ယုံကြည်မှု စွမ်းအား
Vol. 22 Ch. 218
သာမန်လူများအတွက် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်သို့ ရောက်ရှိပြီးနောက် မည်သည့် အဆင့်ငယ်လေးကိုမဆို ထိုးဖောက်ရန်မှာ မယုံနိုင်လောက်အောင် ခက်ခဲသော အလုပ်တစ်ခု ဖြစ်သည်ဟု ဆိုရပေမည်။
ထိုသို့ပြုလုပ်ရန်အတွက် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကြာအောင် ကြိုးစားအားထုတ်ခြင်းနှင့် နားလည်သဘောပေါက်ခြင်းတို့ လိုအပ်သည်။
သို့သော် လူအချင်းချင်းကြားတွင် ကြီးမားသော ကွာခြားချက်များ ရှိပေ၏။
သာမန်လူများ၏မျက်လုံးဖြင့် ကြည့်ရှုတိုင်းတာ၍ မရနိုင်သော လူအမျိုးအစား တစ်မျိုး ရှိသည်။
ထိုလူများသည် တခြားသူများ မလုပ်ဆောင်နိုင်သောအရာကို လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။
သာမန်လူများ၏မျက်လုံးထဲတွင် မိုးကောင်းကင်ကို တက်လှမ်းရသကဲ့သို့ ခက်ခဲသော အရာများသည် ထိုကဲ့သို့ လူပုဂ္ဂိုလ်များ၏ မျက်လုံးထဲတွင် အသေးအဖွဲကိစ္စမျှသာ ဖြစ်ပေ၏။
ဤသည်မှာ ပါရမီရှင်တစ်ဦးနှင့်သာမန်လူတစ်ဦးကြားမှ ကွာဟချက်ပင်။
တုဟောက်သည် အစစ်အမှန် ပါရမီရှင်တစ်ဦး ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
မဟုတ်သေး... 'ပါရမီရှင်' ဟူသော စကားလုံးသည် သူ၏အရည်အချင်းကို ဖော်ပြရန် မလုံလောက်တော့ချေ။
အသက်နှစ်ဆယ်အရွယ်တွင် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်သို့ ရောက်ရှိခြင်း...
ဤကဲ့သို့ အောင်မြင်မှုသည် ကုန်းမြေတစ်ခုလုံးတွင်ပင် အတော်လေး အံ့အားသင့်စရာ ကောင်းသည်။
ထို့ပြင် သူသည် အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ် အမွေအနှစ်ကိုလည်း လက်ခံရရှိထားပေ၏။
ဤအမွေအနှစ် လက်ဝယ်ရှိခြင်းဖြင့် သူ၏ အနာဂတ်လမ်းခရီးတွင် သာမန်လူများ တောင့်တသော်လည်း မရောက်နိုင်သော အမြင့်သို့ ရောက်ရှိရန်အတွက် တစ်ဆင့်ချင်း လျှောက်လှမ်းရန်သာ လိုအပ်တော့သည်ဟု ဆိုနိုင်သည်။
ထို့ပြင် သူ့အတွက်မူ....
ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အလယ်အလတ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ခြင်းသည် ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုသာ ဖြစ်ပေ၏။
တုဟောက်၏အဆင့်ချိုးဖျက်မှု အောင်မြင်သည်နှင့် သူ၏ကျင့်ကြံမှုသည် အဆတစ်သောင်း ပြန်လည်ပေးအပ်ခြင်းမှတစ်ဆင့် ကျုံးချင်အပေါ် သက်ရောက်မှု ရှိလာခဲ့သည်။
ကျုံးချင်အတွက် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်သည် ကြီးမားသော မြစ်ကြီးတစ်စင်းနှင့် ရေကန်ငယ်လေးတစ်ခု ကွာခြားသကဲ့သို့ ဖြစ်နေသည်။
သို့သော် ဤရေကန်ငယ်လေးသည် အဆတစ်သောင်း ကျယ်ပြန့်လာချိန်၌ ဤသည်က ကြီးမားကျယ်ပြန့်သော ပင်လယ်သမုဒ္ဒရာကြီးတစ်ခု ဖြစ်လာခဲ့သည်။
မြစ်နှင့်ပင်လယ်ကဲ့သို့ ခမ်းနားကြီးကျယ်သော ကျင့်ကြံမှုစွမ်းအားများကို အပြည့်အဝ စုပ်ယူပြီး ကြေညက်သွားသည်နှင့်အမျှ....
