ကောင်းကင်နှင့်မြေကြီးကိုဖျက်ဆီးခြင်း
Vol. 32 Ch. 417
ဂျန်ဖန်းပစ်လွတ်လိုက်သည်နှင့်...
ကျောက်စိမ်းအဆောင် မျက်စိကျိန်းလောက်သည့်နတ်ဘုရားအလင်းတန်းတွေကိုထုတ်လွတ်လာခဲ့သည်။
နှင်းပြင်ဖြူဆွတ်နေပေမယ့် ကျောက်စိမ်းအဆောင်၏နတ်ဘုရားအလင်းတန်းရှေ့၌ ပိုးစုန်းကြူးပမာမှေးမှိန်နေခဲ့သည်။
ဂျန်ဖန်း စူးရှသည့်အလင်းတန်းကြောင့် မျက်စိမဖွင့်နိုင်ပေ။
ယွဲ့မင်ကျူးတောင် ဖွင့်နိုင်တယ်ဆိုရုံလေးဖွင့်နိုင်၏။
တစ်ချိန်တည်းမှာပဲ...
ကမ္ဘာပျက်အလင်းတန်းထဲ၌ ဤလောကကြီးကိုကျော်လွန်နေသည့်မြင့်မြတ်အော်ရာတစ်ခု ဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့သည်။
ခရက်...
နှင်းပြင်မိုင်ပေါင်းထောင်ချီတောင့်မခံနိုင်တော့ပဲ တစ်လက်မချင်းပြိုကျနေကာ ကျယ်လောင်စွာပဲ့တင်ထပ်နေခဲ့သည်။
အဆက်လိုက်ရှိသည့်နှင်းတောင်တွေလည်း ကြောက်မက်ဖွယ်ကောင်းစွာပြိုကျနေပြီး တိုင်ဟူရေကန်ထက်၌ ပေရာပေါင်းများစွာမြင့်သည့်လှိုင်းလုံးကြီးတွေ မြင့်တက်နေကာ..
မရေမတွက်နိုင်သည့်ငါးတွေနှင့် ရေငှက်တွေ ထိတ်လန့်တကြားထွက်ပြေးကုန်ကြ၏။
သူတို့ခြေထောက်အောက်ရှိဖြူလေး ကိုယ်ကိုကျုံ့ထားပြီး ကြောက်ရွံ့မှုကြောင့် တုန်ယင်နေခဲ့သည်။
သွေးနဂါးနှင့် ပင်လယ်ညို့ဓာတ်တို့၏မျက်နှာ၌ ထိတ်လန့်မှုတွေပြသလာကြသည်။
ပင်လယ်ညို့ဓာတ် အော်ပြောလိုက်သည်။
"သွေးနဂါး, ဒါတွေအကုန်လုံး နင့်အမှားပဲ..."
"တကယ်လို့ငါသေခဲ့ရင် သရဲဖြစ်ရင်တောင် နင့်ကို အလွတ်မပေးဘူး..."
သွေးနဂါး အတင်းအကြပ်တိုက်ခိုက်လို့သာမဟုတ်လျှင် ဤကဲ့သို့အန္တရာယ်မျိုး ကြုံရမည်မဟုတ်ပေ။
ကြောက်ရွံ့မှုက သွေးနဂါးမျက်လုံးထဲရှိ ခံစားချက်အားလုံးနေရာမှာအစားထိုးနေခဲ့သည်။
နောင်တလည်းမရှိသလို မည်သည့်အတွေးတွေမှလည်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းစိတ်ထဲ၌ လွတ်မြောက်ဖို့သာ ရှိသောကြောင့်ဖြစ်သည်။
၎င်းသာ အသက်ရှင်နိုင်ခဲ့လျှင် ၎င်း၏သတ်ဖြတ်လိုစိတ်ကိုပြောင်းလဲဖို့ ကျိန်ဆိုထားပြီး လူသားတွေနှင့်ရင်ဆိုင်ရာ၌ အလွန်အမင်းသတိထားရမည်ဖြစ်သည်။
သို့ပေမယ့် ထိုအရာက နောက်ကျလွန်းသွားပြီဖြစ်သည်။
အဖြူရောင်အလင်းတန်းတွေအလယ်ရှိ အားကောင်းသည့်အော်ရာက ဧရာမလက်ဝါးရာကြီးတစ်ခုအဖြစ် ကောင်းကင်မှာသိပ်သည်းလာခဲ့သည်။
လက်ဝါးတစ်ခုလုံးက ရွှေရောင်ဖြစ်နေပြီး လက်က္ခဏာတွေကိုရှင်းရှင်းလင်းလင်းမြင်နေရကာ သွေးကြောတွေတောင်မြင်နိုင်တာပဲဖြစ်သည်။
အသက်ရှိနေသည့်ကောင်းကင်ဘုံ၏လက်တစ်ခုလိုပင်။
၎င်းက ပြိုင်ဘက်ကင်းဖိအားတစ်ခုကို ထုတ်လွတ်နေပြီး...
