← Chapters

မင်း ဘာဖြစ်သွားတာလဲ

Vol. 10 Ch. 107

မင်း ဘာဖြစ်သွားတာလဲ

Vol. 10 Ch. 107

ဖုန်မှုန့်များနှင့် မီးခိုးငွေ့များ ငြိမ်သက်သွားချိန်တွင် ရှန်တင့်ယန်၏ အမြင်အာရုံနှင့် အကြားအာရုံများ ပုံမှန် ပြန်ဖြစ်သွားသည်။ သို့သော် ယခုအချိန်၌ ရှန်တင့်ယန်သည် သူ၏ ရင်ဘတ်မှ ဒဏ်ရာကိုသာ တွေဝေငေးမော စိုက်ကြည့်နေမိ၏။

သူ သေရတော့မည်...။ အရိုးသန့်စင်ခြင်းအဆင့်သာ ရှိသော ယွမ်ချန်ဓားဂိုဏ်း တပည့်တစ်ဦး၏ လက်ချက်ဖြင့် သေဆုံးရတော့မည် ဖြစ်ရာ ဤအဖြစ်အပျက်က မည်မျှ ရယ်မောဖွယ် ကောင်းလိုက်သနည်း။ ဤမျှ အဓိပ္ပာယ်မဲ့လိုက်သနည်း။ ခုနလေးတင် သူက ချန်ဖေးကို အလွယ်တကူ ဖမ်းဆီးနိုင်တော့မည် ဖြစ်သော်လည်း ယခု မည်သို့ဖြစ်၍ ဤအခြေအနေသို့ ရောက်ရှိသွားရသနည်း။

ချန်ဖေး၏ လည်ချောင်းထဲမှ သွေးများ ပြန်ကန်တက်လာရာ ချန်ဖေးက မျိုချလိုက်ပြီး ရှန်တင့်ယန်ကို စူးစိုက်ကြည့်နေသည်။

ဓား ၆ ကွက်သည် ယနေ့ ချန်ဖေးအတွက် အသက်နှင့်ရင်းရသော နည်းလမ်းဖြစ်သည်။ ရန်သူသာ မသေလျှင် ချန်ဖေး ပြန်လည်ခုခံရန် အားအင် ရှိတော့မည် မဟုတ်ပေ။ ကြီးမားသော စွမ်းအားကို အသုံးပြုထားသည့် အခြေအနေတွင် ဓား ၆ ကွက်ကို ထပ်မံ ထုတ်ဖော်လိုက်ခြင်းက ချန်ဖေး၏ ခန္ဓာကိုယ်ကို ပြိုလဲလုနီးပါး ဖြစ်သွားစေသည်။

ကျောက်စိမ်းဆွဲပြား၏ မှိန်ဖျော့ဖျော့ အလင်းရောင်သည် ချန်ဖေးကို လွှမ်းခြုံထားပြီး ဒဏ်ရာများ ပိုမိုဆိုးရွားမလာစေရန် ဖိနှိပ်ပေးထား၏။

ပြန်လည်တိုက်ခိုက်ရန် အားအင် များများစားစား မရှိတော့သော်လည်း ချန်ဖေးသည် သတိဝီရိယ ရှိနေဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရန်သူ့ထံတွင် မည်သည့် ဝှက်ဖဲများ ကျန်ရှိနေသေးသည်ကို မည်သူမျှ မသိနိုင်သောကြောင့် ဖြစ်သည်။

ရှန်တင့်ယန် မမျှော်လင့်ထားသည်မှာ ချန်ဖေးက သူ့ကို အမြင်အာရုံနှင့် အကြားအာရုံများ ကွယ်ပျောက်စေပြီး တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့သာ မဟုတ်လျှင် ပုံမှန်အခြေအနေအရ ဤတိုက်ပွဲ၌ ထွက်ပြေး၍လည်း မလွတ်၊ တိုက်ခိုက်၍လည်း မနိုင် ဖြစ်နေပေလိမ့်မည်။

ချန်ဖေး သေချာပေါက် သေဆုံးရမည် ဖြစ်ပြီး ကံကောင်းနိုင်မည့် အခွင့်အရေး လုံးဝ ရှိမည် မဟုတ်ပေ။

