ဤအတိုင်းပင် ခုခံခြင်း
Vol. 73 Ch. 1015
အခြေခံအဆင့်သာ ရှိသေးသည်ဟူသော စကားကြောင့် ကျရှုံးသွားခဲ့သည့် ပြိုင်ပွဲဝင် အမြောက်အများမှာ မျက်နှာများ ဖြူလျော်သွားခဲ့ကြရသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် အခြေခံအဆင့်သို့ပင် မမီဟု ဆိုလိုခြင်း မဟုတ်ပါလော။ အကယ်၍ အခြေခံအဆင့်သို့ပင် မမီပါက ဤအဆင့် ၂ နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ရန် မည်သို့လျှင် ဆွေးနွေးနိုင်တော့မည်နည်း။
ဤသည်မှာ ၎င်းတို့အနေဖြင့် အဆင့် ၂ နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ရန် အခွင့်အရေး မရှိတော့ကြောင်း ကြိုတင်၍ ကြေညာလိုက်ခြင်း မဟုတ်ပါလော။ တစ်ဦးချင်းစီ၏ မျက်ဝန်းများတွင် စိတ်ပျက်မှုနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေခဲ့ကြသည်။ ဤမျှအထိ ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် အခြေခံအဆင့်ကိုပင် မထိတွေ့နိုင်ခဲ့ကြချေ။
“ဒီမှာပြောတဲ့ အခြေခံအဆင့်ဆိုတာက ဒီအဆင့်အထိ တောင့်မခံနိုင်တဲ့ ပြိုင်ပွဲဝင်တွေကို ငြင်းပယ်လိုက်တာ မဟုတ်ပါဘူး... ငါပြောချင်တာက ငါတို့ နတ်ဘုရားနယ်မြေရဲ့ စံနှုန်းအရဆိုရင် ဒါဟာ အခြေခံအဆင့်သာ ရှိပါသေးတယ်လို့ ပြောချင်တာပါ...”
အကြီးအကဲ ကောက်ဟွမ်က ပြုံးလျက် ဆိုလိုက်သည်။
“လူတစ်ယောက်ချင်းစီရဲ့ စံနှုန်းက မတူကြပါဘူး... ဒါက မင်းတို့မှာ အခွင့်အရေး မရှိတော့ဘူးလို့ မဆိုလိုပါဘူး... မင်းတို့အနေနဲ့ ငါတို့ နတ်ဘုရားနယ်မြေမှာ လာရောက်ကျင့်ကြံဖို့ အခွင့်အရေး ရှိပါသေးတယ်... ငါက ကြိုတင်ပြီး ရှင်းပြထားတာပါ... မင်းတို့မှာ မာန်တက်စရာ အရင်းအနှီးတွေ ရှိတယ်လို့ ထင်နေကြပေမဲ့ ငါတို့ နတ်ဘုရားနယ်မြေမှာတော့ ဒါဟာ အခြေခံအဆင့်သာ ရှိပါသေးတယ်...”
ဤမျှအထိ ပြောဆိုနေခြင်းမှာ အမှန်တကယ်တော့ မာန်မတက်ရန်နှင့် မိမိကိုယ်ကိုယ် ရောင့်ရဲမနေရန် သတိပေးလိုခြင်းသာ ဖြစ်သည်။
အကယ်၍ ဆဋ္ဌမအဆင့် သို့မဟုတ် သတ္တမအဆင့်ကို ကျော်ဖြတ်နိုင်ရုံနှင့် မိမိကိုယ်ကိုယ် အလွန်အမင်း သန်မာသည်ဟု ထင်မှတ်နေမည်ကို စိုးရိမ်၍ ဖြစ်သည်။ အကြီးအကဲ ကောက်ဟွမ်က ယခုပင် ရှင်းလင်းစွာ ပြောဆိုလိုက်ခြင်းဖြစ်ရာ ၎င်းတို့အားလုံးကို ရေအေးဖြင့် ပက်လိုက်သကဲ့သို့ ဖြစ်စေပြီး အေးစက်သွားအောင် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။
ထိုအခါမှသာ လူတိုင်းမှာ အကြီးအကဲ ကောက်ဟွမ် ပြောဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်သွားခဲ့ကြရသည်။ ၎င်းတို့အား မာန်မတက်စေရန် တားဆီးလိုခြင်းသာ ဖြစ်သည်။
“အဋ္ဌမအဆင့်... ပြင်ဆင်ထားကြတော့...”