ကမ္ဘာပျက်ကပ်တစ်ခုကဲ့သို့ သွေးနဂါးနှင့် ပင်လယ်ညို့ဓာတ်အပေါ်ကို ဖြည်းညင်းစွာဖိကျလာခဲ့သည်။
ဝုန်း...
လက်ဝါးရာကလေထဲမှာသာရှိသေးပေမယ့် မြေပြင်က အပြင်အထန်စတင်တုန်ယင်လာခဲ့သည်။
တိုင်ဟူရေကန်လည်း လှိုင်းလုံးတွေထနေပြီး ကန်ရေတွေကန်ခြေသို့ရိုက်ခတ်နေရာ မိုင်ပေါင်းများစွာအဝေးထိရောက်ကုန်၏။
ထွက်ပြေးနေသည့် သွေးနဂါးနှင့် ပင်လယ်ညို့ဓာတ်မှာ ပျားရည်ထောင်ချောက်ထဲမှာပိတ်မိနေသည့် အင်းစက်တွေကဲ့သို့ဖြစ်နေခဲ့သည်။
သူတို့ကအားကုန်ထုတ်သုံးနေသော်လည်း သူတို့၏လှုပ်ရှားမှုတွေမှာနှေးကွေးနေပြီး လွတ်မြောက်ဖို့မဖြစ်နိုင်ပေ။
အောက်ကိုဖိကျလာသည့် ဖျက်ဆီးရေးလက်ဝါးရာကြီးကို ကြောက်ရွံ့စွာကြည့်နေခဲ့ကြသည်။
"မဟုတ်ဘူး..."
သွေးနဂါး ဆန္ဒမရှိစွာ ဒေါသတကြီးဟိန်းဟောက်လိုက်၏။
ပင်လယ်ညို့ဓာတ်လည်း ထပ်ခါထပ်ခါ အော်ဟစ်လိုက်သည်။
သို့ပေမယ့် အားလုံးက အချည်းနှီးပင်။
အသံအားလုံးကို ကျဆင်းလာသည့်လက်ဝါးရာကြီးက ဖုံးလွမ်းသွားပြီး နောက်ဆုံးမြေပြင်ပေါ် ဖိကျသွားခဲ့သည်။
ဘုန်း...
လက်ဝါးရာကြီးဖိကျသွားသည့်အခိုက်အတန့်...
မျက်စိဖြင့်မမြင်နိုင်သည့်ဖျက်စီးရေးလှိုင်းတွေ အရပ်မျက်နှာအသီးသီးကိုပျံ့နှံ့သွားပြီး...
ရှေးဟောင်းနှင်းပြင် တောင့်မခံနိုင်တော့ပဲ ချက်ချင်းပြိုကျလာခဲ့သည်။
ဂျန်ဖန်းခြေထောက်အောက်ရှိနှင်းပြင် ချက်ချင်း ကွဲထွက်သွားပြီး ရေခဲအစအနတွေအဖြစ် အရပ်မျက်နှာအသီးသီးကို လွင့်စင်ထွက်သွားခဲ့သည်။
သူက ပြတ်ပြတ်သားသားပဲ ဗျတ်စောင်းကြိုးတွေကိုတီးခတ်ကာ အသံလှိုင်းဖြင့် သူတို့ကိုတိုက်ခိုက်လာသည့် ရေခဲအပိုင်းအစတွေကို ကွဲကြေစေလိုက်သည်။
ထိုသို့ဆိုလျှင်တောင်....
