ရက်စက်မှု
Vol. 73 Ch. 1013
တိမ်တိုက်များအတွင်း၌ အဆက်မပြတ် လူးလိမ့်နေသော လျှပ်စီးကြောင်းများမှာ တဖြည်းဖြည်းနှင့် နတ်ဘုရားလှံရှည်များအသွင် စုစည်းလာခဲ့ရာ ပိုမိုခိုင်မာလာသည်နှင့်အမျှ လူတိုင်းအပေါ် ကျရောက်လာသော ဖိအားများမှာလည်း ပိုမိုကြီးမားလာခဲ့သည်။ ထိုလှံရှည်များဖြင့် အထိုးခံရပါက အပြင်းအထန် ဒဏ်ရာရရှိသွားနိုင်သည့် သေခြင်းတရား၏ ခြောက်လှန့်မှုကိုပင် ခံစားလာရပြီး ပြင်းအား ပိုမိုသန်မာလာသည်နှင့်အမျှ အသက်အန္တရာယ်ပါ စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိလာခဲ့၏။
လူတိုင်း၏ အမူအရာများမှာ လေးနက်လာကြပြီး မည်သူမျှ ပေါ့ပေါ့ဆဆ မနေရဲကြတော့ချေ။ ဆဋ္ဌမအဆင့်ကို အေးအေးဆေးဆေး ရင်ဆိုင်နိုင်သူမှာ လူနည်းစုသာရှိပြီး ယီထျန်းယွမ်မှာ ထိုလူနည်းစုထဲမှ တစ်ဦးဖြစ်သည်။
“ရှုး...”
မိုးကြိုးနတ်ဘုရားလှံတစ်စင်းအလား အရှိန်အဟုန်ဖြင့် အောက်သို့ ထိုးဆင်းလာပြီး ပြိုင်ပွဲဝင်များကို မြေပြင်ပေါ်၌ သံမှိုရိုက်သကဲ့သို့ လုပ်ဆောင်ရန် ကြိုးစားလိုက်၏။ ထိုကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးလှံအောက်တွင် ဟင်းလင်းပြင်မှာ အဆက်မပြတ် တုန်ခါလာခဲ့ပြီး အပေါက်ကြီးတစ်ခု ဖြစ်သွားတော့မည့်အလား ထင်မှတ်ရသည်။
“ဝုန်း...”
ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြီးမှာ ကြီးမားလှသော ဥက္ကာခဲကြီးတစ်ခု ကျရောက်လာသကဲ့သို့ ဖိနှိပ်လိုက်ပြီး ကမ္ဘာပျက်မတတ် ပြင်းထန်လှသော ထိုးနှက်ချက်ကြီးမှာ စတင်လာခဲ့ပြီ ဖြစ်သည်။
စူးရှတောက်ပသော ဖြူဖွေးသည့် အလင်းတန်းများမှာ ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သဖြင့် မည်သူမျှ အတွင်းပိုင်း အခြေအနေကို မမြင်တွေ့နိုင်တော့ချေ။ သို့သော် ကျင့်စဉ်အဆင့် မြင့်မားသူများမှာမူ သိမ်းငှက်မျက်လုံးအလား စူးရှလှသဖြင့် အရာအားလုံးကို အသေးစိတ်ကအစ ရှင်းလင်းစွာ မြင်တွေ့နေရဆဲ ဖြစ်သည်။
ဖြူဖွေးသော အလင်းတန်းများ လျင်မြန်စွာ ပျောက်ကွယ်သွားသည့်အခါ မူလကရှိနေသော လူတစ်ရာ့ငါးဆယ်ကျော်မှာ မျက်တောင်တစ်ခတ်အတွင်း ကိုးဆယ်ကျော်သာ ကျန်ရှိတော့သည်ကို မြင်တွေ့လိုက်ရရာ ပြိုင်ပွဲဝင် ထက်ဝက်နီးပါးခန့် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုကိုးဆယ်ကျော်ထဲတွင် လူငါးဆယ်ကျော်မှာ အပြင်းအထန် ဒဏ်ရာရရှိထားကြပြီး တစ်ကိုယ်လုံးတွင် သွေးများဖြင့် ပြည့်နှက်နေခဲ့ရာ ထိုကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးလှံမှာ ၎င်းတို့အား ဖောက်ထွင်းသွားရန် အစပျိုးခဲ့သည်မှာ ထင်ရှားလှသည်။ ကျန်ရှိနေသော လူလေးဆယ်ကျော်ထဲတွင် အချို့မှာ ဒဏ်ရာအနည်းငယ်သာ ရရှိထားသော်လည်း အချို့မှာမူ ဒဏ်ရာ လုံးဝမရှိချေ။
