← Chapters

တပည့်လက်ခံခြင်း

Vol. 22 Ch. 215

တပည့်လက်ခံခြင်း

Vol. 22 Ch. 215

တုဟောက်သည် စဉ်းစားချိန် မရလိုက်ဘဲ အရိုးထဲထိ စွဲနေသော သတိကြီးသည့် သဘာဝကြောင့် သူသည် ခန္ဓာကိုယ်အစစ်သို့ ချက်ချင်းပြောင်းလဲပြီး ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင် ကျုံးချင်က သူ့ကို အခွင့်အရေး မပေးတော့ချေ။

သုညစည်းတံဆိပ် လှုပ်ရှားသွားပြီး မီတာလေးရာ ရှည်လျားသော ဓားတစ်လက်အဖြစ် ပြောင်းလဲကာ တုဟောက်၏ ပုံရိပ်ယောင်နည်းစနစ်ကို တိုက်ရိုက်ချိုးဖျက်လိုက်ပြီးနောက် သူ၏လည်ပင်းပေါ်၌ တင်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားချီအလင်းတန်းသည် တုဟောက်ကို နေရာမှာပင် ချက်ချင်း တောင့်တင်းသွားစေပေ၏။

သူ နောက်ထပ် ခြေလှမ်းတစ်လှမ်း လှမ်းရဲလျှင် ခေါင်းပြတ်သွားနိုင်ခြေသည် ကိုးဆယ့်ကိုးရာခိုင်နှုန်းကျော် မြင့်မားလိမ့်မည်ဟု သူ လုံးဝ သံသယမရှိပေ။

တုဟောက်သည် သုညဒသမ သုညသုညသုညသုညတစ်ရာခိုင်နှုန်း စွန့်စားမှုကိုပင် မပြုလုပ်လိုချေ။

သူသည် ငိုသည်ထက် ရုပ်ဆိုးသော အပြုံးတစ်ခုကို အတင်းအကျပ် ဖျစ်ညှစ်၍ ပြုံးလိုက်သည်။

"စီနီယာ..."

"ကိစ္စက အဲ့ဒီလောက်ကြီး မလေးနက်ဘူးလေ.."

"ကျွန်တော်က စီနီယာအပေါ် မကောင်းတဲ့ ရည်ရွယ်ချက် လုံးဝမရှိခဲ့ပါဘူး..."

"ကျေးဇူးပြုပြီး သနားညှာတာသောအားဖြင့် ကျွန်တော့်ရဲ့အသက်ကို ချမ်းသာပေးပါ..."

ထိုစကားကို ပြောဆိုနေစဉ်တွင် သူ၏မျက်လုံးများအတွင်း၌ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

ကျုံးချင်က အပြုံးနှင့် ပြောဆိုသည်။

"အခု စကားပြောလို့ ရပြီလား..."

"ရပါပြီ...လုံးဝ ရပါတယ်...စီနီယာက ဘာကိုဆွေးနွေးချင်တာလဲ..."

တုဟောက်က အလျင်အမြန် တုံ့ပြန်လိုက်၏။

ကျုံးချင်က ပြောဆိုသည်။

"မင်းရဲ့ ထွက်ပြေးနိုင်စွမ်းက မနိမ့်တာကို ငါ မြင်တွေ့ရတော့ မင်းအတွက် အသက်ကယ်နည်းလမ်းတချို့ ထပ်ဖြည့်ပေးချင်လို့ပဲ..."

ဤစကားက တုဟောက်ကို လုံးလုံးလျားလျား ကြောင်အသွားစေသည်။

ကျုံးချင်အပေါ် ကြည့်သော သူ၏အကြည့်များ ပြောင်းလဲသွားပေ၏။

"စီနီယာ... နောက်နေတာတော့ မဟုတ်ပါဘူးနော်..."

တုဟောက်က ကျုံးချင်သည် သူ့ကို မည်သည်ကြောင့် လိုက်လံဖမ်းနေသနည်းဆိုသည့် အကြောင်းပြချက်ပေါင်းကို ထောင်နှင့်ချီ၍ စဉ်းစားခဲ့သည်။

သူ့ကို ကြည့်မရလို့...

သူ့ကို အနည်းငယ် လှည့်စားလိုက်မိလို့ စိတ်ဆိုးပြီး ရိုက်နှင်ချင်လို့...

သို့သော်

"ထွက်ပြေးနိုင်စွမ်း မနိမ့်တာကို တွေ့ရတော့ အသက်ကယ်နည်းလမ်းတချို့ ထပ်ဖြည့်ပေးချင်လို့" ဆိုသည်က မည်သည့်သောက်ကျိုးနည်း အကြောင်းပြချက်ကြီး ဖြစ်သနည်း...

