နဂါးဆင်
Vol. 10 Ch. 111
ချန်ဖေးသည် ဆူးဓားသိုင်းကို ကြယ်တာရာ ဓားသိုင်းထဲသို့ ရိုးရှင်းစေရန် ငွေ ၂၀၀၀ သုံးစွဲလိုက်ပြီးနောက် ချက်ချင်းပင် ဒေါသထွက်သွားသည်။ ဤသည်မှာ တစ်ညလုံး အိပ်မရမည့် ညတစ်ည ဖြစ်ရန် ကံပါလာခြင်းပင်။
နောက်တစ်နေ့ နံနက်စောစော၌ ချန်ဖေးသည် ရေပူစမ်း ဝန်ဆောင်မှု ပေးသော တည်းခိုခန်းသို့ ရောက်လာခဲ့သည်။
"ဧည့်သည်... ဒါက ကျွန်တော်တို့ရဲ့ ရေပူစမ်းပါ... မောပန်းနွမ်းနယ်တာတွေကို ပြေပျောက်စေပြီး စိတ်ကို ကြည်လင် လန်းဆန်းစေပါတယ်..." တည်းခိုခန်း ဝန်ထမ်းက ချန်ဖေးကို ခြံဝင်းငယ်လေး တစ်ခုသို့ ခေါ်ဆောင်သွားပြီး စိတ်အားထက်သန်စွာ မိတ်ဆက်ပေးလိုက်သည်။
ချန်ဖေး ခေါင်းပြူ ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။ "ပန်းထွက်နေတဲ့ ရေပူစမ်းကန်မျိုး ရှိလား... ဒီဟာက ကျွန်တော့်အတွက် မလုံလောက်ဘူး..."
"ရှိပါတယ် ဧည့်သည်... ဒီဘက် ကြွပါ..."
ဝန်ထမ်းက ခေါင်းညိတ်ပြီးနောက် လှည့်ထွက်သွားကာ ချန်ဖေးကို ကောင်းကင်အဆင့် အခန်းသို့ ခေါ်ဆောင်သွားသည်။ ချန်ဖေး တစ်ချက် ကြည့်လိုက်ရာ ဤနေရာ၌ ကုန်ကျစရိတ်မှာ သိသိသာသာ ပိုများမည်မှာ ထင်ရှားသည်။
"ဧည့်သည်... ဒီဟာ အဆင်ပြေလား..." ဝန်ထမ်းက ရှေ့ရှိ ရေပူစမ်းကန်ကို ညွှန်ပြပြီး ပြုံးလျက် မေးလိုက်သည်။
"ကောင်းပြီ... တစ်ရက် အရင် ယူမယ်... ကျွန်တော် စမ်းကြည့်လိုက်ဦးမယ်..."
ချန်ဖေးက လှိုင်းထနေသော ရေပူစမ်းကန်ကို ကြည့်၍ ခေါင်းညိတ်လိုက်သည်။ ငွေပေးချေပြီးနောက် ဝန်ထမ်းကို ပြန်လွှတ်လိုက်သည်။
အဝတ်အစားများ ချွတ်ပြီးနောက် ချန်ဖေးသည် ရေပူစမ်းကန်ထဲသို့ တစ်လှမ်းချင်း ဆင်းသွားပြီး ခေါင်းတစ်လုံးလုံးကို ရေပူစမ်းထဲသို့ နှစ်လိုက်သည်။
နဂါးဆင် နှိမ်နင်းခြင်း အတွေ့အကြုံတန်ဖိုး +၁…
တစ်ခဏချင်းတွင် ချန်ဖေး၏ စိတ်ထဲ၌ ခံစားချက် တစ်ခု ရုတ်တရက် ပေါ်လာပြီး ချန်ဖေး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု မဖြစ်မနေ ပေါ်လာရသည်။
ဤရေပူစမ်းက တကယ်ကို လိုအပ်ချက်နှင့် ကိုက်ညီနေသဖြင့် ချန်ဖေး ကိုယ့်ကိုယ်ကိုယ် ပြုတ်စရာ မလိုတော့ပေ။ အကယ်၍ တခြား နည်းလမ်း မရှိတော့ဘူး ဆိုလျှင်တော့ ချန်ဖေး သွားကို ကြိတ်၍ ပြုတ်ရဖို့ ရှိသည်။
ယခင်က ချန်ဖေးအတွက် ကောင်းကင်ကျမ်း တစ်အုပ်လို ဖြစ်နေခဲ့သော နဂါးဆင် နှိမ်နင်းခြင်းသည် နောက်ဆုံးတွင် မျက်နှာဖုံး ကွာကျသွားခဲ့ပြီ။
"တကယ်တော့ ဒါက ကျင့်စဉ် တစ်ခုလုံးရဲ့ တစ်စိတ်တစ်ပိုင်းပဲ..."