ရှန်တင့်ယန်၏ နှုတ်ခမ်းများ တုန်ခါနေပြီး ညာဘက်လက်ကို မြှောက်ရန် ကြိုးစားလိုက်ရာ မျက်ဝန်းထဲတွင် နောင်တရခြင်းနှင့် မလိုလားခြင်းများ ပြည့်နှက်နေသည်။ သူသည် နတ်တိမ်ဓားဂိုဏ်း၏ အတွင်းစည်း တပည့်တစ်ဦး ဖြစ်ပြီး တောက်ပသော အနာဂတ် ရှိသူဖြစ်သည်။ ယခု ဤနေရာ၌ မသေဆုံးလိုပေ။

"အ..."

ရှန်တင့်ယန်သည် နောက်သို့ လဲကျသွားပြီး မြေကြီးနှင့် ရိုက်မိကာ လုံးဝ သေဆုံးသွားသည်။

"ဟူး..."

ရှန်တင့်ယန် သေဆုံးသွားသည်ကို မြင်လိုက်ရမှ ချန်ဖေးသည် မြေကြီးပေါ်သို့ ထိုင်ချလိုက်မိပြီး ပင်ပန်းနွမ်းနယ်မှု လှိုင်းလုံးကြီးက ချန်ဖေးကို ချက်ချင်း ဝါးမျိုသွားသည်။

ဤတိုက်ပွဲသည် ခြံဝင်းအတွင်း ရှီရွှဲ့ချင်နှင့် တိုက်ခိုက်ခဲ့စဉ်ကထက် ပိုမို အန္တရာယ်များလှသည်။ အဘယ်ကြောင့်ဆိုသော် ယခုအကြိမ်တွင် ချန်ဖေးကို ကူညီမည့်သူ မရှိဘဲ ကိုယ့်အားကိုယ်ကိုးရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိသောကြောင့် ဖြစ်သည်။

ခေတ္တမျှ အမောဖြေပြီးနောက် ချန်ဖေးသည် အားယူ၍ မတ်တပ်ရပ်လိုက်သည်။ ရှန်တင့်ယန်၏ အလောင်းဘေးသို့ သွားကာ အသုံးဝင်သော ပစ္စည်းများကို စမ်းသပ်ရှာဖွေလိုက်သည်။

ခဏအကြာတွင် ချန်ဖေး၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာပြီး နာယွမ်ပုလဲ တစ်လုံး ချန်ဖေး၏ လက်ထဲသို့ ရောက်ရှိလာသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ရှန်တင့်ယန်သည် နတ်တိမ်ဓားဂိုဏ်း၏ စံသတ်မှတ်ချက်နီးပါး ဖြစ်နေသော ဝိညာဉ်လက်နက်တစ်ပိုင်းကို ဆောင်ထားခဲ့သည်။ ချန်ဖေး မရပ်တန့်ဘဲ ဆက်လက် ရှာဖွေလိုက်သည်။

အသက်ရှူချိန် ဆယ်ကြိမ်ခန့် ကြာပြီးနောက် ချန်ဖေးသည် ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ လက်ထဲတွင် ငွေစက္ကူအချို့ ထပ်မံ ရရှိလိုက်သော်လည်း အခြား မည်သည့်အရာကိုမျှ မတွေ့ရှိခဲ့ပေ။

ကျင့်စဉ် လျှို့ဝှက်စာအုပ်များ မပါရှိသလို နာယွမ်ပုလဲမှလွဲ၍ အခြား ဝိညာဉ်လက်နက်တစ်ပိုင်းလည်း ရှန်တင့်ယန်၌ မရှိပေ။ သို့သော် ဤသည်မှာ ပုံမှန်ကိစ္စပင် ဖြစ်သည်။ ဝိညာဉ်လက်နက်တစ်ပိုင်း ဆိုသည်မှာ အလွန် တန်ဖိုးကြီးလှရာ ရှန်တင့်ယန်သည် နတ်တိမ်ဓားဂိုဏ်း၏ တပည့် ဖြစ်သော်လည်း ခြင်ဆီသန့်စင်ခြင်းအဆင့်သာ ရှိသေးသည် မဟုတ်ပါလော။

