← Chapters

ညှာတာပေးပါ

Vol. 22 Ch. 217

ညှာတာပေးပါ

Vol. 22 Ch. 217

တုဟောက်သည် လွတ်မြောက်ရန် လမ်းမရှိတော့သည်ကို မြင်တွေ့ချိန်၌ အစွမ်းကုန်ကြိုးစား၍ ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ သူ ခေါင်းပြူထွက်လာလျှင် အခုတ်ခံရမည်ဖြစ်ကာ ပြန်သွင်းလျှင်လည်း အခုတ်ခံရမည် ဖြစ်သောကြောင့်ပင်။

သူ အံ့တင်းတင်းကြိတ်ပြီး ခေါင်းမော့ကာ ပြောဆိုလိုက်၏။

"ဆရာ... စမ်းကြည့်လို့ ရပါတယ်... ဒါပေမဲ့ ကျေးဇူးပြုပြီးတော့ နည်းနည်းလောက် ညှာတာပေးလို့ ရမလား..."

"ပြဿနာ မရှိပါဘူး...မင်းက ငါ့ရဲ့ တပည့်ကောင်းလေးပဲ... ငါ အရမ်းညှာတာပေးပါ့မယ်..."

"လိမ္မာတယ်... မျက်လုံးမှိတ်ထား... ခဏလေးနဲ့ ပြီးသွားမှာ..."

ဤစကားကိုကြားချိန်၌ တုဟောက်သည် ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် သူ၏မျက်လုံးတစ်ဖက်ကို မှိတ်လိုက်သည်။

နောက်ထပ်အချိန်တခဏတွင်...

"ဘုန်း..."

ကျယ်လောင်သော အသံနှင့်အတူ တုဟောက်သည် တောင်တစ်လုံးဖြင့် ရိုက်နှက်ခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။

သူသည် ပေဆယ်နှင့်ချီအကွာသို့ လွင့်ထွက်သွားပြီး နံရိုးသုံးချောင်း ကျိုးသွားခဲ့သည်။

သူ၏ပါးစပ်မှ သွေးတစ်လုတ် ပန်းထွက်လာသည်။

သူသည် ကျုံးချင်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်၏။

"ဆရာ... ညှာတာပေးမယ်လို့ ပြောထားတယ်လေ..."

သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော နာကျင်မှုလှိုင်းများကို ခံစားရင်း တုဟောက် ငိုချင်သော်လည်း မျက်ရည်မထွက်နိုင် ဖြစ်နေသည်။ "ညှာတာ" ဆိုသည့် အဓိပ္ပာယ်ကို ဆရာ နားလည်မှုလွဲနေသလော။

အကယ်၍သာ ယခုထက်ပိုပြီး လက်ဆနည်းနည်းပိုပြင်းသွားခဲ့လျှင် သူ နေရာမှာပင် ခန္ဓာကိုယ် တစစီကွဲထွက်ပြီး ကောင်းကင်ဘုံသို့ တက်လှမ်းသွားရမည်ကို စိုးရိမ်မိသည်။

"တပည့်... အင်မော်တယ်လမ်းစဉ်က အခက်အခဲတွေနဲ့ ပြည့်နှက်နေတာ..."

"ယောကျ်ားကောင်းတစ်ယောက်က ဒီလောက် နာကျင်မှုကိုတောင် မခံနိုင်ရင် ဘယ်လိုလုပ်ပြီးတော့ အင်မော်တယ်ကျင့်ကြံမှုကိုလုပ်ပြီး တာအိုကို ရှာဖွေနိုင်မှာလဲ... ငါက မင်းကို အသားကျအောင် လေ့ကျင့်ပေးနေတာပဲ..."