သူ့ကို တောင်များကိုကျော်လွှား၍ မြစ်များကိုဖြတ်သန်းကာ မိုးပျံရန် လမ်းမရှိ မြေလျှိုးလျှင်လည်း လမ်းမရှိအောင် လိုက်လံဖမ်းဆီးခဲ့သည်က...

ဤအတွက်ကြောင့်သာ ဖြစ်နေသလော...

ကျုံးချင်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောဆိုလိုက်၏။

"ငါက နောက်နေတဲ့ပုံ ပေါက်နေလို့လား..."

ထိုမြင်ကွင်းကို မြင်တွေ့ချိန်၌ တုဟောက် အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။

ဒီကောင်...

သူ ဘာလုပ်ချင်နေတာလဲ...

လောကကြီးတွင် အကြောင်းပြချက်မရှိဘဲ ချစ်ခြင်းမေတ္တာ မရှိသည့်အပြင် အကြောင်းပြချက်မရှိဘဲ မုန်းတီးခြင်းလည်း မရှိဟု သူ အခိုင်အမာ ယုံကြည်ထားသည်။

တစ်ဖက်လူသည် ဤမျှထိ ကြင်နာတတ်သလော။ သူ့ကို လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ လိုက်လံဖမ်းဆီးခြင်းသည် အသက်ကယ်နည်းလမ်းများ ထပ်ဖြည့်ပေးချင်၍ဟု ဆိုသလော....

"စီနီယာ... ဘာများညွှန်ကြားစရာ ရှိလဲ.... တိုက်ရိုက်သာပြောပါ..."

"ကျွန်တော် လုပ်နိုင်တာမှန်သမျှ အန္တရာယ်အဆင့် တစ်ရာခိုင်နှုန်းထက် မမြင့်မချင်း သေချာပေါက် လုပ်ပေးပါ့မယ်..."

ကျုံးချင်၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့... အန္တရာယ်အဆင့်က မရှိသလောက်နီးပါးပဲ..."

"အမ်.. ဒါဆို ပြောပါအုံး.. ဘာများလဲ..."

"အဲဒါကတော့ မင်း ဦးညွှတ်အရိုအသေပြုပြီးတော့ ငါ့ကို ဆရာသခင်အဖြစ် အသိအမှတ်ပြုဖို့ပဲ..."

ကျုံးချင်သည် တုဟောက်ကို အကြောင်းမဲ့ သက်သက် လိုက်လံဖမ်းဆီးနေခြင်း မဟုတ်ချေ။

တစ်ဖက်လူ၏အင်အားသည် မနိမ့်ပါးသည့်အပြင် သတိကြီးပြီး အသက်ကယ်တင်နိုင်စွမ်းသည် ထိပ်တန်းအဆင့်တွင် ရှိနေပေ၏။

ယခုချိန်၌ သူ မြောက်ပိုင်းဒေသသို့ ရောက်ရှိနေခဲ့သည်။ သူ၏ ယင်သုံးပါးနယ်ပယ် တတိယအဆင့် စွမ်းအားမှာ ကောင်းမွန်သည်ဟု ဆိုနိုင်သည်။

သို့သော် နောက်ပိုင်းတွင် သူသည် မြောက်ပိုင်းဒေသရှိ ထိပ်တန်းအင်အားစုတစ်ခုဖြစ်သော မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူနှင့် ရင်ဆိုင်ရရန် အလားအလာ များသည်။

အကယ်၍ သူ၏ကျင့်ကြံမှုကို ပို၍တိုးတက်စေနိုင်လျှင် သူ၏ အားထားရာနှင့်ယုံကြည်မှုသည် များစွာပို၍ တိုးပွားလာပေလိမ့်မည်။

ထို့ပြင် အချိန်တိုအတွင်း၌ သူ၏ကျင့်ကြံဆင့်ကို နောက်ထပ်အဆင့်တစ်ခုသို့ ချိုးဖျက်နိုင်ရန်အတွက် တပည့်ဖြစ်သူ၏ကျင့်ကြံဆင့်သည် နိမ့်ကျနေ၍ မဖြစ်ချေ။

ကျုံးချင်သည် အုပ်စိုးသူအရှင်ရုပ်ခန္ဓာ အမွေအနှစ်ကို ပိုင်ဆိုင်ထားသဖြင့် ပြိုင်ဘက်ကင်း ရုပ်ခန္ဓာကိုယ်နှောင်ကြိုးကို အသက်သွင်းနိုင်သည်။

