← Chapters

တပည့်၏အတွေးအခေါ်

Vol. 22 Ch. 219

တပည့်၏အတွေးအခေါ်

Vol. 22 Ch. 219

ကျုံးချင်သည် သူ၏အသိစိတ်ပင်လယ်အတွင်းရှိ ယုံကြည်မှုစွမ်းအားပင်လယ်ကိုကြည့်ကာ တွေးတောဆင်ခြင်လိုက်သည်။

"စနစ်... ကမ္ဘာငယ်လေးကို ချဲ့ထွင်တာအပြင် ဒီ ယုံကြည်မှုစွမ်းအားမှာ တခြားဘာလုပ်ဆောင်ချက်တွေ ရှိသေးလဲ..."

သူ၏အလိုလိုသိစိတ်အရ ဤအရာသည် ရိုးရှင်းမည်မဟုတ်ဟု သူ ခံစားလိုက်ရသည်။

"ယုံကြည်မှုစွမ်းအားက လောကကြီးပေါ်မှာ အသန့်ရှင်းဆုံးနှင့် အကြင်နာဆုံးစွမ်းအားပါ... အဲ့ဒီအရာမှာ လုပ်ဆောင်ချက်တွေ အများကြီးရှိပြီးတော့ အသုံးဝင်မှုက အဆုံးမရှိဘူး.. လက်ခံသူအနေနဲ့ အဲ့ဒီစွမ်းအားတွေကို ပိုပြီးစုဆောင်းဖို့ အကြံပြုပါတယ်..."

စနစ်၏အဖြေသည် မရေမရာ ဖြစ်သော်လည်း ဤသည်က ကျုံးချင်၏စိတ်ဝင်စားမှုကို နှိုးဆွလိုက်သည်။

အသိစိတ်ပင်လယ်မှ ထွက်ခွာခဲ့ပြီးနောက် ကျုံးချင်သည် ကမ္ဘာငယ်လေးထဲတွင် အချိန်တခဏကြာ ဆက်နေလိုက်သည်။

နောက်ဆုံးတွင် သူသည် ဂရုတစိုက်ရွေးချယ်ပြီးနောက် ကမ္ဘာငယ်လေးမှ မထွက်ခွာမီ အတော်အသင့် အဆင့်မြင့်သော နတ်ဘုရားလက်နက်တစ်ခုကို ရွေးချယ်လိုက်၏။

နှင်းဖုံးတောင်ပေါ်တွင် မုန်တိုင်းထန်နေပြီး နှင်းပွင့်လွှာများသည် ဘယ်သောအခါမျှ မရပ်နားတော့မည့်အလား အဆုံးမရှိ ကျဆင်းနေသည်။

ယခုအချိန်တွင် တုဟောက်သည် သူ၏လျှင်မြန်စွာ တိုးပွားလာသော စွမ်းအားနှင့် လိုက်လျောညီထွေဖြစ်လာကာ ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်လေပြီ။

ဤအရာက ကျုံးချင်အပေါ် ကြည့်သော သူ၏ အကြည့်ကို ကျေးဇူးတင်ရှိမှုများဖြင့် ပြည့်နှက်သွားစေသည်။

ဤဆရာသည် အနည်းငယ် ကောက်ကျစ်သော်လည်း အရည်အချင်းများသည် အမှန်တကယ်ပင် ကောင်းကင်ဘုံကို အာခံနိုင်ပြီး သူ့အပေါ် ကောင်းမွန်သည်မှာလည်း ငြင်းပယ်၍ မရနိုင်ချေ။

ကျုံးချင်၏အကူအညီ မပါဘဲ သူ၏ပါရမီဖြင့် နောက်ထပ်အဆင့်တက်ရန် အချိန်အလွန်ကြာမြင့်ပေလိမ့်မည်။

ဤကျင့်ကြံခြင်းလောကတွင် ခြေတစ်လှမ်း နောက်ကျခြင်းသည် ခြေလှမ်းတိုင်း နောက်ကျခြင်းသာ ဖြစ်ပေ၏။