တည်ငြိမ်သူများမှာမူ တရားထိုင်လျက်ပင် မည်သည့်ပြဿနာမျှမရှိဘဲ ခုခံနိုင်ခဲ့ကြသည်။ ယီထျန်းယွမ်နှင့် ထျန်ချင်းမြေကမ္ဘာအရှင်တို့မှာ ဤကဲ့သို့သော အခြေအနေကို ပြသနိုင်သူများ ဖြစ်ကြပြီး ၎င်းတို့သည် ထိုနေရာ၌ ထိုင်လျက်သာ ခုခံနေခဲ့ကြခြင်း ဖြစ်သည်။ သို့သော် သာမန်မျက်စိဖြင့် ကြည့်မည်ဆိုပါက ယီထျန်းယွမ်မှာ ပိုမို၍ ထင်ရှားလှပြီး သူ၏ ကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမျှ မရှိသည့်အပြင် မည်သည့်ဖိအားကိုမျှ ခံစားနေရပုံ မပေါ်ချေ။ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်းမှာ အံ့ဩတုန်လှုပ်သွားခဲ့ကြရပြီး သူသည် ဤတိုက်ခိုက်မှုကို ခန္ဓာကိုယ်သက်သက်ဖြင့်သာ ခုခံနေဆဲ ဖြစ်သည်လားဟု တွေးတောမိကြသည်။
ဤသည်မှာ ပြိုင်ပွဲဝင် အမြောက်အများကို အံ့အားသင့်သွားစေခဲ့သည်။
“အရည်အချင်း အနည်းငယ်တော့ ရှိသားပဲ...”
မိစ္ဆာမျက်လုံး မြေကမ္ဘာအရှင်၏ မျက်ဝန်းများတွင် ထူးဆန်းသော အလင်းတန်းများ ဝင်းလက်သွားသော်လည်း ကြီးမားသော ကိစ္စတစ်ခုဟု သူ မယူဆချေ။ အချို့သူများမှာ အရေပြား အလွန်ထူသဖြင့် ခုခံမှုကို ဖောက်ထွက်ရန် ခဲယဉ်းသော်လည်း ၎င်းမှာ ခုခံမှုအပိုင်း၌သာ သန်မာခြင်းဖြစ်ပြီး ကျန်ရှိသော အပိုင်းများမှာမူ ညံ့ဖျင်းနေနိုင်သည်။
အကြီးအကဲငါးဦးမှာ ခေါင်းညိတ်လိုက်ကြသော်လည်း အလွန်အမင်း အံ့ဩခြင်း သို့မဟုတ် တုန်လှုပ်ခြင်းမျိုးတော့ မရှိချေ။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို ၎င်းတို့မှာ အသားကျနေပြီဖြစ်သဖြင့် ယီထျန်းယွမ်၏ အရည်အချင်းမှာ အသင့်အတင့် ရှိသည်ဟုသာ ယူဆလိုက်ကြသည်။
“ဒီလူသားလူငယ်လေးက စိတ်ဝင်စားစရာတော့ ကောင်းသားပဲ... သန်မာတဲ့ လူသားတစ်ယောက်ကို မတွေ့ရတာ တော်တော်လေး ကြာနေပြီ...”
အကြီးအကဲ ကောက်ဟွမ်တို့က ခေါင်းညိတ်လိုက်ကြရင်း ထျန်ချင်းမြေကမ္ဘာအရှင်ကို လှမ်းကြည့်လိုက်ကြသည်။
“ဒီနတ်ဘုရားမီးလျှံကို ထိန်းချုပ်ထားနိုင်တဲ့ ပြိုင်ပွဲဝင်ကတော့ ပိုပြီး ထိတ်လန့်စရာ ကောင်းတယ်... သူ့ရဲ့ အနားကို ချဉ်းကပ်လာတဲ့ အရာမှန်သမျှ လောင်ကျွမ်းပြီး ပျောက်ကွယ်သွားတာပဲ...”
