ဘေးဒုက္ခ လွှဲပြောင်းခြင်း
Vol. 22 Ch. 213
မြေလျှိုးနည်းစနစ်ဟု ခေါ်ဆိုသော အရာသည် မြေဥပဒေသကို အသုံးချခြင်း၏ အန္တိမနည်းစနစ် ဖြစ်ပေ၏။
ထိုနည်းစနစ်ကို အသုံးပြုသူသည် မြေအောက် ကျောက်လွှာများကြားမှတစ်ဆင့် ရွေ့လျားသွားလာနိုင်သည်။
ဤသည်မှာ ငါးတစ်ကောင် ရေထဲသို့ ဝင်ရောက်သွားသည့်အလား သို့မဟုတ် ဖီးနစ်ငှက်တစ်ကောင် ကောင်းကင်သို့ ပျံသန်းသွားသည့်အလားပင်။
ဤသည်က အလွန်အစွမ်းထက်သော လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်ပေ၏။
တုဟောက် မြေကြီးထဲသို့ လုံးလုံးလျားလျား တိုးဝင်ပျောက်ကွယ်သွားသည်နှင့် ကျုံးချင် သူ့ကို ထပ်မံ၍ လွဲချော်သွားခဲ့သည်။
သို့သော် သူ စိတ်ဓာတ်ကျမသွားဘဲ ထိုအစား အလွန်အမင်း စိတ်ဝင်စားလာခဲ့သည်။
ဒီကောင်က ငါးရှဉ့်များလား...
ဤကောင်စုတ်လေး ထွက်ပြေးသောနည်းလမ်းများသည် သူ့အား အမှန်တကယ်ကို အမြင်ကျယ်စေခဲ့သည်။
ပထမဆုံး အစားထိုးအဆောင်လက်ဖွဲ့ဖြစ်ကာ ဒုတိယအနေဖြင့် ကိုယ်ပွားနည်းစနစ်ဖြစ်ပြီး ယခု၌မူ မြေလျှိုးနည်းစနစ်ကိုပင် ထုတ်သုံးလာလေပြီ။
ထိုအချိန်တွင် ကျုံးချင်၏ကောင်းကင်ဘုံမျက်လုံးထဲ၌ မြေအောက် ပေဆယ်ဂဏန်းခန့်အကွာတွင် ရှိနေသော တုဟောက် ရှေ့သို့ရွေ့လျားနေသည်ကို မြင်တွေ့နေရသည်။
သူသည် ပူးတစ်ကောင်အလား မယုံနိုင်လောက်အောင် လျင်မြန်သောအရှိန်ဖြင့် ထွက်ပြေးနေသည်။
အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် သူသည် မိုင်ပေါင်းရာနှင့်ချီအကွာသို့ ရောက်ရှိသွားလေပြီ။
ကျုံးချင်သည် အလျင်လိုခြင်းမရှိဘဲ မြေပြင်ပေါ်၌ ရိုးရှင်းစွာ လမ်းလျှောက်နေပေ၏။
မြေအောက်နက်ရှိုင်းသော နေရာရှိ တုဟောက်ကမူ အသက်လု၍ ထွက်ပြေးနေသည်။
သူ၏ခြေထောက်များမှ မီးခိုးများပင် ထွက်လုနီးပါး ဖြစ်နေလေပြီ။
နောက်ထပ် မိုင်ပေါင်းရာနှင့်ချီ အကွာအဝေးကို တစ်ရှိန်ထိုး ပြေးပြီးနောက် သူသည် ခေါင်းကို တိတ်တဆိတ် ပြူထွက်ကြည့်လိုက်သည်။
"ဒီတစ်ခါတော့ သူ့ကို ချန်ထားခဲ့နိုင်ပြီ..."
သူ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။
သူ၏စိတ်အခြေအနေသည် အလွန်အမင်း တက်ကြွလာပေ၏။
"လူတစ်ယောက်မှာ အမြဲတမ်း ဝှက်ဖဲ သုံးလေးခုလောက်တော့ ဆောင်ထားဖို့ လိုအပ်တယ်ဆိုတာ တကယ်ပဲ..."
"အရေးကြီးတဲ့ အချိန်အခိုက်အတန့်မှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်တဲ့ အန္တိမစွမ်းရည်တစ်ခုတော့ အမြဲရှိနေရမယ်..."
