ဧကရာဇ်အသစ်ထွက်ပေါ်လာခြင်း
Vol. 39 Ch. 387
မြူခိုးများတဖြည်းဖြည်း လွင့်စင်သွား၏။
မြင်းဖြူနတ်ဆိုးဧကရာဇ် ဘိုင်ဟုန်သည် ၎င်း၏ခွာများကို ဖြည်းညှင်းစွာလှမ်းရင်း၊ အခြားနတ်ဆိုးများ၏ပါးစပ်ဖျားမှတစ်ဆင့် ခြင်္သေ့၏ ဒေါသတကြီးစရိုက်ကို ကြားသိထားပြီး ဖြစ်သည်။
သို့သော်လည်း ကြားရုံနှင့် မြင်ရသည်မှာ မတူပေ ဆိုသကဲ့သို့ပင်။
ဤမြင်ကွင်းကို ကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါ ၎င်းသည် အနည်းငယ်အံ့အားသင့်သွားမိ၏။
ခေတ္တမျှအကြာတွင် မြင်းဖြူနတ်ဆိုးဧကရာဇ်သည် ထပ်မံ၍ပြုံးလိုက်ပြန်သည်။ "ကောင်းတယ်။"
အခြေအနေကလည်း ကွက်တိပင်၊ ၎င်းသည် တစ်ဖက်လူ၏ထက်မြက်မှုကို နှိမ်ချချင်နေသည် မဟုတ်ပါလား။ ခြင်္သေ့ကလည်း ဤမျှထိပင် စိတ်အားထက်သန်နေရာ ၎င်းအနေဖြင့် ဖြည့်ဆည်းပေးရန် ဝန်မလေးတော့ပေ။
နတ်ဆိုးတစ်ထောင်ဂူ အတွင်း၌မောက်မာမှုနှင့် ဘဝင်မြင့်မှုတို့အတွက် နေရာမရှိပေ။
"တိုက်မယ်ဆိုရင်လည်း... ကောင်းကောင်း တိုက်ကြတာပေါ့"
ဘိုင်ဟုန်သည် အသံရှည်ကြီး ဟီလိုက်သည်နှင့် တစ်ပြိုင်နက် နတ်ဆိုးအုပ်စုသည် အပြေးအလွှား ရောက်ရှိလာပြီး အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားကြ၏။
မကြာမီမှာပင် ကောင်းကင်ယံ၌မျက်လုံးတစ်စုံ ထပ်မံ ပေါ်လာသည်။
ထို့နောက် ဒုတိယတစ်စုံ၊ တတိယတစ်စုံ...
ဤမျက်လုံးများသည် နှစ်ခြိုက်စွာအိပ်ပျော်နေရာမှ နိုးထလာသကဲ့သို့ အနည်းငယ် ဝေဝါးနေသော်လည်း မကြာမီမှာပင်စူးစမ်းလိုစိတ်များဖြင့် တောက်ပလာကြ၏။
နက်နဲသောအရှိန်အဝါရှိသည့် ပုဂ္ဂိုလ်ကြီး ငါးဦးသည် ဤနေရာကို စတင် စိတ်ဝင်စားလာကြသည်။
"မဟာနတ်ဆိုးဧကရာဇ် အသစ်တစ်ပါးကို ရွေးချယ်မှာဆိုတော့၊ ဘယ်သူက ပိုပြီးသင့်တော်သလဲဆိုတာကို ကျန်တဲ့သူတွေလည်း မြင်တွေ့ရအောင် အခွင့်ကောင်းပဲ။"
"ဒါပေမဲ့ မှတ်ထားပါ၊ ဓားဆိုတာ မျက်လုံးမပါဘူး။ သေခြင်းရှင်ခြင်းကတော့ ကံကြမ္မာအတိုင်းပဲ။"
"မင်းတို့အားလုံး ဒါကိုသေချာ စဉ်းစားကြပါ။"
မြင်းဖြူ နတ်ဆိုးဧကရာဇ်၏ စကားသံမှာ ထိုနယ်မြေတစ်ခုလုံးကို ဖြည်းညှင်းစွာ လွှမ်းခြုံသွား၏။
မဟာနတ်ဆိုးဧကရာဇ် ငါးပါးအပြင် အဆင့်နိမ့် နတ်ဆိုးများစွာသည်လည်း ဤနေရာသို့ သတိကြီးစွာဖြင့် စုရုံးလာကြသည်။
သူတို့၏ အကြည့်များမှာ အလယ်တွင်ရှိသော ပုံရိပ်နှစ်ခုပေါ်သို့ ကျရောက်နေ၏။
"ဟင်း။"
ရွှေတောင်ပံနတ်ဆိုးဧကရာဇ် သည် သူမ၏နဖူးကို အသာအယာ ထိလိုက်၏။ ခြင်္သေ့၏ စရိုက်ကို သူမ ကောင်းကောင်း သိထားသည်။ အကယ်၍ အစောပိုင်းက ပြေလည်နိုင်မည့် အခွင့်အရေး ရှိခဲ့လျှင်ပင် ယခုကဲ့သို့ အခြေအနေမျိုးတွင်တော့ နောက်ဆုတ်မည့်သူ မဟုတ်ပေ။
စကားပြောပြီးနောက် မြင်းဖြူနတ်ဆိုးဧကရာဇ်သည် တိတ်ဆိတ်စွာရပ်နေ၏။
၎င်းအလိုရှိသည်မှာ နတ်ဆိုးအားလုံး၏ရှေ့မှောက်တွင် ခြင်္သေ့၏မာကျောသော ကျောရိုးကို ရိုက်ချိုးပစ်ရန်ပင်။