“ဟုတ်တယ်... အဲဒီလူသားလူငယ်က မဆိုးဘူးဆိုပေမဲ့ ဒီနတ်ဘုရားမီးလျှံ ပိုင်ရှင်နဲ့ ယှဉ်လိုက်ရင်တော့ ကွာခြားချက်က ကြီးမားပါသေးတယ်... ခုခံမှုစွမ်းအားက သန်မာတယ်ဆိုပေမဲ့ ဒီမီးလျှံတွေနဲ့သာ တွေ့လိုက်ရင်တော့ အရာအားလုံးက ပြာဖြစ်သွားမှာပဲ...”
၎င်းတို့သည် ယီထျန်းယွမ်ကို အသိအမှတ်ပြုကြသော်လည်း ထျန်ချင်းမြေကမ္ဘာအရှင်ကိုမူ ပိုမို၍ ချီးကျူးနေကြသည်။
“ဂျိမ်း... ဂျိမ်း... ဂျိမ်း...”
လူတိုင်း ဆွေးနွေးနေကြစဉ်မှာပင် လျှပ်စီးကြောင်းများမှာ စုစည်းမှုကို လက်မလျှော့ဘဲ ဒုတိယအကြိမ် တိုက်ခိုက်မှုအတွက် အလျင်အမြန်ပင် ပြန်လည်စုစည်းလိုက်ကြသည်။ ပြင်းအားမှာ အစောပိုင်းကအတိုင်းပင်ဖြစ်ပြီး အရာအားလုံးကို ဖောက်ထွင်းနိုင်စွမ်းရှိသော နတ်ဘုရားလှံတံ တိုက်ခိုက်မှုပင် ဖြစ်သည်။
“ရှုး... ရှုး... ရှုး...”
တိုက်ခိုက်မှုများမှာ ပြန်လည်၍ ပြင်းထန်စွာ ဖိနှိပ်လာခဲ့ပြန်ပြီး ဖြူဖွေးသော အလင်းတန်းများမှာ ဆက်လက်၍ ဝင်းလက်လာကာ ပေါက်ကွဲသံများလည်း ထွက်ပေါ်လာခဲ့ပြန်သည်။ ပြိုင်ပွဲဝင် အရေအတွက်မှာ ပိုမို၍ နည်းပါးလာခဲ့ပြီး ဆဋ္ဌမအဆင့် ပြီးဆုံးသွားသည့်အခါ ထိုနေရာ၌ ဆက်လက်ထိုင်နိုင်သူမှာ ငါးဆယ်ပင် မပြည့်တော့ချေ။
အလင်းတန်းများ ပျောက်ကွယ်သွားသည့်အခါမှသာ ပြိုင်ပွဲဝင်များမှာ သက်ပြင်းတစ်ချက် ချလိုက်နိုင်ကြပြီး ဆေးလုံးများကို အလျင်အမြန် သောက်သုံးကာ ပြန်လည်နာလန်ထူရန် ကြိုးစားလိုက်ကြသည်။
“ဒီတိုက်ခိုက်မှုက တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်... ငါတောင် မနည်း တောင့်ခံလိုက်ရတယ်...”
“မှန်တယ်... တကယ့်ကို ထိတ်လန့်စရာပဲ... ငါ သေတော့မယ်လို့တောင် ခံစားလိုက်ရတယ်...”
