နောက်ဆုံးဝှက်ဖဲ
Vol. 22 Ch. 212
ကျုံးချင်သည် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြီးနောက် သူ၏ပတ်ဝန်းကျင်ရှိ နေရာတဝိုက်လုံး ချက်ချင်းဆိုသလိုပင် ရှင်းလင်းသွားတော့သည်။
ဤနေရာ၌ အရိုးတစ်စပင် မကျန်ရစ်တော့ချေ။
သူသည် ရန်သူများအားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားဖြင့် ဖိနှိပ်လိုက်ခြင်းပင်။
ကောင်းကင်နှင့်မြေပြင်ကြားတွင် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
အချိန်အတော်ကြာသည်အထိ မည်သည့်အသံမျှ ထွက်မလာတော့ချေ။
မူလက ရှေ့သို့ တိုးဝင်လိုကြသော လူတချို့သည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ သူတို့၏နှလုံးသားများ လည်ချောင်းဝသို့ ခုန်တက်လာသကဲ့သို့ ခံစားလိုက်ကြရသည်။
"ဒါ... ဒါက ဘယ်လို တည်ရှိမှုမျိုးလဲ..."
တစ်စုံတစ်ယောက်က တံတွေးတစ်လုတ်ကို ခက်ခဲစွာ မျိုချလိုက်သည်။
သူ၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး သူ၏ခြေထောက်များက အထိန်းအကွပ်မဲ့စွာ တုန်ရီနေသည်။
ဤသည်မှာ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်၌ရှိသော ဆယ်နှင့်ချီသည့် ကျင့်ကြံသူများပင်။
သို့သော် ယခုအချိန်တွင်မူ သူတို့သည် ပေါင်းပင်များအလား တိုက်ရိုက်သုတ်လင်ရှင်းလင်းခြင်း ခံလိုက်ကြရသည်။
"ဒီအင်မော်တယ်အရှင်က ဘယ်သူများလဲ..."
မူလက ရတနာကို ဝင်ရောက်လုယူလိုကြသူများ အားလုံး မသိစိတ်မှနေ၍ ခြေလှမ်းတစ်လှမ်း နောက်ဆုတ်လိုက်ကြသည်။
ရတနာသည် ကောင်းမွန်သော်လည်း ကျုံးချင် ပြသခဲ့သော စွမ်းအားအရ သူတို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အသက်ရှင်နေရန် လိုအပ်သည်။
သူ၏စွမ်းအားသက်သက်ဖြင့် ဖိနှိပ်လိုက်ခြင်းသည် လူအများ၏လောဘစိတ်များကို ထိန်းချုပ်လိုက်နိုင်ပေ၏။
"ဝှစ်..."
လေတိုးသံများ ပဲ့တင်ထပ်သွားသည်နှင့်အမျှ ကြွင်းကျန်သော လူများသည် ငှက်များနှင့် သားရဲများအလား ဖရိုဖရဲ ထွက်ပြေးသွားကြတော့သည်။
သူတို့အားလုံး နားလည်သဘောပေါက်သွားကြလေပြီ။ ဤကဲ့သို့ နတ်ဆိုးတစ်ကောင်ကို သူတို့ လုံးဝရန်မစသင့်ချေ။
အချိန်တခဏအတွင်းမှာပင် အော်ဟစ်သတ်ဖြတ်နေကြသော မြင်ကွင်းသည် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားတော့သည်။
နှင်းဖုံးတောအုပ်တစ်ခုလုံးတွင် ကျုံးချင်နှင့်ဟေးပိုင်တို့သာ ကျန်ရစ်ပြီး မြေပြင်ပေါ်တွင် အလောင်းများဖြင့် ဖုံးလွှမ်းနေသည်။
ကျုံးချင်က တိုက်ပွဲမြေပြင်ကို ဝေ့ဝိုက်၍ ကြည့်ရှုလိုက်သည်။ ထို့နောက် သူသည် ဟေးပိုင်ကို ညွှန်ကြားလိုက်၏။
"တိုက်ပွဲမြေပြင်ကို ရှင်းလင်းပြီးတော့ အသုံးဝင်မယ့် ပစ္စည်းမှန်သမျှ သိမ်းဆည်းလိုက်စမ်း..."