အကယ်၍ ဤအစီအစဉ်အောင်မြင်သွားခဲ့လျှင်၊
ဖြစ်နိုင်သည်မှာနောင်တစ်ချိန်တွင် ခြင်္သေ့ကို ဖယ်ရှားပစ်ရန် မလိုတော့ဘဲ၊ ၎င်းကို အားကိုးထိုက်သောထက်ရှသည့် ဓားတစ်လက်အဖြစ် အမှန်တကယ် အသုံးပြုနိုင်မည်။
ရိုသေမှုရှိလာမှသာ အထက်အောက် အဆင့်အတန်းကို နားလည်လာကြမည် မဟုတ်ပါလား။
ထိုသို့တွေးတောရင်း မြင်းဖြူ နတ်ဆိုးဧကရာဇ်သည် အောက်သို့ ငုံ့ကြည့်လိုက်သည်။
လက်မောင်းရှစ်ချောင်းပါသော သန်မာသည့် လူကြီးသည် ၎င်း၏အကြည့်ကို ခံစားမိလိုက်ရာ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွား၏။
ခြင်္သေ့သည် အဘယ်ကြောင့် ဤမျှအထိ မောက်မာနေရသနည်းဟု သူ နားမလည်နိုင်ပေ။
သို့သော် မဟာနတ်ဆိုးဧကရာဇ် ဆယ်ပါး၏ ရှေ့မှောက်တွင် ခြင်္သေ့၏အရိုးများကို တစ်လက်မချင်း ရိုက်ချိုးပြမည်မှာတော့ သံသယဖြစ်ဖွယ် မရှိပေ။
နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပြီးမှ ယခုမှသာ အခွင့်အရေးကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
မည်သူပင်လာယှဉ်စေ... သူ့အတွက်သေလမ်းသာရှိ၏။
"လာစမ်း"
ထိုလူသန်ကြီးသည် သူ၏ကြွက်သားအဖုအထစ်များဖြင့် လက်မောင်းရှစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ပြင်းထန်စွာ ဟိန်းဟောက်လိုက်၏။
လူသားပုံသဏ္ဌာန် ရှိနေသော်လည်း သူ၏ အရပ်အမောင်းမှာ ၈ ကျန်းခန့် မြင့်သော ခြင်္သေ့ထက် အနည်းငယ်မျှ မနိမ့်ကျပေ။
ကြောက်မက်ဖွယ်ကောင်းသော လက်မောင်းများနှင့် ပေါင်းစပ်လိုက်လျှင် ခြင်္သေ့ထက်ပင် ပို၍ သန်မာပုံရသည်။
သူ၏ဟိန်းဟောက်သံပင် မဆုံးသေးမီမှာပင်၊
သူ့ရှေ့မှ ခန့်ညားသောပုံရိပ်ကြီးမှာ နေရာမှ ပျောက်ကွယ်သွား၏။ ၎င်း၏ အရှိန်မှာ အလွန် မြန်လွန်းလှသဖြင့် ရွှေရောင်မျက်လုံးများသည် လေထဲတွင် မီးလျှံကဲ့သို့ အလင်းတန်းများကျန်ရစ်ခဲ့သည်။
ဝုန်း
ရှန်းယီသည် ခြေတစ်ထောင် နတ်ဆိုးဧကရာဇ်ကို ပြင်းထန်စွာဝင်တိုက်လိုက်ပြီး သူ၏ ထက်ရှသောခြေသည်းများဖြင့် ပြိုင်ဘက်၏ ကြွက်သားများကို နက်ရှိုင်းစွာ ကုပ်ခြစ်လိုက်၏။
၎င်းကို တစ်ကိုယ်လုံးမလိုက်ပြီး မြင့်မားသော တောင်ကုန်းတစ်ခုပေါ်သို့ အားဖြင့် ပစ်ဆောင့်လိုက်သည်။
ပထမဆုံး ရင်ဆိုင်တွေ့မှု၏ းတိုက်ခိုက်မှုကြောင့် မြေကြီးများတုန်ခါပြီး တောင်တန်းများပင် တုန်လှုပ်သွားရာ နတ်ဆိုးအုပ်စုမှာ ကြက်သီးဖြန်းဖြန်း ထသွားကြ၏။
သို့သော် ဘိုင်ဟုန်၊ ရွှေတောင်ပံ နတ်ဆိုးဧကရာဇ် နှင့် ကောင်းကင်ယံမှ မျက်လုံးငါးစုံတို့မှာမူ တည်ငြိမ်နေဆဲပင်။
မဟာနတ်ဆိုးဧကရာဇ် တစ်ပါးအတွက်မူ ဤမျှ အင်အားမျိုးမှာအမြည်းပင် မဖြစ်နိုင်ပေ။
"သူ ဒဏ်ရာရထားလို့ အားနည်းနေတာလား။"
