒါမှမဟုတ် ကံကောင်းပြီး ရလာတာလား မပြောတတ်ဘူး”
ဖန်ကျွင်းက ခေါင်းညိတ်ရင်း...
“အဲဒီလိုဆိုရင်တော့ တော်ပါသေးတယ်”
ယွမ်ကျန်းဖုန်းက...
“တကယ်တော့ ဒီတစ်ခေါက်တိုက်ပွဲက အရမ်းအန္တရယ်များတယ် ၊ မီးတောက်မိစ္ဆာတွေက ငါတို့ထင်ထားတာထက် ပိုပြီး ကြမ်းတမ်းခဲ့တယ် ၊ နောက်တစ်ခုက သူတို့က အစွန်းရောက်ရှစ်ပါးကမ္ဘာက မြေပြင်သွေးကြောတွေကို လှုပ်ခါအောင် လုပ်လိမ့်မယ်လို့ ဘယ်သူမှ တွေးမထားမိဘူးလေ ၊ ရလဒ်ကတော့ အရှေ့ပင်လယ်တစ်ခုလုံး မီးပင်လယ်ဖြစ်သွားပြီး သူတို့အတွက် နယ်မြေအားသာချက် ရသွားတာပေါ့”
ဖန်ကျွင်းက...
“မီးတောက်မိစ္ဆာတွေက လူသားတွေမသိအောင် အရှေ့ပင်လယ်အတွင်းပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကျွန်တော် သတင်းကြားတယ် ၊ အဲဒါ အဲဒီစေတီငယ်ကြောင့် ပြုလုပ်နိုင်တာ ဖြစ်နိုင်တယ်”
ရန်ကျောက်ကဲက လေးနက်စွာ ခေါင်းညိတ်ရင်း...
“အဲဒါ ဖြစ်နိုင်ခြေ အရမ်းများတယ် ၊ အနည်းဆုံး ရှစ်ဆယ်ရာခိုင်နှုန်းပဲ”
ယွမ်ကျန်းဖုန်းက...
“ကြည့်ရတာ ဒီရတနာက ရှန်ထျန်းဝိညာဉ်မီးထဲမှာ ပြုလုပ်ထားတာ ဖြစ်နိုင်တယ် ၊ သူ့ရဲ့မီးစွမ်းအားကို ပြန်ရုတ်သိမ်းပြီး ဖုံးကွယ်ထားနိုင်တာကြောင့် သေသေချာချာမသိရပေမယ့် ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့ မြေပြင်သွေးကြောတွေ လှည့်ပတ်နေတာနဲ့ ဆက်စပ်နေနိုင်တယ်”
သူက ဆက်ပြောသည်။
“ငါ ခန့်မှန်းမိသလောက် ဒီရတနာပစ္စည်းကို ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့ မြေပြင်သွေးကြောတွေထဲမှာ စီးဆင်းနေတဲ့ အထွတ်ထိပ်ရှန်ထျန်းဝိညာဉ်မီးနဲ့ ပြုလုပ်မှရနိုင်မယ်ထင်တယ် ၊ ဒါပေမဲ့ ဘယ်လိုပြုလုပ်သလဲဆိုတာကိုတော့ အတိအကျ မသိနိုင်ဘူး”
အကြီးအကဲ’ဟယ်’က...
“ဒါဆို ဒီပစ္စည်းက နေသူတော်စင်ဂိုဏ်းနဲ့ ပတ်သက်နေနိုင်သလား... ကျွန်မ ဆိုလိုတာက...”
သူမက စကားဆက်မပြောခင် ခဏမျှ ရပ်နားလိုက်ပြီး...
“ခရမ်းရောင်နေသူတော်စင် အသက်ရှင်နေသေးလား ၊ ဒါမှမဟုတ်သေပြီလား ၊ အခု သူ ဘယ်နေရာမှာရောက်နေသလဲဆိုတာ ပဟေဠိတစ်ခုပဲလေ”
ရန်ကျောက်ကဲ ၊ ယွမ်ကျန်းဖုန်းနှင့် ဖူအန်းစုတို့အားလုံး ခေါင်းခါယမ်းလိုက်ကြသည်။
ယွမ်ကျန်းဖုန်းက...