"ငါ့ရဲ့ ပုံရိပ်ယောင်တစ်ထောင် ကိုယ်ပွားနည်းစနစ်ကို ချိုးဖျက်တာက ဘာမှမဟုတ်သေးဘူး...တကယ်လို့ မင်းကသာ ငါ့ရဲ့ မြေလျှိုးနည်းစနစ်ကို ချိုးဖျက်နိုင်ရင်တော့ မင်းက တကယ်ကို ကြောက်စရာကောင်းသူပဲ..."
သူ တီးတိုးရေရွတ်နေစဉ်မှာပင် ကျုံးချင်သည် ရှေ့သို့တက်လှမ်းလာပြီး တုဟောက်၏ရှေ့တွင် မတ်တတ်ရပ်လိုက်သည်။
ထို့နောက် ကျုံးချင်သည် အောက်သို့ ငုံ့ကြည့်ပြီး ပြုံးလိုက်၏။
"ဟုတ်ရဲ့လား..."
မြေကြီးထဲမှ ခေါင်းပြူထွက်လာရုံသာ ရှိသေးသော တုဟောက်သည် မျက်လုံးများ ကျွတ်ထွက်လုနီးပါး ပြူးကျယ်သွားတော့သည်။
"ခင်ဗျား... ခင်ဗျားက နတ်ဆိုးလား..."
ထို့နောက် ဝှစ်ဟူသော အသံနှင့်အတူ သူ မြေကြီးထဲသို့ ပြန်လည်၍ တိုးဝင်သွားသည်။
သူသည် နောက်ထပ် ပေတစ်ရာနီးပါး နက်ရှိုင်းသောနေရာသို့ ငုပ်လျှိုးသွားပေ၏။
ထို့နောက် သူ၏ သည်းကြီးမည်းကြီး ထွက်ပြေးသော ပုံစံကို ပြန်လည်၍ စတင်လိုက်သည်။
ဤအချိန်တွင် သူ၏စိတ်နှလုံးသားထဲ၌ မေးခွန်းတစ်ခုဖြင့် ပြည့်နှက်နေသည်။
"ဒါက အဓိပ္ပာယ်မရှိဘူး..."
"ပုံရိပ်ယောင်တစ်ထောင် ကိုယ်ပွားနည်းစနစ်မှာ အားနည်းချက်တွေ ရှိပြီးတော့ ပုံရိပ်ယောင်တွေကို ခွဲခြားနိုင်တဲ့ ဉာဏ်ပညာမျက်လုံးတချို့က ဖောက်ထွင်းမြင်နိုင်တယ်..."
"ဒါကြောင့် ငါ့ရဲ့ခန္ဓာကိုယ်အစစ်ကို သူ မြင်နိုင်တာက အံ့အားသင့်စရာ ကောင်းပေမယ့် နားလည်ပေးလို့ ရသေးတယ်..."
"ဒါပေမဲ့ ငါ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အရှိန်အဝါဖုံးကွယ်တဲ့ အဆောင်လက်ဖွဲ့လည်း ပါတာပဲ... အဲ့ဒါက ငါ့ရဲ့အရှိန်အဝါကို လုံးဝဖုံးကွယ်ထားပြီးတော့ သီးခြားခွဲထုတ်ထားတာ..."
"ပြီးတော့ ငါက မြေအောက်မှာ ဒီလောက်ထိ အဝေးကြီးကို ပြေးလာခဲ့တာ... သူက ငါ့ရဲ့ တည်နေရာကို ဘယ်လိုလုပ်ပြီး အတိအကျ သိနိုင်မှာလဲ..."