ဆွဲဆောင်မှုရှိသော အမျိုးသမီးသည် မျက်မှောင်ကြုတ်လိုက်၏။ ခြင်္သေ့၏ ယခု အင်အားကိုကြည့်ရသည်မှာ နတ်ဘုရားစိတ်ဝိညာဉ် နောက်ဆုံးအဆင့်၏ အစောပိုင်းအဆင့်လောက်သာ ရှိသည်။
ခြေတစ်ထောင် နတ်ဆိုးဧကရာဇ်ကို ယှဉ်ပြိုင်ဖို့ မပြောနှင့်ဦး၊ ကျန်းရွှမ်ယန်ကို သတ်ခဲ့သည်ဆိုသော သတင်းမှာပင် မဖြစ်နိုင်သကဲ့သို့ ထင်ရ၏။
အရမ်းကိုသတိလက်လွတ်နိုင်လွန်းတယ်၊ သူ အရင်ဆုံး ဒဏ်ရာကို ကုသင့်တာ။
အဲဒီမှာရှိတဲ့ အဋ္ဌမမြောက်ဂူက ဘယ်မှထွက်ပြေးမှာ မဟုတ်ဘူး၊ ဘာလို့ ဒီလောက် လောနေရတာလဲ။
"ဟား။"
ခြေတစ်ထောင် နတ်ဆိုးဧကရာဇ်သည် တောင်ခြေသို့ လွင့်စင်သွား၏။
သူသည် ရုန်းကန်ခြင်း မပြုဘဲ ထိုအတိုင်းပင် လွှတ်ထားလိုက်သည်။ သူ၏မျက်နှာတွင် အံ့အားသင့်မှု မရှိသည့်အပြင် ကျေနပ်သည့် အရိပ်အယောင်များပင် ပေါ်လာသည်။
၎င်းသည် သတ်ဖြတ်ခြင်းမပြုမီ အရသာခံနေသကဲ့သို့ပင်။
ဒီလောက် အဆင့်နဲ့များ... မင်းက တကယ်ပဲ ဟန်ရေးပြရဲတယ်ပေါ့လေ။
သူ မျက်လုံးများကို ဖွင့်လိုက်ပြီး လေထဲမှ သူ့ထံသို့ ဆင်းသက်လာသော ပုံရိပ်ကို စိုက်ကြည့်လိုက်၏။
သူ၏နှုတ်ခမ်းထောင့်မှ ရက်စက်သော အပြုံးတစ်ခုပေါ်လာပြီး လက်မောင်းရှစ်ချောင်းမှာ တစ်ပြိုင်နက် ဆန့်ထွက်သွားကာ တစ်ဖက်လူ၏ ကျောကို ရုတ်တရက်ဖမ်းဆုပ်လိုက်သည်။
ကြီးမားသော အားဒဏ်ကြောင့် ခြင်္သေ့၏ ခန္ဓာကိုယ်ရှိ ကြွက်သားများမှာ ပေါက်ထွက်လုနီးပါး ဖြစ်သွားသည်။
သူသည် နတ်စွမ်းရည်များကို အသုံးပြုရန် မလိုပေ။ အခြား ဧကရာဇ်များ၏ရှေ့တွင် သူ၏ အလွန်အမင်းသန်မာသော အင်အားကို ပြသရန် အကြမ်းတမ်းဆုံး နည်းလမ်းကို ရွေးချယ်လိုက်၏။
"အရသာရှိရဲ့လား... ဟမ်"
ခြေတစ်ထောင်နတ်ဆိုးဧကရာဇ်သည် နောက်ဆုံးတွင် ရိုင်းစိုင်းစွာ လှောင်ပြောင်လိုက်၏။ သူ၏ လက်မောင်းရှစ်ချောင်းမှာ သံမဏိများကဲ့သို့ ခိုင်မာနေပြီးခြင်္သေ့ကို အချိန်မရွေး အရိုးမရှိသောအသားပုံကြီး ဖြစ်သွားအောင် ညှစ်ခြေပစ်နိုင်ပုံရသည်။
"ပြောစမ်းပါဦး"
နားထဲတွင်ဆူညံသော အသံများ ကြားနေရသော်လည်း ရှန်းယီ၏မျက်လုံးများမှာ တည်ငြိမ်နေဆဲပင်။
မဟာနတ်ဆိုးဧကရာဇ် အများအပြား၏ ရှေ့တွင် တိုက်ခိုက်နေရသဖြင့် သူသည် အမှန်တကယ်ပင် အားနည်းချက် ရှိနေသည်။ တာအိုပညာရပ်များ သို့မဟုတ် ဓားသိုင်းနည်းစနစ်များအပြင် သူ၏ စိတ်ထဲရှိများစွာသော အစီအရင်များကိုလည်း အသုံးပြု၍ မရပေ။
သူအသက်ရှူနှုန်းကို အနည်းငယ် ချိန်ညှိလိုက်ပြီးနောက် သူ၏လက်ဖဝါးမှာ တူတစ်ခုကဲ့သို့ လှုပ်ရှားသွားပြီး ခြေတစ်ထောင် နတ်ဆိုးဧကရာဇ်၏ မေးရိုးကို ရုတ်တရက်ပြင်းထန်စွာရိုက်ချလိုက်၏။
ဒုန်း
ပြင်းထန်သော အားအင်များသည် သူ၏ လက်ဖဝါးမှတစ်ဆင့် စီးထွက်သွားသည်။
ခြေတစ်ထောင် နတ်ဆိုးဧကရာဇ်၏ ခေါင်းမှာ လည်ထွက်သွား၏။
မည်သူမျှသတိမထားမိလိုက်သော အချိန်တွင် ဝိညာဉ်ခွဲထုတ်ခြင်း မီးတံဆိပ်တော်တစ်ခုမှာ သူ၏ လက်ဖဝါးအတွင်းဘက်မှနေ၍ တစ်ဖက်လူထံသို့ မမြင်နိုင်အောင် ကပ်ပါသွားခဲ့ပြီ ဖြစ်သည်။