ထို့ပြင် သူ ရရှိလိုက်သည်မှာ ကျင့်ကြံဆင့်နယ်ပယ် မြင့်တက်လာခြင်းသက်သက် မဟုတ်ချေ။

လူများအားလုံး အိပ်မက်မက်နေကြသော အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ်နှင့် ဒဏ်ရာပြန်လည်ကောင်းမွန်နှုန်းကို အဆတစ်ထောင် တိုးမြှင့်ပေးနိုင်သော လျှို့ဝှက်နည်းစနစ်လည်း ပါဝင်သည်။

သူ တစ်စုံတစ်ခုကို ပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် ကျုံးချင်သည် ပစ္စည်းတစ်ခုကို သူ့ထံသို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်၏။

ဤသည်မှာ လက်သီးဆုပ်အရွယ်အစားရှိသော ကျောက်တုံးစည်းတံဆိပ်တစ်ခုပင်။

ထိုစည်းတံဆိပ်သည် လုံးလုံးလျားလျား မည်းနက်နေပြီး ထိုအရာပေါ်တွင် နက်နဲသိမ်မွေ့သော သင်္ကေတပုံစံများ ရေးထွင်းထားသည်။

နေ လနှင့် ကြယ်တာရာများအားလုံး ထိုအရာပေါ်တွင် ရေးထွင်းထားသကဲ့သို့ ထင်မှတ်ရသည်။

ထိုစည်းတံဆိပ်သည် ရှေးကျပြီး ကြီးကျယ်ခမ်းနားကာ အချိန်ကာလများကို ဖြတ်ကျော်ခဲ့ရသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။

ထိုအရာပေါ်တွင် ရှေးဟောင်းစာလုံးတချို့ကိုလည်း ရေးထွင်းထားပေ၏။

ကြယ်တာရာ စည်းတံဆိပ်....

"ဆရာ... ဒါက..."

တုဟောက် အံ့အားသင့်မှင်သက်သွားပြီး သူ၏စိတ်နှလုံးသားထဲတွင် အဆုံးမရှိသော လှိုင်းဂယက်များ တဝုန်းဝုန်းထလာခဲ့သည်။

သူသည် စာဖတ်ဝါသနာပါသူ ဖြစ်ပြီး ရှေးဟောင်းစာပေပေါင်းများစွာကို လေ့လာခဲ့ဖူးရာ ကုန်းမြေ၏သမိုင်းကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသည်။

ဤကမ္ဘာတွင် ပါရမီရှင်များ မရေမတွက်နိုင်အောင် ထွက်ပေါ်လာခဲ့ပြီး လောကကြီးမှလူများအားလုံးကိုထိတ်လန့်တုန်လှုပ်စေကာ ခေတ်ကာလအစဥ်အဆက် အံ့အားသင့်သွားစေခဲ့သော တည်ရှိမှုများလည်း များစွာရှိနေခဲ့သည်။

ဒဏ္ဍာရီများအရ ရှေးဟောင်းခေတ်တွင် ကြယ်များကို မျိုချပြီး နေကို လိုက်ဖမ်းနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုကြီးတစ်ခု ရှိခဲ့သည်ဟု ဆိုကြသည်။ သူသည် ပြိုင်ဘက်ကင်းသော စွမ်းအားကို ပိုင်ဆိုင်ပြီး ကြီးမားသော ဂုဏ်သတင်းကို တည်ဆောက်နိုင်ခဲ့ပေ၏။

နောင်လာနောက်သားများက သူ့ကို ကြယ်ဧကရာဇ်ဟု လေးစားစွာ ခေါ်ဝေါ်ကြသည်။

ထိုကြယ်ဧကရာဇ်တွင် အထွတ်အထိပ်ရတနာတစ်ခုရှိပြီး ကြယ်တာရာစည်းတံဆိပ်ဟု အမည်ရသည်။

ကြယ်တာရာစည်းတံဆိပ်ကို ဧကရာဇ်တာအို အန္တိမလက်နက်ဟု လူသိများကျော်ကြားသည်။

ထိုအရာသည် ကြယ်တာရာကောင်းကင်ကို ဖိနှိပ်နိုင်ပြီး ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်သော ကြီးမားသည့်စွမ်းအားကို ပိုင်ဆိုင်ထားပေ၏။

တုဟောက်၏နှလုံးခုန်နှုန်း ရုတ်တရက် လျှင်မြန်သွားသည်။

ဤသည်က ကြယ်ဧကရာဇ်၏ ကြယ်တာရာစည်းတံဆိပ် အမှန်တကယ် ဖြစ်နေနိုင်သလော...