အကြီးအကဲ ကောက်ဟွမ်က အပိုစကားများ မပြောတော့ချေ။ သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ထူထဲသော တိမ်တိုက်များပေါ်တွင် အရောင်အသစ်တစ်မျိုး ထပ်မံပေါ်ထွက်လာခဲ့ပြန်သည်။ ယင်းမှာ အစိမ်းရောင်ပင် ဖြစ်သည်။
ဖျော့တော့သော အစိမ်းရောင် အလင်းတန်းမှာ ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်နေသကဲ့သို့ ထင်ရသော်လည်း ၎င်းတို့မှာ မည်သည့်ဝိညာဉ်စွမ်းအားကိုမျှ မခံစားရချေ။ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများကို အတင်းအကျပ် ဆွဲထုတ်၍ ခြောက်ကပ်သွားအောင် လုပ်ဆောင်လိုသည့် ထူးခြားသော စွမ်းအားတစ်ရပ်ကိုသာ ခံစားနေရသည်။
“ဒီတစ်ခါတော့ သစ်ဓာတ်စွမ်းအားအလှည့်ပေါ့...”
ယီထျန်းယွမ်၏ မျက်ဝန်းများမှာ ဝင်းလက်သွားခဲ့သည်။ သူ မှန်ကန်စွာ ခန့်မှန်းရမည်ဆိုပါက နောက်ထပ်အဆင့်မှာ သေချာပေါက် ရေဓာတ်စွမ်းအား ဖြစ်ရပေလိမ့်မည်။
ငါးပါးသော ဓာတ်စွမ်းအားများမှာ နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် ပေါ်ထွက်လာခဲ့ပြီး နတ်ဘုရားမိုးကြိုးများအတွင်းသို့ တစ်ခုပြီးတစ်ခု ထပ်မံပေါင်းစပ်လာခဲ့ရာ ပြင်းအားမှာ ပိုမို၍ ထိတ်လန့်စရာ ကောင်းလာခဲ့သည်။ ငါးပါးသော ဓာတ်စွမ်းအားများ ပိုမိုများပြားလာသည်နှင့်အမျှ အပြန်အလှန် အထောက်အကူပြုသော အခြေအနေမျိုး ဖြစ်ပေါ်လာသဖြင့် ပြင်းအားမှာ မည်သို့လျှင် ကြောက်မက်ဖွယ်မကောင်းဘဲ နေပါမည်နည်း။
ယခုအခါ တိုက်ခိုက်ရေးစွမ်းရည်မှာ ဆထက်တိုးလာခဲ့ပြန်ပြီး ကြယ်တာရာစွမ်းအား ရှစ်သိန်းကျော်အထိ ရှိနေခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရသော် ဤသည်မှာ မြေကမ္ဘာအရှင်သခင်များအတွက် အမှန်တကယ် ပြင်ဆင်ထားခြင်း ဖြစ်ပါသလော။ အမှန်တကယ်ပင် မြေကမ္ဘာအရှင်များအတွက် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း အကြီးအကဲ ကောက်ဟွမ်က လိမ်ညာပြောဆိုမည် မဟုတ်ပေ။
ဤစွမ်းအားမှာ ၎င်းတို့ဘက်၌ဆိုလျှင် အခြေခံအဆင့်သာ ရှိပေလိမ့်မည်။ တူညီသော ကျင့်စဉ်အဆင့်အောက်တွင် အဆင့် ၂ နတ်ဘုရားနယ်မြေမှ သန်မာသူများမှာ အဆင့် ၁ နတ်ဘုရားနယ်မြေရှိ ကျင့်ကြံသူများထက် များစွာ သာလွန်နေခဲ့ကြသည်။
၎င်းတို့က အလွန်အမင်း တင်းကြပ်နေခြင်း မဟုတ်ဘဲ စံနှုန်းဖြင့် တိုင်းတာခြင်းသာ ဖြစ်သည်။ စံနှုန်းမမီသူများမှာ ကျရှုံးသူအဖြစ်သာ သတ်မှတ်ခံရပေလိမ့်မည်။
“ဒါက အဋ္ဌမအဆင့်တောင် ရောက်နေပြီလေ... သူက ခန္ဓာကိုယ်သက်သက်နဲ့ပဲ ဆက်ပြီး ခုခံနိုင်ဦးမှာလား...”