၎င်းတို့မှာ ရင်တထိတ်ထိတ် ဖြစ်နေကြရပြီး ကံကောင်းထောက်မစွာဖြင့် တောင့်ခံနိုင်ခဲ့ကြခြင်း ဖြစ်သည်။ သတ္တမအဆင့်အထိ တောင့်ခံနိုင်သူမှာ လူတိုင်း၏ အထက်တွင် ရှိနေသူများဟု ဆိုနိုင်ပြီး တစ်ကွင်းလုံးတွင် ငါးဆယ်ပင် မပြည့်တော့ဘဲ တိတိကျကျဆိုလျှင် လေးဆယ့်ခြောက်ဦးသာ ကျန်ရှိတော့သည်။
ပြိုင်ပွဲဝင် ဆယ်သိန်းကျော်ထဲတွင် လေးဆယ့်ခြောက်ဦးသာ ကျန်ရှိတော့ခြင်းမှာ အမှန်တကယ်ပင် ရက်စက်လှသည်။ သေချာပေါက်ပင် တတိယအဆင့်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်သူမှာ စုစုပေါင်း တစ်ရာ့ငါးဆယ်ကျော် ရှိသော်လည်း ဒုတိယအဆင့်တွင် ထူးချွန်သော ရလဒ်ပြသလိုပါက ဆက်လက်၍ တောင့်ခံရမည် ဖြစ်သည်။
အကြီးအကဲ ကောက်ဟွမ်က နောက်ပိုင်းတွင် မည်သည့်ဆုလာဘ်များ ရှိမည်ကို ကြေညာခြင်း မရှိသော်လည်း ၎င်းတို့မှာ ရက်ရောမည်ကို သိရှိထားကြသည်။ ထို့အပြင် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ပါက တပည့်အဖြစ် ရွေးချယ်ခံရနိုင်သည်။
၎င်းတို့သည် ထိပ်တန်း အယောက်တစ်ရာအတွင်း ဝင်ရောက်သူများကိုသာ ရွေးချယ်ရန် ဖြစ်နိုင်ခြေ ရှိသည်ဟုသာ ဆိုထားခြင်း ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကိုယ် ပြသရန် လိုအပ်ပြီး မဟုတ်ပါက ဤနတ်ဘုရားနယ်မြေ အင်အားစုငါးခုထဲသို့ အမှန်တကယ် ဝင်ရောက်နိုင်ရန် မလွယ်ကူချေ။
အဆင့် ၂ နတ်ဘုရားနယ်မြေမှာ ဤငါးခုတည်း မဟုတ်ဘဲ အခြားများစွာ ရှိနေသေးသော်လည်း ဤငါးခုသာလျှင် အောက်ခြေနယ်မြေများမှလာသော သန်မာသူများကို လက်ခံလိုခြင်း ဖြစ်သည်။ ကျန်ရှိသော နယ်မြေများမှာမူ လက်မခံကြဘဲ အဆင့် ၂ နတ်ဘုရားနယ်မြေ အင်အားစုများထဲသို့ ဝင်ရောက်လိုပါက နတ်ဘုရားနယ်မြေ တက်လှမ်းခြင်းတိုက်ပွဲမှတစ်ဆင့်သာ ဝင်ရောက်နိုင်သည်။
အခြားသော နည်းလမ်းဖြင့် ဝင်ရောက်ရန် မဖြစ်နိုင်ချေ။ အဆင့် ၂ နတ်ဘုရားနယ်မြေသို့ ပျံသန်းသွားရုံဖြင့် ရောက်ရှိနိုင်သော်လည်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ပါက တွေ့ရှိသည်နှင့် သတ်ဖြတ်ခြင်းကိုသာ ခံရပေလိမ့်မည်။ ဤခံစားချက်မှာ လွန်စွာ ဆိုရွားလှသည်။
“သတ္တမအဆင့် စတင်တော့မယ်... နောက်ပိုင်းအဆင့်တွေမှာတော့ မင်းတို့ရဲ့ အခြေအနေကို ငါတို့ အာမမခံနိုင်တော့ဘူး... တကယ်လို့ တောင့်မခံနိုင်ရင် သေဆုံးသွားနိုင်တာမို့ သေသေချာချာ စဉ်းစားကြပါ...”
အကြီးအကဲ ကောက်ဟွမ်က သတိပေးလိုက်သည်။ သတ္တမအဆင့်မှာ အခြားအဆင့်များနှင့် မတူတော့ဘဲ ပြင်းအားမှာ ဆထက်တိုးလာမည် ဖြစ်သည်။ ထို့ကြောင့် ဆက်လက်၍ အတင်းအကျပ် တောင့်ခံနေပါက သေဆုံးခြင်းဖြင့်သာ အဆုံးသတ်သွားပေလိမ့်မည်။
“ငါ နှုတ်ထွက်မယ်...”