“ငါတို့အားလုံးက နေသူတော်စင်ဂိုဏ်းက သိုင်းအမွေအနှစ်တွေနဲ့ပတ်သက်ပြီး အကျွမ်းတဝင် မရှိကြတော့ဘူးလေ ၊ ပြီးတော့ သူတို့ဘိုးဘေး ကျန်းချောင်ကိုဆိုရင် မြင်တောင်မမြင်ဘူးကြတော့ဘူး ၊ ဒါပေမဲ့...ဂိုဏ်းတူညီမလေး’ဟယ်’... အဲဒီသွေးနီရောင်စေတီကို မင်းကိုယ်တိုင်လေ့လာကြည့်ပါ ၊ အဲဒါဆိုရင် မင်းနားလည်သွားလိမ့်မယ်”
သူက ဆက်ပြောသည်။
“သူ့အတွင်းထဲက အဓိပ္ပါယ်က မီးလျှံစွမ်းအားဖြစ်နေပေမယ့် နေသူတော်စင်ဂိုဏ်းက ကျန်းချောင်ရဲ့ သိုင်းပညာနဲ့ လုံးဝမမတူဘူး ၊ ဒီကိစ္စကို သေသေချာချာ အတည်ပြုနိုင်လို့ ငါလည်း စိတ်အေးနိုင်ခဲ့တာပေါ့ ၊ ကျန်းချောင်က သူ့ရဲ့ သိုင်းပညာအားလုံးကို စွန့်လွှတ်ပြီး မတူကွဲပြားတဲ့ သိုင်းပညာအသစ်တစ်ခုကို တီထွင်နိုင်မှသာ ဒီလိုပစ္စည်းမျိုးကို ပြုလုပ်နိုင်မှာပဲ”
စကားဆုံးသည်နှင့် ယွမ်ကျန်းဖုန်းက ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။
ရန်ကျောက်ကဲက ချက်ချင်းပင် အရိပ်ကျုံ့အိတ်ကိုဖွင့်လိုက်ပြီး အထဲမှ သွေးနီရောင်စေတီလေးကို ထုတ်ယူလိုက်၏။
နဂါးသင်္ကေတခတ်နှိပ်ခံထားရသော သွေးနီရောင်စေတီလေးက လေထုနှင့်ထိတွေ့ခံရသည်နှင့် တဖြည်းဖြည်း ကျယ်ပြန့်ကြီးမားလာသည်။
စေတီတစ်ဆူအတွက် သေးငယ်သည်ဆိုသော်လည်း မိုးထိတောင်ထွတ်တွင် မြင့်မြင့်မားမား ရပ်တည်နိုင်သည်အထိတော့ ကြီးမားသည်။
စေတီအတွင်းတွင်ပါဝင်သော နက်ရှိုင်းသည့်အဓိပ္ပါယ်က ဖုံးကွယ်ထိန်းချုပ်ထားသဖြင့် တစ်ချက်ကြည့်ရုံဖြင့် အတွင်းထဲမှ နက်နဲသောအရာကို အာရုံခံနိုင်ရန် ခဲယဉ်းသည်။
ထိုပြင် စေတီထက်တွင်ရှိနေသည့် ရေခဲနဂါးသင်္ကေတက လူတိုင်းကို ပိုမိုဆွဲဆောင်လျှက်ရှိသည်။
ရန်တိက ပြုံးလိုက်ရင်း...
“ရေခဲနဂါးသူတော်စင်ရဲ့ နန်းတော်ဟောင်းကနေ အဖိုးတန်အမွေအနှစ်တွေ အများကြီးရခဲ့တယ်လို့ မင်း ငါ့ကို သတင်းပို့ဖူးတယ်နော်”
ရန်ကျောက်ကဲက...
“ပြောရရင် အဲဒီနေရာကို ကျေးဇူးတင်ရမယ် ၊ ကျွန်တော် အဲဒီကနေ ရေခဲနဂါးရုပ်အလောင်းကြီး ရခဲ့တာဗျ ၊ မဟုတ်လို့ကတော့ အရှေ့ပင်လယ်မှာ မီးတောက်မိစ္ဆာတွေပြုလုပ်ထားတဲ့ မီးလျှံကွန်ယက်ကို ဖျက်ဆီးပစ်နိုင်မှာ မဟုတ်ဘူး”
ထိုစကားကိုကြားတော့ လူတိုင်းက ပြုံးမိကြသည်။
ယွမ်ကျန်းဖုန်းက...
“ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့ ဘိုးဘေးတစ်ယောက်ဖြစ်တဲ့ သီလသမာဓိနဲ့ပြည့်စုံ ‘ရေခဲနဂါးသူတော်စင်’ က ဒီကမ္ဘာကို ကယ်တင်ဖို့ ကူညီခဲ့တယ်လို့ မှတ်ယူရမှာပေါ့”
ရန်ကျောက်ကဲက ပြုံးရင်း...
“ကျွန်တော် အစက အဲဒီနဂါးအစစ်အရုပ်အလောင်းကြီးကို တောင်ပေါ်ပြန်ယူလာမလို့ပဲ ၊ သူ့တစ်ကိုယ်လုံးက ရတနာတွေချည်းပဲလေ ၊ အဲဒါကို အမြင့်ဆုံးအဆင့် အသုံးချနိုင်မယ်ဆိုရင် ကျွန်တော်တို့တစ်ဂိုဏ်းလုံး အင်အားကြီးမားလာမှာ”
ရန်တိက သူ့ကိုလက်ညှိုးထိုးလိုက်ရင်း...
