တခြားနည်းလမ်းရှာခြင်း
Vol. 22 Ch. 220
"စနစ်... ငါက ပိုင်လင်းရဲ့ကိစ္စကို ဝင်ပြီးစွက်ဖက်ဖို့ တကယ်ပဲ နည်းလမ်းမရှိတော့ဘူးလား..."
ကျုံးချင်သည် သူ၏စိတ်ထဲတွင် စနစ်နှင့် ဆက်သွယ်ကာ တည်ကြည်လေးနက်သော အသံဖြင့် မေးမြန်းလိုက်သည်။
သူသည် ပိုင်လင်း၏ အနာဂတ်ဆရာအနေဖြင့် သူမ အမဲလိုက်ခံနေရသည်ကို ကြည့်ပြီး စိုးရိမ်ပူပန်မှုနှင့် စိတ်မသာဖြစ်မှုတို့ကို ခံစားနေရသည်။
သူ စိုးရိမ်ပူပန်နေသော်လည်း မည်သည့်အရာကိုမျှ လုပ်၍မရချေ။
ဤအရာက သူ့ကို အနည်းငယ် နေမထိထိုင်မသာ ဖြစ်စေသည်။
"တကယ်လို့ လက်ခံသူ အတင်းအကြပ် ဝင်ရောက်စွက်ဖက်မယ်ဆိုရင် ပိုင်လင်းမှာ ထိခိုက်မှု မရှိနိုင်ပေမယ့်...သူ ရရှိမယ့် ရုပ်ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တယ်..."
"အဲ့ဒီလုပ်ရပ်က နှောင်ကြိုးကို အသက်မဝင်စေဖို့ ဖြစ်နိုင်ခြေ အရမ်းများတယ်....ကျေးဇူးပြုပြီးတော့ လက်ခံသူက စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်းပေးပါ..."
စနစ်၏စကားများက ကျုံးချင်၏စိတ်နှလုံးသားကို လေးလံသွားစေသည်။
ယခုအချိန်အထိ သူသည် နှောင်ကြိုးနှစ်ခုကို အသက်သွင်းနိုင်ခဲ့ပြီးဖြစ်သည်။
တစ်ခုမှာ အမှိုက်နှောင်ကြိုး ဖြစ်ပြီး နောက်တစ်ခုမှာ အုပ်စိုးသူအရှင်ရုပ်ခန္ဓာကိုယ် နှောင်ကြိုးပင်။
ထိုနှစ်ခုအနက် မည်သည့်အရာမဆို သူ၏စွမ်းအားအပေါ် သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့သည်။
ပိုင်လင်း အသက်သွင်းမည့်နှောင်ကြိုးကို ရယူရန် သူ ဆုံးဖြတ်ထားသည်။
သို့သော် သူ ဝင်ရောက်စွက်ဖက်ပါက နှောင်ကြိုးကို အသက်သွင်းရန် အခွင့်အရေး ဆုံးရှုံးသွားနိုင်သည်။ ဤကိစ္စကို သူ လက်မခံနိုင်ချေ။
သို့သော် သူ ဝင်မစွက်ဖက်ပါက ပိုင်လင်း အန္တရာယ်တွင်းသို့ ကျရောက်နေသည်ကို ဘာမှမလုပ်ဘဲ သူ ထိုင်ကြည့်မနေနိုင်ချေ။
ဤပြဿနာနှစ်ခုလုံးကို ညှိနှိုင်းနိုင်သော နည်းလမ်း အမှန်တကယ် မရှိတော့သလော....
ကျုံးချင်က လေးလေးနက်နက် စဥ်းစားတွေးတောလိုက်မိသည်။
"စနစ်... ငါက ပိုင်လင်းကို တိုက်ရိုက်ကာကွယ်ပေးလို့ မရဘူးလား..."
"မရဘူး..."
"ပိုင်လင်းရဲ့ ရန်သူတွေကို ဖယ်ရှားပေးရင်ရော..."
"မရဘူး..."
"မဟာတာအိုလမ်းစဉ် သုံးထောင်မှာ ထွက်ပေါက်တစ်ခု အမြဲရှိတတ်ပြီးတော့ အရာရာတိုင်းမှာ မျှော်လင့်ချက်ရောင်ခြည် သန်းနေတတ်တယ်လို့ ဆိုကြတယ်...တကယ်ပဲ ဖြေရှင်းနည်း လုံးဝမရှိတော့တာလား..."