ကျုံးချင်က တည်ကြည်လေးနက်သော အဓိပ္ပာယ်ဖြင့် ပြောဆိုလိုက်သည်။

သူ သုံးလိုက်သောအားသည် အလွန်တိကျပေ၏။

အကယ်၍ သူ အလွန်ညှာတာလိုက်လျှင် အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ်နှင့် နှောင်ကြိုးစွမ်းရည်၏ အာနိသင်အစစ်အမှန်ကို စမ်းသပ်နိုင်မည် မဟုတ်ပေ။

အကယ်၍ သူ အလွန်ကြမ်းတမ်းသွားလျှင် သူ၏တပည့်သည် အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

လက်ရှိအနေအထားသည် အနေတော်ပင်။

သို့သော် ဤရိုက်ချက်ကပင် ကျုံးချင်အား အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ်နှင့် ပတ်သက်၍ နားလည်မှုအသစ်တစ်ခုကို ရရှိစေခဲ့သည်။

ထိုတိုက်ခိုက်မှုတွင် ယင်သုံးပါးနယ်ပယ်၏ ထူးခြားသော ဥပဒေသစွမ်းအားကို သူ အသုံးပြုခဲ့သည်။

သို့သော် ထိုတိုက်ခိုက်မှုသည် တုဟောက်အပေါ်သို့ ကျရောက်သွားချိန်၌ အကျိုးသက်ရောက်မှုသည် ရှစ်ဆယ်ရာခိုင်နှုန်းခန့် လျော့နည်းသွားပေ၏။

တုဟောက်ကို ပြင်းထန်စွာ ဒဏ်ရာရစေရန်အတွက် သူသည် ယင်သုံးပါးနယ်ပယ်၏ ထူးခြားသော အရိုင်းဆန်သည့် ခွန်အားအပေါ် ပို၍မှီခိုခဲ့ရသည်။

ဆိုလိုသည်မှာ ဤအုပ်စိုးသူအရှင်ရုပ်ခန္ဓာသည် ဥပဒေသစည်းမျဉ်းတိုက်ခိုက်မှုများကို အမှန်တကယ် ခံနိုင်ရည်ရှိနေခြင်းပင်။

တုဟောက်သည် အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ်ကို လောလောလတ်လတ် ရရှိထားပြီး ကျွမ်းကျင်ပိုင်နိုင်မှု မရှိသေးခြင်းကြောင့် ဥပဒေသစွမ်းအားများကို ရှစ်ဆယ်ရာခိုင်နှုန်းသာ တောင်ခံနိုင်ခြင်းဖြစ်သည်။

အနာဂတ်တွင် သူ သေချာစွာ အသုံးပြုလာနိုင်သည့်အချိန်၌ ထိုဥပဒေသစွမ်းအားများကို အပြည့်အဝ တောင့်ခံနိုင်ရန်မှာ ပြဿနာတစ်ရပ် ဖြစ်လာတော့မည် မဟုတ်ချေ။

ထိုအရာ၏ကောင်းကင်ဘုံကို အာခံနိုင်သော သဘာဝသည် စတင်၍ ပြသလာလေပြီ။

တခြားတစ်ဖက်တွင် တုဟောက်သည် မျက်ရည်ကျလုနီးပါး ဖြစ်နေပေ၏။

ဆရာ ပြောဆိုသည့်စကားများသည် အလွန်အဓိပ္ပာယ်ရှိလွန်းသဖြင့် သူ ပြန်ပင် မငြင်းဆန်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

"ကဲ... တပည့်... အခု မင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရနေပြီဆိုတော့ ငါ သင်ပေးတဲ့ လျှို့ဝှက်နည်းစနစ်ကို သေချာလုပ်ကြည့်လိုက်တော့..."