သို့သော် ကျုံးချင်ထံတွင် ရှင်းပြရန် ရည်ရွယ်ချက် မရှိချေ။

"မင်းရဲ့ စီနီယာအစ်ကိုနှစ်ယောက်ကိုလည်း သူတို့နဲ့ ကိုက်ညီတဲ့ လက်နက်တစ်ခုစီ ငါ လက်ဆောင်ပေးပြီးပြီ...ဒါက မင်းအတွက်ပဲ..."

"ကျေး... ကျေးဇူးတင်ပါတယ် ဆရာ..."

တုဟောက်သည် ထိုအရာကို ကြည့်ရင်း ပို၍ပို၍ထိတ်လန့်လာသည်။

အကြောင်းအရင်းမှာ ဤစည်းတံဆိပ်ပေါ်တွင် ဒဏ္ဍာရီလာ ဧကရာဇ်စာလုံးများကို သူ အမှန်တကယ် တွေ့မြင်လိုက်ရသောကြောင့်ပင်။

ထိုအရာများသည် မဟာဧကရာဇ်များသာ ကျွမ်းကျင်ပိုင်နိုင်သော စာလုံးများ ဖြစ်ပေ၏။

ဆိုလိုသည်မှာ ဤအရာသည် အမှန်တကယ်ကို စစ်မှန်သော ဧကရာဇ်အဆင့် လက်နက်တစ်ခုပင်။

သူ၏ ယခင် စီနီယာအစ်ကိုနှစ်ယောက်လည်း သူတို့နှင့်ကိုက်ညီသော လက်နက်တစ်ခုစီကို ရရှိခဲ့သည်ဟု ဆရာ ပြောခဲ့သည်အား သူ ပြန်လည်၍အမှတ်ရလိုက်သည်။

ဆိုလိုသည်မှာ သူ၏ဆရာသည် ဧကရာဇ်အဆင့် လက်နက်သုံးခုကို ဖြန့်ဝေပေးပြီးပြီဟု သဘောရခြင်းပင်။

ဤသည်ကို တွေးမိသည်နှင့် သူ၏စိတ်ကို လုံးလုံးလျားလျား လွှမ်းမိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ဧကရာဇ်အဆင့်လက်နက်များ၏ အရေးပါမှုသည် အလွန်ကြီးမားပေ၏။

ဧကရာဇ်အဆင့် လက်နက်တစ်ခုတည်းဖြင့်ပင် အထွတ်အထိပ် အင်အားစုတစ်ခုကို တည်ထောင်ရန် လုံလောက်သည်။

ဧကရာဇ်အဆင့် လက်နက်သုံးခုဆိုသည်မှာ မည်သည့် သဘောတရားမျိုး ဖြစ်သနည်း။

ယခုအချိန်တွင် သူ၏စိတ်ထဲရှိ ကျုံးချင်၏ ပုံရိပ်သည် ကြီးမားသော အတိုင်းအတာတစ်ခုအထိ ထပ်မံ၍ မြင့်တက်သွားခဲ့သည်။ ထို့ပြင် ဤသည်မှာ ထပ်မံ၍ မြင့်တက်မသွားနိုင်တော့သော အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့လေပြီ။

အကယ်၍ ယခင်က သူသည် အခြေအနေအရ ကျုံးချင်ကို ဆရာအဖြစ် အသိအမှတ်ပြုခဲ့ခြင်း ဖြစ်ပါက...