"ဟုတ်ကဲ့ပါ သခင်..."
ဟေးပိုင်က ရိုသေလေးစားစွာ ဦးညွှတ်လိုက်ပြီးနောက် အလောင်းများထံမှ ရတနာများကို ရှာဖွေရန် သွားရောက်လိုက်သည်။
ဤလူများက များစွာသန်မာအားကောင်းခြင်း မရှိကြသော်လည်း ကျုံးချင်အတွက်မူ ရတနာများကို အလဟဿ ဖြုန်းတီးခြင်းသည် ရှက်ရွံဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။
ထိုလူများထံမှ အရင်းအမြစ်များသည် သူ့အတွက် အသုံးဝင်နေဆဲပင်။
ကျုံးချင် စိတ်မကျေမနပ် ဖြစ်မိသည့် တစ်ခုတည်းသော အရာမှာ အစောပိုင်းက သူ လက်လွန်သွားခဲ့ခြင်း ဖြစ်ပေ၏။
လူအမြောက်အများ တစစီဖျက်ဆီးခံလိုက်ရပြီး သူတို့၏သိုလှောင်အိတ်များပင် အမှုန်အမွှားများအဖြစ်သို့ ကြေမွှပျက်စီးသွားခဲ့သည်။
"နောက်တစ်ခါ လှုပ်ရှားရင် နည်းနည်းလောက် ထိန်းထိန်းသိမ်းသိမ်းလုပ်မှ ဖြစ်တော့မယ်..."
အကယ်၍ သူ၏လက်ချက်ဖြင့် သေဆုံးသွားသူများသာ သူ၏အတွေးကို သိရှိသွားပါက မည်သို့ ခံစားရမည်ကို မည်သူမျှ မသိနိုင်ချေ။
အိုး ဘုရားရေ...
သူသည် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူ အမြောက်အများကို ပေါ့ပေါ့ပါးပါး သတ်ဖြတ်လိုက်ပြီးမှ လက်လွန်သွားသည်ဟု သူ့ကိုယ်သူ ပြစ်တင်ဝေဖန်နေသည်။
ဤသည်မှာ ကွယ်လွန်သူများအပေါ် စော်ကားလွန်းရာ ကျနေလေပြီ။
ဟေးပိုင်က တိုက်ပွဲမြေပြင်ကို လျှင်မြန်စွာ ရှင်းလင်းနေစဉ်မှာပင် ကျုံးချင်သည် တုဟောက် ထွက်ခွာသွားသော လမ်းကြောင်းကို ကြည့်ပြီး လိုက်လံဖမ်းဆီးရန် ခြေလှမ်းပြင်လိုက်သည်။
သူ့အား ရတနာတစ်ခု ပေါ့ပေါ့ပါးပါး ပစ်ပေးခဲ့သော လူတစ်ယောက်ကို မိတ်ဆွေမဖွဲ့ထားလျှင် အနည်းငယ် မလျော်ကန်ရာ ကျပေလိမ့်မည်။
တခြားတစ်ဖက်တွင်..
တုဟောက်သည် မိုင်ပေါင်းရာနှင့်ချီအကွာသို့ တစ်ဟုန်ထိုး ပြေးလွှားခဲ့သည်။
သူ နောက်ကို ပြန်ကြည့်လိုက်ရာ မည်သူမျှ လိုက်မလာသည်ကို တွေ့လိုက်ရသဖြင့် သက်ပြင်းချလိုက်မိသည်။
လေဟာနယ်ထဲတွင် တုဟောက်သည် သူ၏နဖူးမှ မရှိသောချွေးစေးများကို သုတ်လိုက်သည်။
သူ၏မျက်နှာပေါ်၌ ယုံကြည်မှုရှိသော အပြုံးတစ်ခု ထင်ဟပ်လာသည်။
"ကျင့်ကြံခြင်း ပထမစည်းမျဉ်း ...ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အန္တရာယ်တွင်းထဲ မသက်ဆင်းစေနဲ့..."
