အဋ္ဌမမြောက်ဂူအတွက် ဧကရာဇ်အသစ်လိုအပ်ခြင်း
Vol. 39 Ch. 384
ဝူထုံတောင်ခြေရှိ လူသူကင်းမဲ့သော လမ်းကြားလေးတွင်
ကျန်းချိုလန်သည် တောင်တန်းများကြားမှ ဖြည်းညှင်းစွာ လျှောက်ထွက်လာပြီး မော့ကြည့်လိုက်ရင်း သူမ၏မျက်နှာထားသည် ချက်ချင်း လေးနက်သွား၏။
သူမ၏မျက်စိရှေ့တွင် ဆံပင်များ ဖရိုဖရဲနှင့် ညစ်ပေနေသော အမျိုးသမီးတစ်ဦး ရှိနေသည်။ ထိုအမျိုးသမီး၏ဘယ်ဘက်ပခုံးနှင့် လက်မောင်းတစ်ခုလုံး ပြတ်တောက်နေပြီး ကြည့်ရသည်မှာ အလွန်အမင်းစိတ်ပျက်အားငယ်ဖွယ် ကောင်းလှ၏။
"စီနီယာ လင်းရှီ... ဆရာ သတိရလာပါပြီ။"
ကျန်းချိုလန်သည် ဘေးသို့ အနည်းငယ် ဖယ်ပေးလိုက်ပြီး လမ်းဖွင့်ပေးလိုက်သည်။
"အင်း။"
အစစ်အမှန်ပုဂ္ဂိုလ်လင်းရှီ သည် ကျန်းချိုလန်ကို တစ်ချက်ကြည့်လိုက်သော်လည်း ပုံမှန်မဟုတ်ဘဲ လူသူကင်းမဲ့သော လမ်းကြားအတိုင်းဆက်မလျှောက်တော့ပေ။ သူမ ခေါင်းတစ်ချက်သာ ငြိမ့်ပြပြီး ကျန်းချိုလန်ကိုကျော်ကာ တောင်ပေါ်လမ်းအတိုင်း သူမ၏တဲအိမ်ဆီသို့ ဦးတည်လျှောက်သွားလေ၏။
ထိုအချိန်တစ်လျှောက်လုံး သူမ၏ မျက်နှာထားသည် ကြောင်တောင်တောင် ဖြစ်နေသည်။
တစ်စုံတစ်ယောက်ကို ဖြတ်ကျော်သွားသည့် အချိန်အထိပင်။
ထိုအခါမှ သူမ ရပ်တန့်သွားသည်။
နောက်သို့ လှည့်ကြည့်လိုက်သောအခါ လီချင်းဖုန်း သည် သူမအား မျက်တောင်ခတ်လျက် ကြည့်နေသည်ကို တွေ့လိုက်ရ၏။
"..."
အစစ်အမှန်ပုဂ္ဂိုလ်လင်းရှီ၏ နှလုံးသား ရုတ်တရက် နာကျင်သွားသည်။
သူမသည် ကျန်ရှိနေသောလက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လီချင်းဖုန်း၏အံ့အားသင့်နေသော အကြည့်အောက်တွင် သူ၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
ထို့နောက် တံတွေးတစ်ချက်မြိုချကာ ခြေလှမ်းများကို အရှိန်မြှင့်ပြီး တောင်ပေါ်သို့ဆက်တက်သွားလေ၏။
သူမသည် ထုံရှင်းချွမ် နှင့် မြောင်ချင်းဟွေ့တို့၏ တဲအိမ်များကို ဖြတ်ကျော်သွားသည်။ အတွင်းမှ ကုသခြင်းအရှိန်အဝါများကို အာရုံခံမိပြီးနောက် နောက်ဆုံးတွင် သူမ၏ တဲအိမ်ရှေ့သို့ ရောက်ရှိလာသည်။
သို့သော် တံခါးဝတွင် အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသောပုံရိပ်တစ်ခု ရပ်နေသည်ကို တွေ့လိုက်ရ၏။
နီကျွင်းသည် လက်ကိုနောက်ပစ်လျက် ရပ်နေပြီး လင်းရှီ၏သနားစရာကောင်းသော ခန္ဓာကိုယ်ကို စိုက်ကြည့်နေသည်။သူ၏အသံမှာ တည်ငြိမ်သော်လည်း အေးစက်စက်နိုင်လှ၏။
"ဘာဖြစ်ခဲ့တာလဲ။"
အတိတ်တုန်းကသာဆိုလျှင် လင်းရှီသည် သူ့ကိုယ်သူစီနီယာအစ်ကိုကြီးဟု ထင်မှတ်နေသော သူ့ကို သေချာပေါက် လှောင်ပြောင်မိလိမ့်မည်။
သို့သော် ယခုအချိန်တွင်မူ သူမစကားတစ်ခွန်းမျှ မဆိုဘဲ နီကျွင်းကို တိုးဝှေ့ကျော်ဖြတ်ကာ တဲအိမ်ထဲသို့ဝင်သွားပြီး တံခါးကို ဝုန်းခနဲ ပိတ်ချလိုက်လေ၏။
"..."