"ဖူး"
သန်မာသော ထိုလူကြီးသည် သွေးစများစွာကို ထွေးထုတ်လိုက်ရာ သူ၏မျက်လုံးများတွင် ဇဝေဇဝါ ဖြစ်သွားသော အရိပ်အယောင်များ လက်သွား၏။
သူသည် ခြင်္သေ့၏ခန္ဓာကိုယ်ကို နောက်တစ်စက္ကန့်တွင် ညှစ်ခြေပစ်နိုင်တော့မည်ဟု ထင်နေသော်လည်း၊ ဤခံစားချက်မှာ ငါးကြိမ်သော အသက်ရှူချိန်အထိ မည်သည့်တိုးတက်မှုမှ မရှိဘဲ ကြာရှည်နေသည်။
ထိုအရာဟာ အကန့်အသတ်တစ်ခုကဲ့သို့ ဖြစ်နေပြီး မည်သို့မှ ချိုးဖျက်၍မရနိုင်ပေ။
ထို့အတူ ထူးဆန်းနေသည့်အရာမှာ ခြင်္သေ့သည် နာကျင်မှုကို မခံစားရသည့်အလားပင်။
ယခုလို အခြေအနေမျိုးမှာပင် ဘာမှမဖြစ်သလိုမျိုး သူ အင်အားသုံးနိုင်နေသေး၏။
သို့သော် ထိုဇဝေဇဝါ ဖြစ်မှုမှာ ခဏသာ ခံလိုက်သည်။
နက်ရှိုင်းသော နေရာတစ်ခုမှနေ၍ ပူလောင်သော နာကျင်မှုတစ်ခုသည် ရုတ်တရက်ထွက်ပေါ်လာသည်။
ခြေတစ်ထောင် နတ်ဆိုးဧကရာဇ်သည် အသံရှည်ကြီးအော်ဟစ်လိုက်ပြီး အလိုအလျောက် ပေတစ်ထောင်ရှည်သော သူ၏မူလပုံသဏ္ဌာန်သို့ ပြောင်းလဲသွားသည်။ ရေတွက်၍မရသော သူ၏ ခြေလက်များသည် တောင်နံရံကို ကပ်တွယ်ထားရင်း ကျောက်တုံးကြီးများကို ဆွဲခွာပစ်လိုက်၏။
ရှဲ ရှဲ
သူ၏အရှိန်ကို မနည်း ထိန်းလိုက်ရပြီးနောက် သူသည် ပြန်လည်တိုက်ခိုက်ခြင်း မပြုဘဲ နဂါးရိုင်းတစ်ကောင်ရုန်းကန်နေသကဲ့သို့ သူ၏ခေါင်းကို ပြင်းထန်စွာ ရမ်းခါနေသည်။ ထို့ကြောင့် ကျောက်တုံးများမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွား၏။
"ဟင်"
မြင်းဖြူနတ်ဆိုးဧကရာဇ်သည် နောက်ဆုံးတွင် လှုပ်ရှားမှု ရပ်တန့်သွား၏။
ခြေတစ်ထောင်၏တုံ့ပြန်ပုံမှာ သူ၏ ခေါင်းပေါ်တွင် တစ်စုံတစ်ခုကကိုက်ခဲနေသကဲ့သို့ပင်။
သို့သော် ၎င်းက မည်မျှပင်သေချာကြည့်သော်လည်း မည်သည့်အရာမှ ရှာမတွေ့ပေ။
သို့သော်လည်း တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေသဖြင့် စဉ်းစားနေရန် အချိန်မရှိပေ။
ရွှေရောင်မျက်လုံး ခြင်္သေ့ဧကရာဇ်သည် အေးစက်စွာဖြင့် ရှေ့သို့လှမ်းတက်လိုက်ပြီး ပြင်းထန်သော ကန်ချက်တစ်ခုဖြင့် ခြေတစ်ထောင် နတ်ဆိုးဧကရာဇ်ကို လွင့်ထွက်သွားစေကာ တောင်အောက်သို့ ဆက်လက်ကျဆင်းသွားသည်ကို စောင့်ကြည့်နေပေ၏။
သူ၏ပုံရိပ်သည် လိုက်လံတိုက်ခိုက်ရန် ထိုးထွက်သွားသည်။
နောက်ထပ်လက်ဖဝါးရိုက်ချက်တစ်ခုသည် ခြေတစ်ထောင် နတ်ဆိုးဧကရာဇ်၏ ခေါင်းပေါ်သို့ ကျရောက်သွားသည်။
ထိုရိုက်ချက်များမှာ ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ ဆက်တိုက် ကျရောက်လာသကဲ့သို့ပင်။
ရိုက်ချက်တစ်ခုစီတိုင်းတွင် ခြေတစ်ထောင် နတ်ဆိုးဧကရာဇ်သည် အဆုံးစွန်သောနာကျင်မှုကို ခံစားနေရသကဲ့သို့ အော်ဟစ်ရင်း သူ၏ခန္ဓာကိုယ်မှာ အရူးအမူးလူးလိမ့်နေ၏။
မီးတံဆိပ်တော်ငါးခုမှာ သူ၏နတ်ဝိညာဉ် အတွင်းသို့ အပြည့်အဝခတ်နှိပ်ခံလိုက်ရပြီ ဖြစ်သည်။