"ငါ တုဟောက် ဒီနေ့လို အခြေအနေမျိုး ရောက်လာရတာက ငါ့ရဲ့တည်ငြိမ်တဲ့ ချဉ်းကပ်ပုံကြောင့်ပဲ..."
"ရွှေဝါရောင် သန္ဓေသားရတနာက ကောင်းမွန်ပေမယ့် ငါ့ရဲ့အသက်နဲ့ ယှဉ်ရင်တော့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရဘူး..."
"ကံကောင်းပြီးတော့ ငါက လိမ္မာပါးနပ်လို့သာပဲ..."
"အဲ့ဒီလို မဟုတ်ဘဲနဲ့ အဲ့ဒီလူအုပ်ကြီးကသာ လောဘတက်လာခဲ့ရင် ငါက လွတ်မြောက်ဖို့ ကိုးဆယ့်ကိုးရာခိုင်နှုန်း ယုံကြည်မှု ရှိရင်တောင်မှ သူတို့က လောကကြီးအနှံ့အပြားကို လိုက်ဖမ်းမဖမ်းဆိုတာ ဘယ်သူ သိနိုင်မှာလဲ..."
"အခု အာလူးပူကြီး မရှိတော့ဘူးဆိုတော့ ဘယ်သူမှ ငါ့ကို ပစ်မှတ်ထားတော့မှာ မဟုတ်ဘူး..."
သူ အမှတ်မထင် နောက်သို့ ထပ်မံ၍ လှည့်ကြည့်လိုက်မိသည်။
ဤအကြည့်သည် သူ၏မျက်နှာကို တောင့်တင်းအေးခဲသွားစေပေ၏။
ကျုံးချင်က တိမ်တိုက်များကိုနင်းပြီး လျှောက်လှမ်းလာသည်ကို သူ မြင်လိုက်ရသည်။
လွန်ခဲ့သော အချိန်တခဏကပင် သူတို့အကြား၌ ပေထောင်ပေါင်းများစွာ ကွာဝေးနေသည်။
နောက်ထပ်အချိန်တခဏတွင် တစ်ဖက်လူသည် သူနှင့် ပေဆယ်ဂဏန်းသာဝေးကွားသော အကွာအဝေးသို့ ရောက်ရှိနေလေပြီ။
"ငါတို့ ပြန်တွေ့ကြပြန်ပြီ.."
ကျုံးချင်က အပြုံးနှင့် နှုတ်ဆက်လိုက်သည်။
တုဟောက်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"ဒီကောင်..."
သူ ဤလူကို နားမလည်နိုင်ချေ။
'ကျင့်ကြံခြင်း ဒုတိယစည်းမျဉ်း ...အတိမ်အနက်ကို မသိရသော လူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အချိန် ရန်မစပါနှင့်...အဆက်အဆံ အများကြီး မလုပ်ပါနှင့်.. အကောင်းဆုံးကတော့ အရင်ဆုံး ထွက်ပြေးပါ...'
"ဝှစ်..."
လေတိုးသံတစ်ချက် ထွက်ပေါ်လာခြင်းနှင့်အတူ တုဟောက်သည် အတောင်ပံဖြန့်ထားသော ကြီးမားသည့် ငှက်ကြီးတစ်ကောင်အလား ပျံတက်သွားပြီး မူလနေရာမှ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
ကျုံးချင်သည် တုဟောက် ရှိခဲ့ဖူးသော နေရာသို့ ရောက်ရှိလာသည်။
တုဟောက်၏ ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်ရင်း သူ၏နှုတ်ခမ်းထောင့်တွင် နောက်ပြောင်ကျီစယ်လိုသော အပြုံးတစ်ခု ထင်ဟပ်လာသည်။
သူ ခြေတစ်လှမ်း ရှေ့သို့လှမ်းလိုက်ရာ သူ၏ပုံရိပ်သည် ပေတစ်ရာခန့်အကွာသို့ ရောက်ရှိသွားပေ၏။
ထို့နောက် သူ၏လက်တစ်ဖက်တည်းဖြင့် ဖမ်းဆုပ်လိုက်ရာ တုဟောက်၏ဂုတ်ကို တိုက်ရိုက် ဖမ်းဆွဲမိသွားသည်။
သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ...