ချန်ဖေး အလွန် အံ့အားသင့်သွား၏။ ငွေ ၅ သောင်း အပြည့် ပေးခဲ့ရသည် မဟုတ်လော။ မကြာသေးမီက ကျင့်စဉ် အများအပြားကို ရိုးရှင်းစေခဲ့သော်လည်း ကုန်ကျစရိတ်မှာ ဤမျှ မများခဲ့ပေ။
ရလဒ်အနေဖြင့် ယခု ချန်ဖေး သိလိုက်ရသည်မှာ ၎င်းသည် ကျင့်စဉ်၏ တစ်စိတ်တစ်ပိုင်းသာ ရှိသေးသည် ဟူ၍လော။ အကယ်၍ ချန်ဖေးသာ ကျင့်စဉ် အပြည့်အစုံကို ရရှိခဲ့ပါက ရိုးရှင်းစေရန်အတွက် မည်မျှ ကုန်ကျမည်နည်း။
ချန်ဖေးသည် ရေပူစမ်းထဲတွင် တိတ်ဆိတ်စွာ စိမ်နေပြီး နဂါးဆင် နှိမ်နင်းခြင်း၏ အတွေ့အကြုံ တန်ဖိုးမှာ အဆက်မပြတ် တိုးတက်နေကာ နဂါးဆင်နှင့် ပတ်သက်သော ကျင့်ကြံနည်း အမျိုးမျိုးသည် ချန်ဖေး၏ စိတ်ထဲတွင် မပြတ် လည်ပတ်နေသည်။
နဂါးဆင် နှိမ်နင်းခြင်း အပြည့်အစုံကို အဆင့် ၃ ဆင့် ခွဲခြားထားသည်။ ခန္ဓာကိုယ် နှိမ်နင်းခြင်း၊ စိတ် နှိမ်နင်းခြင်းနှင့် ဝိညာဉ် နှိမ်နင်းခြင်း တို့ ဖြစ်သည်။
ချန်ဖေး ရရှိထားသည်မှာ ခန္ဓာကိုယ် အပိုင်း ဖြစ်သည်။ အတွေ့အကြုံ တန်ဖိုးများ တိုးလာသည်နှင့်အမျှ ချန်ဖေး၏ ခန္ဓာကိုယ်သည် အဆက်မပြတ် တင်းမာလာပြီး ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးမှ ရူးသွပ်စွာ စုပ်ယူနေသည်။
"ဟူး..."
ချန်ဖေး ရေပူစမ်းထဲမှ ခေါင်းကို ရုတ်တရက် ဖော်လိုက်ရာ တစ်ခဏချင်းတွင် ချန်ဖေး၏ မျက်နှာမှာ ဖြူဖျော့သွားသည်။ ရေမွန်း၍ မဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားနှင့် သွေးများပါမကျန် ခုနက စုပ်ယူခံလိုက်ရသောကြောင့် ဖြစ်သည်။
"ထင်တဲ့အတိုင်းပဲ... ကျင့်ကြံဖို့အတွက် ဒွာရသန့်စင်ခြင်း အဆင့် လိုအပ်တာပဲ... ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်နဲ့ ကျင့်ကြံမယ် ဆိုရင် သိပ်မကျင့်ကြံနိုင်ဘဲ စုပ်ယူခံရပြီး ခြောက်ကပ်သွားလိမ့်မယ်..."