ဤသည်မှာ ယီထျန်းယွမ်နှင့် ပတ်သက်၍ လူအများ၏ အတွေးပင် ဖြစ်သည်။ ဤမျှ ထိတ်လန့်စရာကောင်းသော စွမ်းအားများမှာ များစွာသော ဂုဏ်သတ္တိများနှင့် ပေါင်းစပ်နေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ မခုခံပါက ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် သေချာပေါက်ပင် ကြီးမားသော ထိခိုက်မှုများကို ဖြစ်ပေါ်စေပေလိမ့်မည်။
“တကယ်လို့ သူက ခန္ဓာကိုယ်နဲ့ပဲ ဆက်ပြီး ခုခံနေမယ်ဆိုရင် မင်းတို့ရဲ့ ထျန်ယုနတ်ဘုရားနယ်မြေမှာ ပြိုင်ပွဲဝင်တစ်ယောက် လျော့နည်းသွားလိမ့်မယ်...”
ကျိုးယုနယ်မြေအရှင်က ဘေးမှနေ၍ လှောင်ပြောင်လိုက်သည်။
“ဒါကိုတော့ ကျိုးယုနယ်မြေအရှင် စိုးရိမ်နေဖို့ မလိုပါဘူး... သူက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်တုံတရား ရှိမယ်လို့ ငါ ယုံကြည်ပါတယ်...”
ထျန်ယုနယ်မြေအရှင်ကလည်း ချက်ချင်းပင် ပြန်လည်တုံ့ပြန်လိုက်ပြီး ကျိုးယုနယ်မြေအရှင်အား မျက်နှာသာ မပေးခဲ့ချေ။
“အကြီးအကဲ ကောက်ဟွမ် ပြောခဲ့တဲ့ စကားကို မင်း မကြားဘူးလား... သူတို့ကို မာန်မတက်စေချင်တာလေ... တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ဆောင်ဖို့ လိုအပ်တယ်... တစ်ချိန်လုံး ခန္ဓာကိုယ်နဲ့ ခုခံနေတာက လူအများရဲ့ အာရုံစိုက်မှုကို ခံရဖို့အတွက်ပဲ မဟုတ်လား...”
ကျိုးယုနယ်မြေအရှင်က ခေါင်းခါလျက် အေးစက်စွာ ပြုံးလိုက်သည်။
“ဒီလို အာရုံစိုက်အောင် လုပ်တဲ့ နည်းလမ်းက မဆိုးပေမဲ့ ကြည့်ရတာ သူ ကန့်သက်ချက်ကို ရောက်နေပြီး ဆက်ပြီး တောင့်မခံနိုင်တော့ဘူး ထင်တယ်...”
“ဟုတ်ပါ့မလား... တောင့်မခံနိုင်တော့ဘူးဆိုရင်တောင် အနည်းဆုံးတော့ အဋ္ဌမအဆင့်အထိ တောင့်ခံထားနိုင်တာပဲ... ကျိုးယုနယ်မြေအရှင် စေလွှတ်လိုက်တဲ့လူကကော ဘယ်နှအဆင့်အထိ တောင့်ခံနိုင်လို့လဲ...”
ထျန်ယုနယ်မြေအရှင်က ချက်ချင်းပင် အရှက်ခွဲလိုက်သည်။
“လက်ရှိ အခြေအနေကိုပဲ ပြောရအောင်... ဒီအဆင့်မှာ ငါတို့လူက အကြာကြီး တောင့်မခံနိုင်တာ မှန်ပေမဲ့ သူတို့ရဲ့ အရည်အချင်းက ညံ့ဖျင်းတယ်လို့တော့ ပြောလို့မရဘူးလေ...”
ကျိုးယုနယ်မြေအရှင်က အေးစက်စွာ ရယ်မောလိုက်သည်။
“ကြည့်ရတာ မင်းတို့လူကတော့ ခန္ဓာကိုယ်နဲ့ပဲ ဆက်ပြီး ခုခံချင်နေတုန်းပဲ... တစ်ခါတည်း သေသွားရင်တော့ အရာအားလုံးက အချည်းနှီး ဖြစ်ကုန်မှာပဲ...”
