← Chapters

ပိုင်မျိုးနွယ်စု သင်္ဘော ပျံတက်ခြင်း

Vol. 25 Ch. 363

ပိုင်မျိုးနွယ်စု သင်္ဘော ပျံတက်ခြင်း

Vol. 25 Ch. 363

ပိုင်ကျီဟန်သည် သင်္ဘောတက်ရာ ပလပ်ဖောင်းပေါ်သို့ လှမ်းတက်လိုက်ပြီး သူ၏ အမူအရာမှာ အမြဲတမ်းအတိုင်း မပြောင်းလဲဘဲ တည်ငြိမ်အေးစက်နေဆဲပင်။

ပတ်ဝန်းကျင်မှ တီးတိုး ပြောဆိုသံများက သူ၏ ခြေလှမ်းကို မနှေးကွေးစေခဲ့ပေ။ အားကျမှု၊ အံ့ဩမှု၊ ကြည်ညိုမှု... ထိုခံစားချက်များကို သူ အာရုံခံမိသော်လည်း ဂရုမစိုက်ပေ။

နှစ်ပေါင်းများစွာကြာအောင် ကွယ်ရာတွင် ဝေဖန်ကဲ့ရဲ့ခြင်းကို ခံခဲ့ရပြီးနောက် ယခုမှ ရုတ်တရက် ချီးကျူးခံရခြင်းများသည် အရေးမကြီးလှကြောင်း သူ့ကို သင်ခန်းစာတစ်ခု ပေးခဲ့သည်။

၎င်းမှာ လေပြေတစ်ချက်အဝှေ့ကဲ့သို့ပင် လျင်မြန်စွာ ပြောင်းလဲသွားနိုင်သည်။

ထို့ကြောင့် ပိုင်ကျီဟန်အတွက်မူ အခြားသူများ၏ ထင်မြင်ချက်များ သို့မဟုတ် အခြားအရာများသည် သူ့အတွက် အမှန်တကယ် အရေးမပါတော့ပေ။

အားကျချစ်ခင်ခံရလျှင်လည်း ကောင်း၏ မုန်းတီးရွံရှာခံရလျှင်လည်း ဘာဖြစ်သနည်း?

အလံတင်သင်္ဘော၏ ကုန်းပတ်ပေါ်သို့ လှမ်းတက်လိုက်စဉ် သူ ခဏရပ်လိုက်သည်။ တစ်ခုခု ယူဆောင်လာရန် မေ့ကျန်ခဲ့ခြင်းကြောင့် မဟုတ်ဘဲ သူ၏ လမ်းကို ပိတ်ဆို့ထားခြင်းကြောင့် ဖြစ်သည်။

အကြီးအကဲ လေးဦးသည် သူ့ကို စိုက်ကြည့်နေကြသည်။

သူတို့၏ မျက်လုံးများမှာ တောက်ပနေ၏ စိတ်အားထက်သန်မှု၊ ပြုံးရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည်။

နှစ်ပေါင်းများစွာကြာမှ ချစ်ရသော မြေးဖြစ်သူကို ပထမဆုံးအကြိမ် ပြန်တွေ့ရသည့် ဖိုးဖိုးဖွားဖွားများနှယ်ပင်။ ပိုင်ကျီဟန် ရပ်တန့်လိုက်သည်။

သူသည် ထိုသူတို့ထဲမှ မည်သူ့ကိုမျှ မမှတ်မိသော်လည်း အခြားသူများ၏ ကြည်ညိုလေးစားသော အကြည့်များကို သတိပြုမိလိုက်သဖြင့် သူတို့သည့် အမြဲတမ်း တံခါးပိတ်ကျင့်ကြံနေလေ့ရှိသည့် မဟာအကြီးအကဲများ ဖြစ်ရမည်ဟု ချက်ချင်း နားလည်လိုက်သည်။

အဆုံးစွန်၌ ဤကမ္ဘာတွင် ငယ်ရွယ်ပြီး အားနည်းသူ ရှိနိုင်သော်လည်း အသက်ကြီးပြီး အားနည်းသူဟူ၍ မရှိနိုင်ပေ။

ထို့ကြောင့် ပိုင်မျိုးနွယ်စုထဲတွင် သက်ကြီးရွယ်အိုများကို မြင်လျှင် သူတို့သည် မဟာအကြီးအကဲများ သို့မဟုတ် ထိုသို့သော အဆင့်အတန်းရှိသူများဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။

သို့သော် သူသည် ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိပေ။ သူတို့သည် ပိုင်မျိုးနွယ်စု၏ မဟာအကြီးအကဲများသာ မဟုတ်ပါလော။ မျိုးနွယ်စု၏ ဆက်ခံသူဖြစ်သော သူက ဘာကို ကြောက်နေရမည်နည်း?