ချန်ဖေး အသက်အနည်းငယ် ရှူလိုက်ပြီး ခန္ဓာကိုယ်မှ ယားယံမှု အနည်းငယ်ကို ခံစားလိုက်ရသည်။
အကျိုးသက်ရောက်မှုက အတော်လေး သိသာပုံရသော်လည်း ဆက်လက် ကျင့်ကြံသင့် မသင့် ချန်ဖေးကို တွန့်ဆုတ်သွားစေသည်။
ချန်ဖေးသည် ယခု ဒွာရသန့်စင်ခြင်း အဆင့်တွင် မရှိသော်လည်း နာယွမ်ပုလဲကြောင့် သဘာဝစွမ်းအင်ကို စုပ်ယူနိုင်ပြီး ရှန်တင့်ယန်ကို သတ်ဖြတ်ခဲ့သဖြင့် ယခုအခါ နာယွမ်ပုလဲ နှစ်လုံး ရှိနေပြီ ဖြစ်သည်။
သို့သော် ဤသဘာဝစွမ်းအင်ကို ချန်ဖေးက အတွင်းအားအတွက် စုဆောင်းထားရန် ရည်ရွယ်သည်။ အကယ်၍ နဂါးဆင် နှိမ်နင်းခြင်းကို ပေးလိုက်ပါက ချန်ဖေး၏ ကျင့်ကြံမှုကို သေချာပေါက် ထိခိုက်စေလိမ့်မည်။
ချန်ဖေးသည် သိုင်းပညာ အဆင့်အတန်းမှာ အခြေခံအကျဆုံး အရာ ဖြစ်သည်ဟု အမြဲ ခံစားခဲ့ရသည်။ သူ့အဆင့်အတန်း လွှမ်းမိုးမှုကြောင့် ချန်ဖေး၏ ကိုယ်ဖော့ပညာနှင့် ဓားကွက်များ အားလုံး ကန့်သတ်ခံခဲ့ရသည်။ အကြောင်းမှာ သူ့ခန္ဓာကိုယ် 'ဟာ့ဒ်ဝဲ' က မလိုက်နိုင်သောကြောင့် ဖြစ်သည်။
အကယ်၍ ခြင်ဆီသန့်စင်ခြင်း အဆင့် (သို့မဟုတ်) အတွင်းကလီစာ သန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပါက... လက်ရှိ ကိုယ်ဖော့ပညာနှင့် ဓားသိုင်းများ ရှိနေလျှင်ပင် ချန်ဖေး၏ ခွန်အားသည် များစွာ မြင့်တက်လာပေလိမ့်မည်။
အကယ်၍သာ နှစ်ဦးစလုံး ခြင်ဆီသန့်စင်ခြင်း အဆင့်တွင် ရှိနေပါက ထိုနေ့က ချန်ဖေး၏ အမြန်နှုန်းသည် ရှန်တင့်ယန်ထက် သေချာပေါက် ပိုမြန်မည် ဖြစ်ပြီး ရှန်တင့်ယန်ကို ကြာမြင့်စွာကတည်းက ဖြတ်ကျော်သွားနိုင်မည် ဖြစ်သည်။ တိုက်ခိုက်လျှင်ပင် ဤမျှလောက် အထိနာမည် မဟုတ်ပေ။ ကြယ်တာရာ ဓားသိုင်းနှင့် ဒိုင်းကာ အကူအညီဖြင့် နိုင်မည်ဟု မပြောရဲသော်လည်း အနည်းဆုံးတော့ ရှုံးနိမ့်မည် မဟုတ်ပေ။
[ကျင့်စဉ် - နဂါးဆင် နှိမ်နင်းခြင်း အစပျိုး (၃/၅၀၀)]
ချန်ဖေး စနစ်ဘောင်ကွက်ကို တစ်ချက် ကြည့်လိုက်သည်။ ဒီနေ့သည် သဘာဝစွမ်းအင်ကို အသုံးမပြုလျှင် နဂါးဆင် နှိမ်နင်းခြင်းကို ကျင့်ကြံရန် မသင့်တော်ပေ။ သို့မဟုတ်ပါက ချန်ဖေး၏ ခန္ဓာကိုယ် ပြိုလဲသွားပေလိမ့်မည်။