အကယ်၍ နတ်တိမ်ဓားဂိုဏ်း၏ ခြင်ဆီသန့်စင်ခြင်းအဆင့် တပည့်တိုင်းသာ ဝိညာဉ်လက်နက်တစ်ပိုင်း အများအပြား ပိုင်ဆိုင်ထားလျှင် အခြားသူများအတွက် မျှော်လင့်ချက် မရှိတော့သည့် အခြေအနေ ဖြစ်ပေလိမ့်မည်။

နတ်တိမ်ဓားဂိုဏ်းသည် အဓိပတိ ဖြစ်သော်လည်း ဝိညာဉ်လက်နက်နှင့် ဝိညာဉ်လက်နက်တစ်ပိုင်း ကဲ့သို့သော ရတနာများသည် ရှားပါးနေဆဲ ဖြစ်သည်။ ထိုသို့သာ မဟုတ်လျှင် ချန်ဖေးသည် ယခုကဲ့သို့ ရှန်တင့်ယန်ကို ချောချောမွေ့မွေ့ သတ်ဖြတ်နိုင်ခဲ့မည် မဟုတ်ဘဲ လည်စင်းခံရုံသာ ရှိပေလိမ့်မည်။

ချန်ဖေး အသက်အနည်းငယ် ရှူလိုက်ပြီး ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော တွင်းနက်ကြီးဘေးတွင် ပုံသဏ္ဌာန်တစ်ခုကို ဦးစွာ ရေးဆွဲလိုက်သည်။

ဤသင်္ကေတသည် ရှန်ယန်ဂိုဏ်း၏ အမှတ်အသား ဖြစ်ပြီး ရှန်ယန်ဂိုဏ်းသည် ပြစ်မှုကျူးလွန်ပြီးနောက် အခင်းဖြစ်ပွားရာ နေရာ၌ ဤပုံကို မကြာခဏ ချန်ထားလေ့ရှိသည်။ မည်သည့်ကိစ္စများကို ရှန်ယန်ဂိုဏ်းက လုပ်ဆောင်ခဲ့သည်ကို မည်သူမျှ မသိနိုင်သော်လည်း ရှန်ယန်ဂိုဏ်းသည် မည်သို့ပင်ဖြစ်စေ ငြင်းဆိုလိမ့်မည် မဟုတ်ပေ။

ချန်ဖေးက ရှန်တင့်ယန်၏ အလောင်းကို ကောက်ယူလိုက်သည်။ ရှန်တင့်ယန်၏ ခန္ဓာကိုယ်မှ ဓားဒဏ်ရာသည် သိသာလွန်းလှသည်။ ဤနေရာ၌ ထားခဲ့လျှင် ဖုံးကွယ်ထားသော အန္တရာယ် ဖြစ်လာနိုင်သည်။ ဤကိစ္စနှင့် ချန်ဖေး မသက်ဆိုင်ကြောင်း ပြသရန် အလောင်းကို ဖျက်ဆီးပစ်ရမည်။

တစ်နာရီခန့် ကြာပြီးနောက် ချန်ဖေးသည် သွေးများ ပေကျံလျက် ယွမ်ချန်ဓားဂိုဏ်းသို့ ပြန်ရောက်လာပြီး ဖုန်းရှူးဖူ၏ ခြံဝင်းအပြင်ဘက်သို့ ရောက်ရှိလာသည်။

"ဆရာ... တပည့် ချန်ဖေး ဝင်ခွင့်ပြုပါ..." ချန်ဖေး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဖုန်းရှူးဖူသည် စာကြည့်ခန်းထဲတွင် စာရေးနေစဉ် ချန်ဖေး၏ အားနည်းသော အသံကို ကြားလိုက်ရသဖြင့် ကိုယ်ဖော့ပညာသုံး၍ ခြံဝင်းအပြင်ဘက်သို့ ထွက်လာရာ ချန်ဖေး၏ ဆိုးရွားသော အခြေအနေကို တစ်ချက်တည်းနှင့် မြင်တွေ့လိုက်ရသည်။

"ဘာဖြစ်လာတာလဲ..."