ယခုချိန်တွင်မူ သူသည် ကျုံးချင်၏တပည့်ဖြစ်ရခြင်းအတွက် လုံးလုံးလျားလျား ဂုဏ်ယူနေခဲ့လေပြီ။

သူ့ထံ၌ တခြားအတွေးများ မရှိတော့ချေ။ သူ၏ဆရာသည် သူ့ကို များစွာပေးခဲ့ပြီးလေပြီ။

ဤသည်မှာ အလွန်များပြားလွန်းသဖြင့် သူသည် စိတ်ကူးယဉ်ဆန်သော အိပ်မက်တစ်ခု မက်နေသကဲ့သို့ ခံစားနေရသည်။

တုဟောက်က အသက်ပြင်းပြင်း ရှိုက်လိုက်သည်။

"ဆရာသခင်... ဆရာ့ရဲ့ ကြီးမားတဲ့ ကျေးဇူးတရားကို တပည့် ပြန်ဆပ်ဖို့ နည်းလမ်းမရှိပါဘူး..."

"အနာဂတ်မှာ ဆရာ ဘာညွှန်ကြားစရာရှိရှိ အန္တရာယ်အဆင့် ကိုးဆယ်ရာခိုင်နှုန်း မကျော်သရွေ့ တပည့်က ဆရာရဲ့ဦးဆောင်မှုနောက်ကို သေချာပေါက် လိုက်ပါ့မယ်..."

သူက တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည်။

ဤသည်က သူ၏နှလုံးသားအောက်ခြေမှ လာခြင်းဖြစ်သည်ဟု ဆိုနိုင်ပေ၏။

သို့ရာတွင် ကျုံးချင်သည် ဤစကားများကို နားထောင်လေလေ ပို၍ထူးဆန်းလေလေပင်။

ကျုံးချင်အတွက် တပည့်တိုင်းသည် တန်ဖိုးရှိသော ရတနာများ ဖြစ်ကြသည်။

သူသည် သူတို့ကို အသက်နှင့်ရင်း၍ စွန့်စားခိုင်းမည် မဟုတ်ချေ။

သို့သော် သူ့တပည့်ဖြစ်သူ၏ အတွေးအခေါ်များတွင် ပြဿနာတချို့ ရှိနေပုံရသည်ဟု သူ ခံစားလိုက်ရသည်။

သူ ယခင်က တစ်စုံတစ်ခုကို သတိထားမိခဲ့သည်။

တုဟောက်ဟူသော ဤကောင်လေးတွင် အမှန်တကယ်ကို အလွန်အစွမ်းထက်သော ထွက်ပြေးနိုင်စွမ်း ရှိပေ၏။

အကယ်၍ သာမန်ကျင့်ကြံသူတစ်ယောက်သာဆိုလျှင် ယင်သုံးပါးနယ်ပယ် မဆိုထားနှင့် ယန်သုံးပါးနယ်ပယ်သို့ ရောက်နေလျှင်ပင် သူ့ကို လိုက်လံဖမ်းဆီးရန် လက်မှိုင်ချရပေလိမ့်မည်။

အစွမ်းထက်သော ထွက်ပြေးနိုင်စွမ်းသည် ကောင်းမွန်သော အရာတစ်ခုပင်။

သို့သော် အရာရာတွင် အကန့်အသတ် ရှိသည်။

သေခြင်းတရားကို ကြောက်ရွံ့ခြင်းက သူ၏ အရိုးထဲထိ စွဲမြဲနေလျှင် အနာဂတ်တွင် သူသည် ကြီးမားသော အောင်မြင်မှုကို မည်သို့ ရရှိနိုင်မည်နည်း။

ဤသည်ကို တွေးတောရင်း...

ကျုံးချင်သည် လက်နှစ်ဖက်ကို နောက်ပစ်ပြီး တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"တပည့်... ဒီလောကကြီးမှာ လူတစ်ယောက်ရဲ့ ဘဝအခြေခံအုတ်မြစ်က ဘာဖြစ်သင့်တယ်လို့ မင်း ထင်သလဲ..."