တုဟောက်သည် မည်သို့မျှ စဉ်းစား၍ မရတော့ချေ။
သူ မည်သို့ သိနိုင်မည်နည်း။
ကျုံးချင်၏ ကောင်းကင်ဘုံမျက်လုံးများသည် ပုံရိပ်ယောင်များကို ခွဲခြားနိုင်ရုံသာမက အရာဝတ္ထုများကို ဖောက်ထွင်းမြင်နိုင်လောက်အောင်လည်း အစွမ်းထက်ကြောင်းကို တုဟောက် သိနိုင်မည် မဟုတ်ချေ။
ဤတစ်ကြိမ်တွင် တုဟောက်သည် မြေအောက်ပေတစ်ရာခန့်အထိ တိုက်ရိုက်ငုပ်လျှိုးသွားသည်။
ထို့နောက် သူသည် မိုင်ပေါင်းသုံးထောင်အကွာထိ ထွက်ပြေးခဲ့ပေ၏။
ထိုအချိန်မှသာ သူ မြေပြင်ပေါ်သို့ ပြန်တက်ရန် ဟန်ပြင်လိုက်သည်။
သူ ယခုထက်ပို၍ဝေးကွာအောင် မပြေးချင်၍ မဟုတ်ချေ။
ဤမြေလျှိုး၍ထွက်ပြေးမှုသည် သူ၏ ရုပ်ခန္ဓာကိုယ်ခွန်အားကို အားစိုက်ထုတ်ရသည့် နည်းစနစ်တစ်ခု ဖြစ်နေသောကြောင့်ပင်။
မြေအောက်တွင် မိုင်ပေါင်းသုံးထောင်ခန့်ပြေးလွှားခြင်းသည် သူ့အတွက် အကန့်အသတ် ဖြစ်နေလေပြီ။
ဤမျှထိ ဝေးကွာသောခရီးသို့ ခရီးနှင်ပြီးနောက် လေရှူရန် မြေပေါ်သို့ပြန်မတက်ပါက သူ၏ မြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်နှင့်ပင် အမှန်တကယ်ကို အသက်ရှူကြပ်၍ သေဆုံးသွားနိုင်သည်။
"ဒီတစ်ခါတော့ မင်း ငါ့ကို ထပ်တွေ့နိုင်မှာ မဟုတ်တော့ပါဘူး..."
တုဟောက်က နံဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။
ထို့နောက် တစ်ဝက်ခန့် လျော့ကျသွားသော သူ၏နှလုံးခုန်သံသည် တဒုန်းဒုန်း မြည်ဟီးလာပြီး သူ၏လည်ချောင်းဝသို့ တဖန်ပြန်၍ ခုန်တက်လာပေ၏။
သူ၏မြင်ကွင်းထဲတွင် ကျုံးချင် အေးဆေးလူလူ လမ်းလျှောက်လာနေသည်ကို မြင်တွေ့လိုက်ရသည်။
ဆိုလိုသည်မှာ သူ မြေအောက်တွင် အသည်းအသန် ထွက်ပြေးနေစဉ် တစ်ဖက်လူက မြေပြင်ပေါ်တွင် ပေါ့ပေါ့ပါးပါး လိုက်ဖမ်းနေခဲ့ခြင်းပင်။
ရုတ်ချည်းဆိုသလိုပင် တုဟောက်၏မျက်နှာ စိမ်းပုပ်သွားတော့သည်။
သူ စဉ်းစား၍ မရချေ။ သူ လုံးလုံးလျားလျား စဉ်းစား၍ မရနိုင်တော့ပေ။
တစ်ဖက်လူသည် သူ၏နောက်သို့ မည်သည်ကြောင့် အမီလိုက်နိုင်သည်ကို သူ နားမလည်နိုင်ချေ။
သူသည် ကျုံးချင်နှင့် ပထမဆုံး စကားစမြည်ပြောဆိုခြင်းကို စတင်လိုက်သည်။
"ဘာလို့ ငါ့နောက်ကို လိုက်နေတာလဲ..."
ထိုစကားကို ပြောဆိုနေစဉ်မှာပင် သူသည် မြေကြီးထဲသို့ ပြန်လည်၍ တိုးဝင်နေလေပြီ။
ဤလူသည် အလွန်းထူးဆန်းလွန်းသဖြင့် သူ တိုက်ရိုက်ရင်ဆိုင်ဝံ့ခြင်း မရှိချေ။
သူသည် မြေအောက်သို့သွားပြီး ထိုနေရာမှသာ ဆက်သွယ်ပြောဆိုဝံ့သည်။
"ဘာမှမဟုတ်ပါဘူး..."
ကျုံးချင်က လက်နှစ်ဖက်နောက်ပစ်ပြီး တုံ့ပြန်အဖြေပေးလိုက်သည်။
"မင်း အဲ့ဒါကို ငါ့ဆီ ဘာလို့ ပေးလိုက်တာလဲ ဆိုတာ မေးချင်ရုံသက်သက်ပဲ..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် တုဟောက်သည် စကားဆက်မပြောတော့ချေ။
သူ ပို၍မြန်မြန်ဆန်ဆန် ထွက်ပြေးခဲ့တော့သည်။
ပွင့်ပွင့်လင်းလင်းပြောဆိုရလျှင် အစောပိုင်းက သူသည် ရတနာကို ပေးပစ်ချင်ရုံသာ ဖြစ်ပေ၏။
လက်ဆောင်ဖြစ်သည့်အတွက် သူ မျက်စိကျသော လူတစ်ယောက်ကို ရွေးချယ်ရမည်မှာ သဘာဝကျသော ကိစ္စတစ်ရပ်ပင်။
ထို့နောက် သူသည် ကျုံးချင်ကို မျက်စိကျသွားသဖြင့် ရိုးရှင်းစွာ ပစ်ပေးလိုက်ခြင်း ဖြစ်သည်။
သူ များစွာမတွေးတောခဲ့ချေ။
သို့သော် ယခု သူ သေချာပြန်စဉ်းစားကြည့်လိုက်ချိန်၌....