သူ သေသေချာချာ ဖမ်းဆုပ်လိုက်မိသော အချိန်အခိုက်အတန့်တွင် 'ဘုန်း' ဟူသော အသံကို ကြားလိုက်ရခြင်းပင်။
ထို့နောက် သူ၏လက်ထဲရှိ လူသည် အဝါရောင် အဆောင်လက်ဖွဲ့တစ်ခုအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားတော့သည်။
"ဒါက အစားထိုးအဆောင်လက်ဖွဲ့ပဲ..."
ကျုံးချင်က သူ၏လက်ထဲရှိ အဆောင်လက်ဖွဲ့ စာရွက်ကို စစ်ဆေးကြည့်လိုက်သည်။
သူ၏မျက်လုံးထဲရှိ နောက်ပြောင်ကျီစယ်လိုသော အရိပ်အယောင်များ ပို၍ပီပြင်ထင်ရှားလာပေ၏။
"စိတ်ဝင်စားစရာပဲ..."
နောက်ထပ်ကြန့်ကြာမနေတော့ဘဲ သူသည် လိုက်လံဖမ်းဆီးရန် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ဤနေရာ၌...
တုဟောက်က ကျုံးချင်၏အမြန်နှုန်းသည် လျှပ်စီးကဲ့သို့ မြန်ဆန်ကာ လေပြင်းတစ်ချက်နှင့် တူနေကြောင်း မြင်တွေ့လိုက်ရသည်။
ထိုအမြန်နှုန်းသည် သူ့ထက် အနည်းငယ်သာ ပို၍လျှင်မြန်နေသည် မဟုတ်ချေ။
သူ အံ့တင်းတင်းကြိတ်ကာ ပုံရိပ်ယောင်တစ်ထောင် ကိုယ်ပွားနည်းစနစ်ကို နောက်တစ်ကြိမ် ထုတ်သုံးလိုက်၏။
ပုံရိပ်ယောင်တစ်ထောင် ကိုယ်ပွားနည်းစနစ်ကို မဟာအောင်မြင်မှုအဆင့်အထိ ကျင့်ကြံနိုင်ပါက ကိုယ်ပွားတစ်ထောင်ကို ဖန်တီးနိုင်သည်ဟု ဆိုကြသည်။
သို့သော် တုဟောက်၏ပါရမီသည် အံ့အားသင့်ဖွယ်ကောင်းပြီး သူသည် ယခင်ကတည်းက ထိုနည်းစနစ်အပေါ် ဆန်းသစ်တီထွင်မှုများ ပြုလုပ်ထားခဲ့သည်။
"ဝှစ်..."
"ဝှစ်..."
"ဝှစ်..."
ပုံရိပ်တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ထူထပ်သိပ်သည်းစွာဖြင့် အရေအတွက် သုံးထောင်ခန့်အထိ ရောက်ရှိလာသည်။
ထိုပုံရိပ်သုံးထောင်သည် အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားကြသည်။
တုဟောက်၏ခန္ဓာကိုယ်အစစ်သည် ထိုကိုယ်ပွားများကြားတွင် ရောနှောနေပေ၏။
သူက ကျုံးချင်ကို တည်ကြည်လေးနက်စွာ လှမ်းကြည့်လိုက်သည်။
"ငါ ဝန်ခံတယ်... ဒီကောင်က ငါ့ထက် ချောမောခန့်ညားရုံတင်မကဘူး... သူ့ရဲ့ပါရမီကလည်း တော်တော်လေး အံ့အားသင့်ဖို့ ကောင်းတယ်..."
"ဒီသခင်လေးက မိုင်ပေါင်းရာနဲ့ချီပြီး ပြေးလာခဲ့တာ... အသက်တစ်ရှိုက် ရှူရုံပဲ ရှိသေးတယ်... သူက အမီလိုက်လာနိုင်ပြီ..."
"ဒါပေမဲ့ ငါ့ရဲ့ ကိုယ်ပွားသုံးထောင်ကို မင်း ဘယ်လို ကိုင်တွယ်မလဲဆိုတာ ငါ သိချင်သေးတယ်..."