ဖုန်းရှူးဖူက ချန်ဖေး၏ ရှေ့သို့ လျှောက်သွားပြီး ပခုံးကို ကိုင်ကာ အတွင်းအား လွှတ်သွင်း၍ ဒဏ်ရာအခြေအနေကို စစ်ဆေးလိုက်သည်။

"နတ်တိမ်ဓားဂိုဏ်း တပည့်တစ်ယောက်နဲ့ တွေ့ပြီး အထိုးခံလိုက်ရလို့ ထွက်ပြေးလာတာပါ..." ချန်ဖေးက အားနည်းစွာ ပြုံးလိုက်သည်။

ရှန်တင့်ယန်၏ အလောင်းကို ရှင်းလင်းပြီးနောက် ဤကိစ္စမှ မည်သို့ လွတ်မြောက်အောင် လုပ်ဆောင်ရမည်ကို ချန်ဖေး စဉ်းစားခဲ့သည်။

နတ်တိမ်မြို့ထဲတွင် ချန်ဖေးနှင့် ရှန်တင့်ယန် ထိပ်တိုက်တွေ့ဆုံခဲ့သည်ကို လူအများအပြား မြင်တွေ့ခဲ့ကြသည်။ အထူးသဖြင့် အခြား နတ်တိမ်ဓားဂိုဏ်း တပည့်တစ်ဦးပါ ရှိနေခဲ့သည်။

ထိုအချိန်က အခြေအနေအရ ချန်ဖေး စဉ်းစားခဲ့သည်မှာ ရှန်တင့်ယန်နှင့် ပဋိပက္ခ မဖြစ်ရန်ပင်။ လူအများရှေ့တွင် ပြန်တိုက်ခိုက်လျှင်လည်း မဖြစ်၊ ပြန်မတိုက်လျှင်လည်း အဆင်မပြေပေ။

သို့သော် ရှန်တင့်ယန်၏ အတင်းအကျပ် ဖိအားပေးမှုကြောင့် ချန်ဖေး၌ ရွေးချယ်စရာ မရှိဘဲ ဤကဲ့သို့ အဆုံးသတ်ခဲ့ရခြင်း ဖြစ်သည်။

အစပိုင်းတွင် ဖုန်းရှူးဖူကို အမှန်အတိုင်း ပြောပြသင့် မသင့် ချန်ဖေး စဉ်းစားခဲ့သော်လည်း နောက်ဆုံးတွင်မူ အခြားပုံစံတစ်မျိုးသို့ ပြောင်းလဲ ပြောဆိုရန် ဆုံးဖြတ်လိုက်သည်။ သူသည် ရှန်တင့်ယန်၏ ရိုက်နှက်မှုကို ခံခဲ့ရပြီး ခက်ခက်ခဲခဲ ထွက်ပြေးလာခဲ့ရသည် ဟူ၍ပင်။

ဖုန်းရှူးဖူကို မယုံကြည်၍ မဟုတ်ဘဲ ချန်ဖေးသည် မိမိကိုယ်ကို ပိုမို လုံခြုံအောင် ကာကွယ်လိုသော ဗီဇကြောင့် ဖြစ်သည်။ ထို့အပြင် နှစ်ဖက်စလုံး၏ အင်အားကို နှိုင်းယှဉ်ကြည့်လျှင် ရှန်တင့်ယန်က ချန်ဖေးကို အကြမ်းပတမ်း ရိုက်နှက်ပြီး ချန်ဖေးက ပြန်လည်ခုခံနိုင်စွမ်း မရှိသည့် အဖြစ်အပျက်က ဖြစ်နိုင်ခြေ အရှိဆုံး ဖြစ်သည်။

ပြန်လည် လွတ်မြောက်လာနိုင်ခြင်းသည်ပင်လျှင် ချန်ဖေး၏ ကိုယ်ဖော့ပညာ ကောင်းမွန်မှုကြောင့်ဟု ယူဆနိုင်ပြီး ထိုသို့ မဟုတ်လျှင် အရိုက်ခံရရုံဖြင့် ပြီးသွားမည့် ကိစ္စ မဟုတ်ပေ။

"နတ်တိမ်ဓားဂိုဏ်း တပည့်တွေက ဘာလို့ မင်းကို တိုက်ခိုက်ရတာလဲ..." ဖုန်းရှူးဖူ ဒေါသထွက်သွားပြီး ဆံပင်များ လေထဲတွင် လွင့်ပါးသွားသည်။

"အဲဒီနေ့ လမ်းမှာ တွေ့တုန်းက..."