ပြိုင်ဘက်ကင်း ရုပ်ခန္ဓာကိုယ်နှောင်ကြိုး သည် အမှိုက်နှောင်ကြိုးနှင့် မတူညီချေ။ တပည့် ရွေးချယ်မှုအတွက် လိုအပ်ချက်များသည် သိပ်မတင်းကြပ်ပေ။

တုဟောက် ထွက်ပေါ်လာခြင်းက ကျုံးချင်ကို သူ့အား တပည့်အဖြစ် လက်ခံရန် စဉ်းစားမိစေသည်။

အမှန်အားဖြင့် အရေးကြီးဆုံးအချက်မှာ စနစ်က ထိုအမွေအနှစ်ကို မည်သည့်လူစားမျိုးနှင့်မဆို လွတ်လပ်စွာ ပေါင်းစပ်နိုင်ကြောင်း သူ့ကို တစ်ကြိမ်သတိပေးခဲ့ဖူးသောကြောင့်ပင်။

ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသော တပည့်တစ်ဦးကို ရှာဖွေပြီး အုပ်စိုးသူအရှင်အမွေအနှစ်ကို လက်ဆောင်ပေးရန် သူ စဉ်းစားခဲ့ဖူးသည်။ သို့ရာတွင် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသော ရုပ်ခန္ဓာကိုယ်ပိုင်ရှင်မျိုး ဤလောကတွင် ရှိမရှိဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

သို့သော် ဤကောင်စုတ်လေး၏ အသက်ကယ်နိုင်စွမ်းသည် အလွန်အားကောင်းပေ၏။ စည်းမျဉ်းတိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသော အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်လျှင် ကောင်းမွန်သော ပေါင်းစပ်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

နှင်းဖုံးတောင်ပေါ်တွင် လေနှင့်နှင်းများ အဆုံးမရှိ ဖုံးလွှမ်းနေသည်။

တုဟောက်သည် သူ၏လည်ပင်းပေါ်တွင် တင်ထားသော မီတာလေးရာ ရှည်လျားသည့် ဓားကို ကြည့်လိုက်သည်။

သူ၏ပါးစပ် မဲ့ရွဲ့သွားပေ၏။

ဤကိစ္စသည် အမှန်တကယ်ကို ပို၍တရားလွန်လာခဲ့လေပြီ။

တရားလွန်လွန်းအားကြီးသဖြင့် သူ မည်သို့ ပြန်ပြောရမည်ကိုပင် မသိတော့ချေ။

မီတာလေးရာရှည်သော ဓားတစ်လက်ကို လည်ပင်းပေါ်၌တင်ပြီး တပည့်လက်ခံသည်ကို မည်သူက တွေ့မြင်ဖူးသနည်း...

သို့သော် သူ၏ ပြိုင်ဘက်ကင်းသော ပါရမီကို တွေးကြည့်လျှင် လူအများက သူ့ကို ချစ်ခင်ကြပြီး ပန်းများက သူ့အတွက် ပွင့်လန်းပေးကြသဖြင့် တန်ဖိုးထားခံရခြင်းသည် ပုံမှန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ရပ်ပင်။

သို့ရာတွင်...

သူ၏မျက်လုံးများသည် ကျုံးချင်၏ခန္ဓာကိုယ်တစ်ခုလုံးကို အဆက်မပြတ် ဝေ့ဝိုက်၍ကြည့်ရှုနေသည်။

ကျုံးချင်၏လိုက်လံဖမ်းဆီးခြင်းကို ခံရစဉ် အတောအတွင်း၌....

ကျုံးချင်၏စွမ်းအားသည် အလွန်သန်မာအားကောင်းကာ သူ၏ဆရာဖြစ်ရန် လုံလောက်သည်ထက်ပိုကြောင်း သူ သဘာဝကျကျ နားလည်ခဲ့သည်။

သို့သော် ဤကျင့်ကြံခြင်းလောကတွင် လှုပ်ရှားမှုတစ်ခုသည်ပင် တစ်စုံတစ်ယောက်ကို ထိခိုက်စေနိုင်သည်။

တစ်ဖက်လူက သန်မာအားကောင်းသည့်တိုင် အကယ်၍ ရန်သူသုံးလေးယောက် ရှိနေလျှင် သူ တပည့်ဖြစ်သွားပါက အလွန်အန္တရာယ်များသွားမည် မဟုတ်လော....

