← Chapters

ထောင်ချောက်

Vol. 39 Ch. 381

ထောင်ချောက်

Vol. 39 Ch. 381

မိုးကြိုးစွမ်းအင်ရေကန် အထက်ရှိ မြင့်မားသော ကျောက်ကမ်းပါးပေါ်တွင် အစစ်အမှန်ပုဂ္ဂိုလ်လင်းရှီသည် လက်ထဲမှ အစီအရင်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းသည် ဂျူနီယာထုံထံမှ သူမ၏မွေးနေ့ပွဲတွင် လက်ဆောင်ရရှိခဲ့သော အရာဖြစ်သည်။

အစီအရင်ပြားကို ကြည့်ရင်း သူမ မျက်လုံးများ နီရဲလာပြန်၏။

သူမ မျက်လုံးများကို အားပြုပွတ်သပ်လိုက်ပြီး အာရုံလွင့်ပါးနေသော အတွေးများကို ဖယ်ရှားလိုက်သည်။ ခြင်္သေ့ကြီး ပြန်မလာခင် ကြိုတင်ပြင်ဆင်မှုအဖြစ် အစီအရင်ကို အခုပဲ ခင်းကျင်းလိုက်ရမလားဟု တွေဝေနေမိသည်။

အစစ်အမှန်ပုဂ္ဂိုလ်လင်းရှီ သည် သူမထက် ကျင့်ကြံမှု အဆများစွာ နိမ့်ပါးသော မိစ္ဆာငယ်လေးတစ်ကောင်၏ရှေ့မှောက်တွင် ဤမျှ အကြပ်ရိုက်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

အတိတ်တုန်းကသာဆိုလျှင် သူမ ထိုနတ်ဆိုးကို ရိုက်ထုတ်ပစ်လိုက်ပြီ ဖြစ်သည်။

သို့သော် ထိုသို့ ရိုက်ထုတ်လိုက်ခြင်းကြောင့်ပင် ပြန်လည်ပြင်ဆင်၍မရသော ရလဒ်ဆိုးကြီး ဖြစ်ပေါ်လာခဲ့ရသည်။

သူမ၏ စိတ်အာရုံ ထွေပြားနေစဉ်။သူမ၏ နောက်ကျောဘက်မှ လှောင်ပြောင်သံတစ်ခု ရုတ်တရက် ကြားလိုက်ရ၏။

"ဘယ်သူ့ကို စောင့်နေတာလဲ။"

"..."

အစစ်အမှန်ပုဂ္ဂိုလ်လင်းရှီ၏ နှလုံးခုန်သံ ရပ်တန့်သွားသည်။ ကြောက်လန့်တကြား လှည့်ကြည့်လိုက်သောအခါ မိုးထိအောင် မြင့်မားသော ပုံရိပ်ကြီးတစ်ခု ရပ်နေသည်ကို တွေ့လိုက်ရ၏။

တောက်ပသော ရွှေရောင်မျက်လုံးများသည် သူမကို အေးဆေးစွာ စိုက်ကြည့်နေသည်။

ထိုခြင်္သေ့ကြီး၏ ဘေးတွင် ကြီးမားသော အနက်ရောင် ပင့်ကူကြီးတစ်ကောင်သည်လည်း မျက်လုံးပေါင်းများစွာဖြင့် သူမကို စိုက်ကြည့်နေပြီး သူမ၏ ထွက်ပြေးလမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားလေသည်။

နောက်တစ်ခဏတွင် လှံတံကဲ့သို့ ချွန်ထက်သော ပင့်ကူခြေထောက်များသည် ရုတ်တရက် ထိုးထွက်လာပြီး သူမလက်ထဲမှ အစီအရင်ပြားကို ရိုက်ခွဲပစ်လိုက်၏။

ဆန်းကြယ်ချောက်နက်ပင့်ကူဧကရာဇ် သည် ရှန်းယီကို မကျေနပ်သလို တစ်ချက် ကြည့်လိုက်၏။

နတ်ဆိုးကောင်က ထုံးစံအတိုင်းတုံးအလွန်းတယ်... ဟိုကျားမနဲ့ တစ်ပုံစံတည်းပဲ။

တိတ်တဆိတ် ဝင်ရောက်တိုက်ခိုက်လို့ ရရဲ့သားနဲ့။

သူ့စွမ်းအားကို ကြွားဝါချင်လို့များလား၊ မလှုပ်ရှားခင် အသံပေးလိုက်သေးတယ်။

ထားလိုက်ပါတော့...