ကျုံးချင်သည် ဤအုပ်စိုးသူအရှင်နှောင်ကြိုး၏ ကုသမှုအာနိသင်ကို အမှန်တကယ် သိချင်နေသည်။

သူ၏စကားဆုံးသည်နှင့် တုဟောက်၏ မျက်နှာထားသည် အူကြောင်ကြောင် ဖြစ်သွားပေ၏။

ဤသည်မှာ တခြားကြောင့်မဟုတ်ဘဲ မန္တန်နှင့်လှုပ်ရှားမှုသည် ဖော်ပြ၍မရအောင် အလွန်ထူးဆန်းနေသောကြောင့်ပင်။

သို့သော် ကျုံးချင်၏ စူးရှတောက်ပနေသော အကြည့်ကို ရင်ဆိုင်ရချိန်တွင် သူ မငြင်းဆန်နိုင်ပေ။

"ထားလိုက်ပါတော့..."

"ငါ လုပ်လိုက်တော့မယ်..."

နောက်ဆုံးတွင် သူ မျက်လုံးစုံမှိတ်ပြီး အံတင်းတင်းကြိတ်လိုက်သည်။

သူသည် နေရာမှာပင် ထိုင်ထလေ့ကျင့်ခန်းကို ချက်ချင်းလုပ်လိုက်၏။

တစ်ချိန်တည်းမှာပင် သူသည် အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ် အမွေအနှစ်ကျင့်စဉ်ကို လှည့်ပတ်ကာ "လုပ်လိုက်ကြစို့" ဟု အော်ဟစ်လိုက်သည်။

ဤဟန်ပန် ဤဆောင်ပုဒ်သည် သူ့ကို ရှက်လွန်းသဖြင့် သေချင်စိတ် ပေါက်သွားစေသည်။

သူ ရှက်လွန်းသဖြင့် ခြေချောင်းများဖြင့် မြေကြီးကိုကုတ်ကာ အိပ်ခန်းသုံးခန်း ဧည့်ခန်းတစ်ခန်းပါသော တိုက်ခန်းတစ်ခန်းကို တူးဖော်၍ ဝင်နေချင်စိတ် ပေါက်သွားသည်။

သို့သော် အလွန်လျှင်မြန်စွာပင် သူ၏မျက်နှာပေါ်ရှိ ရှက်ရွံ့မှုသည် ထိတ်လန့်တုန်လှုပ်မှုဖြင့် အစားထိုးခြင်း ခံလိုက်ရသည်။

သူ၏ခန္ဓာကိုယ်ထဲမှ ကျယ်လောင်သော မြည်ဟီးသံတစ်သံကို သူ ကြားလိုက်ရသည်။

ဤသည်မှာ မိုးခြိမ်းသံတစ်ချက်အလားပင်။

သူ၏ခန္ဓာကိုယ်အတွင်း၌ တလိမ့်လိမ့်ထနေသော အသက်စွမ်းအင် လှိုင်းလုံးတစ်ခု ထွက်ပေါ်လာသည်။

ယခင်က ကျိုးသွားသော သူ၏နံရိုးများသည် လျှင်မြန်စွာ ပြန်ဆက်နေကြ၏။

သူ၏ဖြူဖပ်ဖြူရော်မျက်နှာသည်လည်း သိသိသာသာ ပန်းရောင်သန်းလာသည်။

အသက်သုံးရှိုက်မှ ငါးရှိုက်စာခန့် ကြာမြင့်ပြီးနောက် တုဟောက်သည် မည်သည့်မသက်မသာဖြစ်မှုမျိုးကိုမျှ မခံစားရတော့ချေ။

"ဒါက..."

"ဒါက..."

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

ဤအပြောင်းအလဲသည် တုဟောက်၏ဦးရေပြားကို ကွဲထွက်လုနီးပါး ဖြစ်သွားစေသည်။

သူ၏ လောကအမြင်သည် ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးသော ရိုက်ခတ်မှုကို ခံစားလိုက်ရသည်။

မူလက ဆရာသည် သူ့ကို စနောက်နေသည်ဟု သူ တွေးထင်ခဲ့သည်။

သို့သော် လျှို့ဝှက်နည်းစနစ်၏အာနိသင်သည် ဤမျှ ပေါက်ကွဲထွက်လာလိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထားခဲ့မိချေ။