ချန်ဖေးက အဖြစ်အပျက် အစအဆုံးကို ပြောပြလိုက်ရာ ဖုန်းရှူးဖူ နားထောင်လေ မျက်နှာထား ပိုမို လေးနက်လေ ဖြစ်လာသည်။ နတ်တိမ်ဓားဂိုဏ်းမှ ထိုတပည့်သည် တကယ်ကို အနိုင်ကျင့်လွန်းလှသည်။

"ဒါဆို အနောက်ကနေ လူတစ်ယောက် ပြေးထွက်လာပြီး အဲဒီလူနဲ့ တိုက်ခိုက်နေတုန်း မင်း ထွက်ပြေးလာခဲ့တာပေါ့..." ချန်ဖေး၏ ပြောပြချက်ကို နားထောင်ပြီးနောက် ဖုန်းရှူးဖူက လေသံတိုးတိုးဖြင့် မေးလိုက်သည်။

"ဟုတ်ပါတယ်..."

ချန်ဖေး ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "အဲဒီ နတ်တိမ်ဓားဂိုဏ်း တပည့်ရဲ့ ကိုယ်ဖော့ပညာက အရမ်းကောင်းတယ်... ကျွန်တော်က ဝိညာဉ်လိုက်ခြေလှမ်းကို တတ်မြောက်ထားပေမယ့် သူ့ကို ဖြတ်ထုတ်လို့ မရခဲ့ဘူး..."

အမှန်ကိုးချက်နှင့် အမှားတစ်ချက် ပါဝင်သော မုသားသည် ဖော်ထုတ်ရ အခက်ခဲဆုံး ဖြစ်သည်။

ဖုန်းရှူးဖူ ခေါင်းညိတ်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "တာဝန်ကျ အကြီးအကဲကို သွားရှာပြီး ဒီကိစ္စကို တိုင်ကြားဖို့ ဆရာနဲ့ လိုက်ခဲ့... သူတို့က မင်းကို ရှန်ယန်ဂိုဏ်းရဲ့ အကြွင်းအကျန်လို့ စွပ်စွဲရဲတယ်... ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မဖြေရှင်းရင် ပြဿနာတွေ ပြီးမှာ မဟုတ်ဘူး..."

"ကောင်းပါပြီ..." ချန်ဖေး ခေါင်းညိတ်လိုက်သည်။

ဖုန်းရှူးဖူသည် ချန်ဖေးကို ခေါ်ဆောင်၍ ဂိုဏ်း၏ တာဝန်ကျ အကြီးအကဲ ဝူကွမ်ရင်ကို သွားရောက်တွေ့ဆုံကာ ဖြစ်ပျက်ခဲ့ပုံများကို ပြောပြလိုက်သည်။

"နတ်တိမ်ဓားဂိုဏ်း တပည့်တွေက ဒီလောက်တောင် မောက်မာပြီး ဆင်ခြင်တုံတရား ကင်းမဲ့နေကြတာလား..."

ဝူကွမ်ရင်သည် ဖုန်းရှူးဖူ၏ ပြောပြချက်ကို ကြားလိုက်ရသည့်အပြင် ချန်ဖေး၏ သွေးသံရဲရဲ ဖြစ်နေသော အခြေအနေ၊ အရိုက်ခံထားရပုံနှင့် လက်မောင်းပေါ်ရှိ မိုးကြိုး ဓားစွမ်းအင်ကြောင့် ဖြစ်ပေါ်လာသော မီးလောင်ဒဏ်ရာများကို မြင်လိုက်ရသောအခါ ဒေါသထွက်သွားသည်။

"အကြီးအကဲ... အဲဒီ နတ်တိမ်ဓားဂိုဏ်း တပည့် တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်မိတယ်... အဲဒီကျရင် ချန်ဖေးကို အပြစ်ပုံချကြလိမ့်မယ်..." ဖုန်းရှူးဖူက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"အင်း... ဖြစ်နိုင်တာပဲ... ငါ လူလွှတ်ပြီး နတ်တိမ်ဓားဂိုဏ်းကို ကန့်ကွက်စာ ပို့လိုက်မယ်... ငါတို့ ယွမ်ချန်ဓားဂိုဏ်း တပည့်တွေကို ဘာလို့ ဒီလို စော်ကားရတာလဲ ဆိုပြီးတော့ပေါ့..."