နီကျွင်းသည် သစ်သားတံခါးကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
မောက်မာသော ဤအမျိုးသမီးထံမှ ဤမျှ စိတ်ဓာတ်ကျနေသောအမူအရာမျိုး သူ တစ်ခါမှ မမြင်ဖူးပေ။
ဤလူများ သူ့ကွယ်ရာတွင် မည်သည့်အရာများ လျှို့ဝှက်လုပ်ဆောင်နေကြသနည်း။
သူ လက်သီးကို အနည်းငယ်ဆုပ်လိုက်ပြီး သူ့ခြေရင်းကို အေးစက်စွာငုံ့ကြည့်လိုက်သည်။ သူ၏ မျက်လုံးများသည် တောင်ကို ဖောက်ထွင်းပြီး အောက်ဘက်ရှိ ရေတံခွန်လိုဏ်ဂူထဲသို့ တိုက်ရိုက် ရောက်သွားသကဲ့သို့ပင်။
ကျင့်ကြံခြင်းများ မြင့်မားပါလျက်ဖြင့် လှောင်အိမ်ထဲမှ ငှက်တစ်ကောင်ကဲ့သို့ဖြစ်နေပါသကော။
အချိန်ကြာမြင့်စွာ တွေးတောပြီးနောက် သူ လှည့်ထွက်သွားလေသည်။
တံခါးအပြင်ဘက်မှခြေသံများ တဖြည်းဖြည်း ဝေးကွာသွားသည်ကို နားထောင်ရင်း လင်းရှီသည် ပျော့ပျောင်းသော ကုတင်ပေါ်တွင် လှဲချလိုက်၏။ ကျောက်စိမ်းခေါင်းအုံးကို လက်တစ်ဖက်ဖြင့် ဖက်ထားရင်း သူမ၏ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရီလာသည်။
မျက်ရည်များ ထပ်မံ၍ ထိန်းချုပ်မရဘဲ စီးကျလာပြန်သည်။
သူမ ခုနက မြင်ခဲ့ရသမျှ အရာအားလုံးသည် အခြားဘဝတစ်ခုလို ခံစားနေရသည်။
ရပါတယ်... သူတို့အားလုံး အဆင်ပြေနေကြတာပဲ...