'ကျင့်ကြံခြင်း တတိယစည်းမျဉ်း.... ကိုယ့်ကိုယ်ကိုယ် အလားအလာရှိသော အန္တရာယ်ထဲသို့ ဘယ်တော့မှ မထည့်ပါနှင့်...'

ဤသည်ကို တွေးတောရင်း ငြင်းပယ်ရန် ဆင်ခြေတစ်ခုကို စဉ်းစားကာ တုဟောက်၏မျက်လုံးများ အဆက်မပြတ်လှုပ်ခတ်နေသည်။

ကျုံးချင်သည် သူ၏အတွေးများကို ထွင်းဖောက်မြင်နေပုံရသည်။

သူက တည်ငြိမ်အေးဆေးသော လေသံဖြင့် ပြောဆိုလိုက်၏။

"ငါက တပည့်တွေကို လွယ်လွယ်ကူကူ လက်မခံဘူး... မင်း ငြင်းရင် ငါ့ကို မျက်နှာသာ မပေးတာပဲ..."

ဤစကားကို ကြားလိုက်ရသည့်အချိန်၌ တုဟောက် ပြောဆိုတော့မည့် ငြင်းပယ်စကားများသည် သူ၏လည်ချောင်းထဲသို့ ပြန်ကျသွားတော့သည်။

သူက ရယ်မောပြီး မေးမြန်းသည်။

"စီနီယာကို မျက်နှာသာ မပေးရင် စီနီယာက ဘာလုပ်မှာလဲ..."

"ငါ မင်းကို သတ်မှာပေါ့..."

ကျုံးချင်က ခြိမ်းခြောက်လိုက်သည်။

ကျုံးချင်သည် သူ့ကို ခြောက်လှန့်နေခြင်း ဖြစ်ကြောင်း တုဟောက် သိရှိထားသည်။

သို့သော် မီတာလေးရာ ရှည်လျားသော ဓားနှင့် ပေါင်းစပ်လိုက်ချိန်၌ ထိုအဟန့်အတားသည် အတော်အသင့် အားကောင်းနေဆဲပင်။

သူ အလောင်းအစား မလုပ်ရဲချေ။

သူ့ထံတွင် အသက်တစ်ချောင်းသာ ရှိသည်။

သူ ဤအလောင်းအစား၌ ရှုံးနိမ့်သွားလျှင် အသက်ပါသွားပေလိမ့်မည်။

ယခုချိန်၌ သူသည် စဥ့်နီတုံးပေါ်မှ ငါးတစ်ကောင်ဖြစ်နေလေရာ မည်သည့်အရာအား လုပ်ဆောင်နိုင်မည်နည်း။

သူသည် ကျုံးချင် ပြောသမျှကို နာခံရပေမည်။

"ဆရာသခင်... တပည့်ရဲ့ ဦးညွှတ်အရိုအသေပြုတာကို လက်ခံပါ...တပည့်က တုဟောက်ပါ... ဆရာသခင်ရဲ့ နာမည်ရင်းကို မေးလို့ရမလား..."

သေရေးရှင်ရေး အကျပ်အတည်းနှင့် ရင်ဆိုင်ရချိန်၌ တုဟောက်သည် အလွန် လိုက်လျောညီထွေရှိသည်ဟု ပြောရပေမည်။

သူသည် ကံကြမ္မာ၏စီစဉ်မှုကို လျှင်မြန်စွာ လက်ခံလိုက်ပြီး ဇာတ်ကောင်နေရာသို့ ဝင်ရောက်သွားသည်။

သူသည် ကျုံးချင်ကို သုံးကြိမ်ဦးတိုက်၍ ကိုးကြိမ်ဦးညွှတ်သော အခမ်းအနားဖြင့် ရိုသေလေးစားစွာ ဂါရဝပြုလိုက်သည်။

ဤသည်ကိုမြင်တွေ့ချိန်၌ ကျုံးချင်သည် နောက်ဆုံးတွင် မီတာလေးရာ ရှည်လျားသော ဓားကို သိမ်းလိုက်၏။

"တပည့်ကောင်းလေး... ထတော့...ဆရာ့ရဲ့ နာမည်က ကျုံးချင်... အရှေ့ပိုင်းဒေသက ရှန်ကျန်းဂိုဏ်းရဲ့ တောင်ထိပ်သခင်ပဲ..."

"ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ တတိယမြောက် တပည့် ဖြစ်သွားပြီ..."

"မင်းရဲ့အရှေ့မှာ စီနီယာအစ်ကိုလင်းဖုန်းနဲ့ စီနီယာအစ်ကိုစုယဲ့တို့ ရှိတယ်..."