လူတိုင်း လှမ်းကြည့်လိုက်ကြသည့်အခါ ယီထျန်းယွမ်မှာ တိုက်ပွဲဝင်ရန် မည်သည့်ပြင်ဆင်မှုမျှ မလုပ်ရသေးဘဲ မူလနေရာ၌ပင် တရားထိုင်နေဆဲ ဖြစ်သည်။ သေချာပေါက်ပင် သူနှင့်အတူ တရားထိုင်လျက် ခုခံနေသူမှာ ထျန်ချင်းမြေကမ္ဘာအရှင်လည်း ရှိနေသည်။ ကျန်ရှိသူများမှာမူ မတ်တပ်ရပ်လျက် ရင်ဆိုင်ရန် အသင့်ပြင်နေကြသည်။
ထျန်ချင်းမြေကမ္ဘာအရှင်၏ ခန္ဓာကိုယ်ပတ်လည်တွင် နတ်ဘုရားမီးလျှံများ ဝန်းရံနေသော်လည်း ယီထျန်းယွမ်တွင်မူ မည်သည့်အရာ ရှိပါသနည်း။ သူသည် မည်သည့်စွမ်းအင်ကိုမျှ ထုတ်ဖော်ပြသခြင်း မရှိဘဲ ပုံမှန်အတိုင်း တရားထိုင်နေသည်မှာ အလွန်ပင် တည်ငြိမ်နေခဲ့သည်။
“ဝုန်း...”
နတ်ဘုရားအန္တရာယ်မှာ ယီထျန်းယွမ် ပြင်ဆင်ပြီးခြင်း ရှိမရှိကို ဂရုမစိုက်ချေ။ နောက်တစ်ခဏ၌ ပြင်းထန်လှသော ထိုးနှက်ချက်ကြီး ကျရောက်လာပြီး ပြိုင်ပွဲဝင် အမြောက်အများအပေါ်သို့ ရိုက်ခတ်လိုက်သည်။ ပြင်းအားမှာ ကောင်းကင်သို့ ထိုးတက်သွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လေဝဲကြီးမှာ ပတ်ဝန်းကျင်သို့ လွင့်စင်သွားခဲ့ရာ ထူထဲသော ကာကွယ်ရေး အလွှာကြီးအပေါ်သို့ ရိုက်ခတ်မိသဖြင့် ကျယ်လောင်လှသော အသံများ ထွက်ပေါ်လာခဲ့သော်လည်း ထိုကာကွယ်ရေး အလွှာကြီးကိုမူ ဖျက်ဆီးနိုင်ခြင်း မရှိချေ။
လူတိုင်းမှာ မျက်တောင်တစ်ချက်ပင် မခတ်ဘဲ စိုက်ကြည့်နေကြပြီး ယီထျန်းယွမ်၏ အခြေအနေကို သိရှိလိုနေကြသည်။ အဋ္ဌမအဆင့်တွင် ယီထျန်းယွမ်မှာ အဓိက ဇာတ်ဆောင် ဖြစ်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် တစ်ကွင်းလုံးတွင် သူတစ်ဦးတည်းသာ ခန္ဓာကိုယ်ဖြင့် ဆက်လက်ခုခံရဲသဖြင့် လူအများ၏ အာရုံစိုက်မှုကို မခံရဘဲ မည်သို့ နေပါမည်နည်း။
အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် လူတိုင်း၏ မြင်ကွင်းအတွင်း ပေါ်လာသည်မှာ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရှိသော ခန္ဓာကိုယ်ပင် ဖြစ်သည်။ ယီထျန်းယွမ်၏ ကိုယ်ပေါ်တွင် မိုးကြိုးအလင်းတန်းများ လွှမ်းခြုံနေသော်လည်း သူ၏ အရေပြားပေါ်၌ အမှတ်အသား အနည်းငယ်သာ ကျန်ရစ်ခဲ့ပြီး ခဏအတွင်းမှာပင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရာ သူ့အား အနည်းငယ်မျှပင် ထိခိုက်စေခြင်း မရှိချေ။
“ဟင်...”
ဤမြင်ကွင်းကြောင့် လူတိုင်းမှာ အံ့ဩလွန်းသဖြင့် မတ်တပ်ရပ်လိုက်ကြသည်။ သတ္တမအဆင့်မှာပင် ဤကဲ့သို့ လုပ်ဆောင်နိုင်သေးသည်လား။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်မိုးကြိုးမှာ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီးနောက် မည်သည့်ဖိအားမျှ မရှိနေချေ။
အမှန်စင်စစ် ယီထျန်းယွမ်မှာ ထိခိုက်မှုအချို့ကို ခံစားနေရပြီ ဖြစ်သော်လည်း အနည်းငယ်မျှသာ ဖြစ်သည်။ ထိတ်လန့်စရာကောင်းသော ဝတ်စုံ၏ ခုခံမှုစွမ်းအားအပြင် ကြောက်မက်ဖွယ်ကောင်းသော နဂါးနတ်ဘုရား သွေးမျိုးဆက်၏ ခုခံမှုစွမ်းအားတို့မှာ ဤနေရာ၌ လူအများ၏ အထက်တွင် ရှိနေရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
တစ်လျှောက်လုံး သူ ဂုဏ်အယူဆုံးအချက်မှာ မိမိ၏ ခန္ဓာကိုယ် ခုခံမှုစွမ်းအားပင် ဖြစ်သည်။ ခုခံမှုစွမ်းအားသာ လုံလောက်စွာ သန်မာနေမည်ဆိုပါက မည်သည့်တိုက်ခိုက်မှုကိုမျှ စိုးရိမ်စရာ လိုပါဦးမည်နည်း။
“မပြီးသေးဘူး... ဒီကောင်လေးက ခန္ဓာကိုယ်နဲ့ပဲ ဆက်ပြီး ခုခံနေဦးမယ်ဆိုတာ ငါ မယုံဘူး...”