တုဟောက်၏ ထိတ်လန့်တုန်လှုပ်မှုနှင့် နှိုင်းယှဉ်လျှင် ကျုံးချင်၏မျက်နှာပေါ်၌ ထူးခြားသော အမူအယာ မပြသသော်လည်း သူ၏စိတ်နှလုံးသားထဲတွင် လှိုင်းဂယက်များ ထကြွလာခဲ့သည်။

ဤအာနိသင်သည် သူ မျှော်လင့်ထားသည်ထက် ပို၍ကောင်းမွန်နေသည်။

သူ အော်ဟစ်၍ အောင်ပွဲခံချင်စိတ်ပေါက်လောက်အောင် ကောင်းမွန်ပေ၏။

အွန်လိုင်းစာပေမှ ဝေါဟာရကို သုံးရလျှင်....

'ဒီအာနိသင်က အရမ်းမိုက်တယ်'

တုဟောက်သည် နံရိုးသုံးချောင်းကျိုးသွားသော်လည်း အသက်ရှူချိန် အနည်းငယ်အတွင်း၌ ပြန်ကောင်းသွားသည်။

ဤသည်က အားဖြည့်ထားသော အုပ်စိုးသူအရှင်နှောင်ကြိုး ဖြစ်သလော....

အကယ်၍ အမှိုက်နှောင်ကြိုးကိုသာ အဆင့်မြှင့်တင်ပြီး အာနိသင်ဆယ်ဆ တိုးလာမည်ဆိုလျှင် မည်သို့ ဖြစ်လာမည်နည်း....

သူ ရရှိထားသော စနစ်၏လှည့်စားမှုသည် လုံလောက်အောင် သာလွန်ထူးကဲနေပြီဟု ကျုံးချင် မူလက တွေးထင်ခဲ့သည်။

သို့သော် ယခုချိန်၌ သူ နားလည်သဘောပေါက်လိုက်သည်မှာ ပို၍သာလွန်ထူးကဲခြင်းသာ ရှိပြီး အမြင့်မားဆုံး သာလွန်ထူးကဲခြင်းဟူ၍ မရှိကြောင်းပင်။

တစ်ချိန်တည်းမှာပင်...

တုဟောက်က ကျုံးချင်အား ပြင်းပြသော စိတ်ဆန္ဒများဖြင့် ကြည့်လိုက်သည်။

ဤဆောင်ပုဒ်နှင့်လုပ်ရပ်သည် အနည်းငယ် ရှက်စရာကောင်းသော်လည်း.....

အစွမ်းထက်သော အကျိုးသက်ရောက်မှုနှင့် နှိုင်းယှဉ်လိုက်လျှင် ဤအရာသည် မပြောပလောက်သော ဘေးထွက်ဆိုးကျိုးလေးသာ ဖြစ်ပေ၏။

သူ သိသလောက် သမိုင်းစဥ်တလျှောက်လုံးတွင်ထိုအရာနှင့်ယှဉ်နိုင်သော လျှို့ဝှက်နည်းစနစ်ဟူ၍ မရှိသည့်အပြင် ဆင်တူယိုးမှားပင် မရှိချေ။

ဆိုလိုသည်မှာ ဤလျှို့ဝှက်နည်းစနစ်ကို သူ၏ဆရာကိုယ်တိုင် ဖန်တီးခဲ့ခြင်းပင်။

အစပိုင်းတွင် ကျုံးချင်သည် သူ၏ မျက်လုံးထဲ၌ စွမ်းအား၏ပြယုဂ်သာ ဖြစ်ခဲ့လျှင်....

ယခုအခါတွင် သူသည် လျှို့ဝှက်ဆန်းကြယ်မှု၏ ပြယုဂ် လုံးလုံးလျားလျား ဖြစ်သွားခဲ့လေပြီ။

သူသည် နတ်ဘုရားကဲ့သို့ တည်ရှိမှုကြီးတစ်ခုပင်။

မဟုတ်ဘူး...