"ဘယ်လိုပဲဖြစ်ဖြစ် လက်ခံသူက ပိုင်လင်းကို တိုက်ရိုက်ကာကွယ်တာ ဒါမှမဟုတ် သူ့ရဲ့ရန်သူတွေကို ဖယ်ရှားပေးတာမျိုးတွေ လုပ်လို့မရဘူး..."
စနစ်နှင့် စကားပြောဆိုခြင်းသည် ကျုံးချင်ကို ခေါင်းကိုက်သွားစေသည်။
သို့သော် အလွန်လျှင်မြန်စွာဖြင့် သူ၏မျက်လုံးများ တောက်ပသွားပေ၏။
သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"စနစ်... တကယ်လို့ အစစ်အမှန် နတ်ဆိုးအမွေအနှစ်ကို တခြားနေရာတစ်ခုဆီ ငါက ရွှေ့ပြောင်းလိုက်မယ်ဆိုရင် ပိုင်လင်းရဲ့ ကံတရားလမ်းကြောင်းကို ထိခိုက်စေနိုင်လား..."
သူ၏စိတ်ကူးသည် ရိုးရှင်းပေ၏။
သူ တိုက်ရိုက်ဝင်ရောက်စွက်ဖက်၍ မရသောကြောင့် သူ၏တပည့်ကောင်းလေးကို တောင်များနှင့် မြစ်များကို ဖြတ်ကျော်ကာ အန္တရာယ်တွင်းသို့ သွားခွင့်ပြုမည့်အစား အစစ်အမှန် နတ်ဆိုးအမွေအနှစ် တည်နေရာကို သူမ၏ရှေ့သို့ တိုက်ရိုက် ရွှေ့ပြောင်းပေးလိုက်ခြင်းသည် သူ၏တပည့် ကြုံတွေ့ရမည့် အန္တရာယ်များကို လျှော့ချပေးနိုင်သည်။
"လက်ခံသူက ပိုင်လင်းကို တိုက်ရိုက် ကာကွယ်တာ ဒါမှမဟုတ် သူ့အတွက် ရန်သူတွေကို ဖယ်ရှားပေးတာမျိုး မလုပ်မချင်း တခြားအရာတွေက သိသာထင်ရှားတဲ့ သက်ရောက်မှု မရှိစေနိုင်ဘူး..."
စနစ်၏အဖြေက ကျုံးချင်ကို အံ့အားသင့်သွားစေသည်။
ဤအရာကို ခွင့်ပြုထားသည်ဖြစ်ရာ သူ နောက်ထပ်အချိန်တခဏမျှပင် မနှောင့်နှေးချင်တော့ချေ။
သူ ဤအရာကို မြန်မြန်ပြီးမြောက်လေလေ သူ၏အနာဂတ်တပည့်လေး အခက်အခဲနှင့် ရင်ဆိုင်ရမှု နည်းပါးလေလေပင်။
ဤသည်ကို တွေးတောရင်း သူသည် စနစ်နှင့် ဆက်သွယ်မှုကို အဆုံးသတ်လိုက်၏။
ထို့နောက် သူ၏အကြည့်က တုဟောက်ထံသို့ ရောက်ရှိသွားသည်။
"မင်းရဲ့ဂျူနီယာညီမလေးက အခုချိန်မှာ ကပ်ဘေးတစ်ခုကို ကြုံတွေ့နေရတယ်... ငါ တိုက်ရိုက်ဝင်ပါဖို့ အဆင်မပြေဘူး... ဒါပေမဲ့ ငါက သူ့အတွက် တစ်ခုခုတော့ လုပ်ပေးရမယ်..."
"ဒါကြောင့် မင်းဘာသာမင်း နေရာတစ်ခုရှာပြီး ကျင့်ကြံနေလိုက်တော့.. ငါက ကိစ္စပြီးရင် မင်းကို လာရှာမယ်..."
"ဒါက နေရာအနှံ့မှာ အသုံးပြုနိုင်တဲ့ ဆက်သွယ်ရေး ကျောက်စိမ်းပြားပဲ... တစ်ခုခု ဖြစ်လာရင် ငါ့ကို အချိန်မရွေး ဆက်သွယ်လို့ ရတယ်..."