ကျုံးချင်၏စွမ်းအားသည် သူ မျှော်လင့်ထားသည့်အတိုင်းယင်သုံးပါးနယ်ပယ် တတိယအဆင့်မှ ယန်သုံးပါးနယ်ပယ် ပထမအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။
ဤနယ်ပယ်သည် ကုန်းမြေတစ်ခုလုံးတွင်ပင် လွှမ်းမိုးချုပ်ကိုင်နိုင်သော တည်ရှိမှုကြီးတစ်ခုကို ကိုယ်စားပြုသည်။
ဤအချိန်မှစ၍ လောကကြီးအတွင်းတွင် လှည့်လည်၍ ခရီးသွားရာ၌ ကျုံးချင်၏ ယုံကြည်မှုသည် နောက်ထပ်အဆင့်တစ်ခုသို့ မြင့်တက်လာခဲ့သည်။
သူသည် ကိုယ်ပိုင်အရည်အချင်း ဇယားကွက်ကို ဖွင့်လိုက်၏။
[လက်ခံသူ: ကျုံးချင်
ကျင့်ကြံမှု: ယန်သုံးပါးနယ်ပယ် ပထမအဆင့်
တပည့်: လင်းဖုန်း....လမင်းနက်နဲသိမ်မွေ့နယ်ပယ် အစောပိုင်းအဆင့်(အဆတစ်ရာ တိုးမြှင့်ခြင်း အသက်ဝင်နေသည်)
တပည့်: စုယဲ့....ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် မဟာပြီးပြည့်စုံခြင်းအဆင့် (အဆတစ်ရာ တိုးမြှင့်ခြင်း အသက်ဝင်နေသည်)
တပည့်: တုဟောက်....ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အလယ်အလတ်အဆင့် (အဆတစ်ထောင် ပြန်လည်ကောင်းမွန်ခြင်း အသက်ဝင်နေသည်)
အသက်ဝင်နေသော နှောင်ကြိုး: အမှိုက်နှောင်ကြိုး ၂/၂
အသက်ဝင်နေသော နှောင်ကြိုး: အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ် နှောင်ကြိုး (နောက်ထပ် နှောင်ကြိုးများ ဖော်ထုတ်ရန် ကျန်ရှိနေသည်)
ရရှိထားသော ရုပ်ခန္ဓာကိုယ်: အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ်
ရရှိထားသော အထူးစွမ်းရည်များ: လောက်လျှူအရှိန်အဝါ ကောင်းကင်ဘုံမျက်လုံး အဆင့်တူချေမှုန်းခြင်း ဝင်္ကပါခံနိုင်ရည်စွမ်း ကမ္ဘာငယ်လေး]
ယခုအချိန်တွင် သူ၏ အရည်အချင်းဇယားကွက်သည် လောကကြီးကို တုန်လှုပ်စေနိုင်သော ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရသည်။
ပထမဦးဆုံးအချက်မှာ သူ၏ကျင့်ကြံမှု တိုးတက်လာခြင်းပင်။
ဒုတိယအချက်မှာ တပည့်အရေအတွက်သည် နှစ်ဦးမဟုတ်တော့ဘဲ သုံးဦး ဖြစ်လာခဲ့သည်။
ထို့နောက် အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ် နှောင်ကြိုးတစ်ခု တိုးလာခဲ့သည်။
ထို့ပြင် သူသည် အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ်ကိုလည်း ရရှိခဲ့ပေ၏။
ဤတစ်ကြိမ်သည် သူ့အတွက် ကြီးမားသော ရိတ်သိမ်းမှုတစ်ခုဟု ဆိုနိုင်သည်။
ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် တပည့်တစ်ဦး ရရှိပြီး အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ်ကို ရရှိရုံသာမက သူ၏ကျင့်ကြံမှုသည်လည်း အဓိကနယ်ပယ်တစ်ခုကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။
ထို့ပြင် နှောင်ကြိုးများကို အားဖြည့်နိုင်ပြီး အဆင့်မြှင့်တင်နိုင်ကြောင်း သူ သိရှိခဲ့ရသည်မှာလည်း ယခုလက်ရှိအချိန်မှသာ ဖြစ်သည်။