ယခု ချန်ဖေးကို စိတ်ရှုပ်ထွေးစေသည်မှာ ဤဆယ်ရက်အတွင်း သဘာဝစွမ်းအင်ကို အသုံးပြုလျှင်ပင် ခြင်ဆီသန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည် မဟုတ်ပေ။ သို့သော် သဘာဝစွမ်းအင်ကို အသုံးပြု၍ နဂါးဆင်ကို ကျင့်ကြံပါက ကျွမ်းကျင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည် ဖြစ်သည်။
ထိုသို့ တွက်ချက်ကြည့်ပါက နဂါးဆင် နှိမ်နင်းခြင်းကို ကျင့်ကြံခြင်းက ချက်ချင်း လက်ငင်း နည်းလမ်း တစ်ခု ပိုရစေမည့်ပုံ ပေါ်သည်။
ခန္ဓာကိုယ် ကျင့်ကြံခြင်းသည် အမြဲတမ်း ပင်ပန်းသော အလုပ် ဖြစ်သည်။ မကောင်း၍ မဟုတ်ဘဲ ရလဒ်ထွက်ပေါ်ရန် အားထုတ်မှု များစွာ လိုအပ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ချန်ဖေး ကျင့်စဉ်များကို ရွေးချယ်သောအခါ ခန္ဓာကိုယ် ကျင့်စဉ်များကို မရွေးချယ်ခဲ့ပေ။ အကြောင်းမှာ သူ့တွင် အချိန်နှင့် ခွန်အား လုံလောက်မှု မရှိသောကြောင့် ဖြစ်သည်။ ခန္ဓာကိုယ် ကျင့်စဉ် အဆင့် မလုံလောက်ပါက ပြိုင်ဘက်၏ ဓားချက် တစ်ချက်ကို ခံနိုင်ရည် ရှိရန် မလုံလောက်သေးပေ။
ချန်ဖေး အချိန်အကြာကြီး တွေးတောပြီးနောက် နဂါးဆင် နှိမ်နင်းခြင်းကို ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ အဓိက အကြောင်းရင်းမှာ တစ္ဆေနယ်မြေ ဘက်တွင် ဤကဲ့သို့ ရေပူစမ်း နေရာမျိုး ရှာတွေ့နိုင်ခြေ အလွန် နည်းပါးသောကြောင့် ဖြစ်သည်။
ထိုသို့ ဖြစ်နေမှတော့ ကိုယ့်အတွက် အသက်ကယ် နည်းလမ်း တစ်ခု ပိုထားလိုက်ခြင်းက ကောင်းပေသည်။ အဘယ်ကြောင့်ဆိုသော် တစ္ဆေနယ်မြေသို့ သွားရမည် ဖြစ်ရာ ပထမနေ့မှ စ၍ အန္တရာယ်ကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ဆုံးဖြတ်ချက် ချပြီးနောက် ချန်ဖေးသည် ဤကောင်းကင်အဆင့် ဧည့်သည်အခန်း၏ အစီအရင်ငယ်ကို ဖွင့်လိုက်သည်။
ဟုတ်ပါသည်... ဤတည်းခိုခန်း၏ ကောင်းကင်အဆင့် အခန်းတွင် ရိုးရှင်းသော အစီအရင် တစ်ခု တပ်ဆင်ထားသည်။ ကာကွယ်ရေး လုပ်ဆောင်ချက် မပါရှိသော်လည်း အခြားသူများ ချောင်းမြောင်းကြည့်ရှုခြင်းကို တားဆီးနိုင်သည်။ တစ်စုံတစ်ယောက် ချောင်းမြောင်းကြည့်ရှုပါက သတိပေးချက် ထွက်ပေါ်လာမည် ဖြစ်သည်။
ပတ်ဝန်းကျင်တွင် ပုံမှန် မဟုတ်သော အရာ မရှိကြောင်း အတည်ပြုပြီးနောက် ချန်ဖေးသည် နာယွမ်ပုလဲနှင့် ကျောက်စိမ်းဆွဲပြားကို တပြိုင်နက်တည်း အသက်သွင်းလိုက်သည်။ နောက်တစ်ခဏ၌ သဘာဝစွမ်းအင် လှိုင်းတစ်ခုကို ချန်ဖေးက ခန္ဓာကိုယ်ထဲသို့ ဆွဲယူလိုက်ရာ ပတ်ဝန်းကျင် ရေမျက်နှာပြင်တွင် လှိုင်းဂယက်ငယ်များ ဖြစ်ပေါ်လာသည်။