ကျုံးချင်သည် သူ့အား ဆက်သွယ်ရေး ကျောက်စိမ်းပြားတစ်ခု ပေးလိုက်သည်။
ဤပစ္စည်းသည် ကျင့်ကြံခြင်းလောကတွင် အဖိုးတန်သော အရာတစ်ခုပင်။
ထိုအရာသည် အတွေ့ရများသော အရာမဟုတ်သော်လည်း ရှာဖွေရန် ခက်ခဲသော အရာလည်း မဟုတ်ချေ။
ကျုံးချင်သည် အလောင်းများထံမှ ပစ္စည်းယူဆောင်သည့် လုပ်ရပ်များစွာကို လုပ်ဆောင်ခဲ့ဖူးပြီး သူ၏ကမ္ဘာငယ်ထဲတွင် ဆက်သွယ်ရေး ကျောက်စိမ်းပြား အမြောက်အများကို သိမ်းဆည်းထားသည်။
တုဟောက်ကို တစ်ခုပေးထားခြင်းက အနာဂတ် ဆက်သွယ်မှုအတွက် အဆင်ပြေစေပေလိမ့်မည်။
"ဆရာ... မြန်မြန် သွားပါ...ကျွန်တော်က ဆရာ့ရဲ့ သတင်းကောင်းကို စောင့်နေပါ့မယ်..."
တုဟောက်သည် ကျောက်စိမ်းပြားကို ယူလိုက်ပြီး ကျုံးချင်ထက် ပို၍ပင် စိုးရိမ်ပူပန်နေပုံရသည်။
ပိုင်လင်းကို စာခြောက်ရုပ်က ကာကွယ်ပေးထားသည်အား တုဟောက် မသိနိုင်ချေ။ မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူသည် အလွန်အင်အားကြီးမားကြောင်းကိုသာ သူ သိရှိထားပေ၏။
သူနှင့်ပိုင်လင်းကြားတွင် ဆက်ဆံခဲ့ဖူးခြင်း မရှိသော်လည်း ဂိုဏ်းတူမောင်နှမများ ဖြစ်ကြသဖြင့် သူမ ဒုက္ခရောက်နေသည်ကို သူ သည်းမခံနိုင်ချေ။
ကျုံးချင်လည်း အချိန်ဆွဲမနေတော့ပေ။
တုဟောက်ကို ညွှန်ကြားချက်အနည်းငယ် ပေးပြီးနောက် သူသည် အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲကာ မိုးကောင်းကင်ယံသို့ ပျံသန်းပြီး ထွက်ခွာသွားတော့သည်။
တစ်ချိန်တည်းမှာပင် သူသည် ဟေးပိုင်ထံသို့ သတင်းစကားပေးပို့လိုက်ပြီး တုဟောက်နှင့် သွားရောက်ပူးပေါင်းရန် ပြောဆိုလိုက်၏။
...
ကျုံးချင်၏ လက်ရှိအမြန်နှုန်းဖြင့် တစ်နေ့လျှင် မိုင်သောင်းချီခရီးနှင်ခြင်းသည် ကိစ္စကြီးတစ်ရပ် မဟုတ်ချေ။
သူသည် မြောက်ဘက်သို့ ဦးတည်သွားခဲ့ကာ သုံးရက်ဆက်တိုက် လမ်းခရီးတွင် ရှိနေခဲ့သည်။
ဤအတောအတွင်း သူသည် နေရာများစွာကို ဖြတ်သန်းခဲ့ရသည်။
ပိုင်လင်းနှင့် ပတ်သက်သောကိစ္စသည် ယခုအချိန်၌ ဒေသတစ်ခုလုံးအား ကြီးမားသောလှိုင်းဂယက်များကို ဖြစ်ပေါ်စေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူမသည် အစစ်အမှန် နတ်ဆိုးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူနှင့် ရှုပ်ထွေးသော ပတ်သက်ဆက်နွယ်မှုများ ရှိနေသည်။
ယခုချိန်တွင် အစစ်အမှန် နတ်ဆိုးအမွေအနှစ်သည်လည်း ထွက်ပေါ်လာခဲ့လေပြီ။
ဤအရာသုံးခုအနက် တစ်ခုစီသည် လောကကြီးအတွင်းမှ လူများ၏အာရုံကြောများကို နှိုးဆွပေးနိုင်သည်။
ဤသည်မှာ လူအများအတွက် အလွန်စိတ်လှုပ်ရှားစေနိုင်သော တည်ရှိမှုများပင်။
ထိုသုံးခုပေါင်းစပ်မှုသည် မရေမတွက်နိုင်သော ဆွေးနွေးငြင်းခုံမှုများကို အစပျိုးပေးလိုက်သည်။
အကယ်၍ ဤကမ္ဘာတွင် ခေတ်စားနေသော ခေါင်းစဉ်များ ရှိခဲ့လျှင်....