သူမ အကြောင်းရင်းများကို မမေးမြန်းချင်တော့ပေ။
အိပ်မက်လေးပျက်စီးသွားမည်ကို ကြောက်ရွံ့နေမိ၏။
တိတ်တဆိတ်အိပ်လိုက်ခြင်းကသာ ကောင်းပေသည်။ နိုးလာသည့်အခါ နတ်ဆိုးတစ်ထောင်ဂူတွင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို မေ့ပစ်လိုက်တော့မည်။
ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ် အကြောင်းအပါအဝင်၊ ချောက်နက်ပင့်ကူဧကရာဇ် အကြောင်းပါ အကုန်လုံးမေ့ပစ်တော့မည်။
သူတို့နှင့် နောက်ထပ်မပက်သက်တော့ပေ။
လင်းရှီမျက်လုံးများကို မှိတ်လိုက်ရာ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွား၏။ အချိန်အတော်ကြာပြီးနောက် သူမ၏မျက်လုံးများ ဗလာသက်သက်ဖြင့် ပွင့်လာသည်။
ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာထားသည် သူမရှေ့တွင် ပေါ်လာသည်။
ရုတ်တရက်၎င်းသည် တုန်ခါသွားပြီး ဖရိုဖရဲ ဆံပင်နက်များအောက်မှ ခန့်ညားသော လူငယ်လေး၏ မျက်နှာအဖြစ် ပြောင်းလဲသွား၏။
ပုံရိပ်နှစ်ခုစလုံးသည် တစ်ခုနှင့်တစ်ခု ထပ်နေသည်။
နောက်ဆုံးတွင် ၎င်းတို့သည် ချောက်နက်ပင့်ကူဧကရာဇ်ကို ပိတ်ဆို့ထားသောကြီးမားသည့် ပုံရိပ်ကြီးနှင့် ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသော တောက်ပသည့် သွေးနီရောင်မှင်စက်များအဖြစ် ပေါင်းစပ်သွားလေသည်။
သူမ ကျောက်စိမ်းခေါင်းအုံးကို လွှတ်လိုက်ပြီး လက်ဖဝါးရင်းကို ရုတ်တရက်ကိုက်ချလိုက်၏။
ထိုနာကျင်မှုအောက်တွင် အစစ်အမှန်ပုဂ္ဂိုလ်လင်းရှီ ၏ မျက်လုံးများ၌ ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။
နတ်ဆိုးတစ်ကောင်အပေါ် ဒီလို စွဲလမ်းတဲ့ အတွေးတွေရှိနေတာ သူမ တကယ် ရူးနေပြီပဲ။
အကယ်၍ သူမ၏ဆရာ သို့မဟုတ် နီကျွင်းသာ သိသွားခဲ့လျှင် ဂိုဏ်း၏ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် သူမကိုဓားဖြင့် ခုတ်သတ်ရန် ဝန်လေးကြမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ နတ်ဆိုးတစ်ထောင်ဂူသည် ဝူထုံတောင်နှင့် သေခြင်းရှင်ခြင်းရန်ငြိုးရှိထားသည် မဟုတ်ပါလား။
...
နတ်ဆိုးတစ်ထောင်ဂူ၊ ဝိညာဉ်ဆေးဥယျာဉ်
ရွှေတောင်ပံနတ်ဆိုးဧကရာဇ် သည် မိုးမြေရတနာများအပုံလိုက်ကို ပစ်ချလိုက်ပြီး သတိပေးလိုက်၏။
"နင် စားပဲစားလို့ရမယ်၊ ယူသွားလို့ မရဘူး။ ဒါ ခွေးအိုကြီးသတ်မှတ်ထားတဲ့ စည်းကမ်းပဲ။"