ချောက်နက်ပင့်ကူဧကရာဇ်သည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်၏။ အနည်းဆုံးတော့ ကိုယ်ထင်မပြခင် ပတ်ဝန်းကျင်ကို သေချာ ကြည့်ရှုစစ်ဆေးပြီး ကင်းပုန်းဝပ်နေသူမရှိကြောင်း သေချာအောင် လုပ်ခဲ့သည်။

အစစ်အမှန်ပုဂ္ဂိုလ်လင်းရှီ၏ ညစ်ပေနေသော မျက်နှာနှင့် ရွှေတောင်ပံ မိစ္ဆာဧကရာဇ်ပြောပြထားသည်ထက် ပိုသနားစရာကောင်းသော စစ်မှန်သည့် အလွန်ကြောက်ရွံ့မှုကို ထပ်မံကြည့်လိုက်သည်။

တိတ်တဆိတ်တိုက်ခိုက်သည်ဖြစ်စေ၊ မတိုက်ခိုက်သည်ဖြစ်စေ မည်သည့်အရာမှ ကွာခြားမသွားတော့ပေ။

"ဘာလို့လဲ..."

အစစ်အမှန်ပုဂ္ဂိုလ်လင်းရှီသည် တိုးတိုးလေး ရေရွတ်ရင်း လဲကျလုနီးပါး ဖြစ်သွားသည်။

သူမ အလုံအလောက်သတိထားခဲ့တာပဲ... ဘာမှလည်းအမှားမလုပ်ခဲ့ဘူး... ဘာလို့ ပြဿနာတွေ တက်နေရသေးတာလဲ။

ဒီမိစ္ဆာတွေက တကယ်ပဲ ဒီလောက်တောင် ဉာဏ်များပြီး ကောက်ကျစ်စဉ်းလဲကြတာလား။

သူမ နတ်ဆိုးတစ်ထောင်ဂူကနေ ထွက်မပြေးနိုင်ဘူးဆိုတာကိုတောင် သူတို့ ကြိုတွက်ထားကြတာလား။

"ငါ နင်တို့အားလုံးကို သတ်ပစ်မယ်"

ငိုသံပါသောအသံဖြင့် သူမစူးရှစွာ အော်ဟစ်လိုက်ပြီး လေးလံသော စိတ်ဝိညာဉ်ဖိအားနှစ်ခုကို ထုတ်လွှတ်လိုက်သည်။

သူမ စတင်လှုပ်ရှားလိုက်သည့် တခဏ၌ပင်။

ရှန်းယီသည် တွန့်ဆုတ်ခြင်းမရှိဘဲ နောက်သို့ ချက်ချင်းဆုတ်ခွာကာ အကွာအဝေးတစ်ခုကို ယူလိုက်၏။

"..."

ထိုအဖြစ်ကို မြင်သောအခါ ချောက်နက်ပင့်ကူဧကရာဇ် စိတ်ပျက်သွားသည်။

နတ်ဘုရားစိတ်ဝိညာဉ် ပြီးပြည့်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်ရာမှာ ဤခြင်္သေ့သည် အသုံးမဝင်မှန်းသိသော်လည်း၊ ယခုလိုပြတ်သားစွာထွက်ပြေးသွားခြင်းမှာတော့ သူ့ကို စိတ်အနှောက်အယှက်ပေးနေဆဲပင်။

ဤကိစ္စပြီးသွားလျှင် ထိုခြင်္သေ့အား နတ်ဆိုးဧကရာဇ်တစ်ပါး၏အမျက်ဒေါသဆိုတာ မည်သည့်အရာမှန်း သိအောင် ပြပေးရဦးမည်။

မျက်တောင်တစ်ခတ်အတွင်း ဝိညာဉ်ဖိအားနှစ်ခုသည် ပင့်ကူဧကရာဇ်အပေါ်သို့ကျရောက်လာပြီး ၎င်းကို ပေ ၁၀၀ ကျော်အထိ လွင့်ထွက်သွားစေသည်။

လင်းရှီသည် ရူးသွပ်စွာဖြင့် ရှေ့သို့ တိုးဝင်လာသည်။သူမ လက်ထဲမှ မန္တန်များသည် ခန့်မှန်းရခက်လောက်အောင် ပြောင်းလဲနေ၏။

ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များသည် ချက်ချင်းပွက်ပွက်ဆူလာပြီး တောင်ထိပ်ဖျားသဖွယ်ကြီးမားသော ကြွေနေသောကြယ်များအဖြစ် ပြောင်းလဲကာ တရစပ်ကျဆင်းလာသည်။