ပိုင်လင်း မြောက်ပိုင်းမိစ္ဆာလိုဏ်ဂူ နှင့် အစစ်အမှန် နတ်ဆိုးအမွေအနှစ်တို့သည် ထိပ်ဆုံးတွင် ရပ်တည်နေမည့် လက်ရှိ ရေပန်းစားသောခေါင်းစဉ်များ သေချာပေါက် ဖြစ်ပေလိမ့်မည်။
ပိုင်လင်းကို မည်သူမည်ဝါက လိုက်လံဖမ်းဆီးနေသည်ဟု ကြားရတိုင်း ကျုံးချင်၏မျက်နှာသည် အနည်းငယ် မည်းမှောင်သွားလေ့ရှိပေ၏။
အကယ်၍ သူထံ၌သာ ကန့်သတ်ချက်များမရှိလျှင် ပိုင်လင်း၏နံဘေးသို့ ပျံသန်းသွားပြီး ကျူးကျော်လာသော ရန်သူအားလုံးကို ဖယ်ရှားပစ်လိုသည်။
အမှန်အားဖြင့် ယခုချိန် သူ လုပ်နိုင်သည်မှာ အစစ်အမှန် နတ်ဆိုးအမွေအနှစ်၏ တည်နေရာကို အမြန်ဆုံး ရှာဖွေရန်သာ ဖြစ်သည်။
ထို့နောက် ထိုအရာကို ပိုင်လင်း၏ရှေ့သို့ ရွှေ့ပြောင်းပေးရမည်။
ထိုအရာမှတစ်ပါး သူ တခြားမည်သည့်အရာကိုမျှ လုပ်ဆောင်၍မရပေ။
ယနေ့တွင် ကျုံးချင်သည် မြောက်ပိုင်းဒေသ၏ အစွန်အဖျားသို့ ရောက်ရှိလာသည်။
ဤနေရာသည် နက်မှောင်သော ရေခဲမြေပြင် တစ်ခုပင်။
မြေပြင်တပြင်လုံးသည် မှောင်မိုက်ပြီး မရေရာသော အရှိန်အဝါများဖြင့် ပြည့်နှက်နေပေ၏။
တောင်များပြိုကျကာ မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများ ဖုံးလွှမ်းနေပြီး နတ်ဆိုးစွမ်းအင်များ တဝုန်းဝုန်းထနေသည်။
နေရာတိုင်းတွင် ဆွေးမြေ့ခြင်းနှင့်ပျက်စီးခြင်း အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
ထူထပ်သိပ်သည်းသော သေခြင်းတရား အငွေ့အသက်သည် လေထုထဲတွင် ပျံ့နှံ့နေပြီး သက်ရှိ သို့မဟုတ် တက်ကြွမှု အရိပ်အယောင် တစိုးတစိမျှ မရှိချေ။
ဤနေရာသည် အစစ်အမှန် နတ်ဆိုးအမွေအနှစ်တည်ရှိရာ နေရာပင်။
ဤနေရာသည် မူလက စိတ်ဝိညာဥ်စွမ်းအား ကြွယ်ဝပြီး သဘာဝရှုခင်းများလှပကာ ထူးချွန်သောပါရမီရှင်များ ထွက်ပေါ်လာသည့် ရှားပါးသော ကောင်းချီးမြေဖြစ်သည်ဟု ဆိုကြသည်။
သို့သော် လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက နတ်ဘုရားများနှင့်နတ်ဆိုးများကြားရှိ စစ်ပွဲတစ်ခု ဤနေရာတွင် ဖြစ်ပွားခဲ့သည်။
ထိုစစ်ပွဲသည် မြေပြင်တပြင်လုံးကို တုန်ခါစေခဲ့ပြီး နေနှင့်လကိုပင် ဖုံးကွယ်သွားစေခဲ့သည်။
စစ်ပွဲအပြီးတွင် တောင်များနှင့် မြစ်များ ကြေမွှသွားခဲ့ပြီး နေ လ နှင့် ကြယ်တာရာများပင် ထိခိုက်ပျက်စီးသွားခဲ့သည်။
နောက်ဆုံးတွင် အစစ်အမှန်နတ်ဆိုး ရှုံးနိမ့်သွားပြီး ဤနေရာ၌ သေဆုံးသွားခဲ့ပေ၏။
ထို့နောက် ဤနေရာသည် နတ်ဆိုးသင်္ချိုင်း ဖြစ်လာခဲ့သည်။
ဤနေရာကို နတ်ဘုရားနှင့်နတ်ဆိုးစစ်မြေပြင် ဟုလည်း ခေါ်ကြသည်။
ထိုသို့မဟုတ်ပါက အစစ်အမှန်နတ်ဆိုးသင်္ချိုင်း...