ရှန်းယီသည် ကိုယ်ကိုမတ်လိုက်ပြီး ဟိုတစ်စ ဒီတစ်စ ပုံထားသော အဖိုးတန်ဆေးများကို ကြည့်လိုက်၏။
သူ၏မျက်နှာထား တည်ငြိမ်နေသော်လည်း သူ၏ စိတ်ထဲတွင် ချင်းချိုဘိုးဘေး၏ အော်ဟစ်သံများ ပဲ့တင်ထပ်နေသည်။
"သခင်ကြီး အာရုံရှုပ်ထွေးခြင်းဆေးလုံး ဖော်စပ်ဖို့ ပါဝင်ပစ္စည်းတွေပဲ၊ဟို အစိမ်းရောင်ပန်းပွင့်နဲ့ သွေးရောင်အသီး အဲဒါတွေ အကုန်လုံးက သက်တမ်းကာရှည်နေတဲ့ အဖိုးတန်ဆေးတွေချည်းပဲ"
ရတနာမြေကို ကိုယ်တိုင်ခြေမချဖူးသေးသမျှ ကာလပတ်လုံး၊ ပြင်ပမှ ကျင့်ကြံသူတစ်ဦး အနေဖြင့် နတ်ဆိုးတစ်ထောင်ဂူ၏ ဖြုန်းတီးနိုင်စွမ်းကို နားလည်နိုင်မည် မဟုတ်ပေ။
သူတို့သည် မည်သည့်ဆေးလုံးကိုမျှ ဖော်စပ်ရန် မလိုသလို ဆေးစွမ်းအင် မည်မျှဆုံးရှုံးသွားသည်ကိုလည်း ဂရုမစိုက်ကြပေ။ မည်သို့ပင်ဖြစ်စေ သူတို့က အကုန်လုံးကိုဝါးမြိုပစ်လိုက်ရုံဖြင့် ကြီးထွားလာနိုင်ကြသည် မဟုတ်ပါလား။
ဗိုက်မနာသရွေ့ အဆင်ပြေသည်။
ရှန်းယီသည် လက်ဝှေ့ယမ်းကာ ဆေးတစ်ဆုပ်ကို ယူပြီး ပါးစပ်ထဲထိုးထည့်လိုက်သည်။
ဝါးစားချင်ယောင် ဆောင်နေစဉ်မှာပင် သူသည် နန်ယန်အသွင်ပြောင်းကျင့်စဉ်၏ ဖုံးကွယ်နိုင်စွမ်းကို အသုံးပြုပြီး ဤအဖိုးတန်ဆေးများ အားလုံးကို သူ၏သိုလှောင်ရတနာထဲသို့ သိမ်းဆည်းလိုက်၏။
သူ ဒုတိယအကြိမ်လက်ဝှေ့ယမ်းရန် ပြင်လိုက်စဉ်မှာပင် ရွှေတောင်ပံနတ်ဆိုးဧကရာဇ်သည် သူ့ကို ဖင်ဖြင့် ဖိချလိုက်၏။
"နင်ရူးနေလား။ ဒီလောက်များတဲ့ ဆေးစွမ်းအင်တွေရောထွေးနေတာကို... ဖြည်းဖြည်းချင်း အစာချေပါရစေဦး" ဟု သူမက ပြောလိုက်သည်။
"..."
ရှန်းယီသည် သူ့လက်မောင်းပေါ်ထိုင်နေသော ဆွဲဆောင်မှုရှိသည့် အမျိုးသမီးကို ကြည့်ပြီး ဘေးသို့ ပေါ့ပေါ့ပါးပါး ပစ်လိုက်၏။
သူ့တွင် ရွေးချယ်စရာမရှိတော့သဖြင့် ခြေချိတ်ထိုင်ကာ အစာချေဖျက်ချင်ယောင် ဆောင်လိုက်ရသည်။
လက်ထဲတွင် ကျင့်စဉ်အချို့ရရှိထားပြီး ချောက်နက်ပင့်ကူဧကရာဇ်၏ အကူအညီပါ ရထားသဖြင့် သူလိုအပ်နေသည်မှာ ကျင့်ကြံခြင်းအဆင့် သာ ဖြစ်သည်။
တာအိုနန်းတော်ကျင့်စဉ်သည် ဟင်းလင်းပြင် လျှောက်လှမ်းခြင်းအဆင့်ရောက်မှ အစစ်မှန်စွမ်းရည်ထုတ်ပြနိုင်မည့် နတ်စွမ်းရည်ဖြစ်ပြီး သင်ယူနိုင်လျှင်ပက် အသုံးပြုရသည်မှာ အလွန်ပင်ပန်းခက်ခဲသည်။