“ဟေ့ကောင်... သိပ်လည်းနှမျောမနေစမ်းပါနဲ့ကွာ ၊ ဒီလောက်လည်း ဖြုန်းတီးရာမရောက်သေးပါဘူး ၊ အခုလည်း မင်းအတွက် အများကြီးအကျိုးအမြတ်တွေ ရခဲ့တာပဲ မဟုတ်လား”
သူက ဆက်ပြောသည်။
“အဲဒီ နဂါးရုပ်အလောင်းကြီးရဲ့ အနှစ်သာရတွေက အတိုင်းအတာတစ်ခုအထိ မင်းဆီရောက်နေပြီ မဟုတ်လား ၊ အဲဒီအနှစ်သာရစွမ်းအားတွေအားလုံးကို သန့်စင်နိုင်ဖို့က မလွယ်ကူပေမယ့် မင်း သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့်မရောက်ခင်အထိ ကျင့်ကြံနိုင်ဖို့ လုံလောက်တယ်လေ ၊ ဘာမှစိတ်ပူစရာ မလိုတော့ဘူး”
ထိုစကားကြောင့် ရန်ကျောက်ကဲ ရယ်မောလိုက်သည်။
ယွမ်ကျန်းဖုန်းနှင့် အခြားသူများလည်း ရယ်မောလိုက်ကြသည်။ ထိုနဂါးရုပ်အလောင်းကြီးကို တောင်ပေါ်ပြန်ယူလာလျှင်လည်း အများဆုံးအသုံးပြုခွင့်ရရှိသူမှာ ရန်ကျောက်ကဲသာလျှင် ဖြစ်ပေလိမ့်မည်။
ရန်ကျောက်ကဲ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် နဂါးရုပ်အလောင်းမှ အနှစ်သာရစွမ်းအားများအားလုံးကို စုပ်ယူကျင့်ကြံရန် ခက်ခဲမည်ဖြစ်သည်။ သို့သော် သူက နဂါးရုပ်အလောင်းကြီးကို တောင်ပေါ်သို့ပြန်မပေးဘဲ အပိုင်ယူထားမည်ဆိုလျှင်လည်း ယွမ်ကျန်းဖုန်းနှင့် အခြားသူများက ငြင်းဆန်မည်မဟုတ်ဘဲ ဝမ်းမြောက်ဝမ်းသာပင် ခွင့်ပြုပေးမည်ပင်။
ယခု တိုက်ပွဲအတွင်း အရေးပေါ်အသုံးပြုရင်း ရန်ကျောက်ကဲတစ်ယောက် အကျိုးအမြတ်များစွာ ရရှိသွားခြင်းကတော့ မည်သူမှ စကားထဲထည့်ပြော အပြစ်ဆိုနေမည် မဟုတ်ပေ။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသဖြင့် ရန်ကျောက်ကဲက နဂါးရုပ်ခန္ဓာကြီး တောင်ပေါ်ပြန်သယ်လာလျှင်တောင်မှ အကျိုးအမြတ်အများစုက ရန်ကျောက်ကဲထံ ရောက်ရှိမည်သာ ဖြစ်သည်။
ကောင်းမွန်သည့်သံမဏိဖြင့် စစ်ဓားများ ပြုလုပ်ကြသလိုပင် ဝါဒတောင်နှင့် အခြားသော ထိပ်သီးသိုင်းဂိုဏ်းကြီးများသည်လည်း ဂိုဏ်းအတွက် အလာအလာအရှိဆုံး ထိပ်တန်းတပည့်များကို ရင်းမြစ်ပစ္စည်းများ ဦးစားပေးမည်သာ။
တပည့်တိုင်းကို တူညီသောအခွင့်အရေးရရှိသည်ဆိုသော်လည်း ဆုလာဘ်များကိုတော့ ထမင်းအိုးကြီးတစ်လုံးထဲမှ ထမင်းများခွဲဝေသလို အညီအမျှ ခွဲဝေပေးနိုင်မည် မဟုတ်ပေ။
ရန်ကျောက်ကဲက ထူးချွန်သည့်လူငယ်တစ်ယောက်ဖြစ်ကြောင်း အကြိမ်ပေါင်းများစွာ သက်သေပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းအနေဖြင့် အနာဂတ်အကျိုးအတွက် သူ့ကို အဓိကထားပျိုးထောင်ပေးမည်မှာ သဘာဝကျသည်။
ရန်ကျောက်ကဲက သူ့နံဘေးမှ သွေးနီရောင်စေတီငယ်ကို ထိကိုင်လိုက်ပြီး ရန်တိကို လှမ်းပြောလိုက်သည်။
“ဒီစေတီငယ်ရဲ့ နောက်ခံသမိုင်းကြောင်းကို မသိနိုင်ပေမယ့် သူ့အတွင်းထဲမှာပါရှိတဲ့ အဓိပ္ပါယ်က အတော်လေး ထူခြားလေးနက်တယ် ၊ ကျွန်တော်တို့လို သိုင်းကျင့်ကြံသူတွေအတွက် အရမ်းအကျိုးရှိတယ် ၊ အဖေနဲ့ တခြားအကြီးအကဲတွေ စမ်းကြည့်ကြပါလား”
ပြောပြီးသည်နှင့် သူက ယွမ်ကျန်းဖုန်းနှင့် ဖူအန်းစုကို လှမ်းကြည့်ရင်း...
“ဆရာဘိုးဘိုးရော ဆရာဒေါ်လေး’ဖူ’ ရော စမ်းသပ်ပြီးကြပြီ ၊ သူတို့အားလုံးက အရမ်းကောင်းတယ်လို့ ပြောကြတယ်။