သို့သော် ရှန်းယီသည် ရပ်တန့်မည့် အရိပ်အယောင် မရှိပေ။
ဆိတ်ငြိမ်သောချောက်နက်အတွင်းဝိညာဉ်သန့်စင်ခြင်း နည်းစနစ်ကို လေ့ကျင့်ပြီးနောက် သူ၏ ဝိညာဉ်မှာ ယခင်နှင့် လုံးဝ နှိုင်းယှဉ်၍ မရတော့ပေ။
သူ၏လက်ဖဝါးကို ထပ်မံ မြှောက်လိုက်ရာ နောက်ထပ် မီးတံဆိပ်တော်တစ်ခုမှာ သူ၏လက်ဖဝါးအလယ်တွင် အံ့အားသင့်ဖွယ် ထွက်ပေါ်လာ၏။
ဝုန်း
ခြေတစ်ထောင်နတ်ဆိုးဧကရာဇ်သည် နောက်ဆုံးတွင် အင်အားကုန်ခမ်းသွားပြီး တောင်နံရံကို မကပ်တွယ်နိုင်တော့ဘဲ တောင်အောက်သို့ လိမ့်ကျသွားသည်။
ထက်ရှသောလေတိုးသံတစ်ခုနှင့်အတူ၊
နက်မှောင်သော အလင်းတန်းတစ်ခုမှာ ရှန်းယီ၏ လက်ဖဝါးထဲသို့ ကျရောက်လာပြီး သူ၏ ခန္ဓာကိုယ်ထက်ပင် ရှည်လျားသော ကြောက်မက်ဖွယ်လှံတံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုလှံထဲတွင် မိုးကြိုးများ တစ်ဖျက်ဖျက်လက်နေပြီး လက်ချောင်းများကြားမှ ထွက်ပေါ်နေသော တစ္ဆေအလင်းတန်းများသည် ညကောင်းကင်ယံကို ဖောက်ထွင်းသွားသကဲ့သို့ပင်။ သူသည် နောက်ဆုံးအကြိမ်အဖြစ် လှံထိပ်ကိုရှေ့ကထားကာ ထိုးစိုက်ဆင်းလိုက်ရာ သူ၏ပုံရိပ်တစ်ခုလုံးမှာ ယိုဝေမိစ္ဆာရေနဂါး တစ်ကောင်နှင့် တူနေ၏။
ဖလတ်
နတ်ဆိုးကိုးကောင်၏အင်အား မြှင့်တင်မှုအောက်တွင် ယိုဝေလှံသည် ခြေတစ်ထောင်နတ်ဆိုးဧကရာဇ်၏ ခေါင်းကို နှစ်ခြမ်း ခွဲလိုက်၏။
၎င်းသည် အလယ်တည့်တည့်မှ ကွဲထွက်သွားခြင်း ဖြစ်သည်။
နက်မှောင်သောနတ်ဆိုးသွေးများမှာ လေထဲတွင် ပျက်ဖြန်းသွားသကဲ့သို့ ပန်းထွက်လာသည်။
ပြင်းထန်သောအသံကြီးနှင့်အတူ မြေပြင်ပေါ်သို့ ကျရောက်သွားချိန်တွင် ၎င်းသည် တစ်ခြမ်းစီ ကွဲထွက်နေသော ခြေတစ်ထောင်နတ်ဆိုးဧကရာဇ် အလောင်းကြီး ဖြစ်သွားခဲ့ပြီ။
တောင်တန်းများပြိုကျပြီး ကျောက်တုံးများမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွား၏။
ရွှေရောင်မျက်လုံး ခြင်္သေ့ဧကရာဇ်သည် လှံရှည်ကို လက်တစ်ဖက်ဖြင့် ကိုင်ဆောင်ကာ၊ ကောင်းကင်ယံအထိမြင့်တက်နေသော သွေးအကာအရံကြားမှ အေးစက်သော မျက်နှာထားဖြင့် လျှောက်ထွက်လာသည်။
သူ၏ခြေလှမ်းတိုင်းတွင် သွေးစွန်းသော ခြေရာများ ကျန်ရစ်ခဲ့၏။
သူသည် နတ်ဆိုးအမြုတေကို ပါးစပ်ထဲ ထည့်ကာ သေသေချာချာ ဝါးစားလိုက်သည်။
"အားးး"
တောင်ခြေတွင် ရပ်နေသော အဆင့်နိမ့် နတ်ဆိုးများသည် ခြေထောက်များအပိုမပါလာသည့်အတွက် နောင်တရနေသကဲ့သို့ အနောက်ဘက်သို့ ထွက်ပြေးကြသည်။
သူတို့သည်လည်း နတ်ဆိုးတစ်ထောင်ဂူမှ နတ်ဆိုးများဖြစ်ကြ၏။
သို့သော် သူတို့၏မျက်လုံးထဲတွင် ထိုခန့်ညားသော ပုံရိပ်မှာ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသော ရာဇဝတ်သားကြီး တစ်ဦးကဲ့သို့ ဖြစ်နေသည်။
သူသည် အစစ်အမှန် မဟာနတ်ဆိုးကြီး တစ်ပါးကဲ့သို့ပင်။
"မဖြစ်နိုင်တာ..."