ရှန်းယ္၏ကျင့်ကြံခြင်းလမ်းစဉ်မှာ အလွန်ကြမ်းတမ်းပြီး သူသည် အမြုတေဖွဲ့စည်းခြင်းနည်းစနစ်ဖြင့် အတင်းအဓမ္မအဆင့်တက်ခဲ့ရသည်။ ထို့ကြောင့် နတ်ဘုရားစိတ်ဝိညာဉ်အစောပိုင်းအဆင့်မှ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိရန် ကျင့်စဉ်အပိုင်းတွင် ကွာဟချက်ဖြစ်ပေါ်နေသဖြင့် ဆေးဝါးများ၏စွမ်းအားဖြင့်သာ ဖြည့်ဆည်းနိုင်မည်။
ကျွတ် သူ အပြင်ထွက်ဖို့ အခွင့်အရေးရှာရပြန်တော့မယ်။
"နင် တိရစ္ဆာန်လိုပြုမူတာကို ရပ်လိုက်လို့ မရဘူးလား။"
အဝေးသို့လွင့်စင်သွားသော ရွှေတောင်ပံ နတ်ဆိုးဧကရာဇ်သည် လေထဲတွင် အတောင်ပံခတ်နေသည်။ သူမ၏ စိတ်ထားအရဆိုလျှင် သူ့ကို ရိုက်ပုတ်ပြီးလောက်ပြီဖြစ်၏။
သို့သော် ပြင်းထန်သော ယဒဏ်ရာများဖြင့် သေလုမျောပါးဖြစ်နေသော သနားစရာ ခြင်္သေ့ကို ကြည့်ပြီး၊ဤအခြေအနေ ဖြစ်ရခြင်းမှာ သူမ၏အမှားလည်းပါဝင်သည်ကို တွေးမိသဖြင့်၊သူမ ဒေါသကို အတင်းအဓမ္မ ထိန်းချုပ်လိုက်ပြီး မျက်စောင်းထိုးလိုက်၏။
"နင်က တကယ်ပဲကြင်နာမှုကို တန်ဖိုးထားရကောင်းမှန်း မသိပါလား။"
ရွှေတောင်ပံ နတ်ဆိုးဧကရာဇ်သည် မြေကြီးပေါ်သို့ ဆင်းသက်လိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ ပြန်လှည့်ကြည့်လိုက်သည်။
"နင်... အဋ္ဌမမြောက်ဂူကို စိတ်ဝင်စားလား။"
ဤစကားကို ကြားသောအခါ ရှန်းယီသည် သူ၏ ရွှေရောင်မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
အမှန်အတိုင်းပြောရလျှင် သူသည် ကျမ်းစာတိုက် ရှိ ထုတ်ဖော်ပြသထားသော ကျင့်စဉ်ထက်ဝက်ခန့်ကိုဖတ်ရှုပြီးပြီဖြစ်ကာ အတော်လေး ကျေနပ်နေပြီ ဖြစ်သည်။
သို့သော် အလျင်စလိုရှာဖွေခြင်းနှင့် ချောက်နက်ပင့်ကူဧကရာဇ်ကိုယ်တိုင် သင့်တော်သော ပေါင်းစပ်မှုကို ရွေးချယ်ပေးခြင်းတို့သည် ကွာခြားမှု ရှိနေသေးသည်။
သူ ကိုယ်တိုင် အသုံးမပြုနိုင်လျှင်ပင် မဟာချန်သို့ ပြန်ယူသွားခြင်းသည် ရွေးချယ်မှုကောင်းတစ်ခု ဖြစ်သည်။
"ထင်တဲ့အတိုင်းပဲ၊နင့် ဦးနှောက်က ဒီကိစ္စတွေကိုပဲ နားလည်နိုင်တာကိုး" ဟု သူမက ပြောလိုက်၏။
သူမ၏မျက်လုံးများတွင် စိတ်ပျက်အားလျော့မှုများ ပေါ်လာပြီး ဆက်ပြောသည်။
"ပင့်ကူဧကရာဇ် သေသွားပြီ။ကျမ်းစာတိုက်ကို စောင့်ရှောက်ဖို့ လူလိုသေးတယ်။ ပင့်ကူဧကရာဇ် လက်အောက်က စစ်သူကြီးတစ်ဦး အနေနဲ့ ယုတ္တိအရဆိုရင် နင်က အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်သင့်တယ်။"