သူ့ထံတွင် ဘေးဒုက္ခကို တခြားသူထံ လွှဲပြောင်းပေးမိသည်ဟူသော သံသယမျိုး ရှိနေသည်။
ထိုအရာသည် သူ့အတွက် ပူလောင်နေသော အာလူးပူကြီးဖြစ်သဖြင့် ကျုံးချင်အတွက်လည်း ထပ်တူထပ်မျှ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် တစ်ဖက်လူက သူ့ကို စာရင်းရှင်းရန် ရောက်လာခြင်း ဖြစ်ပေမည်။
"သောက်ကျိုးနည်း... ရုပ်ချောတဲ့ ကောင်တွေက တကယ်ပဲ ကံကြမ္မာကောင်းတွေ မဟုတ်ကြဘူး..."
"ငါက သူ့ကို မတော်တဆ တစ်ခါလေး လှည့်စားမိရုံ မဟုတ်ဘူးလား... ဘာလို့ ငါ့ရဲ့နောက်ကို တကောက်ကောက်လိုက်ပြီး လက်မလွှတ်နိုင်ရတာလဲ..."
"ထားလိုက်ပါတော့... ငါ အရမ်းတွေးနေလို့လည်း အလကားပဲ... အမြန်ဆုံးထွက်ပြေးတာ ပိုကောင်းလိမ့်မယ်..."
ဤအန္တရာယ်များသော ကျင့်ကြံခြင်းလောကတွင်.....
ရိုးရှင်းသော မနှစ်သက်မှုတစ်ခုကပင် သေရေးရှင်ရေးကပ်ဘေးသို့ ဦးတည်သွားနိုင်သည်။
အကယ်၍ သူသာ ကျုံးချင်၏ ဖမ်းမိခြင်းကို ခံရပါက သေဆုံးနိုင်သည့် နည်းလမ်းပေါင်း တစ်ရာ့ရှစ်သွယ်ကို စိတ်ကူးကြည့်ပြီး ဖြစ်သည်။
သေခြင်းတရားကို တွေးမိသည်နှင့် တုဟောက် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပေ၏။
ဘဝသည် အလွန်လှပသဖြင့်...
သူ့အတွက် သေခြင်းတရားသည် လောကကြီးတွင် ကြောက်မက်ဖွယ်အကောင်းဆုံး အရာပင်။
သို့သော် နောက်ပိုင်းအချိန်များတွင်....
သူ မည်သို့ပင် ထွက်ပြေးစေကာမူ အသက်ရှူရန် ခေါင်းပြူထွက်လိုက်သည်နှင့်...
သူ၏မျက်လုံးနှင့် ဆုံတွေ့ရသည်မှာ အမြဲတစေ ကျုံးချင်၏ပုံရိပ်သာ ဖြစ်နေပေ၏။
ဤအရာက သူ၏မျက်နှာကို ပို၍မည်းမှောင်လာစေသည်။
ထို့ကြောင့် သူသည် တစ်နေ့နှင့်တစ်ညတိုင်တိုင် ဆက်တိုက်ထွက်ပြေးပြီး အကြိမ်ရာပေါင်းများစွာ မြေပြင်ပေါ်သို့ တက်လာကာ ထိုကျက်သရေတုံးသော ကျုံးချင်ကို အကြိမ်တိုင်း တွေ့မြင်လိုက်ရပြီးနောက်....
တုဟောက် စိတ်ပျက်အားငယ်သွားတော့သည်။
ပုံရိပ်ယောင်တစ်ထောင် ကိုယ်ပွားနည်းစနစ်... အသုံးမဝင်...
မြေလျှိုးနည်းစနစ်...လုံးဝ မလှုပ်ခတ်နိုင်....
"တစ်သက်လုံး ဉာဏ်ကောင်းနေခဲ့ပြီးတော့ ဘဝတစ်ဝက်လောက် သိုသိုသိပ်သိပ်နေခဲ့တဲ့ ငါက ဒီနေရာမှာ သေဆုံးဖို့ ကံပါလာတာလား..."