နတ်ဘုရားတစ်ပါးပင်လျှင် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်နည်းစနစ်ကို ဖန်တီးနိုင်မည် မဟုတ်ချေ။

"ဆရာသခင်... ဘာလို့ ဒီ 'လုပ်လိုက်ကြစို့' ဆိုတဲ့ အသံထွက်က ဘာလို့ ဒီလောက်ထိ ထူးဆန်းနေရတာလဲ... အဲဒါက ရှေးဟောင်း နတ်ဘုရားမန္တန်လား..."

"ပြီးတော့ ဒီ ထိုင်ထလေ့ကျင့်ခန်းကရော... မဟာတာအိုရဲ့ ရိုးရှင်းမှု အမှန်တရားတွေ ပါဝင်နေတာလား... ဘာလို့ အဲ့ဒီအရာနှစ်ခု ပေါင်းစပ်လိုက်တဲ့အချိန်မှာ ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ ကုသမှုအာနိသင်မျိုး ရှိနေရတာလဲ..."

တုဟောက်သည် ထိတ်လန့်တုန်လှုပ်မှု ပြေပျောက်သွားချိန်၌ သူ၏စိတ်ထဲရှိ သံသယများကို မေးမြန်းလိုက်သည်။

ဤစကားများက ကျုံးချင်၏ပါးစပ်ကို အနည်းငယ် မဲ့သွားစေသည်။

ဘာ ရှေးဟောင်းနတ်ဘုရားမန္တန်လဲ....

ဘာ မဟာတာအိုရဲ့ ရိုးရှင်းမှုအမှန်တရားတွေ ပါဝင်နေတဲ့ ထိုင်ထလေ့ကျင့်ခန်းလဲ...

ဤသည်မှာ စနစ်ရှိနေခြင်းကို ဖုံးကွယ်ရန် သူ အသုံးပြုလိုက်သော ဆင်ခြေများပင်။

စနစ်သည် ဤကမ္ဘာတွင် ကျုံးချင် ရပ်တည်နိုင်မည့် အခြေခံအုတ်မြစ်ဖြစ်သဖြင့် သူ မည်သူ့ကိုမျှ ပြောပြ၍ မရနိုင်ချေ။

အကြောင်းအရင်းအမှန်ကို သူ မည်သို့မျှ ထုတ်ဖော်ပြောဆိုမည် မဟုတ်ချေ။

သူက အသာအယာ ချောင်းဟန့်ပြီး ပြောဆိုလိုက်၏။

"မင်းရဲ့ ကျင့်ကြံဆင့်နယ်ပယ်က အခု နိမ့်လွန်းသေးတယ်... ငါ ပြောပြမယ်ဆိုရင်တောင် ဒါတွေကို မင်း နားလည်မှာ မဟုတ်ဘူး..."

"အနာဂတ်မှာ မင်းရဲ့ကျင့်ကြံမှု လုံလောက်တဲ့ အမြင့်တစ်ခုကို ရောက်တာနဲ့ ဒီမန္တန်ရဲ့ တိကျတဲ့ အဓိပ္ပာယ်ကို မင်း အလိုလိုနားလည်လာလိမ့်မယ်..."

ကျုံးချင်၏စကားများသည် အနာဂတ်တွင် တုဟောက်အတွက် တသက်တာ ပဟေဠိတစ်ခုကို ပေါင်းထည့်ပေးလိုက်သည်။

အလွန့်အလွန်အလွန် ကြာမြင့်သော အချိန်တစ်ခု ရောက်မှသာ ဤလျှို့ဝှက်နည်းစနစ်မှ အကြံပြုချက်များ၏အဓိပ္ပာယ်အမှန်ကို သူ အမှန်တကယ် နားလည်လာပေလိမ့်မည်။

မြင်ကွင်းက ပစ္စုပ္ပန်သို့ ပြန်ရောက်လာကာ...