"ဒါပေမဲ့ နတ်ဆိုးတစ်ထောင်ဂူမှာ ငါတို့က မျက်နှာသာပေးတာမျိုး မရှိဘူး၊ အင်အားချင်း ယှဉ်ပြိုင်ကြတာ။"
"မဟာနတ်ဆိုးဧကရာဇ်ဆယ်ပါးထဲက တစ်ပါးဖြစ်လာဖို့ နင့်မှာလိုအပ်ချက် နည်းနည်း ရှိနေသေးတယ်" ဟု သူမက အနည်းငယ် လှောင်ပြောင်သလို ပြောလိုက်၏။
ထိုလှောင်ပြောင်သံပါသော စကားများကိုကြားသော်လည်း ရှန်းယီသည် တိတ်ဆိတ်စွာ ထိုင်နေသည်။
သူမက စကားစလာပြီဆိုတော့ အခြားနည်းလမ်းတစ်ခု ရှိကိုရှိရမည်။
"ဟွန့်၊ နင်က တော်တော်တည်ငြိမ်သားပဲ" ဟု ရွှေတောင်ပံ နတ်ဆိုးဧကရာဇ်က အသာအယာ မဲ့ရွဲ့လိုက်ပြီး သူ့နားနားသို့တိုးကပ်လာ၏။
"သေချာ နားထောင်၊ နင့်အပြင် အရည်အချင်းအရှိဆုံးက ၁၁ ခုမြောက်ဂူက ခြေတစ်ထောင်နတ်ဆိုးဧကရာဇ်ပဲ။ သူက ဘိုင်ဟုန် အရမ်းယုံကြည်အားထားရတဲ့ နတ်ဆိုးတစ်ကောင်၊ ခြေတစ်ထောင် သန်ကောင်လေ... မိုးကြိုးကိုအကြောက်ဆုံးပဲ..."
သူမသည် ထိုနတ်ဆိုးဧကရာဇ်၏ တိုက်ခိုက်ပုံ အလေ့အထများ၊ စရိုက်အားနည်းချက်များနှင့် ကြောက်ရွံ့မှုများ အကြောင်းကို တတ်နိုင်သမျှ အသေးစိတ် ပြောပြနေသည်။
သူမ၏ပါးစပ်များ ခြောက်ကပ်ပြီး လျှာများ အက်ကွဲလုနီးပါး ဖြစ်လာသည်အထိ ပြောပြီးနောက်နောက်ဆုံးတွင် ရွှေတောင်ပံ နတ်ဆိုးဧကရာဇ် ထွက်ခွာသွားလေ၏။
"ဘာပဲဖြစ်ဖြစ် နင်မယှဉ်ပြိုင်ခင် ဒဏ်ရာပျောက်အောင် ကုသဖို့လိုသေးတယ်။ အချိန်ယူပြီး ပြန်လည် ထူထောင်လိုက်ပါဦး။"
ဆွဲဆောင်မှုရှိသော အမျိုးသမီး ပျံသန်းထွက်ခွာသွားသည်ကို ကြည့်ရင်း၊ရှန်းယီ မျက်လုံးများကို ပြန်မှိတ်လိုက်သည်။
မဟာနတ်ဆိုးဧကရာဇ် ဆယ်ပါးထဲတွင် နေရာတစ်နေရာရဖို့တိုက်ပွဲဝင်ခြင်းသည် အရေးကြီးသည်မှာ မှန်သော်လည်း ဘိုင်ဟုန်၏ စစ်ဆေးမေးမြန်းမှုကိုလည်း စိုးရိမ်ရပေသည်။
ရွှေတောင်ပံ နတ်ဆိုးဧကရာဇ်က ထိုဖြစ်ရပ်အပေါ် ဂရုမစိုက်သလိုနေခြင်းသည် သူမ ဂရုမစိုက်၍ မဟုတ်ဘဲ ထိုကိစ္စကို ဘိုင်ဟုန်ထံ လုံးဝ လွှဲအပ်လိုက်ခြင်းကြောင့်သာ ဖြစ်သည်။
ရှန်းယီ မမှားဘူးဆိုရင် ထိုမြင်းဖြူ၏နဖူးပေါ်မှ အနက်ရောင် မျက်လုံးသည် အမှန်တရားကိုခွဲခြားသိမြင်နိုင်စွမ်း ရှိပုံရသည်။
နတ်ဆိုးတစ်ထောင်ဂူအတွင်း သူ၏အဆင့်အတန်း တည်ငြိမ်ဖို့ဆိုလျှင် ထိုမြင်းဖြူ သေမှဖြစ်ပေမည်။