သူတို့ကို အရွယ်အစားအမျိုးမျိုးရှိသည့် ရေခဲအပိုင်းအစတွေလာထိမှန်ဆဲဖြစ်သည်။
ဂျန်ဖန်းနှင့် ယွဲ့မင်ကျူး နာကျင်စွာညည်းညူလိုက်ရပြီး ပါးစပ်တွေတွန့်လိမ်ကုန်၏။
ထို့ပြင် ပြိုကျမှုတွေကလည်း အဆက်မပြတ်ဖြစ်နေရာ အဝေးထိပျံ့နှံသွားခဲ့သည်။
အသက်တစ်ချက်ရူချိန်အတွင်းမှာပဲ...
မိုင်းထောင်ချီနှင်းပြင် လုံးဝပြိုကျသွားခဲ့သည်။
တိုင်ဟူရေကန်ထက်၌တောင် ကန်ရေပြင်မျက်နှာပြင် ပေပေါင်းများစွာ ချက်ချင်းအငွေ့ပျံသွားပြီး အောက်ခြေတောင် ခပ်ရေးရေးမြင်နေရ၏။
ကန်ထဲရှိသက်ရှိများစွာ အမြစ်ပြတ်သုတ်သင်ခံလိုက်ရပြီး ၎င်းတို့၏အလောင်းတွေ ကန်ရေမျက်နှာပြင်ပေါ်မှာ ပေါလောပေါ်နေခဲ့သည်။
လှိုင်းလုံးတွေကလည်း အဆက်မပြတ် မြင့်တက်လာလိုက် ကျသွားလိုက်ဖြစ်နေခဲ့သည်။
ထို့နောက် ကောင်းကင်နှင့်မြေကြီးကြားရှိ ရုန်းရင်းဆန်ခတ်မှုတွေ လျော့နည်းသွားသည်နှင့်...
တောက်ပသည့်အဖြူရောင်အလင်းတန်းလည်း တဖြည်းဖြည်းမှိန်ဖျော့သွားခဲ့သည်။
ဂျန်ဖန်းနှင့်ယွဲ့မင်ကျူးလည်း သူတို့ရှေ့ရှိမြင်ကွင်းကို ကြည့်နေပြီး တုန်လှုပ်မှုတွေပြည့်နှက်နေခဲ့သည်။
နှစ်ယောက်လုံး ကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။
"ဒါ... သန္ဓေသားအဆင့်ရဲ့တိုက်ခိုက်မှုလား..."
ယွဲ့မင်ကျူး ထိတ်လန့်စွာပြောလိုက်သည်။
အမြုတေဖွဲ့စည်းခြင်းအဆင့် ၈ တစ်ယောက်အနေဖြင့် သဘောတရားအရ သူမက သန္ဓေသားအဆင့်ရောက်ဖို့ ၂ ဆင့်သာလိုတော့၏။
သို့ပေမယ့် ယခုဖျက်ဆီးရေးစွမ်းအားကို ကြည့်ခြင်းအားဖြင်...
အဆင့် ၂ဆင့်လေးထက် အများကြီးပိုနေခဲ့သည်။
၎င်းက အဆတစ်ရာ အဆတစ်ထောင်လောက် ခြားနား၏။
သန္ဓေသားအဆင့်နှင့် အမြုတေဖွဲ့စည်းခြင်းအဆင့်က လုံးဝကို မတူညီသည့်ဖြစ်တည်မှုတွေပင်။
ဂျန်ဖန်းလည်း သန္ဓေသားအဆင့်တိုက်ခိုက်မှုက ဤလောက်ထိကြောက်စရာကောင်းမယ်လို့မျှော်လင့်မထားပေ။
လေလံအိမ်ပြောကြားချက်အရ ဤအဆောင်စာရွက်က ခေတ်ပေါင်းများစွာကြာမြင့်ခဲ့ပြီး ၎င်း၏အထွတ်အထိပ်စွမ်းအားမရှိတော့ပေ။
အကယ်၍ အထွတ်အထိပ်ဆိုလျှင် ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်မည်နည်း။
တုန်လှုပ်မှုတွေကို အလျှင်အမြန်ဖိနှိပ်လိုက်ပြီး သူက လက်ဝါးရာကျသွားသည့်နေရာကို အလျှင်အမြန်ကြည့်လိုက်သည်။
ထိုအခါ သူ့မျက်ခွံတွေ ကျုံ့သွား၏။
မြင်လိုက်ရတာ တိုင်ဟူရေကန်ကမ်းခြေ၌ ပေတစ်ရာလောက်နက်သည့်ဧရာမချောက်နက်ကြီးရှိနေခဲ့သည်။
လက်ဝါးပုံစံချောက်နက်ကြီးဖြစ်ပြီး အောက်ခြေဘယ်လောက်ရှိမှန်းမသိရပေ။
သွေးနီရောင်ဧရာမမီးကျောင်းကြီးတစ်ကောင်လည်း အသားပြားဖြစ်သည်အထိဖိခြေခံထားရပြီး မည်သည့်အသက်ရူသံမှမရှိတော့ပေ။
သံသယရှိစရာမလိုအောင် သေသွားပြီပင်။
မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည့် သွေးနဂါး ဤကဲ့သို့သေသွားပြီဖြစ်သည်။
ရုတ်တရက်...