ကျိုးယုနယ်မြေအရှင်က သွားကို တင်းတင်းကြိတ်ကာ ဆိုလိုက်သည်။
သို့သော် ၎င်းတို့မှာ မကြာမီမှာပင် စိတ်ပျက်သွားခဲ့ကြရသည်။ မြောက်များစွာသော ကောင်းကင်မိုးကြိုးများ ပစ်ချလိုက်သည့်တိုင် ယီထျန်းယွမ်ကမူ အားလုံးကို အပြည့်အဝ လက်ခံရယူနေခဲ့သည်။ အလွန်ပြင်းထန်သော စွမ်းအားအချို့ကို စုပ်ယူနိုင်ခြင်း မရှိသည်မှအပ စွမ်းအင် ထက်ဝက်နီးပါးကို ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်ပြီး အတွေ့အကြုံ အမှတ်များအဖြစ် ပြောင်းလဲလိုက်သည်။
ဤသည်မှာ သူ့အား အတွေ့အကြုံများ ကျွေးမွေးနေသကဲ့သို့ပင် ဖြစ်နေခဲ့ရာ မည်သို့လျှင် ခန္ဓာကိုယ်ဖြင့် မခုခံဘဲ နေပါမည်နည်း။ ဆက်လက်၍ ခုခံနေစဉ်မှာပင် သူသည် မြေကမ္ဘာအရှင် အဆင့် ၇ အဆင့်သို့ တက်လှမ်းရန် အသင့်ဖြစ်နေပြီဟု သူ ခံစားလိုက်ရသည်။
အတွေ့အကြုံ အမှတ် အနည်းငယ်သာ လိုတော့သဖြင့် အဆင့်တက်နိုင်တော့မည် ဖြစ်သည်။ သေချာပေါက်ပင် ထိုအနည်းငယ်သော အတွေ့အကြုံမှာ ကုဋေကုဋာ ချီနေဆဲ ဖြစ်သော်လည်း မူလစုစုပေါင်း အတွေ့အကြုံနှင့် ယှဉ်လျှင်မူ များစွာ နည်းပါးနေပြီ ဖြစ်သည်။
အဋ္ဌမအဆင့် ပြီးဆုံးသွားသည့်အခါ ယီထျန်းယွမ်တွင် အစအနမျှသာရှိသော ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သဖြင့် လူတိုင်းမှာ ဆွံ့အနေခဲ့ကြရသည်။
အကြီးအကဲ ကောက်ဟွမ်က မျက်လုံးကို ကျဉ်းမြောင်းလျက် ယီထျန်းယွမ်ကို ကြည့်နေခဲ့ပြီး အခြားသော အကြီးအကဲများမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ ၎င်းတို့၏ ကြိုတင်ခန့်မှန်းချက်မှာ ယီထျန်းယွမ်အနေဖြင့် ဤသို့ ဆက်လက်တောင့်ခံနိုင်မည် မဟုတ်ဟု ယူဆခဲ့သော်လည်း ယခုမူ ၎င်းတို့၏ ခန့်မှန်းချက်မှာ မှားယွင်းသွားခဲ့ပြီး ယီထျန်းယွမ်မှာ ခန္ဓာကိုယ်ဖြင့်ပင် ဆက်လက်ခုခံနိုင်ခဲ့သည်။
သူ အစောပိုင်းက ပြောခဲ့သော အခြေခံအဆင့်ဆိုသည်မှာ လက်နက်များ အသုံးပြု၍ ခုခံနေသော အခြေအနေမျိုးကိုသာ ဆိုလိုခြင်းဖြစ်ပြီး ယခုကဲ့သို့ ခန္ဓာကိုယ်ဖြင့် လုံးလုံးလျားလျား ခုခံနိုင်ခြင်းမှာမူ အနည်းငယ်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။