တုဟောက်က သေသေချာချာ စဉ်းစားတွေးတောလိုက်သည်။ ဆရာသည် သူ့ကို စမ်းသပ်နေသလော။

သူ အချိန်တခဏကြာမျှ စဉ်းစားလိုက်ပြီးနောက် သူ၏မျက်လုံးများ တောက်ပလာသည်။

သူ့ထံတွင် အဖြေတစ်ခု ချက်ချင်းရရှိသွားသည်။

"ဆရာကို ပြန်ဖြေပါရစေ... အဲ့ဒါက တည်ငြိမ်မှုပါ...ကြီးမားကျယ်ပြန့်တဲ့ လူ့လောကကြီးမှာ သက်ရှိတွေအားလုံး ဒုက္ခရောက်နေတယ်...လုပ်ဆောင်ချက်တွေက တည်ငြိမ်ရမယ်... ကျင့်ကြံမှုက တည်ငြိမ်ရမယ်... အခက်အခဲအားလုံးကို ရှောင်ရှားနိုင်သရွေ့ တစ်နေ့ကျရင် တာအိုရဲ့အထွတ်အထိပ်ကို တက်လှမ်းဖို့ အခွင့်အရေးက အမြဲရှိလာမှာပါ..."

အိုး ဘုရားရေ...

ကျုံးချင်၏နှုတ်ခမ်း အနည်းငယ် လှုပ်ခတ်သွားသည်။

ဘဝတွင် စွမ်းအားသည် အခြေခံအုတ်မြစ် ဖြစ်သင့်သည် မဟုတ်လော...

ဤကောင်လေးသည် သူရဲဘောကြောင်ခြင်း တာအိုအကြောင်းကို ဖြောင့်မတ်မှန်ကန်သောလေသံဖြင့် ပြောဆိုနေပေ၏။

အဓိကအချက်မှာ ဤသည်က သူ့ကို ပြန်လည်ချေပရန် အကြောင်းပြချက်မရှိအောင် ဖြစ်စေသည်။

သူသည် အမှန်တကယ်ကို ကျင့်ကြံခြင်း ပါရမီရှင်တစ်ဦးပင်။

ထို့ပြင် ပုံမှန်မဟုတ်သော ပါရမီရှင်တစ်မျိုးဖြစ်သည်။

"ဆရာ... ကျွန်တော် ပြောတာ မှန်လား..."

ထိုအချိန်တွင် တုဟောက်က ယုံကြည်ချက်ရှိရှိ ပြုံးလိုက်သည်။

သူ၏အဖြေသည် ရိုးရှင်းကာ ပြီးပြည့်စုံသည်ဟု သူ ခံစားလိုက်ရသည်။

ကျုံးချင် စကားမပြောနိုင် ဖြစ်သွားပေ၏။

ချီးကျူးခံရရန် မျှော်လင့်နေသော တုဟောက်၏ အကြည့်ကို သူ မြင်လိုက်ရသဖြင့် တစ်ဖက်လူ၏ လောကအမြင်သည် နက်နက်ရှိုင်းရှိုင်း စွဲမြဲနေပြီး စကားလုံးအနည်းငယ်ဖြင့် ပြောင်းလဲရန် မဖြစ်နိုင်ကြောင်း သူ နားလည်လိုက်သည်။

ထားလိုက်ပါတော့... သူ့ကို နည်းနည်းလောက် သူရဲဘောကြောင်ခွင့် ပေးလိုက်ပါ့မယ်...

ဤကဲ့သို့ စရိုက်လက္ခဏာမျိုး ရှိနေသောကြောင့် သူ၏အကာအကွယ်မပါဘဲဖြင့်ပင် သူ၏တပည့်လေး ထိခိုက်ဒဏ်ရာရရန် ခက်ခဲပေလိမ့်မည်။

ထို့ကြောင့် တုဟောင်၏ဘေးကင်းလုံခြုံရေးအတွက် သူ စိတ်ပူရန် မလိုတော့ချေ။

ထို့ပြင် လူတိုင်းတွင် ကိုယ်ပိုင်လေ့လာလိုက်စားမှုများနှင့်စွဲမြဲမှုများ ရှိကြသည်။

ဆရာတစ်ယောက်အနေဖြင့် သူ အလွန်အကျွံ ဝင်ရောက်စွက်ဖက်ခြင်းသည် မကောင်းချေ။

ကျုံးချင်၏ချီးကျူးစကားကို မရရှိသဖြင့် တုဟောက်သည် အနည်းငယ် စိတ်ပျက်သွားပုံရပေ၏။

သို့သော် သူသည် ပေါ့ပါးလွတ်လပ်စွာ နေတတ်သဖြင့် သူ၏စိတ်ပျက်မှုသည် လျှင်မြန်စွာ ဖြစ်ပေါလာပြီး လျှင်မြန်စွာ ပျောက်ကွယ်သွားသည်။

သူက ချက်ချင်းဆိုသလိုပင် ပြောဆိုလိုက်သည်။

"ဒါနဲ့ ဆရာ... ဒီတစ်ခါ ဆရာက ကိစ္စကြီးကြီးမားမား တစ်ခုခု လုပ်မလို့လား..."