ရွှေတောင်ပံ နတ်ဆိုးဧကရာဇ်သည် အသက်ရှူမှားသွားသည်။ ဤမျှမြန်မြန်ဆန်ဆန် ပြီးဆုံးသွားလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။
ဖြစ်စဉ်တစ်ခုလုံးမှာ လွန်စွာ ထူးဆန်းလွန်းလှ၏။
ခြေတစ်ထောင်နတ်ဆိုးဧကရာဇ်၏ ရူးသွပ်မှုမှာ အဆိပ်မိနေသကဲ့သို့ ရှင်းပြ၍ မရနိုင်ပေ... ခြင်္သေ့သည် ဆေးဖေယ်စပ်ခြင်းကိုသိရှိထားပြီး ဝိညာဉ်ဆေးဥယျာဉ်မှ တန်ဖိုးကြီးဆေးပင်များကို အသုံးပြုကာ ပြင်းထန်သောအဆိပ်ကို ဖော်စပ်ခဲ့ခြင်းများလော။
ကောင်းကင်ယံမှ မျက်လုံးငါးစုံမှာလည်း အံ့အားသင့်စွာဖြင့် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး ဘိုင်ဟုန်သည် သူတို့ကို လှောင်ပြောင်နေသကဲ့သို့ပင် ခံစားလိုက်ရ၏။
ဤအရာဟာ အင်အားချင်းတူညီဟော ယှဉ်ပြိုင်မှုမျိုးမဟုတ်ပေ။ တစ်ဖက်သတ် သတ်ဖြတ်မှုပင်.. ဤကိစ္စတွင် မည်သည့်အရသာခံစရာ ရှိသနည်း။
"ဟမ်..။"
ဘိုင်ဟုန်သည် တိမ်တိုက်ပေါ်မှနေ၍ အောက်ဘက်ရှိ ပုံရိပ်ကို စူးစိုက်ကြည့်နေ၏။
၎င်း၏အနက်ရောင် မျက်သူငယ်အိမ်မှာ လွန်စွာ နက်ရှိုင်းသွားပေသည်။
၎င်းက အေးစက်စွာ မေးလိုက်၏။ "မင်း ခုနက ဘယ်လို နတ်ဆိုးကျင့်စဉ်ကို သုံးလိုက်တာလဲ။"
၎င်းသည် အသေးစိတ်မေးမြန်းရန် အစီအစဉ် မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်း၏မျက်လုံးထဲတွင် ခြင်္သေ့မှာသေလူနှင့် မခြားတော့သောကြောင့်ပင်၊ မည်သည့်အချိန်တွင် သေမည်နည်းဆိုသည့် အရာသာ မေးစရာ ရှိ၏။
ဤကဲ့သို့ သံသယရှိဖွယ်သူမျိုးအတွက် ဘိုင်ဟုန်သည် အမြဲတစေရက်စက်လေ့ ရှိသည်။
သို့သော် ယခုအခါ ၎င်းအနေဖြင့် ရှင်းလင်းသော အဖြေတစ်ခုလိုအပ်နေပြီဖြစ်ပေ၏။
"..."
ထိုမေးခွန်းကို ကြားသောအခါ ရှန်းယီသည် နောက်ဆုံးတွင် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
သူသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။
မြင်းဖြူ၏အနက်ရောင် မျက်သူငယ်အိမ်များသည် သိသိသာသာ တုန်ခါနေသည်ကို သူ သတိထားမိလိုက်သည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် "ကျွတ်။"
ရှန်းယီ၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ သိသိသာသာထွက်ပေါ်လာပြီး ရုတ်တရက် လှောင်ပြောင်လိုက်၏။ "ဒီဧကရာဇ်ကို မေးခွန်းထုတ်ဖို့ မင်းမှာအခွင့်အရေး ရှိတယ်လို့ ထင်နေတာလား။"
"..."