ခန္ဓာကိုယ်အတွင်း ထုန်ယွမ်ကျင့်စဉ် အလိုအလျောက် လည်ပတ်မှုကို တားဆီးရင်း ချန်ဖေး ခေါင်းကို ရေပူစမ်းအောက်သို့ နှစ်လိုက်သည်။
သဘာဝစွမ်းအင်များသည် ချန်ဖေး၏ ခန္ဓာကိုယ်ထဲတွင် သောင်းကျန်းနေသော်လည်း ချက်ချင်းပင် ချန်ဖေး၏ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးမှ ဆွဲငင်အား တစ်ခု ထွက်ပေါ်လာပြီး သဘာဝစွမ်းအင် အားလုံးကို အသားနှင့် သွေးထဲသို့ အရည်ဖျော်လိုက်သည်။
ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ၅ ဆင့် ကဲ့သို့ပင် ဤနဂါးဆင်၏ ခန္ဓာကိုယ် နှိမ်နင်းခြင်း ကျင့်ကြံမှု အဆင့်သည်လည်း အရေပြားနှင့် ကြွက်သားများမှ စတင်ပြီး နောက်ဆုံးတွင် အတွင်းကလီစာများထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားသည်။
၁၅ မိနစ် မပြည့်ခင်မှာပင် ချန်ဖေး ခေါင်းဖော်လိုက်ပြီး ခန္ဓာကိုယ်မှ မသိမသာ ပြောင်းလဲမှုများကို ခံစားလိုက်ရသည်။ ချန်ဖေး တွေးတော ဆင်ခြင်လိုက်မိ၏။
ကုန်သွားသော နာယွမ်ပုလဲကို လဲလှယ်ပြီးနောက် ချန်ဖေး ကျန်ရှိနေသော စိတ်စွမ်းအားကို ခံစားကြည့်ရာ တစ်ကြိမ်ခန့် ထပ်မံ အသုံးပြုနိုင်သေးကြောင်း သိလိုက်ရသည်။
အချိန်မဆွဲဘဲ နာယွမ်ပုလဲ၏ အလင်းစက်ဝန်း လက်သွားပြီးနောက် ကွဲကြေသွားကာ ယခင်ကထက် သေးငယ်သော သဘာဝစွမ်းအင်ကို စုပ်ယူလိုက်သည်။ ချန်ဖေး ခေါင်းထဲမှ စူးခနဲ နာကျင်မှုကို ကြိတ်မှိတ်ခံစားရင်း ရေပူစမ်းအောက်သို့ ခေါင်းပြန်နှစ်လိုက်သည်။
ရှစ်ရက် ဆက်တိုက် ချန်ဖေး ဘယ်မှ မသွားဘဲ ဤတည်းခိုခန်းတွင်သာ နေထိုင်ခဲ့သည်။ ထမင်းစားချိန် သုံးကြိမ်မှ လွဲ၍ ကျန်အချိန်များ အားလုံးကို ကျင့်ကြံမှု အမျိုးမျိုးအတွက် အသုံးပြုခဲ့သည်။
သဘာဝစွမ်းအင်ကို နဂါးဆင် ကျင့်ကြံရန် အသုံးပြုခဲ့သော်လည်း ဆေးလုံးများနှင့် ထုန်ယွမ်ကျင့်စဉ် စတုတ္ထအဆင့်ကြောင့် အဆင့် ကန့်သတ်ချက် လျော့ကျသွားခြင်းက ချန်ဖေး၏ အဆင့်ကို ခြင်ဆီသန့်စင်ခြင်း အဆင့်သို့ တွန်းပို့ပေးခဲ့သည်။