အကယ်၍ အမှိုက်နှောင်ကြိုးကိုသာ ထပ်မံ၍ အဆင့်မြှင့်တင်နိုင်ခဲ့ပြီး သူ့တပည့်များ၏ကျင့်ကြံမှု အဆတစ်ထောင် သို့မဟုတ် အဆတစ်သောင်း တိုးလာခဲ့လျှင် သူသည် ဒုံးပျံစီးသည့်အရှိန်နှုန်းဖြင့် အင်မော်တယ်အဖြစ် တက်လှမ်းသွားနိုင်ပေမည်။
ဤအချိန်တွင် တုဟောက်သည် ကျင့်ကြံဆင့်ချိုးဖျက်မှု အောင်မြင်သွားသော်လည်း သူ၏ကျင့်ကြံခြင်းအခြေအနေမှ ချက်ချင်း ထွက်မလာခဲ့ချေ။
ထိုအစား သူသည် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အလယ်အလတ်အဆင့်၏ လျှို့ဝှက်ချက်များကို သေသေချာချာ နားလည်သဘောပေါက်ရန် ကြိုးစားနေသည်။
ကျုံးချင်သည် သူ၏ကမ္ဘာငယ်လေးထဲသို့ ရောက်ရှိလာသည်။
သူသည် တပည့်တစ်ယောက်ကို ထပ်မံ၍ လက်ခံပြီးနောက် ဤကျင့်ကြံမှု ပြန်လည်ရရှိခြင်း အာနိသင်သည် ချက်ချင်းဆိုသလိုပင် သတိထားမိစရာ ဖြစ်လာခဲ့သည်။
သူ အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ် အမွေအနှစ်ကို ပေးပြီးပြီ ဖြစ်ရာ ဧကရာဇ်အဆင့် လက်နက်တစ်ခု ထပ်ပေးရမည်အား သူ ဂရုမစိုက်ချေ။
မည်သို့ပင်ဆိုစေကာမူ သူ၏ ပထမတပည့်နှစ်ဦးတွင် ဧကရာဇ်အဆင့် ရတနာများ ရှိကြသဖြင့် သူ မျက်နှာလိုက်၍ မဖြစ်ပေ။
သို့သော် ကျုံးချင်သည် သူ၏ကမ္ဘာငယ်လေးထဲသို့ ရောက်ရှိလာချိန်၌...
သူ၏ရှေ့ရှိ မြင်ကွင်းက သူ့ကို မှင်သက်သွားစေသည်။
မူလက ကမ္ဘာငယ်လေး၏အကျယ်အဝန်းမှာ တစ်မိုင်ခန့်သာ ရှိခဲ့သည်။
သို့သော် ယခုအချိန်တွင် ထိုအရာသည် နှစ်ဆကျော် ကြီးမားလာခဲ့လေပြီ။
အချိန်တခဏကြာမျှ တိုင်းတာကြည့်ပြီးနောက် ကမ္ဘာငယ်လေး၏အချင်းသည် အနည်းဆုံး သုံးမိုင်ခန့် ရှိနေပေ၏။
ကျုံးချင်က စဉ်းစားတွေးတောနေပြီးနောက် သူ တစ်စုံတစ်ခုကို ပြန်လည်၍ အမှတ်ရလိုက်သည်။
ဤကမ္ဘာငယ်လေးသည် သူ မြောက်ပိုင်းဒေသသို့ ရောက်ရှိလာပြီးနောက် စတင်၍ ကျယ်ပြန့်လာခြင်းဖြစ်သည်။
တစ်ကြိမ်က နန်ကုန်းမိသားစုတွင် ဖြစ်ပြီး နောက်တစ်ကြိမ်သည် ကြေးမုံနှလုံးသားရေကန်တွင် ဖြစ်ပေ၏။
"ဒါတွေကြားမှာ ဆက်စပ်မှုတစ်ခုခု ရှိနေတာများလား..."
သူ တီးတိုးရေရွတ်လိုက်သည်။
သို့သော် သူ အချိန်ကြာမြင့်စွာ စဉ်းစားပြီးသည့်တိုင် ဆက်စပ်မှုက မည်သည့်အရာဖြစ်သည်ကို သူ စဉ်းစား၍ မရပေ။
ထိုကြောင့် သူ ထုံးစံအတိုင်း သံသယဖြစ်သည့်ကိစ္စကို စနစ်အား မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
ယခင်က ကမ္ဘာငယ်လေး ကြီးထွားလာသည်ကို သူ သတိထားမိခဲ့သော်လည်း ကောင်းသောအရာဟုသာ ထင်မှတ်ပြီး သိပ်အာရုံမစိုက်ခဲ့ချေ။
သို့သော် ယခုအချိန်၌ ကမ္ဘာငယ်လေးသည် လျှင်မြန်စွာ ပြောင်းလဲနေပေ၏။
ထိုအရာသည် ယခင်ကထက် သုံးဆခန့် ကြီးထွားလာခဲ့လေပြီ။
ထိုကြောင့် အကြောင်းအရင်းကို သူ အရေးတကြီး သိချင်လာသည်။
"စနစ်... ဘာလို့ ဒီကမ္ဘာငယ်လေးက ကြီးလာရတာလဲ..."