နတ်ဆိုးနှိမ်နင်းခြင်းကုန်းမြေ....စသဖြင့် နာမည်အမျိုးမျိုး ခေါ်ဝေါ်ကြသည်။
ဤလောကကြီးတွင် မရေမတွက်နိုင်သော ဒဏ္ဍာရီများနှင့်ဇာတ်လမ်းများစွာ ရှိကြသည်။
ကျုံးချင်သည် ရှေးဟောင်းစာပေများမှတဆင့် ဤနေရာအကြောင်း သိရှိခဲ့ရသည်။
ရှေးဟောင်းစာပေများသည် ထိုကဲ့သို့ ဒဏ္ဍာရီလာဇာတ်လမ်းများကို ပို၍ချဲ့ကားထားသည်ဟု သူ တွေးထင်ခဲ့ဖူးသည်။
သို့သော် သူကိုယ်တိုင် မျက်မြင်တွေ့ရှိလိုက်ရသောအချိန်မှသာ ထိုအရာသည် ချဲ့ကားထားခြင်း မဟုတ်ဘဲ ဆန့်ကျင်ဘက်အနေဖြင့် ဖော်ပြချက်သည် အလွန်ရှေးရိုးဆန်နေကြောင်း သူ နားလည်သဘောပေါက်လိုက်သည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်ချိန်၌....
တောင်များပြိုလဲနေပြီး အပျက်အစီးများက နေရာအနှံ့အပြားတွင် ရှိနေသည်။
အကယ်၍ ကျုံးချင် မှားယွင်းစွာ မသတ်မှတ်မိပါက အချင်းပေတစ်ထောင်ခန့် ရှိသော အပျက်အစီးများအနက်မှ တစ်ခုသည် ကြယ်တစ်လုံး၏ အကြွင်းအကျန်အပိုင်းအစပင်။
ကျင့်ကြံခြင်းသည် အဆင့်တစ်ခုသို့ ရောက်ရှိချိန်၌ ကြယ်များနှင့်နေကို ဖမ်းဆုပ်ခြင်း ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးခြင်းတို့သည် ဒဏ္ဍာရီတစ်ခု ဖြစ်မနေတော့ဘဲ လက်တွေ့ဘဝသို့ ယူဆောင်လာနိုင်သော စစ်မှန်သည့် မြင်ကွင်းတစ်ခု ဖြစ်လာသည်။
ထိုမျှသာမက ယန်သုံးပါးနယ်ပယ် ပထမအဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးအနေဖြင့် ဤလေဟာနယ်တွင် ကြီးမားသော ပြဿနာတစ်ခု ရှိနေကြောင်း သူ ခံစားမိသည်။
နတ်ဘုရားများနှင့်နတ်ဆိုးများကြားရှိ ထိုစစ်ပွဲသည် အလွန်ကြေကွဲဖွယ် ကောင်းခဲ့သည်ကြောင့် ဖြစ်နိုင်ကာ...
ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသများပင် ကျိုးပျက်သွားခဲ့ပြီး ဤလေဟာနယ်ကို စိတ်ဝိညာဉ်စွမ်းအင်များ ကင်းမဲ့စေကာ နတ်ဆိုးစွမ်းအင်များဖြင့် ပြည့်နှက်သွားစေပြီး အစစ်အမှန် အကြွင်းမဲ့ ခြောက်သွေ့ခြင်းကုန်းမြေ ဖြစ်လာစေခဲ့သည်။
စစ်မြေပြင်တွင် တလိမ့်လိမ့်ထနေသော နတ်ဆိုးစွမ်းအင်များနှင့် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
နေရာအများစုတွင် ညစ်ညမ်းသော သွေးများက မြေကြီးကို စွန်းထင်းစေသည်။
ထိုသွေးများသည် မိုးကောင်းကင်ယံသို့ မြင့်တက်နေသော တိုက်ပွဲစိတ်ဆန္ဒများကို သယ်ဆောင်ထားပြီး လေဟာနယ်ကို တဝုန်းဝုန်းထစေကာ မိုးကောင်းကင်ယံကို အက်ကွဲစေသည်။
အားကောင်းသော တိုက်ပွဲစိတ်ဆန္ဒများသည် အချိန်ကာလ ကြာမြင့်ပြီးနောက်တွင်ပင် လူအများကို နှလုံးခုန်မြန်စေနိုင်သည်။
ဤကဲ့သို့သော နေရာမျိုးတွင် အန္တရာယ်များဖြင့် ပြည့်နှက်နေပေ၏။
ဤနေရာကို သေခြင်းတရား၏တားမြစ်နယ်မြေဟု ခေါ်ဆိုခြင်းသည် လွန်ကဲခြင်း မရှိပေ။
အစစ်အမှန်နတ်ဆိုး သေဆုံးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်း....
မည်သည်ကြောင့် မည်သူမျှ သူ၏အမွေအနှစ်ကို မယူရဲကြသနည်း....
ဤနေရာ၏အန္တရာယ်များသည် အဓိက အကြောင်းအရင်းများအနက်မှ တစ်ချက်ပင်။
သာမန်ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦး ဤနေရာသို့ ဝင်ရောက်လာလျှင်ပင် အချိန်တစ်နာရီ သို့မဟုတ် နှစ်နာရီအတွင်း သေဆုံးနိုင်ခြေနှင့် ရင်ဆိုင်ရနိုင်သည်။
သို့သော် ကျုံးချင်အတွက်မူ....
ယန်သုံးပါးနယ်ပယ်တွင် ရှိနေသူတစ်ဦးအနေဖြင့် သူသည် ဤနေရာတွင် လွတ်လပ်စွာ သွားလာရန် ယုံကြည်မှုရှိသည်။
သူ၏နတ်ဘုရားစိတ်အာရုံသည် ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ဖြတ်သန်းသွားပေ၏။
အစစ်အမှန် နတ်ဆိုးအမွေအနှစ်၏ တည်နေရာအမှန်ကို သူ အတည်ပြုချင်သည်။
သို့သော် ကျုံးချင် အံ့အားသင့်သွားသည်မှာ ပုံမှန်အားဖြင့် အောင်မြင်မှုများသာ ရရှိခဲ့သော သူ၏နတ်ဘုရားစိတ်အာရုံသည် ယခုတစ်ကြိမ်၌ ထိရောက်မှု ဆုံးရှုံးသွားခြင်းပင်။
နတ်ဆိုးစွမ်းအင်၏ လွှမ်းမိုးမှုအောက်တွင် ပုံမှန်အားဖြင့် မိုင်တစ်ထောင်အကွာအဝေးကို မြင်နိုင်သော သူ၏ နတ်ဘုရားစိတ်အာရုံသည် ယခုအချိန်၌ မီတာတစ်ထောင်အကွာအဝေးကိုပင် မမြင်နိုင်တော့ချေ။
နတ်ဘုရားစိတ်အာရုံ အသုံးမဝင်တော့သဖြင့် ကျုံးချင်သည် ထိုနယ်မြေအတွင်းသို့ ဝင်ရောက်ပြီး အခြေအနေကို ကြည့်ရှုရန်သာ တတ်နိုင်တော့သည်။
သူသည် များစွာတွေဝေတုံ့ဆိုင်းမနေဘဲ ရှေ့သို့ တက်လှမ်းလိုက်ပြီး သာမန်လူများ နာမည်ကြားရုံဖြင့် ကြောက်လန့်သွားမည့် ဤအကြွင်းမဲ့ ခြောက်သွေ့ခြင်း တားမြစ်နယ်မြေထဲသို့ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။
...
Thank For Reading.