ဝူကွမ်ရင် ခေတ္တမျှ စဉ်းစားပြီးနောက် ဖုန်းရှူးဖူကို နှစ်သိမ့်လိုက်သည်။

ဖုန်းရှူးဖူ သက်ပြင်းအနည်းငယ် ချလိုက်မိသည်။ ဤသည်မှာ သူ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော အရာ ဖြစ်ပုံရသည်။ အဓိပတိ ဖြစ်သော နတ်တိမ်ဓားဂိုဏ်းကို ယွမ်ချန်ဓားဂိုဏ်း အနေဖြင့် ကန့်ကွက်ခြင်းမှလွဲ၍ ဘာမှ မလုပ်ဆောင်နိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် ချန်ဖေးသည် ဒဏ်ရာရရုံသာ ရှိသေးပြီး လက်ကျိုး ခြေပြတ် ဖြစ်သွားခြင်း မရှိပေ။ အဓိကအားဖြင့် ကြီးလေးသော ဒဏ်ရာများ မဟုတ်ပါ။ ဤကဲ့သို့ ပြင်းထန်စွာ ရိုက်နှက်ခံရခြင်းကို သည်းခံရုံမှတစ်ပါး အခြားမရှိ၊ အများဆုံးအနေဖြင့် ပုဂ္ဂိုလ်ရေး ရန်ငြိုးဟုသာ သတ်မှတ်နိုင်ပေသည်။

နတ်တိမ်မြို့ အတွင်း၌။

ရွှီယွမ်ချွန်းသည် ရှန်တင့်ယန် ပြန်လာမည်ကို ပျင်းရိစွာ စောင့်ဆိုင်းနေသည်။ တစ်နာရီ ကြာသွားသော်လည်း ရှန်တင့်ယန် ပြန်မလာသေးသဖြင့် ရွှီယွမ်ချွန်းသည် စားပွဲတစ်ဝိုင်း မှာယူ၍ စားသောက်နေလိုက်သည်။

သို့သော် နှစ်နာရီ ကြာမြင့်သွားသည့်တိုင် ရှန်တင့်ယန် ပျောက်ဆုံးနေဆဲ ဖြစ်ရာ ရွှီယွမ်ချွန်း တစ်ခုခု မှားယွင်းနေပြီဟု ခံစားလိုက်ရသည်။

ဤမျှ ကြာမြင့်နေပြီ ဖြစ်ရာ အကယ်၍ လိုက်မီခဲ့လျှင် တိုက်ပွဲပြီးဆုံးသည်မှာ ကြာနေလောက်ပြီ ဖြစ်သဖြင့် ယခုအချိန်တွင် ပြန်ရောက်နေသင့်ပြီ ဖြစ်သည်။

အကယ်၍ လိုက်မမီခဲ့လျှင်လည်း စောစီးစွာ ပြန်လာသင့်ပြီး နှစ်နာရီ ကြာမြင့်သည်အထိ အချိန်ဆွဲနေစရာ အကြောင်းမရှိပေ။

စိတ်ထဲတွင် မသိုးမသန့် ဖြစ်လာသဖြင့် ရွှီယွမ်ချွန်းသည် မြို့ပြင်သို့ အလျင်အမြန် ထွက်လာပြီး တစ်နာရီနီးပါး ရှာဖွေပြီးနောက် နောက်ဆုံးတွင် တွင်းပေါက်ကြီး တစ်ခုကို တွေ့ရှိလိုက်ရသည်။

တွင်းပေါက်နှုတ်ခမ်းဝရှိ မြေသားများသည် ယခုလေးတင် ပေါက်ကွဲထားပုံရပြီး ဘေးပတ်ဝန်းကျင်၌ သွေးစက်များ ပြန့်ကျဲနေသည်။ ရွှီယွမ်ချွန်းသည် မြေကြီးပေါ်တွင် နတ်တိမ်ဓားဂိုဏ်း တပည့် ဝတ်စုံ၏ အစအနများကိုပင် တွေ့လိုက်ရသည်။

"ပြဿနာ တက်ပြီ..."