ထို့နောက် ၎င်းတို့သည် ပင့်ကူဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်တွင် တစ်ခုပြီးတစ်ခု ပေါက်ကွဲလေတော့သည်။

"သတ်မယ် နင်တို့အားလုံးကို သတ်ပစ်မယ်"

အစစ်အမှန်ပုဂ္ဂိုလ်လင်းရှီ၏ မျက်နှာပေါ်တွင် မျက်ရည်များစီးကျနေပြီး သူမ၏အော်ဟစ်သံများ ပိုမို စူးရှလာသည်။ ချောက်နက်ပင့်ကူဧကရာဇ်မှာမူ ကြောင်အမ်းအမ်းဖြင့် ရပ်နေပြီး တရစပ် တိုက်ခိုက်မှုများကို ခံနေရကာ နောက်သို့ ယိမ်းယိုင်နေ၏။

သူ တစ်ဖက်လူကို ထိတောင်မထိရသေးသည်ကို အဘယ်ကြောင့် ဤမျှထိရူးသွပ်စွာ တိုက်ခိုက်ခံနေရသနည်းဆိုတာကို လုံးဝနားမလည်နိုင် ဖြစ်နေသည်။

အစစ်အမှန်ပုဂ္ဂိုလ်လင်းရှီသည် နောက်ထပ် ဝိညာဉ်တံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်၏။

ချောက်နက်ပင့်ကူဧကရာဇ်၏ မျက်နှာထား နောက်ဆုံးတွင်ပြောင်းလဲသွားပြီး အနည်းငယ် လေးနက်လာသော်လည်း ကြောက်ရွံ့ခြင်းနှင့်တော့ အဝေးကြီး လိုပါသေးသည်။

သူသည် ရုတ်တရက်တောက်ပသော ပင့်ကူမျှင်တစ်ချောင်းကို ထွေးထုတ်လိုက်ရာ အစစ်အမှန်ပုဂ္ဂိုလ်လင်းရှီ၏ ပခုံးကို ထိမှန်သွား၏။

ထိုကဲ့သို့ အလျင်စလိုတိုက်ခိုက်မှုသည် နတ်ဘုရားစိတ်ဝိညာဉ်ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ထိခိုက်မှု များများစားစားမဖြစ်စေနိုင်ပေ။

သို့သော် ထူးဆန်းသည်မှာ အစစ်အမှန်ပုဂ္ဂိုလ်လင်းရှီ၏မန္တန်သည် မှားယွင်းခြင်း မရှိသော်လည်း၊ ရုတ်တရက်စုစည်းလာသော ဝိညာဉ်စွမ်းအင်များသည် ရှင်းပြ၍မရနိုင်စွာဖြင့် ပျောက်ကွယ်သွားခြင်းပင်။

"တိမ်တိုက်ပင်လယ်နင်းခြေတံဆိပ်တော်လား"

ချောက်ပင့်ကူဧကရာဇ် အေးစက်စွာ ရယ်မောလိုက်သည်။ ပင့်ကူခြေထောက်သည် ထပ်မံ ထိုးထွက်လာပြီး အစစ်အမှန်ပုဂ္ဂိုလ်လင်းရှီ၏ ပခုံးကို စိုက်ဝင်သွား၏။

သူသည် နတ်ဆိုးခန္ဓာကိုယ်အဟန့်အတားကြောင့်သာ မသင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤမန္တန်၏ရှုပ်ထွေးနက်နဲမှုများကို အစစ်အမှန်ပုဂ္ဂိုလ်လင်းရှီထက်ပင် သူက ပိုပြီးရင်းနှီးကျွမ်းဝင်နေပါသေး၏။

"အား..."

လင်းရှီသည် ထိတ်လန့်စွာအော်ဟစ်လိုက်ပြီး ရှိုက်ကြီးတငင်ငိုကြွေးရင်း ဒုတိယမြောက်မန္တန်ကို ပြီးမြောက်အောင် လုပ်လိုက်သည်။

သူမ၏လက်သည် ဓားသွားအဖြစ် ပြောင်းလဲသွားပြီး ခွမ်းခနဲအသံနှင့်အတူ ပင့်ကူခြေထောက်ကို ဖြတ်တောက်လိုက်၏။

ထို့နောက် သူမခန္ဓာကိုယ်ထဲ စိုက်ဝင်နေသော ပင့်ကူခြေထောက်ကို ဖွပ်ခနဲ အသံမြည်အောင် ဆွဲထုတ်လိုက်သည်။

"..."