ထို့အပြင် နဂါးဆင် နှိမ်နင်းခြင်း လေ့ကျင့်မှု၏ အကျိုးသက်ရောက်မှုမှာလည်း ချန်ဖေး မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေသဖြင့် ချန်ဖေး သူ့ရွေးချယ်မှုအတွက် အနည်းငယ် ကျေးဇူးတင်မိသည်။
ချန်ဖေး ရေပူစမ်း ရှေ့တွင် ရပ်လိုက်ရာ ရေမျက်နှာပြင်ပေါ်တွင် ချန်ဖေး၏ လက်ရှိ ပုံရိပ် ထင်ဟပ်နေသည်။
လွန်ခဲ့သော ရှစ်ရက်ကနှင့် နှိုင်းယှဉ်လျှင် ချန်ဖေး၏ ပုံရိပ်မှာ အတော်လေး ပြောင်းလဲသွားသည်။ ယခင်က မည်းနက်သော အသားအရေသည် ယခုအခါ ပိုမို ဖြူဝင်းလာသည်။
ပိုမို သိသာသည်မှာ မျက်နှာသွင်ပြင်များ ဖြစ်သည်။ ယခင်က ချန်ဖေးသည် သာမန်လူတစ်ယောက်နှင့် တကယ် တူသည်။ မည်းနက်သော မျက်နှာနှင့် ပေါင်းစပ်လိုက်သောအခါ သူ့ရုပ်ရည်မှာ အလွန် သာမန်ကျသည်ဟု ပြောနိုင်သည်။ နောက်ပိုင်းတွင် ကျင့်ကြံမှု အဆင့် တိုးတက်လာသောကြောင့်သာ လူက ပိုမို အရပ်ရှည်ပြီး ဖြောင့်မတ်လာခြင်း ဖြစ်သည်။
သို့သော် ယခုအခါ ရေမျက်နှာပြင်ပေါ်တွင် ထင်ဟပ်နေသော လူ၏ မျက်နှာသွင်ပြင်များမှာ အတော်လေး ပေါ်လွင်နေသည်။ တစ်ချက် ကြည့်လျှင် ယခင်ကနှင့် ဘာမျှ မပြောင်းလဲသကဲ့သို့ ထင်ရသည်။ သို့သော် သေချာ ကြည့်လိုက်ပါက ကြည့်လေ ကြည့်လေ ပိုစိတ်ဝင်စားစရာ ကောင်းလေ ဖြစ်လာသည်။
ချန်ဖေး ချောမောသည် ဖြစ်စေ၊ မချောမောသည် ဖြစ်စေ ချန်ဖေး ဘယ်တုန်းက ဂရုစိုက်ခဲ့ဖူးသနည်း။ အပေါ်ယံဆန်လိုက်တာ...။
ချန်ဖေး ပါးကို စမ်းကြည့်လိုက်ပြီး တစ်ဖက်သို့ လှည့်ကာ ရောင်ပြန်ဟပ်နေသော သူ့ပုံရိပ်ကို ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု မဖြစ်မနေ ပေါ်လာရသည်။
ရုပ်ရည် ပြောင်းလဲမှု အပြင် ဤအခိုက်အတန့်၌ ချန်ဖေး၏ ခန္ဓာကိုယ်ထဲတွင် ပါဝင်သော စွမ်းအားမှာ အများကြီး တိုးလာခဲ့သည်။ နှိုင်းယှဉ်ကြည့်ရလျှင် လက်ရှိ ချန်ဖေးသည် ဧရာမ အားခွန်ဗလ အခြေအနေကို အချိန်တိုင်း ဖွင့်ထားသည်နှင့် တူနေသည်။
အကယ်၍ ဧရာမ အားခွန်ဗလ၏ ဂုဏ်သတ္တိများကို ထပ်ပေါင်းလိုက်ပါက ချန်ဖေး၏ ခွန်အားသည် အလွန် မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားပေလိမ့်မည်။
ခွန်အားသာမက ချန်ဖေး၏ အာရုံခံစားမှု ငါးမျိုးမှာလည်း ပိုမို ထက်မြက်လာပြီး ပတ်ဝန်းကျင်ရှိ မသိမသာ ခံစားမှုများကို အလွန် ရှင်းလင်းစွာ သိရှိလာသဖြင့် ချန်ဖေး၏ သတိရှိမှုမှာ အလွန် အားကောင်းလာသည်။
"ရွှစ်..."