ရွှီယွမ်ချွန်း၏ မျက်နှာ ဖြူဖျော့သွားသည်။ သူ အချိန်ဆွဲမနေရဲတော့ဘဲ ဂိုဏ်းဆီသို့ ပြေးသွားလိုက်သည်။

ဤအရာက ရှန်တင့်ယန် တစ်ခုခု ဖြစ်သွားသည်ဟု တပ်အပ် မပြောနိုင်သော်လည်း ရှန်တင့်ယန် ပြန်မလာသည်မှာ ကြာမြင့်နေပြီ ဖြစ်သည့်အပြင် ဤအရာများကိုပါ တွေ့ရှိလိုက်ရသဖြင့် မတော်တဆမှု ဖြစ်ပွားနိုင်ခြေ အလွန်များပြားနေသည်။

နတ်တိမ်ဓားဂိုဏ်း အတွင်း၌။

"မင်း ဘာပြောလိုက်တယ်... တင်းယန် ပျောက်သွားတယ် ဟုတ်လား..."

ဟုန်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဒွာရသန့်စင်ခြင်းအဆင့်၏ အရှိန်အဝါများ အရပ်မျက်နှာ အနှံ့သို့ ပျံ့လွင့်သွား၏။ ရွှီယွမ်ချွန်းကို ရည်ရွယ်ခြင်း မဟုတ်သော်လည်း ရွှီယွမ်ချွန်း၏ မျက်နှာကို ဖြူဖျော့သွားစေသည်။

"ဒီနေ့ တပည့်က အစ်ကိုကြီးနဲ့အတူ နတ်တိမ်မြို့ကို သွားခဲ့ပါတယ်..."

ရွှီယွမ်ချွန်းက ယနေ့ ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြောပြလိုက်သည်။ သူသည် ပိုမပြောရဲ လိုမပြောရဲဘဲ သူမြင်တွေ့ကြားသိခဲ့ရသမျှကို အသေးစိတ် ပြောပြလိုက်သည်။ တာဝန်တစ်စုံတစ်ရာ ယူရမည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။

"ယွမ်ချန်ဓားဂိုဏ်းက အရိုးသန့်စင်ခြင်းအဆင့် တပည့်တစ်ယောက်နဲ့ မြို့ပြင်ကို ထွက်သွားတယ် ဟုတ်လား..."

ရွှီယွမ်ချွန်း စကားပြောရင်း ထစ်ငေါ့နေသည်ကို မြင်သောအခါ ဟုန်ယွမ်ဖုန်းက သူ၏ အရှိန်အဝါကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

"အဲဒီ ယွမ်ချန်ဓားဂိုဏ်း တပည့်ရဲ့ ကိုယ်ရေးအချက်အလက်ကို သွားစုံစမ်းချေ... ပြီးရင် တခြားလူတွေကို တင်းယန်ကို သွားရှာခိုင်းလိုက်... အသက်ရှင်ရင်လူကိုတွေ့ပြီး၊ သေပြီဆိုအလောင်းကိုတွေ့ရမယ်..." ဟုန်ယွမ်ဖုန်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဟုတ်ကဲ့... တပည့် အခုပဲ သွားလုပ်လိုက်ပါ့မယ်..." ရွှီယွမ်ချွန်း သက်ပြင်းချလိုက်ပြီး ကမန်းကတန်း ဦးညွှတ်ကာ ထွက်ခွာသွားသည်။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် လူရိပ် တစ်ဒါဇင်ကျော်သည် နတ်တိမ်ဓားဂိုဏ်း၏ ဂိုဏ်းတံခါးမှ ခုန်ထွက်လာပြီး နတ်တိမ်မြို့ပြင်ဘက်သို့ ဦးတည် ပြေးလွှားသွားကြသည်။