"ယုံကြည်မှု စွမ်းအား ကြောင့်ပါ..."
စနစ်က အဖြေကို လျှင်မြန်စွာ ပေးလေ၏။
"ယုံကြည်မှုစွမ်းအား..."
ကျုံးချင်က တီးတိုးရေရွတ်လိုက်သည်။
သူသည် ဤဝေါဟာရနှင့် မရင်းနှီးသည်တော့ မဟုတ်ပေ။
ယခင်ဘဝတွင်ဖြစ်စေ၊ ဤဘဝတွင်ဖြစ်စေ ထိုအရာသည် ထူးခြားသော နေရာတစ်ခုတွင် ရှိနေသည်။
ထိုစွမ်းအားသည် အင်မော်တယ်များ နတ်ဘုရားများနှင့် ဆက်စပ်နေပေ၏။
"ဒီ ယုံကြည်မှု စွမ်းအားက ဘယ်လို ထွက်ပေါ်လာတာလဲ..."
"တခြားသူတွေက လက်ခံသူကို ကျေးဇူးတင်ရှိမှုနှင့် လေးစားမှုတို့ကို ခံစားရတဲ့အချိန်မှာ ယုံကြည်မှုစွမ်းအားကို ရရှိနိုင်တယ်.."
"ဒီအရာကို မြင်နိုင်လား..."
"မြင်နိုင်ပါတယ်..."
စနစ်၏အသံ တိတ်ဆိတ်သွားသည်နှင့်အမျှ....
ကျုံးချင်သည် သူ၏အမြင်အာရုံ မည်းမှောင်သွားသည်ကို ခံစားလိုက်ရပြီး ပြန်လည်မြင်တွေ့ရချိန်၌ သူသည် သီးသန့်နယ်မြေတစ်ခုထဲသို့ ရောက်ရှိနေလေပြီ။
ဤသည်မှာ နက်ရှိုင်းပြီး မှောင်မိုက်သော နေရာတစ်နေရာပင်။
လေဟာနယ်ထဲတွင် အလင်းစက်များသည် ကြယ်များအလား တဖျတ်ဖျတ် လင်းလက်နေကြသည်။
သူ၏ခြေထောက်အောက်တွင် ကြီးမားကျယ်ပြန့်သော ပင်လယ်သမုဒ္ဒရာကြီးတစ်ခု ရှိနေသည်။
သို့သော် ဤပင်လယ်သည် အနည်းငယ် ထူးခြားနေပေ၏။
ထိုအရာသည် ရွှေရောင်သက်သက်ဖြစ်ပြီး မှိန်ဖျော့သော နတ်ဘုရားအလင်းတန်းများကို ထုတ်လွှတ်ထားသည်။
ထို့ပြင် ထိုပင်လယ်တွင် ကိုယ်ပိုင်အသက် ရှိနေသည့်အလား တီးတိုးရေရွတ်သံများကို ကြားနေရသည်။
ကျုံးချင်က နားစွင့်ကြည့်လိုက်သည်။
ဤသည်မှာ သက်ရှိများအားလုံး၏ အသံများကို သူ ကြားနေရသည့်အလားပင်။
ထိုအသံများအနက်အများစုမှာ ကျေးဇူးတင်စကားများ ဖြစ်ကြသည်။
"ဒါက ယုံကြည်မှုစွမ်းအားလား..."
ကျုံးချင်၏မျက်လုံးများတွင် ထူးဆန်းသော အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
သူသည် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ဝေ့ဝိုက်၍ ကြည့်ရှုလိုက်၏။ ဤနေရာသည် သူ၏အသိစိတ်ပင်လယ်မှ နက်ရှိုင်းသောနေရာ ဖြစ်ကောင်းဖြစ်နိုင်သည်။
လူသားခန္ဓာကိုယ်သည် စကြဝဠာတစ်ခု ဖြစ်သည်ဟု တချို့လူများက ပြောဆိုကြသည်။
ယခင်က ကျုံးချင်သည် ဤပြောဆိုချက်အပေါ် အနည်းငယ် သဘောထားကွဲလွဲခဲ့သော်လည်း ယခုအချိန်တွင် သူ အနည်းငယ် နားလည်လာခဲ့လေပြီ။
အမှန်အားဖြင့် ယခုအချိန်သည် ဤအရာများကို လေ့လာနေရန် အချိန်မဟုတ်တော့ချေ။
သူ ဂရုစိုက်ဆုံးအရာမှာ ယုံကြည်မှုစွမ်းအားပင်။
မည်သို့ပင်ဆိုစေကာမူ ဤအရာသည် ကမ္ဘာငယ်လေးကို လျှင်မြန်စွာ ကျယ်ပြန့်လာစေနိုင်သည်။
ကျုံးချင်အတွက် ကမ္ဘာငယ်လေးသည် အလွန်ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
ဤသည်က သူ၏ ပစ္စည်းများကို သိမ်းဆည်းရန် နေရာတစ်ခုသက်သက် မဟုတ်ပေ။
အကယ်၍ သူသာ ကမ္ဘာငယ်လေးကို စစ်မှန်သော မဟာကမ္ဘာကြီးတစ်ခုအဖြစ် ပြုစုပျိုးထောင်နိုင်ခဲ့လျှင်....