ဓားသွားက လေထုကို ဖြတ်သန်း၍ အသံမြည်သွားပြီး ချန်ဖေး လက်ထဲမှ ဓားရှည်ကို တည်ငြိမ်စွာ ပြန်ရုပ်သိမ်းလိုက်သည်။
နဂါးဆင် နှိမ်နင်းခြင်းက ချန်ဖေး၏ ခန္ဓာကိုယ် ထိန်းချုပ်မှုကို တိုးတက်စေခဲ့သည်။ တိုက်ရိုက် ပြသမှုမှာ ဓား ၅ ကွက်သည် ပုံမှန် ဓားကွက် တစ်ခု ဖြစ်လာပြီး ချန်ဖေး အလွယ်တကူ အသုံးပြုနိုင်ပြီ ဖြစ်သည်။
ဓား ၆ ကွက်သည် အသုံးပြုပြီးနောက် ခန္ဓာကိုယ် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ဖူးပြီး ယခုထိ ဝန်ထုပ်ဝန်ပိုး ဖြစ်နေဆဲ ဖြစ်သည်။
ခန္ဓာကိုယ် ထိန်းချုပ်မှုသည် လှုပ်ရှားမှု အမျိုးမျိုးအတွက် ခန္ဓာကိုယ် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးခြင်းနှင့် လဲလှယ်လိုက်ခြင်း ဖြစ်သည်။
ရှစ်ရက်အတွင်း ချန်ဖေး၏ ကျင့်ကြံမှုသည် ခြင်ဆီသန့်စင်ခြင်း အဆင့်သို့ မရောက်ရှိသေးသော်လည်း သူ့တိုက်ခိုက်ရေး စွမ်းရည်မှာ အစောပိုင်း ကာလနှင့် နှိုင်းယှဉ်လျှင် အများကြီး တိုးတက်လာခဲ့သည်။
[ကျင့်စဉ် - နဂါးဆင် နှိမ်နင်းခြင်း အစပျိုး (၃၂၅/၅၀၀)]
"နဂါးဆင် နှိမ်နင်းခြင်းက တကယ်တော့ တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတာလား..."
ချန်ဖေး စနစ်ဘောင်ကွက်ပေါ်မှ သတင်းအချက်အလက်ကို ကြည့်ပြီး အနည်းငယ် နှမြောတသ ဖြစ်မိသည်။
ယခုမှ အစပျိုး အဆင့်သာ ရှိသေးပြီး ကြီးမားသော ပြောင်းလဲမှုကို ပေးစွမ်းနိုင်ခဲ့သည်။ အနာဂတ်တွင် ဆက်လက် ကျင့်ကြံပါက ချန်ဖေးအတွက် အကျိုးကျေးဇူး ပိုမို ယူဆောင်လာမည်မှာ သေချာသည်။
ချန်ဖေး ဓားရှည်ကို သိမ်းလိုက်ပြီး ဂိုဏ်းသို့ ပြန်ရန် လိုအပ်သည်။
ရက်ပေါင်းများစွာ လေ့ကျင့်ပြီးနောက် ဆူးဓားသိုင်းသည် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ နဂါးဆင် နှိမ်နင်းခြင်းသည် နောက်တစ်ရက်တွင် အများကြီး တိုးတက်လာနိုင်မည် မဟုတ်ပေ။ ပိုအရေးကြီးသည်မှာ ချန်ဖေး ပစ္စည်းအချို့ ဝယ်ယူရန် လိုအပ်ပြီး ယနေ့ ဂိုဏ်းသို့ မဖြစ်မနေ ပြန်ရမည် ဖြစ်သည်။
မနက်ဖြန် မနက်စောစော ထွက်ခွာရမည် ဖြစ်ရာ ချန်ဖေး နောက်ကျသွားပါက မည်မျှ အထင်လွဲမှားမှုများ ဖြစ်ပေါ်လာမည်နည်း။
နာရီဝက်ခန့် ကြာပြီးနောက် ချန်ဖေးသည် ဆိုင်တစ်ဆိုင်မှ ထွက်လာပြီး လက်ထဲတွင် အားကောင်းသော လေးတစ်လက် ကိုင်ထားသည်။