ရွှေတောင်ပံ နတ်ဆိုးဧကရာဇ် အပါအဝင် မဟာနတ်ဆိုးဧကရာဇ် အားလုံးတိတ်ဆိတ်သွားကြ၏။
ထို့နောက်တွင်
ခြင်္သေ့သည် သူ၏လှံတံကို ပေါ့ပေါ့ပါးပါး မြှောက်လိုက်ပြီး ကောင်းကင်ယံသို့ ရိုင်းစိုင်းစွာချိန်ရွယ်လိုက်သည်။ "ငါ အခုဘယ်သူလဲဆိုတာကို မင်း မေ့သွားပြီလား။"
လူတိုင်းက မဟာနတ်ဆိုးဧကရာဇ်များ ဖြစ်နေကြသည် မဟုတ်လော။
ထိုစကားကို ကြားသောအခါ ဘိုင်ဟုန်၏ မျက်နှာထားမှာ အေးစက်မှုများဖြင့် အပြည့်အဝ ဖုံးလွှမ်းသွားပြီး လိုရင်းတိုရှင်းပြောလိုက်သည်။
"ငါ မေးရင်၊ မင်း ဖြေရမယ်... ဒါမှမဟုတ်ရင် သေရမယ်။"
ထိုကဲ့သို့ စိတ်ခံစားမှု မပါသောစကားလုံးများသည် တတိယမြောက်ဂူ နတ်ဆိုးဧကရာဇ်၏ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်ကို ပြသနေ၏။
ရွှေတောင်ပံ နတ်ဆိုးဧကရာဇ်၏မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။
သူမသည် ဖျန်ဖြေပေးရန် စကားပြောတော့မည် အပြုတွင်၊ခြင်္သေ့သည် အန္တရာယ်ကို ဂရုမစိုက်ဘဲ ယိုဝေလှံကိုဝှေ့ယမ်းကာ မြင်းဖြူ၏လည်ချောင်းသို့ တိုက်ရိုက်ချိန်ရွယ်လိုက်သည်ကို တွေ့လိုက်ရသည်။
"မင်းငါ့ကို သတ်ချင်နေတာ ကြာပြီပဲ၊ ငါ့ကို ငတုံးလို့ ထင်နေတာလား။ ငါ့ရဲ့အသက်ကယ် နည်းလမ်းကို မင်းကို ဘာလို့ပြောပြရမှာလဲ။"
ရှန်းယီက မထီမဲ့မြင်ပြုံးလိုက်၏။ "သူ သေသွားပြီ၊ ပြီးတော့ မင်းရဲ့သတ်ဖြတ်လိုစိတ်ကိုလည်း မင်း မဖုံးကွယ်နိုင်ဘူး။ ဒီလိုဖြစ်နေမှတော့ ယှဉ်ပြိုင်နေဖို့ ဘာလိုတော့မှာလဲ၊ မဟာနတ်ဆိုးဧကရာဇ် ဆယ်ပါးရဲ့ကိစ္စအားလုံးကို မင်းပဲ ဆုံးဖြတ်လိုက်တော့လေ။"
ထိုသို့ ပြောပြီးနောက် သူသည် ဘိုင်ဟုန်ကို လက်ချောင်းဖြင့် ဟန်လုပ်ပြလိုက်၏။ "လာလေ၊ ငါ့ကို သတ်လိုက်စမ်း။"
ထိုကြေညာချက်ကြောင့် ကောင်းကင်ယံရှိ မျက်လုံးငါးစုံမှာ ရုတ်တရက်ထူးဆန်းသော အလင်းတန်းများပေါ်လာပြီး သူတို့၏အသံများမှာ တိတ်ဆိတ်သွားသည်။
ဆွဲဆောင်မှုရှိသော အမျိုးသမီးမှာမူ အတောင်ပံခတ်ရင်း ဘိုင်ဟုန်ကို ရှုပ်ထွေးသော မျက်နှာထားဖြင့် ကြည့်နေ၏။
"..."