ရှန်းယီ၏ မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာ၏။

ယခုလို ကျင့်ကြံသူမျိုးကို သူတစ်ခါမှ မမြင်ဖူးပေ။ စိတ်နှလုံးနုနယ်သော်လည်း တိုက်ပွဲတွင် အဟန့်အတား မရှိပေ။

ငိုစရာရှိလျှင် ငိုပြီးတိုက်စရာရှိလျှင် တိုက်သည်။

ကျင့်ကြံသူ၏အင်အားကို အကြမ်းဖျင်း ခန့်မှန်းပြီးနောက် ရှန်းယီတိတ်တဆိတ် လက်ကို ဆန့်ထုတ်လိုက်၏။

သူ ပင့်ကူဧကရာဇ်အား ဤနေရာသို့ခေါ်လာခြင်းမှာ ဝူထုံတောင်၏တပည့်မျာူကို တကယ် တိုက်ခိုက်ရန် မဟုတ်ပေ။

ထိုမိန်းမနှင့် ကြိုတင်မတိုင်ပင်ခဲ့ရသောအကြောင်းရင်းမှာ ရှန်းယီသည် သူစိမ်းများကို မည်သည့်အချိန်ကမှ မယုံကြည်ခဲ့သောကြောင့်ဖြစ်၏။ သူသည် အခြေအနေကိုကိုယ်တိုင် ထိန်းချုပ်ထားရသည်အား ပိုသဘောကျလေသည်။

အကယ်၍ ယနေ့ ပင့်ကူဧကရာဇ်ကို သတ်ဖြတ်နိုင်လျှင် အကောင်းဆုံးပင်။ မသတ်နိုင်လျှင်ပင် အနည်းဆုံးတော့ ပင့်ကူဧကရာဇ်အား ဤမိန်းမကို မောင်းထုတ်သွားစေချင်၏။

သို့သော် ဤမိန်းမက ထွက်ပြေးဖို့ပင် မတတ်နိုင်ဘူးဖြစ်နေလျှင် သူဝင်ကူညီပေးရလိမ့်မည်။

ချက်ချင်းဆိုသလို အနက်ရောင်မြူခိုးကြိုးမျှင်တစ်မျှင်သည် မြေကြီးထဲမှထွက်ပေါ်လာပြီး ရှန်းယီ၏ လက်ချောင်းထိပ်နှင့် ပြန်လည် ချိတ်ဆက်သွား၏။

"ရှူး"

နာကျင်မှုကိုခံစားလိုက်ရသော ချောက်နက်ပင့်ကူဧကရာဇ်သည် ချက်ချင်းပင် ၎င်း၏ခြေထောက်ရှည်ကြီးကို ပြန်ရုပ်သိမ်းလိုက်သည်။

သူ အံ့သြစွာ ကြည့်လိုက်၏။ လင်းရှီ၏တုံ့ပြန်မှုသည် ရွှေတောင်ပံ မိစ္ဆာဧကရာဇ် ပြောပြထားသည်နှင့် သိပ်မကိုက်ညီပေ။

အခြား မိစ္ဆာဧကရာဇ်သာ ဆိုလျှင် ဒီနေ့ အကြီးအကျယ် ခံရပေလိမ့်မည်။

ကံကောင်းသည်မှာ သူသည် အဋ္ဌမမြောက်ဂူ၏ ဧကရာဇ် ဖြစ်နေခြင်းပင်။

ဝူထုံတောင်၏ကျင့်ကြံခြင်း နည်းစနစ်အားလုံးနီးပါးသည် ကျမ်းစာတိုက်မှ ဆင်းသက်လာသည်ဟု ဆိုနိုင်သည်။

"ကောင်းကင်ပိုင်းဖြတ်နှင်းခဲအေးစက် သိုင်းကွက်"

အစစ်အမှန်ပုဂ္ဂိုလ်လင်းရှီသည် သူတို့ကြားမှ အကွာအဝေးကို တိုးမြှင့်လိုက်ပြီး လက်ဝါးကို ရုတ်တရက် လှုပ်ရှားလိုက်၏။

ကောင်းကင်သို့ထိုးတက်နေသော ရေခဲတိုင်ကြီး ငါးခုသည် လေထုထဲမှပေါ်ထွက်လာပြီး ပင့်ကူဧကရာဇ်ကို ဝိုင်းရံပိတ်ဆို့ရန် ကြိုးစားလိုက်သည်။