ဂျန်ဖန်းမျက်လုံးထောင့်မှ လှုပ်ရှားမှုအချို့ကို မြင်လိုက်သည်။
ချောက်နက်အစွန်း၌...
ရုပ်ပျက်ဆင်းပျက်နှင့်အမြီးပြတ်နေသည့် ရေသူမတစ်ကောင် တွားသွားရုန်းကန်နေခဲ့သည်။
ထို့ပြင်၎င်းဦးတည်ချက်က တိုင်ဟူရေကန်ဆီသို့ပင်။
ဒဏ်ရာအပြင်းအထန်ရသွားသည့် ပင်လယ်ညို့ဓာတ်ပင်။
"အသက်ရှင်နေသေးတာလား..."
ဂျန်ဖန်းအကြည့်တွေ အေးစက်သွား၏။
ပင်လယ်ညို့ဓာတ် နောက်ကို မကျေမနပ် ပြန်ကြည့်လိုက်သည်။
နောက်ဆုံးအခိုက်အတန့်၌ သူမ၏သွေးမျိုးဆက်ကိုလောင်ကျွမ်းပြီး လက်ဝါးချက်မှ ကပ်သီလေးလွတ်မြောက်ခဲ့ပြီး လက်ဝါးချက်အစွန်းကို ရောက်အောင်သွားနိုင်ခဲ့သည်။
ထို့ကြောင့်ပဲ ခန္ဓာကိုယ်တစ်ဝက်ဆုံးရှုံးသွားပြီး အသက်ဘေးမှလွတ်မြောက်ခဲ့၏။
မဟုတ်လျှင် သူမလည်း သွေးနဂါးကဲ့သို့ အသားပြားအဖြစ် အဆုံးသတ်နေလောက်ပြီဖြစ်သည်။
"လူသားတွေ... စောင့်နေလိုက်...."
သူမက အံ့ကြိတ်ပြောလိုက်ပြီး တိုင်ဟူရေကန်ဆီ လက်ကျန်ခွန်အားဖြင့် ပြေးတော့သည်။
ယွဲ့မင်ကျူးမျက်နှာ ပြောင်းလဲသွားပြီး ရုန်းကန်မတ်တပ်ရပ်လိုက်သည်။
"ငါတို့ သူ့ကို လွတ်ပေးလိုက်လို့မဖြစ်ဘူး..."
"ဒီကိစ္စသာအပြင်ပျံ့သွားရင် နင် ကောင်းကင်ထက်ကြီးတဲ့ပြဿနာတွေ ရင်ဆိုင်ရလိမ့်မယ်..."
သို့ပေမယ့် သူမက ဒဏ်ရာအပြင်းအထန်ရထား၍ ယိမ်းယိုင်သွားပြီး ဂျန်ဖန်းရင်ခွင်ထဲပြန်ပြုတ်ကျသွားခဲ့သည်။
ဂျန်ဖန်း ပြောလိုက်သည်။
"မင်းအေးအေးဆေးဆေးနေပါ..."
"ငါသူ့ကို အလွတ်မပေးပါဘူး..."
ယွဲ့မင်ကျူး အားအင်ချိနဲ့စွာပြောလိုက်သည်။
"သူမက ဒဏ်ရာအပြင်းအထန်ရထားပေမယ့် အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ ဖြစ်နေတုန်းပဲ။ နင်... သူမကို ကိုင်တွယ်နိုင်မှာလား...."