နှင်းများ ပို၍ထူထပ်သိပ်သည်းလာပြီး လေသည် ပို၍ပြင်းထန်စွာ တိုက်ခတ်လာသော်လည်း တုဟောက်၏နှလုံးသားသည် ပြင်းပြသော စိတ်ဆန္ဒများဖြင့် တောက်လောင်နေပေ၏။

"ဆရာသခင်... တပည့်က အရင်တုန်းက ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အစောပိုင်းအဆင့်မှာ ရှိနေခဲ့တာပါ..."

"ဒီအခွင့်အရေးအောက်မှာ တပည့် အဆင့်ချိုးဖျက်တော့မယ်လို့ ခံစားမိတယ်..."

"ကျေးဇူးပြုပြီး တပည့်အတွက် ကာကွယ်ပေးပါအုံး ဆရာ.. တပည့်က တစ်ကြိမ်တည်းနဲ့ ကျင့်ကြံဆင့် ချိုးဖျက်ချင်တယ်..."

"တပည့်ကောင်းလေး.... မင်း ယုံကြည်မှုရှိရှိ ကျင့်ကြံဆင့် ချိုးဖျက်လို့ရတယ်..."

"ငါ ရှိနေသရွေ့ မိုးပြိုကျရင်တောင်မှ မင်း စိတ်ပူစရာ မလိုဘူး..."

ကျုံးချင်ထံတွင် ငြင်းပယ်ရန် အကြောင်းပြချက် မရှိချေ။

လက်ရှိတွင် လင်းဖုန်းနှင့်စုယဲ့တို့၏ ကျင့်ကြံဆင့်သည် မမြင့်မားလှသဖြင့် ကျင့်ကြံမှုဆယ်ဆ ပြန်လည်ရရှိခြင်းသည် သူ့အတွက် ရေပုံးထဲမှ ရေတစ်စက်ပမာဏမျှသာ ဖြစ်ခဲ့သည်။

သို့သော် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံမှုကို ဆယ်ဆပြန်လည်ရရှိခြင်းသည် သူ့အတွက် အကျိုးကျေးဇူး အလွန်များပြားပေလိမ့်မည်။

တုဟောက်၏ကျင့်ကြံဆင့် ချိုးဖျက်ပြီးသည်နှင့် သူသည်လည်း နောက်ထပ် အဆင့်တက်နိုင်ပြီး ယန်သုံးပါးနယ်ပယ်သို့ ရောက်ရှိနိုင်မည်ဟု သူ လုံးဝ သံသယမရှိပေ။

မကြာမီ တုဟောက်သည် ကျင့်ကြံခြင်းကို အသစ်တဖန် ပြန်လည်၍ စတင်လိုက်၏။

အစောပိုင်းက သူ အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ် အမွေအနှစ်ကို လက်ခံရယူစဉ်တွင် သူ၏ ခန္ဓာကိုယ်ထဲ၌ လက်ကျန်စွမ်းအင် အမြောက်အများကို သိုလှောင်ထားခဲ့သည်။

သူ ထိုစွမ်းအင်များကို စတင်၍ သန့်စင်လိုက်သည်နှင့် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ ထူးခြားသော အရှိန်အဝါ စတင်၍ ပျံ့နှံ့လာတော့သည်။

မိုင်တစ်ရာအတွင်းရှိ စိတ်ဝိညာဉ်ချီများသည် စိတ်ဝိညာဉ်စမ်းချောင်းတစ်ခုအလား သူ၏ ခန္ဓာကိုယ်ဆီသို့ စုဝေးလာကြ၏။

နောက်ထပ် သုံးရက်တာ ကုန်ဆုံးသွားပြီးနောက်...

"ဝုန်း..."

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော တုန်ခါသံကြီး ထွက်ပေါ်လာသည်။

တုဟောက်သည် ကျင့်ကြံဆင့် ချိုးဖျက်သွားနိုင်ခဲ့လေပြီ။

All Chapters