ချက်ချင်းပင် လူအချို့မှာ တွေဝေခြင်းမရှိဘဲ နှုတ်ထွက်ရန် ရွေးချယ်လိုက်ကြသည်။ ဆဋ္ဌမအဆင့်မှာပင် သေလုမတတ် ဖြစ်ခဲ့ရသဖြင့် သတ္တမအဆင့်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။ အကယ်၍ သေဆုံးသွားပါက ရှေ့တွင် လုပ်ဆောင်ခဲ့သမျှမှာ အလကား ဖြစ်သွားပေလိမ့်မည်။
“ငါလည်း နှုတ်ထွက်မယ်...”
ပတ်ဝန်းကျင်မှ ပရိသတ်များမှာ ၎င်းတို့ကို လှောင်ပြောင်ခြင်း မပြုကြချေ။ ဤသည်မှာ သဘာဝကျသည်ဟု ၎င်းတို့ ယူဆထားကြသည်။ လူတိုင်းမှာ အဆုံးအထိ တောင့်ခံနိုင်မည် မဟုတ်ချေ။ အဆင့်တက်နိုင်ရုံနှင့်ပင် အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။ ၎င်းတို့သည် ယခုအချိန်အထိ တောင့်ခံထားနိုင်ခြင်းမှာပင် အောင်နိုင်သူများ ဖြစ်နေခဲ့ပြီ ဖြစ်သည်။
တစ်ဦးပြီးတစ်ဦး နှုတ်ထွက်ရန် ရွေးချယ်လိုက်ကြသဖြင့် ကျန်ရှိနေသူမှာ နှစ်ဆယ့်ခြောက်ဦးသာ ရှိတော့ရာ ထက်ဝက်နီးပါးခန့် ထပ်မံ လျော့နည်းသွားခဲ့ခြင်းပင်။ ကြည့်ရသည်မှာ မိမိကိုယ်ကိုယ် အကန့်အသတ်သို့ ရောက်ရှိနေပြီဟု ယူဆသူမှာ အတော်လေး များပြားပုံရသည်။
“မင်း ဘယ်လိုနေလဲ... ဆက်ပြီး တောင့်ခံနိုင်ဦးမလား...”
ယီထျန်းယွမ်က ဘေးနားရှိ မုရုန်ရှောင်းကို ကြည့်ကာ မေးမြန်းလိုက်သည်။ သူမသည် ဤအဆင့်အထိ တောင့်ခံနိုင်ခြင်းမှာပင် အတော်လေးကို ချီးကျူးစရာ ကောင်းနေပြီ ဖြစ်သည်။ ယုချင်းလင်တို့မှာမူ ရှေးယခင်ကတည်းက ကျရှုံးခဲ့ပြီဖြစ်ပြီး ယွမ်ထျန်းယိုသည်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ ဤနေရာအထိ တောင့်ခံနိုင်ခြင်းမှာပင် မဆိုးလှချေ။
“ငါ ရပါသေးတယ်...”
မုရုန်ရှောင်းက ခေါင်းကို အားရပါးရ ညိတ်ပြလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် ခေါင်းမာသော အမူအရာ ရှိနေဆဲ ဖြစ်သည်။ သူမသည် မိမိ၏ အလားအလာကို သိရှိနိုင်ရန်အတွက် နောက်ဆုံးတစ်ကြိမ် တောင့်ခံရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
“ကောင်းပြီ... တကယ်လို့ တောင့်မခံနိုင်တော့ရင် ချက်ချင်း လှဲချလိုက်ရုံပဲ...”
ယီထျန်းယွမ်က ပြုံးလျက် ဆိုလိုက်သည်။ သူသည် မုရုန်ရှောင်း၏ အတွေးကို မပြောင်းလဲနိုင်သည်ကို သိရှိထားသဖြင့် သူမကို ဆက်လက်လုပ်ဆောင်ရန်သာ ခွင့်ပြုလိုက်တော့သည်။
လင်ယွမ်ဖုန်းသည်လည်း ဆက်လက်၍ တောင့်ခံနေခဲ့ပြီး သတ္တမအဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နေခဲ့သည်။ ဤအဆင့်အတန်းမှာ အတော်လေးကို ကောင်းမွန်လှသည်။