ဤရှာဖွေမှုသည် တစ်ရက်တိတိ ကြာမြင့်ခဲ့သည်။ နတ်တိမ်ဓားဂိုဏ်းသည် ပြင်ပဂိုဏ်းသား ဒါဇင်ပေါင်းများစွာကို ထပ်မံ စေလွှတ်ခဲ့သော်လည်း နောက်ဆုံးတွင် ရှန်တင့်ယန်၏ ခြေရာလက်ရာကို ရှာမတွေ့ခဲ့ဘဲ ရှန်တင့်ယန်သည် လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်။

"ဆရာ... အဲဒီ ယွမ်ချန်ဓားဂိုဏ်း တပည့်နာမည်က ချန်ဖေးပါ... မနေ့က ယွမ်ချန်ဓားဂိုဏ်းက လူလွှတ်ပြီး ကန့်ကွက်စာ ပို့လာပါတယ်... ကျွန်တော်တို့က သူတို့ဂိုဏ်းသားတွေကို သဘောရှိ ဖိနှိပ်နေပါတယ်တဲ့..."

ရွှီယွမ်ချွန်းက အောက်ဘက်တွင် ရပ်လျက် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"တင်းယန် ပျောက်သွားပေမယ့် အဲဒီ ချန်ဖေးကတော့ ဘေးကင်းကင်းနဲ့ ပြန်ရောက်သွားတာပေါ့..."

ဟုန်ယွမ်ဖုန်းက အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ယွမ်ချန်ဓားဂိုဏ်းကို ပြောလိုက်... အဲဒီ ချန်ဖေးကို ငါတို့ နတ်တိမ်ဓားဂိုဏ်းဆီ ဖမ်းခေါ်လာခဲ့လို့... ငါတို့ မေးစရာ ရှိတယ်..."

"ဟုတ်ကဲ့... တပည့် အခုပဲ သွားလုပ်လိုက်ပါ့မယ်..." ရွှီယွမ်ချွန်း ဦးညွှတ်နှုတ်ဆက်လိုက်သည်။

"ဆရာ... တင်းယန် ပျောက်သွားတာက ချန်ဖေးနဲ့ ဘာမှ မသက်ဆိုင်လောက်ပါဘူး... ဘယ်လိုပဲကြည့်ကြည့် အရိုးသန့်စင်ခြင်းအဆင့်ပါ... နတ်တိမ်မြို့ပြင်က ခြေရာလက်ရာတွေကို ကြည့်ရတာ ရှန်ယန်ဂိုဏ်း အကြွင်းအကျန်တွေရဲ့ လက်ချက် ဖြစ်နိုင်ပါတယ်..." အောက်ဘက်မှ တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်သည်။

"တင်းယန် ပျောက်သွားတာက အဲဒီ ချန်ဖေးနဲ့ အများကြီး သက်ဆိုင်တယ်... တင်းယန် နောက်ဆုံးမှာ ပြန်လာနိုင်ရင်တော့ ထားလိုက်တော့... ဒါပေမဲ့ သူ ပြန်မလာနိုင်ရင် အဲဒီ ချန်ဖေးက ဒီအတိုင်း အသက်ရှင်ချင်နေသေးတာလား..."

ဟုန်ယွမ်ဖုန်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းရောင် တစ်ချက် ဖြတ်သန်းသွားသည်။

ယွမ်ချန်ဓားဂိုဏ်း...။

ကုတင်ပေါ်တွင် ခြေချိတ်ထိုင်လျက် ချန်ဖေးသည် ဒဏ်ရာများကို ကုသရန် ထုန်ယွမ်ကျင့်စဉ်ကို ဆက်တိုက် မောင်းနှင်နေသည်။

စားသောက်ဆိုင်ထဲတွင် ဉာဏ်အလင်းပွင့်သွားသည့် ခံစားချက်ကြောင့်လား မသိပေ။ မနေ့ကမှ ထုန်ယွမ်ကျင့်စဉ် စတုတ္ထအဆင့်၏ ကျွမ်းကျင်မှုသည် များစွာ တိုးတက်လာခဲ့ပြီး ယခုအခါ ပြီးပြည့်စုံလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

"ချန်ဖေး... မင်း ပြဿနာတက်ပြီ... ထွက်ခဲ့..."

အသံအုပ်အုပ်နှင့်အတူ တံခါး ပွင့်ထွက်သွားပြီး လူတစ်စု အခန်းထဲသို့ ပြေးဝင်လာကြသည်။

All Chapters