ဘိုင်ဟုန်၏အနက်ရောင် မျက်လုံးများမှာ တုန်ခါသွားပြီး ၎င်း၏နှုတ်ခမ်းများမှာလည်း တုန်ရီနေသည်။
ထိုမျက်လုံးများထဲရှိ အမှောင်ထုမှာပြင်းထန်သော သတ်ဖြတ်လိုစိတ်အဖြစ် ပြောင်းလဲသွားသည့် အချိန်အထိပင်။
"ကောင်းပြီ၊ မင်းက မဟာနတ်ဆိုးဧကရာဇ် ဆယ်ပါးထဲက တစ်ပါးပဲ။"
"မင်းကို မေးခွန်းထုတ်ဖို့ ငါ့မှာတကယ်ပဲ အခွင့်အရေး မရှိဘူး။"
"ငါမင်းကို မသတ်ရုံတင်မကဘူး၊ မင်းဟာ ငါ့ရဲ့ နတ်ဆိုးတစ်ထောင်ဂူရဲ့ ဧကရာဇ်အသစ် ဖြစ်ကြောင်းကိုလည်း တစ်လောကလုံးကို ကြေညာပေးမယ်။"
"ဒါဆိုရင် ကျေနပ်ပြီလား။"
ထိုရုတ်တရက် ထွက်ပေါ်လာသော အဖြေကို ကြားရသောအခါ၊ရှန်းယီ၏ မျက်နှာပေါ်မှ အပြုံးမှာ ပို၍ ကျယ်ပြန့်လာ၏။
"အဲဒါကို ပိုကျယ်ကျယ်လေးပြောပေးဦး၊ ဝူထုံတောင်က လူတွေ ပိုများများလာအောင်ပေါ့၊ ငါ နည်းနည်း ဗိုက်ဆာနေလို့။ အဲဒါမှ ငါဟာ ဒီအဋ္ဌမမြောက်ဂူကိုစောင့်ရှောက်ဖို့ အရည်အချင်း ရှိမရှိ ဆိုတာကို နတ်ဆိုးတစ်ထောင်ဂူက သိမှာပေါ့။"
"ဒါမှမဟုတ် တတိယမြောက်ဂူလား"
သူသည် ဘိုင်ဟုန်ကို ဘေးတိုက် တစ်ချက်ကြည့်လိုက်၏။ သူ၏ ရွှေရောင်မျက်လုံးများမှာ ထက်ရှနေပြီး အပြုံးများပျောက်ကွယ်သွားကာ အဝေးသို့ လျှောက်ထွက်သွားလေသည်။
သူ၏ပုံရိပ်မှာ ပို၍ပင် အထီးကျန်လာပေ၏။
ဘိုင်ဟုန်သည် ထိုသူ၏ ကျောပြင်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။
"နင် သူ့ကိုတကယ် သတ်ချင်နေတာလား။ ဒီနေ့ မတိုင်ခင်ကတည်းကလေ" ရွှေတောင်ပံ နတ်ဆိုးဧကရာဇ်က သံသယဖြင့်မေးလိုက်၏။
"ဟုတ်တယ်" ဘိုင်ဟုန်ကဲ့သို့ မာန်မာနကြီးသူတစ်ဦးသည် ထိုကဲ့သို့သော ကိစ္စမျိုးကို လိမ်ညာမည် မဟုတ်ပေ။
"သက်သေက ဘာလဲ။" ရွှေတောင်ပံ နတ်ဆိုးဧကရာဇ်၏မျက်လုံးများ ပြူးသွား၏။
"သက်သေ မရှိဘူး၊ ချောက်နက် သေသွားပေမဲ့ သူမသေဘူး၊အဲဒါကို ငါ မယုံဘူး။ ပြီးတော့ သူ့ရဲ့စရိုက်ကို ငါ မကြိုက်တာလည်း ပါတာပေါ့"
ဘိုက်ဟုန်က ဘေးတိုက် တစ်ချက်ကြည့်လိုက်၏။
"ဒါပေမဲ့..."
ရွှေတောင်ပံ နတ်ဆိုးဧကရာဇ်သည် ဗီဇအရ ပြန်ပြောလိုက်သည်။ ထိုနေ့က သူမသည် အမှန်တရားနှင့် အလိမ်အညာကို ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်ခဲ့သည် မဟုတ်သည်လော။
သို့သော် သူမ စကားမဆုံးလိုက်ပေ။
ပင်ကိုယ် သံသယစိတ်အတွက် အကြောင်းပြချက် မလိုပေ... တစ်နည်းအားဖြင့် ပြောရလျှင် တစ်စုံတစ်ယောက်ကို အပြစ်ပေးချင်လျှင် အကြောင်းပြချက်က အမြဲရှိနေတတ်သည်။
သူမက မကျေမနပ်ဖြင့် ပြောလိုက်၏။ "ငါတို့ မျိုးနွယ်တွေရဲ့စိတ်ဓာတ်တွေ ပြန့်ကျဲကုန်မှာကို နင် မကြောက်ဘူးလား။"
မုသားနှင့် အမှန်ကိုခွဲခြားနိုင်သော နတ်ဆိုးတစ်ကောင်ကို အခြားသောနတ်ဆိုးဧကရာဇ်များက အလိုအလျောက် ခုခံကြမည်မှာ သဘာဝပင်။ မည်သို့ပင်ဖြစ်စေ မည်သူ့တွင် ကိုယ်ပိုင် အစီအစဉ်လေးများ မရှိဘဲနေမည်နည်း။
ယခုအခါ ၎င်းသည် ၎င်း၏ကိုယ်ပိုင် အာဃာတများနှင့် ထပ်မံ ရောယှက်နေပြန်သည်။
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင်၊ကောင်းကင်ယံမှ သတိကြီးသော မျက်လုံးငါးစုံမှာလည်း သူတို့၏စိတ်ခံစားမှုများကို ငြိမ်သက်စေပြီး တစ်ဦးပြီးတစ်ဦး တိတ်ဆိတ်စွာပျောက်ကွယ်သွားကြလေတော့သည်။