"ဒီသခင်လေးကို ဖမ်းချင်တာလား... နောက်ဘဝမှပဲ လာခဲ့တော့..."
ဤသို့ တွေးတောနေစဉ်မှာပင် သူသည် မြေပြင်ဆီသို့ လျှင်မြန်စွာ ဦးတည်သွားလိုက်သည်။
တခြားတစ်ဖက်တွင်.....
ကျုံးချင်က တစ်ဖက်လူသည် ထောင်ပေါင်းများစွာသော ကိုယ်ပွားများကို ဖန်တီးလိုက်သည်အား မြင်တွေ့လိုက်ရသည်။
သူ၏မျက်လုံးများ ကျဉ်းမြောင်းသွား၏။
သာမန်မျက်စိဖြင့်ကြည့်လျှင် ဤကိုယ်ပွားများကို အတုအစစ် ခွဲခြား၍ မရနိုင်ချေ။
သူတို့အားလုံးသည် အင်မော်တယ်အရှင်များအလားပင်။
ကိုယ်ပွားတစ်ခုချင်းစီတွင် အထင်ကြီးဖွယ်ကောင်းသော ချီစွမ်းအင်များ ရှိနေကြပြီး သူတို့၏အရှိန်အဝါတစ်ခုတည်းဖြင့် မည်သည့်အရာက အစစ် မည်သည့်အရာက အတုဆိုသည်ကို ခွဲခြားရန် မဖြစ်နိုင်ချေ။
ဤကဲ့သို့ နည်းလမ်းသည် အမှန်တကယ်ကို အထင်ကြီးဖွယ်ရာ ကောင်းလှသည်။
သာမန်လူတစ်ယောက်သာ ဆိုလျှင် ထိုလူငယ်ကို ရင်ဆိုင်ရာ၌ အမှန်တကယ်ပင် လက်မှိုင်ချရပေလိမ့်မည်။
သို့သော် ကျုံးချင်သည် သာမန်လူ မဟုတ်ပေ။
သူ့ထံတွင် ကောင်းကင်ဘုံမျက်လုံးဟု ခေါ်သော စွမ်းရည်တစ်ခု ရှိသည်။
ကောင်းကင်ဘုံမျက်လုံး၏ စွမ်းအားသည် ဤကဲ့သို့ ဟန်ပြလှည့်ကွက်အားလုံးကို ဖောက်ထွင်းမြင်နိုင်ရန် အထူးပြုထားခြင်းဖြစ်သည်။
ဤသည်ကို တွေးတောရင်း ကျုံးချင်သည် ကောင်းကင်ဘုံမျက်လုံး၏စွမ်းရည်ကို တိုက်ရိုက် အသက်သွင်းလိုက်သည်။
ကောင်းကင်ဘုံမျက်လုံး ပွင့်လာသည်နှင့်အမျှ ပုံရိပ်ယောင်သုံးထောင်ကို သူ လွယ်လင့်တကူ ထွင်းဖောက်၍ မြင်တွေ့မိပေ၏။
ကျုံးချင်၏ပုံရိပ် ရွေ့လျားသွားပြီး ပင်လယ်ထဲသို့ ဝင်ရောက်လာသော အစစ်အမှန်နဂါးတစ်ကောင်အလားပင်။
သူသည် တုဟောက်ကို ဖမ်းဆုပ်ရန် သူ၏လက်ကို ဆန့်တန်းလိုက်သည်။
အနည်းငယ် တည်ငြိမ်အေးဆေးနေသော တုဟောက်သည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ လုံးလုံးလျားလျား ကြောင်အသွားသည်။
မဖြစ်နိုင်ဘူး...
ငါ့မှာ ပုံရိပ်ယောင်တွေ အများကြီး ရှိတာကို မင်းက ငါ့ရဲ့ခန္ဓာကိုယ်အစစ်နောက်ကို တိတိကျကျ လိုက်လာတယ်ပေါ့...
သုံးထောင်ပုံတစ်ပုံ အခွင့်အရေးကို မင်းက ထိအောင် ပစ်နိုင်တာလား...