သန္ဓေသားအဆင့် အဆာင်စာရွက်မရှိလျှင် ဂျန်ဖန်း၏ အခြေခံတည်ဆောက်ခြင်းအဆင့် ၉ နှင့် သူမကို ရပ်တန့်နိုင်မည်မဟုတ်ပေ။
ဂျန်ဖန်း နောက်ထပ်မပြောပေ။
ကျောရှိ အဝတ်စပတ်ထားသည့်ဓားကို ဆွဲထုတ်လိုက်သည်။
ထိုအခါ အလင်းရောင်တစ်ချက်လက်သွားပြီး အဆုံးမစမရှိထက်ရှမှုတွေက အဝတ်စကိုဖြတ်တောက်ကာ ခရမ်းရောင်ဓားတစ်ချောင်းထွက်ပေါ်လာခဲ့သည်။
"စိတ်ဝိညာဥ်အဆင့်လက်နက်...."
ယွဲ့မင်ကျူးမျက်ခွံတွေကျုံ့သွားပြီး အံ့အားသင့်စွာပြောလိုက်သည်။
"ဒါ တကယ် စိတ်ဝိညာဥ်အဆင့်လက်နက်ပဲ.."
သိထားရမှာက ဂိုဏ်း ၉ ဂိုဏ်းနယ်မြေရှိ အကောင်းဆုံးဓားနှစ်ချောင်းမှာ ထိပ်တန်းမှော်အဆင့်သာရှိ၏။
ထိုထဲမှတစ်ခုက ဓားဘုရင်မြင့်မြတ်အကြီးအကဲရှုချင်းယန်၏ဓားဖြစ်သည်။
ဂျန်ဖန်းလိုတပည့်တစ်ယောက်က ဘယ်လိုလုပ် စိတ်ဝိညာဥ်လက်နက်ရှိနေရသနည်း။
ဂျန်ဖန်း၌ ဝှက်ဖဲဘယ်လောက်များများတောင်ရှိနေသနည်း။
သူမ အနည်းငယ်မှိန်မောသလိုခံစားလိုက်ရသည်။
"ဒါပေမယ့် နောက်ကျလွန်းသွားပြီ..."
ယွဲ့မင်ကျူး ရေကန်အစွန်းနားကိုရောက်သွားသည့် ပင်လယ်ညို့ဓာတ်ကိုကြည့်ပြီး အကူအညီမဲ့သွား၏။
ဂျန်ဖန်း တည်ငြိမ်စွာပြေလိုက်သည်။
"သူ မလွတ်ပါဘူး..."
ထို့နောက် သူ့လက်ကို ပွတ်သပ်လိုက်ရာ ခရမ်းဓား လျှင်မြန်စွာလည်ပတ်လာခဲ့သည်။
"သွား..."
ယွဲ့မင်ကျူး၏ကြောင်အနေသည့်မျက်လုံးတွေရှေ့မှာပဲ ခရမ်းဓား လေထဲကို တိုးဝင်သွားခဲ့သည်။
ထို့နောက် ခရမ်းရောင်အလင်းတန်းအဖြစ်ပြောင်းပြီး ပင်လယ်ညို့ဓာတ်ကို ထိုးဖောက်ကာ မြေပြင်မှာကပ်ရိုက်ထားခဲ့သည်။
ယွဲ့မင်ကျူး သူမပါးစပ်ကိုကားထားပြီး မျက်လုံးတွေက အံ့အားသင့်မှုကြောင့် ပြူးကျယ်နေခဲ့သည်။
"ဓားထိန်းချုပ်ခြင်းနည်းစနစ်..."
"ရှုချင်းယန်ရဲ့ဓားထိန်းချုပ်ခြင်းနည်းစနစ်..."
ဤဓားနည်းစနစ်က သင်ယူလို့မရဘူး နာမည်ကြီးသည်မဟုတ်လား။
ဂျန်ဖန်း ဘယ်လိုသင်ယူခဲ့သနည်း။
ဂျန်ဖန်း သူမကိုပွေ့ချီထားပြီး အလျှင်အမြန်ပဲ ပင်လယ်ညို့ဓာတ်ရှေ့ကို သွားလိုက်သည်။
ထိုအခိုက်အတန့်၌ သူမက နာကျင်စွာမဆက်မပြတ်ညည်းညူနေခဲ့သည်။
ဂျန်ဖန်း မည်သည့်သနားညာတာမှုမှမပြပေ။
သူက လွမ်းဆွတ်ခြင်းဆီးနှင်းဓားကိုဆွဲထုတ်ပြီး သူမလည်ပင်းကို ခုတ်ပိုင်းလိုက်သည်။
"ခဏနေအုန်း..."