နဂါးဆင် နှိမ်နင်းခြင်း ကျင့်ကြံမှုကြောင့် မူလ လေးမှာ အနည်းငယ် အားပျော့သွားပြီး ချန်ဖေး၏ ခွန်အား အားသာချက်ကို မပြသနိုင်တော့ပေ။ ပြီးတော့ ခြင်ဆီသန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်ဝင်ရောက်တော့မည် ဖြစ်ရာ ထိုအချိန်ကျလျှင် ခွန်အားက ထပ်တိုးလာဦးမည် ဖြစ်သည်။ ထို့ကြောင့် ရောက်မှ လေးမရှိ ဖြစ်မနေစေရန် လေးကို အရင် လဲလှယ်ထားခြင်း ဖြစ်သည်။
တစ်နာရီခန့် ကြာပြီးနောက် ချန်ဖေး ဂိုဏ်းသို့ ပြန်ရောက်လာပြီး ဖုန်းရှူးဖူနှင့် ကောလင်းရှန်ကို တစ်ကြိမ် သွားတွေ့လိုက်သည်။
"ဂျူနီယာညီလေး... မင်းအတွက် အဖွဲ့ကောင်း တစ်ဖွဲ့ ရှာတွေ့ထားပြီးပြီ... တစ်ဖက်လူကလည်း မင်းကို အဖွဲ့ထဲ လက်ခံဖို့ သဘောတူတယ်..." ကောလင်းရှန်က ချန်ဖေးကို ကြည့်ပြီး ပြုံးလျက် ပြောလိုက်သည်။
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာတူအစ်ကို..." ချန်ဖေး လက်နှစ်ဖက် ယှက်လိုက်သည်။
"ဂျူနီယာညီလေး... မင်းကို မတွေ့တာ ရက်နည်းနည်းပဲ ရှိသေးတယ်... ဘာလို့ ပြောင်းလဲသွားသလို ခံစားရတာလဲ..." ကောလင်းရှန်က ချန်ဖေး၏ မျက်နှာကို စိုက်ကြည့်ရင်း ခေါင်းကို ထူးဆန်းစွာ ကုတ်လိုက်မိသည်။
ဂျူနီယာညီလေး ရုပ်ဆိုးသွားသည်ဟု အမြဲ ခံစားနေရသည်။ မည်းမည်းသန်သန်နှင့် ရှိစဉ်က ဘယ်လောက် ကြည့်ကောင်းလိုက်သလဲ။ အခု ဘာလို့ ဒီလောက် သန့်ရှင်းနေရတာလဲ။
နောက်တစ်နေ့ နံနက်စောစော၌ လူရာပေါင်းများစွာသည် ဂိုဏ်း၏ သိုင်းလေ့ကျင့်ရေးကွင်းတွင် စုဝေးရောက်ရှိနေကြပြီး ၎င်းတို့ အားလုံးမှာ ဤတစ်ခေါက် တစ္ဆေနယ်မြေသို့ သွားရောက်မည့် တပည့်များ ဖြစ်ကြသည်။
"ကောဟုန်ကျဲ... ဒါ ချန်ဖေးပါ... တစ္ဆေနယ်မြေရောက်ရင် မင်းပဲ သူ့ကို စောင့်ရှောက်ပေးလိုက်ပါ..." ကောလင်းရှန်က ချန်ဖေးကို သန်မာသော လူတစ်ယောက်ထံ ခေါ်ဆောင်သွားသည်။
ကောဟုန်ကျဲ ခေါင်းမော့လိုက်ပြီး ချန်ဖေးကို အထက်အောက် ကြည့်လိုက်ကာ ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ ထို့နောက် ခေါင်းပြန်ငုံ့သွားပြီး သူ့ပစ္စည်းများကို စတင် စီစဉ်နေတော့သည်။
"သူက ဒီလိုပဲ... မျက်နှာက အေးစက်ပေမဲ့ အတွင်းစိတ်က နွေးထွေးတယ်..." ကောလင်းရှန်က ချန်ဖေးကို အနည်းငယ် ရှက်ရွံ့စွာ ရှင်းပြလိုက်သည်။