"မဖြစ်ဘူး..."
မြေအောက်နက်ရှိုင်းသောနေရာတွင် တုဟောက်က သူ၏စိတ်ထဲ၌ အော်ဟစ်နေမိသည်။
"အဲဒီ လှုပ်ရှားမှုကိုသုံးမှ ရတော့မယ့်ပုံပဲ..."
သူ၏မျက်လုံးအတွင်း၌ တည်ကြည်လေးနက်မှုများ ထင်ဟပ်နေသည်။
ကျုံးချင်သည် သူ ဤလောကထဲသို့ ရောက်လာကတည်းက ကြုံတွေ့ခဲ့ရသူများအနက် ပြဿနာအပေးနိုင်ဆုံး ပြိုင်ဘက်ဖြစ်သည်ဟု ပြောရပေမည်။
သို့သော် ပြဿနာပေးနိုင်သည်ဟု ဆိုရုံဖြင့် လှုပ်ခတ်၍မရနိုင်ဟု မဆိုလိုချေ။
သူ၏ဝှက်ဖဲများအားလုံးကို ထုတ်သုံးပြီး နည်းလမ်းအကုန်အစင် သုံးလိုက်လျှင် တစ်ဖက်လူအနေဖြင့် မည်သည့်ထိခိုက်မှုမျှ မရှိဘဲ နေမည်ဟု သူ မယုံကြည်ချေ။
'အဲ့ဒီလိုမဟုတ်ရင် သူ့ထက် ပိုချောတာက ထားလိုက်ပါတော့...နည်းလမ်းတွေကပါ သူ့ထက် ပိုပြီးပြောင်မြောက်နေမယ်ဆိုရင် လုံးဝအဓိပ္ပာယ်မရှိတော့ဘူးလေ...'
ကျုံးချင်အတွက် ထိခိုက်မှု ရှိမရှိမေးမြန်းလျှင် သဘာဝကျကျပင် ရှိနေပေ၏။
သို့သော် ဤှသည်က မပြောပလောက်သော စိတ်ဝိညာဉ်ချီပမာဏ ကုန်ဆုံးမှုမျှသာဖြစ်သည်။
ထိုစိတ်ဝိညာဥ်ချီပမာဏာကို သူ အချိန်မရွေး ပြန်လည်၍ ဖြည့်တင်းနိုင်သည်။
အကယ်၍ တုဟောက်သာ အမှန်တရားကို သိရှိခဲ့ပါက မိုးကောင်းကင်တာအို၏မတရားမှုအပေါ် မျက်ရည်ကျကာ ပြိုလဲသွားနိုင်သည်။
နှင်းဖုံးနေသော တောင်တစ်လုံးပေါ်တွင်...
တစ်ရက်နှင့်တစ်ညလုံး လိုက်လံဖမ်းဆီးနေခဲ့သော ကျုံးချင်သည် မြေအောက်တွင် မျက်လုံးအကြည့်များ ကစဉ့်ကလျား ဖြစ်နေသော တုဟောက်ကို ကြည့်လိုက်သည်။
သူသည် သူ၏စိတ်ထဲမှ သက်ပြင်းချလိုက်မိပေ၏။
'ဒီကောင်က တကယ့် ပါရမီရှင်ပဲ'
ကိုယ်ပွားနည်းစနစ်နှင့် မြေလျှိုးနည်းစနစ်တို့ကို ပေါင်းစပ်မှုဖြင့် သူသည် ထွက်ပြေးခြင်းနည်းလမ်းပေါင်း သုံးရာခြောက်ဆယ့်ငါးမျိုးကို ကစားပြခဲ့သည်။
ထို့ပြင် နည်းလမ်းတစ်ခုစီက ထူးခြားနေသည်။
ဤတစ်ကြိမ်တွင် တစ်ဖက်လူသည် မည်ကဲ့သို့ လှည့်ကွက်အသစ်များကို ထပ်မံ၍ အသုံးပြုမည်အား သူ အမှန်တကယ်ကို သိချင်နေမိသည်။
မြေအောက်နက်ရှိုင်းသော နေရာတွင်....
ရွေးချယ်စရာ မရှိတော့သော တုဟောက်သည် သူ၏နောက်ဆုံးဝှက်ဖဲကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
နှစ်ပေါင်း ဘယ်လောက်ကြာခဲ့ပြီလဲ...