"ကျွတ်။" ချောက်နက်ပင့်ကူဧကရာဇ်သည် တည်ငြိမ်အေးဆေးစွာဖြင့် သီးခြားလမ်းကြောင်းတစ်ခုသို့ ဆုတ်ခွာလိုက်၏။

ရေခဲတိုင်များ၏တိုက်ခိုက်မှုတိုင်းကို ကြိုတင်ခန့်မှန်းထားသကဲ့သို့ပင်။

"အဟွတ်။" အစစ်အမှန်ပုဂ္ဂိုလ်လင်းရှီသည် အမောတကော အသက်ရှူရင်း ရုတ်တရက်မျှော်လင့်ချက်မဲ့သလို ခံစားလိုက်ရသည်။

တစ်ဖက်ရန်သူက သူမ၏လှုပ်ရှားမှုတိုင်းကို ကောင်းစွာ သိရှိနေပုံရသည်။

အကယ်၍ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားသည်အထိ အချိန်ကြာရှည်သွားပါက သူမ ကျဆုံးရမည့်အချိန် ရောက်လာလိမ့်မည်။

ထိုအချိန်တွင်၊သူမ၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားပြီး ချောက်နက်ပင့်ကူဧကရာဇ်သည်လည်း တစ်ခဏမျှအံ့သြသွားသည်။

ဆုတ်ခွာနေသော ပင့်ကူဧကရာဇ်၏လှုပ်ရှားမှုသည် မမြင်ရသော နံရံတစ်ခုကို တိုက်မိသကဲ့သို့ ရုတ်တရက် ရပ်တန့်သွားသည်။ ချက်ချင်းဆိုသလို ပြင်းထန်သော အနက်ရောင် မြူခိုးများသည် မီးတောက်များပမာ ထိုးတက်လာသည်။

"သံစုတ်တံငွေချိတ်" ချောက်နက်ပင့်ကူဧကရာဇ်၏ဒေါသတကြီး အော်ဟစ်သံမဆုံးမီ နောက်ဆုံး ရေခဲတိုင်ကြီးသည် ၎င်း၏ဝမ်းဗိုက်ထဲသို့ ရုတ်တရက် ထိုးစိုက်သွားပြီး ကောင်းကင်ပေါ်သို့ ပင့်တင်လိုက်သည်။

"ထောင်ချောက် ရှိတယ် ဝက်မိုက်သား... မင်းရဲ့ ဧကရာဇ်ကို လာကူညီစမ်း" ပင့်ကူဧကရာဇ်သည် ၎င်း၏ခန္ဓာကိုယ်ထဲမှ ရေခဲတိုင်ကိုချိုးဖျက်လိုက်ပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာပြုတ်ကျလာ၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး နှင်းခဲများ ဖုံးလွှမ်းနေသည်။

ထိတ်လန့်တကြားအခြေအနေတွင် သူ ခြင်္သေ့ကြီးဘက်သို့ လှည့်ပြီး အော်ဟစ်လိုက်သည်။

"..."

အစစ်အမှန်ပုဂ္ဂိုလ်လင်းရှီသည် အလိုအလျောက် ခြင်္သေ့ကြီးဘက်သို့ လှည့်ကြည့်လိုက်ပြီး သတိထားမှုများဖြင့် ပြည့်နှက်သွားသည်။

ဝူထုံတောင်သည် ထိုခြင်္သေ့လက်ချက်ဖြင့် အကြိမ်ကြိမ် အထိနာခဲ့ဖူးသည်ကို သူမ မမေ့သေးပေ။

ခြင်္သေ့ကြီး ခြေလှမ်းလှမ်းလိုက်သည်ကို မြင်သောအခါ သူမ တစ်ကိုယ်လုံး တုန်ရီသွား၏။

"ကောင်းပြီလေ။"

ရှန်းယီသည် အောက်ဘက်မှမြင်ကွင်းကို စီးမိုးကြည့်လိုက်သည်။ သူ၏ရွှေရောင်မျက်လုံးများသည် ရုတ်တရက် ထူးကဲစွာ တည်ငြိမ်သွား၏။

သူ၏ အသံထွက်ပေါ်လာသည်နှင့်အမျှ၊

ကြီးမားသောစုတ်တံကြီးတစ်ခု ပေါ်ထွက်လာသည်။

သို့သော် ယခင်အကြိမ်နှင့် ယှဉ်လျှင် ၎င်းရေးဆွဲလိုက်သော ထူထဲသောမှင်ရည်များသည်တောက်ပသော သွေးနီရောင် ဖြစ်နေလေသည်။

All Chapters