ဒီလောကကြီးမှာ တရားမျှတမှုဆိုတာ ရှိသေးရဲ့လား...
သူ၏စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်နေသော်လည်း သူ၏လှုပ်ရှားမှုများသည် နှေးကွေးမနေချေ။
သူသည် ငါးရှဉ့်တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ကျုံးချင် သူ့ကို မထိမီမှာပင် ချောမွေ့သော လူးလိမ့်လှုပ်ရှားမှုဖြင့် ဖမ်းဆုပ်ခြင်းမှ ရှောင်တိမ်းလိုက်သည်။
သူသည် ပုံရိပ်ယောင်သုံးထောင်ကို ထပ်မံ၍ ဖန်တီးလိုက်၏။
သူ အမှန်တကယ်ကို မယုံကြည်နိုင်ချေ။
ကျုံးချင်သည် သူ့ကို ဖမ်းဆီးနိုင်အုံးမည်လော....
သို့သော် ကျုံးချင်၏မျက်လုံးထဲတွင် ပုံရိပ်ယောင်သုံးထောင်ကို မဆိုထားနှင့် သုံးသောင်း သုံးသိန်း သို့မဟုတ် သန်းသုံးရာ ဖြစ်နေလျှင်ပင် အသုံးဝင်မည် မဟုတ်ချေ။
သူ၏ပုံရိပ် ရွေ့လျားသွားသည်နှင့် တုဟောက်၏ခန္ဓာကိုယ်အစစ်နောက်သို့ နောက်တစ်ကြိမ် ထပ်မံ၍ လိုက်လံဖမ်းဆီးခဲ့သည်။
"ဒါက... လုံးဝ အဓိပ္ပာယ်မရှိဘူး..."
တုဟောက်၏မျက်လုံးများထဲတွင် ပြင်းထန်သော မယုံကြည်နိုင်မှုများ ဖြတ်ပြေးသွားသည်။
တစ်ကြိမ်သည် တိုက်ဆိုင်မှုဟု ဆိုလျှင်....
နှစ်ကြိမ်ဆိုလျှင်မူ တိုက်ဆိုင်မှုဟု ဖြေရှင်း၍ မရနိုင်တော့ပေ။
"ဒီကောင်က... ငါ့ရဲ့ခန္ဓာကိုယ်အစစ်ကို ထွင်းဖောက်မြင်နိုင်တာလား..."
တုဟောက်က မျက်မှောင်ကြုတ်လိုက်သည်။
ကျုံးချင်၏ ဖမ်းဆုပ်လာသော လက်ကို ရင်ဆိုင်ရင်း သူ လုံးဝနေမထိထိုင်မသာ ခံစားလိုက်ရသည်။
သူ ဦးနှောက်ခြောက်မတတ် စဉ်းစားလိုက်သော်လည်း နားမလည်နိုင်ချေ။
ယခင်က အမြဲတစေ အောင်မြင်ခဲ့သော သူ၏ ပုံရိပ်ယောင်တစ်ထောင် ကိုယ်ပွားနည်းစနစ် မည်သည်ကြောင့် ကျိုးပျက်သွားရသနည်း...
သို့သော်...
ပုံရိပ်ယောင်တစ်ထောင် ကိုယ်ပွားနည်းစနစ် ကျိုးပျက်သွားလျှင်ပင် သူ အနည်းငယ်မျှ ထိတ်လန့်ခြင်း မရှိချေ။
"ငါ့မှာ ဒီစွမ်းရည်လောက်ပဲ ရှိတယ်လို့ မင်း တကယ်ကြီး ထင်နေတာလား..."
"မင်း မသိပါဘူး... ငါသာ ဒီနည်းလမ်းကို သုံးလိုက်ရင် မင်းက ဘယ်လို တုံ့ပြန်နိုင်မှာလဲ..."
သူ တီးတိုးရေရွတ်လိုက်ရင်း မြေကြီးထဲသို့ တိုက်ရိုက်တိုးဝင်သွားလေသည်။
ဤသည်မှာ သူ၏ အန္တိမလျှို့ဝှက်နည်းစနစ်ဖြစ်သော မြေလျှိုးနည်းစနစ်ပင်။