လူတစ်ယောက်ကြောင့် သူ ဒီလိုအကျပ်အတည်းမျိုးထဲ မရောက်ခဲ့တာ နှစ်ပေါင်း ဘယ်လောက်ကြာခဲ့ပြီလဲ...
ယခု၌မူ သူသည် ကျုံးချင်၏လိုက်လံဖမ်းဆီးမှုကို ခွေးသေတစ်ကောင်အလား ခံနေရလေပြီ။
ဤအချက်က သူ၏စိတ်နှလုံးသားကို အဆုံးမရှိသော ဒေါသများဖြင့် ပြည့်နှက်သွားစေသည်။
"မင်း ငါ့ကို စောင့်နေလိုက်စမ်း..."
"လူကြီးလူကောင်းတစ်ယောက်ရဲ့ ကလဲ့စားချေမှုက ဆယ်နှစ်ကြာလည်း နောက်မကျဘူး..."
"ငါ မဟာဧကရာဇ်နယ်ပယ်ကို ရရှိတဲ့အချိန်ကျရင် ဒီနေ့အတွက် စာရင်းရှင်းဖို့ ပြန်လာခဲ့မယ်..."
အကယ်၍ ဤစကားများကို တခြားသူများ ကြားခဲ့လျှင် သူတို့ ချက်ချင်းသွေးတက်သွားပေလိမ့်မည်။
'မဟာဧကရာဇ်အဆင်ကို ရရှိပြီးမှ ကလဲ့စားချေမယ်...ဟုတ်လား.. ဒါကို မင်းက လူကြီးလူကောင်းတစ်ယောက်ရဲ့ ကလဲ့စားချေမှုက ဆယ်နှစ်ကြာလည်း နောက်မကျဘူးလို့ ခေါ်တာလား...'
မင်း မဟာဧကရာဇ်အဆင့်ကို ရောက်မရောက်ဆိုတာက ခဏထားလိုက်အုံး... အဲ့ဒီအဆင့်ကို ရောက်ရင်တောင်မှ အဲ့ဒါက အနည်းဆုံး နှစ်ပေါင်းတစ်သောင်းလောက် ကြာအုံးမယ်'
'ဒီလောက် ကာလရှည်ကြာ ဖြန့်ကျက်ထားတဲ့ မင်းရဲ့ကလဲ့စားချေမှုက တကယ်ကို ကြီးကျယ်ခမ်းနားလွန်းတယ်'
အမှန်အားဖြင့် တစ်ခါတစ်ရံတွင် လူအချင်းချင်းကြားမှ တွေးခေါ်မှုများသည် ဆက်စပ်မှု မရှိတတ်ကြချေ။
တုဟောက်အတွက်မူ အချိန်ကာလ ပိုကြာသွားသည်မှာ မည်သည့်အမှားအယွင်း ရှိနိုင်သနည်း....
သူ ကလဲ့စားချေမည် မချေမည်က ဒုတိယအချက်ဖြစ်ပြီး အဓိကအချက်သည် သူ တည်ငြိမ်နေရန်ပင်။
အရာအားလုံးသည် ဘေးကင်းရေးသာ ပထမဟူသော မူဝါဒအပေါ်တွင်သာ သူ အခြေခံရပေမည်။
သူ မဟာဧကရာဇ် ဖြစ်လာသောအချိန်မှာ ရန်သူက သေနေပြီဆိုလျှင် မည်သို့လုပ်မည်နည်းဟု မေးခွန်းထုတ်လာလျှင်မူ....
ဤသည်က အလွန်ရိုးရှင်းပေ၏။
'ရန်သူရဲ့ အုတ်ဂူပေါ်မှာကခုန်ပြီး မင်းကတော့ သွားရှာပြီ ငါကတော့ ပြိုင်ဘက်ကင်း မဟာဧကရာဇ် ဖြစ်လာပြီ ဆိုတဲ့အကြောင်း ပြောပြလိုက်ရုံပဲ'
'အဲ့ဒါထက် ပိုပြီးစိတ်ကျေနပ်စရာကောင်းတဲ့ ကလဲ့စားချေမှုမျိုး ရှိသေးလို့လား'
အမှန်အားဖြင့် ဤအရာများကို ယခုချိန်၌ သူ တွေးတောနေခြင်းသည် စောလွန်းနေပေ၏။ တုဟောက်၏ လက်တလော ဦးစားပေးမှာ လက်ရှိ အကျပ်အတည်းမှ လွတ်မြောက်ရန်ပင်။