ယွဲ့မင်ကျူး ရုတ်တရက် ဂျန်ဖန်းကို တားလိုက်၏။
"ဒါက အသက်ရှင်နေတဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်ပဲ..."
"ငါတို့ သူမကို အသက်ရှင်လျက်ပြန်ခေါ်သွားနိုင်ရင် အကြီးဆောင်မှုကြီးတစ်ခုပဲ..."
ဂျန်ဖန်း ပင်လယ်ညိုဓာတ်ကို လုံးဝအလွတ်မပေးချင်ပေ။
သူက ထူးမခြားနားစွာ ခေါင်းခါယမ်းလိုက်သည်။
"သူက ငါ့စီနီယာအမနဲ့ မင်းကို ထိခိုက်အောင်လုပ်ခဲ့တာ..."
"သေဖို့ထိုက်တန်တယ်..."
"သူမယူလာတဲ့ အကျိုးပြုမှုတွေကို ငါဂရုစိုက်ဘူး..."
ပြောပြီးသည်နှင့် ဓားကို နောက်တစ်ကြိမ်မြောက်လိုက်သည်။
ယွဲ့မင်ကျူး အလျှင်အမြန်ပြောလိုက်သည်။
"သူမအသက်ကိုလွတ်ပေးတာ ပိုကောင်းပါတယ်..."
"သူက ငါ့ကိုထိခိုက်စေခဲ့ပေမယ့် သွေးနဂါးလို သွေးမဆာဘူး..."
"ဒါ့ပြင်, သူက အရမ်းအားကောင်းတယ်။ သတ်လိုက်တာ ဖြုန်းတီးရာရောက်တယ်..."
ထိုအရာကို ကြားသည့်အခါ...
ဂျန်ဖန်း နောက်ဆုံးမှာ သူ့ဓားကို ချလိုက်သည်။
ထို့နောက် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"သူမခွန်အားနဲ့ ဘာလုပ်လို့ရမှာလဲ။ ဒီအဆင့်မှာ သူ့ကို စိတ်ဝိညာဥ်သားရဲအဖြစ်ထိန်းကျောင်းလို့ရလို့လား..."
စိတ်ဝိညာဥ်သားရဲအဖြစ်ထိန်းကျောင်းဖို့ နတ်ဆိုးသားရဲတွေကို ငယ်ငယ်ကတည်းက လေ့ကျင့်ပေးဖို့လိုအပ်၏။
ပင်လယ်ညို့ဓာတ်က စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေပြီဖြစ်သည်။
ဘယ်လိုလုပ် ထိန်းကျောင်းလို့ရတော့မည်နည်း။
ယွဲ့မင်ကျူး လှောင်ပြောင်လိုက်၏။
"စိတ်ဝိညာဥ်သားရဲဂိုဏ်းက သာမန်သားရဲတွေကိုပဲ ထိန်းကျောင်းနိုင်တာ..."
"ငါတို့ရမ္မက်ဂိုဏ်းမှာ ဒီလိုအစွမ်းထက်သားရဲတွေကို ကိုင်တွယ်ဖို့နည်းလမ်းရှိတယ်..."
"သူတို့ နာနာခံခံနဲ့သစ္စာရှိမယ်ဆိုတာ အာမခံတယ်..."
အို?...
ဂျန်ဖန်း အံ့အားသင့်သွား၏။
ရမ္မက်ဂိုဏ်း၌ ထိုကဲ့သို့နည်းလမ်းမျိုးရှိသည်လား။
သူက မနေနိုင်ပဲ သက်သာယာရစွာ သက်ပြင်းချလိုက်သည်။
"ဒါဆို အစွမ်းထက်နတ်ဆိုးစစ်သည်တော်တစ်ယောက်ရလို မင်းတို့ရမ္မက်ဂိုဏ်းကို ဂုဏ်ပြုပါတယ်...."
ယွဲ့မင်ကျူး မကျေချမ်းသည့်အရိပ်အယောင်ဖြင့် ပြောလိုက်သည်။
"ဒါသာ အထီးတစ်ကောင်ဆိုရင် ငါ ထိန်းသိမ်းလို့ရတယ်..."
"သူမက အရမ်းလှတဲ့အမတစ်ကောင်ဖြစ်နေတာတော့ စိတ်မကောင်းစရာပဲ..."
"ဒါကြောင့်, ဒီအခွင့်အရေးကို နင်ဆိုတဲ့ကောင်စုတ်လေးပဲရတော့မှာ..."