"အခု မင်းက ငါ့ကို ဆရာအဖြစ် အသိအမှတ်ပြုလိုက်ပြီ ဆိုတော့ ငါက လက်ဆောင်သေးသေးလေးတစ်ခု ပေးမယ်..."

ထိုစကားကိုပြောဆိုရင်း သူ၏လက်ထဲတွင် ပစ္စည်းတစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ မြောက်ပိုင်းဒေသသို့ သူ ပထမဆုံး ရောက်ရှိလာစဉ်က နန်ကုန်းမိသားစုထံမှ လဲလှယ်ရယူခဲ့သော အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ် အမွေအနှစ်မှလွဲ၍ တခြားမဟုတ်ပေ။

အစပိုင်းတွင် တုဟောက်သည် အနည်းငယ် လျစ်လျူရှုထားပေ၏။

သူ၏ကျင့်ကြံဆင့်သည် ကျုံးချင်လောက် မမြင့်မားသော်လည်း သူ့ထံတွင် ရတနာအမြောက်အများ ရှိသည်။

ကျုံးချင်ဆီမှ ရတနာများသည် သူ စုဆောင်းထားသော ရတနာများထက် ပိုကောင်းချင်မှ ကောင်းမည်ဟု သူ ခံစားမိသည်။

သို့သော် အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ်အမွေအနှစ်သည် သူ၏လက်ထဲသို့ ရောက်ရှိလာသောအချိန်၌ သူ ချက်ချင်းဆိုသလိုပင် မှင်သက်သွားတော့သည်။

အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ် အမွေအနှစ်သည် ကျောက်စိမ်းပြားတစ်ခု ဖြစ်ပြီး သူ၏လက်ထဲတွင် အနည်းငယ် လေးလံနေသည်။

ရှေးကျပြီး ရိုင်းစိုင်းသော အရှိန်အဝါတစ်ရပ်သည် ထိုအရာမှ ထွက်ပေါ်နေပေ၏။

ဤအရှိန်အဝါကို အတုလုပ်၍ မရနိုင်ချေ။

သူသည်လည်း ကျယ်ပြန့်သော ဗဟုသုတနှင့် အားကောင်းသော မှတ်ဉာဏ်ရှိသည့် ပါရမီရှင်တစ်ဦးပင်။

ဤအမွေအနှစ်က မည်သည့်အရာအား ကိုယ်စားပြုသည်ကို သူ နားလည်သည်။

ဤသည်မှာ အထွတ်အထိပ်သို့ ရောက်ရှိရန် ဖြတ်လမ်းနည်းတစ်ခုပင်။

ဤအမွေအနှစ်ကို ပိုင်ဆိုင်ထားလျှင် သူ လမ်းခုလတ်၌ မသေဆုံးသရွေ့ အနာဂတ်တွင် ကုန်းမြေ၏အထွတ်အထိပ်၌ သေချာပေါက် ရပ်တည်နိုင်ပေလိမ့်မည်။

ထိုအရာ၏တန်ဖိုးရှိမှုသည် မရေမတွက်နိုင်သော မြင့်မြတ်နယ်မြေများကို ရူးသွပ်သွားစေနိုင်သည်။

သို့သော် ဤကဲ့သို့ တန်ဖိုးကြီးသည့် ပစ္စည်းကို ကျုံးချင်က တွေ့ဆုံခြင်းလက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

ထို့ပြင် သူသည် လက်ဆောင်သေးသေးလေးဟုပင် ပြောဆိုခဲ့ပေ၏။

"ဒါက..."

အချိန်တခဏအတွင်းတွင် တုဟောက်၏စိတ်နှလုံးသားထဲ၌ အဆုံးမရှိသော စိတ်ခံစားချက်များ လှိုင်းထလာခဲ့သည်။

တန်ဖိုးရှိလွန်းတယ်....

ဒါက တန်ဖိုးရှိလွန်းလို့ ငါ အိပ်မက်မက်နေတာလားလို့တောင် သံသယဖြစ်မိတယ်...

"တပည့်... ဒီအမွေအနှစ်ကို မြန်မြန် လက်ခံလိုက်... ဆရာက မင်းကို ကာကွယ်ပေးမယ်..."

ကျုံးချင်က နံဘေးမှ တိုက်တွန်းလိုက်သည်။

တုဟောက်က သူ၏ခေါင်းကို အလျင်စလိုညိတ်လိုက်သည်။

ဤကဲ့သို့ ဆရာမျိုး ရှိနေခြင်းသည် လက်မခံနိုင်စရာ မဟုတ်ဟု သူ ခံစားမိပေ၏။

All Chapters