သူ၏အမြင်အရ သီးသန့်နေထိုင်သော ထိပ်သီးကျင့်ကြံသူများသည် ယေဘုယျအားဖြင့် လူသူအများရှေ့မှ ပုန်းအောင်းနေလေ့ရှိသည်။

သူ၏ဆရာသည် ထိပ်သီးကျင့်ကြံသူများကြားမှ အထွတ်အထိပ် တည်ရှိမှုကြီးတစ်ဦးပင်။

တုဟောက်၏မေးခွန်းကို ရင်ဆိုင်ရချိန်တွင် ကျုံးချင်က ကျယ်ပြန့်သော မိုးကောင်းကင်ယံကြီးကို မော့ကြည့်လိုက်သည်။

"ငါ ဒီတစ်ခေါက် ခရီးထွက်လာတာက နောက်ထပ်တပည့်တစ်ယောက် လက်ခံဖို့ပဲ...မင်းနဲ့တွေ့ရတာကလည်း မမျှော်လင့်ထားတဲ့ ဝမ်းသာစရာ အံ့အားသင့်စရာတစ်ခုပဲ..."

တုဟောက်က ပြောဆိုသည်။

"ဒါဆိုရင် ကျွန်တော်က မကြာခင်မှာ စတုတ္ထဂျူနီယာညီလေး ရတော့မှာပေါ့..."

"ဂျူနီယာညီလေး မဟုတ်ဘူး... ဂျူနီယာညီမလေး..."

ကျုံးချင်က တုံ့ပြန်အဖြေပေးသည်။

ဤစကားက တုဟောက်၏မျက်လုံးများကို တောက်ပသွားစေသည်။

"ဆရာ... စတုတ္ထဂျူနီယာညီမလေးရဲ့ နာမည်က ဘယ်သူလဲ... ချောလား..."

ကျုံးချင်က တုဟောက်ကို တစ်ချက်ကြည့်လိုက်သည်။

"သူ့ရဲ့နာမည်က ပိုင်လင်း... မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူက...သူ ချောလား မချောလား ဆိုတာ နောက်ကျရင် တွေ့တဲ့အခါ မင်း သိရမှာပေါ့..."

"ရှီး...ဂျူနီယာညီမလေးက ဒီကာလတွေမှာ မြောက်ပိုင်းဒေသတစ်ခွင်လုံးကို ဂယက်ရိုက်စေတဲ့ ပိုင်လင်း ဆိုတာလား..."

ပိုင်လင်း၏နာမည်သည် ဤကာလအတွင်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီး တုဟောက်ပင်လျှင် ကြားဖူးနေကြောင်း သိသာထင်ရှားသည်။

"ဆရာ... စတုတ္ထဂျူနီယာညီမလေးရဲ့ အခြေအနေက ဒီရက်ပိုင်းထဲမှာ သိပ်မကောင်းလှဘူး..."

"ဆရာ သွားပြီး ကူညီသင့်တယ်... အဲ့ဒီလိုမှ မဟုတ်ရင် သူက မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူရဲ့ လိုက်လံဖမ်းဆီးမှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်လောက်ဘူး..."

ဤအချိန်တွင် တုဟောက်သည် သူ၏အပြုံးကို ဖယ်ရှားလိုက်ပြီး တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောဆိုသည်။

ကျုံးချင်သည် မည်သည်ကြောင့် မကူညီချင်ဘဲ နေမည်နည်း...

သို့သော် သူ လှုပ်ရှားလိုက်သည်နှင့် မမျှော်လင့်ထားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာပေလိမ့်မည်။

သူ ဤကိစ္စကြောင့် အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေရသည်။

All Chapters