ဤသည်က သံသယဖြစ်စရာမလိုဘဲ သူ့အတွက် အလွန်စိတ်ကျေနပ်ဖွယ်ကောင်းသော အောင်မြင်မှုတစ်ခုဖြစ်လာပေလိမ့်မည်။
ထို့ပြင် မယုံနိုင်စရာကောင်းသော အရာများပင် ဖြစ်ပျက်လာနိုင်သည်။
ထိုမျှသာမက ကမ္ဘာငယ်လေး ကျယ်ပြန့်လာသည်နှင့်အမျှ စိတ်ဝိညာဉ်ချီပါဝင်မှုသည်လည်း သဟဇာတဖြစ်စွာ မြင့်တက်လာသည်။
ထို့ကြောင့် သူသည် ကမ္ဘာငယ်လေးနှင့် ယုံကြည်မှုစွမ်းအားတို့ကြား၌ ဆက်စပ်မှုကို ရှင်းလင်းစွာသိရှိရန် လိုအပ်သည်။
ကျုံးချင်၏ခြေထောက်အောက်ရှိ ယုံကြည်မှုပင်လယ်သည် လေမတိုက်ဘဲ လှုပ်ရှားနေပြီး အလင်းရောင်များ တောက်ပနေသည်။
လေဟာနယ်ထဲတွင် အရပ်မျက်နှာအဘက်ဘက်မှ ရွှေရောင်အစက်အပြောက်များသည် ရံဖန်ရံခါ၌ စုဝေးလာကြ၏။
နောက်ဆုံးတွင် ထိုအရာများသည် မြင်သာထင်သာရှိသော ယုံကြည်မှုစွမ်းအား အမျှင်တန်းများအဖြစ် ပြောင်းလဲကာ ယုံကြည်မှုပင်လယ်ထဲသို့ ပေါင်းစည်းသွားကြသည်။
သို့သော် အမှန်အားဖြင့် ထိုအရာကို ပင်လယ်ဟု ခေါ်ဆိုသော်လည်း ဤသည်က ရေတိမ်သော ကမ်းခြေတစ်ခုမျှသာ ဖြစ်သည်။
ယုံကြည်မှုပင်လယ်၏ပတ်ဝန်းကျင်ရှိ နေရာအမြောက်အများသည် ခြောက်သွေ့နေပေ၏။
ဤသီးသန့်နယ်မြေသည် ယုံကြည်မှုစွမ်းအား ကြောင့် တည်ရှိနေခြင်းလော သို့မဟုတ် ယခင်ကတည်းက တည်ရှိနေခြင်းလော ဆိုသည်ကိုပင် သူ မသိရှိချေ။
သို့သော် သူ ခန့်မှန်းကြည့်လိုက်သည်။
ဤယုံကြည်မှုစွမ်းအားသည် ပင်လယ်တစ်ခုလုံး၏ တစ်သောင်းပုံသုံးပုံခန့်သာ နေရာယူထားလေသည်။
အကယ်၍ပင်လယ်တစ်ခုလုံးကို တစ်ဟု သတ်မှတ်ကာ ညီမျှသော အစိတ်အပိုင်းတစ်သောင်းခွဲလိုက်ပါက မည်သို့ဖြစ်လာမည်နည်း...
ဆိုလိုသည်မှာ ယုံကြည်မှုစွမ်းအားတစ်ရပ်သည် ကမ္ဘာငယ်၏အချင်းကို တစ်မိုင် တိုးလာစေနိုင်ခြင်းပင်။
ထို့ပြင် ပင်လယ်တစ်ခုလုံးသာ ယုံကြည်မှုစွမ်းအားများဖြင့် ပြည့်သွားပါက ကမ္ဘာငယ်၏ အချင်းသည် မိုင်တစ်သောင်းအထိ ကျယ်ပြန့်သွားပေလိမ့်မည်။