"ဘာလိုချင်လို့လဲ?"

မဟာအကြီးအကဲများ ဖြစ်နေရုံမျှနှင့် သူ့ပါးစပ်က ယဉ်ယဉ်ကျေးကျေး လေးစားသမှု ပြုတတ်ရန်အတွက် မပြင်ဆင်ရသေးပေ။

ထို့ပြင် သူတို့၏ အပြုအမူကလည်း သူတို့၏ အဆင့်အတန်းနှင့် မလျော်ညီလှပေ။

သို့မဟုတ်ပါက အဘယ်ကြောင့် လူတစ်ယောက်၏ လမ်းကို ပိတ်ပြီး နမူနာပစ္စည်းတစ်ခုကို ကြည့်သလိုမျိုး စိုက်ကြည့်နေကြမည်နည်း? ၎င်းမှာ မည်သူပင်ဖြစ်စေ ရိုင်းလှသည်။

"ဒါ ကျီဟန်လေး ဖြစ်ရမယ်”

"ကောင်းတယ်၊ ကောင်းတယ်။ သူက ခေါင်းဆောင်တစ်ယောက်ရဲ့ အရှိန်အဝါ ရှိတာပဲ”

"ဟားဟားဟား... အမှန်ပဲ၊ ငါတို့က ရိုင်းသွားတယ်၊ ငါတို့ရဲ့ ဆက်ခံသူကို မြင်ချင်ဇောနဲ့ စပ်စုမိတာပါ။"

သူတို့လေးဦးသည် စိတ်ဆိုးသွားခြင်း မရှိဘဲ ပို၍ပင် ကျေနပ်သွားပုံရသည်။

အကြောင်းရင်းတစ်ခုမှာ သူတို့သည် သူတို့၏ အရှိန်အဝါကို သိမ်မွေ့စွာ ထုတ်လွှတ်ထားသောကြောင့်ဖြစ်ပြီး စိတ်ဓာတ်ပျော့ညံ့သူသာဆိုလျှင် ထိုအရှိန်အဝါအောက်တွင် ပြိုလဲသွားနိုင်ပေသည်။

သို့သော် ပိုင်ကျီဟန်မှာ လုံးဝ တုန်လှုပ်ခြင်း မရှိဘဲ သူ၏ စိတ်ဓာတ်ခိုင်မာမှုသည် သူ၏ ကျင့်ကြံခြင်းအဆင့်ထက်ပင် သာလွန်နေကြောင်း သက်သေပြလိုက်သည်။

အမှန်စင်စစ် ပိုင်ကျီဟန်သည် သူ၏ ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် ငရဲကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ရက်ပေါင်းများစွာ အောင့်အီးသည်းခံခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ် သန်မာလာသည်နှင့်အမျှ သူ၏ စိတ်ဓာတ်မှာလည်း ပိုမိုခိုင်မာလာခြင်းမှာ နားလည်နိုင်စရာပင်။

"ကျီဟန်လေး”

ပိုင်ထျန်းဟမ်အဖို့ သူ၏သားဖြစ်သူသည် စကားကို လွတ်လွတ်လပ်လပ် ပြောမိမည်ကို စိုးရိမ်နေသော မိဘတစ်ဦး၏ အတင်းအကျပ် ပြုံးထားသည့် မျက်နှာထားဖြင့် ရောက်ရှိလာသည်။

မဟာအကြီးအကဲများသည် စိတ်ထဲမထားသော်လည်း ထိုကဲ့သို့ ပြောဆိုခြင်းမှာ မသင့်တော်ကြောင်း သူသိသည်။

"မင်းကတော့လေ၊ အသံကို ဆင်ခြင်ဦး။ ဒါတွေက ငါတို့မျိုးနွယ်စုရဲ့ မဟာအကြီးအကဲတွေကွ”

ပိုင်ထျန်းဟမ်က ပိုင်ကျီဟန် မသိဟု ထင်ကာ ပြောလိုက်သည်။

သို့သော် ပိုင်ကျီဟန်သည် ၎င်းကို နားလည်ပြီးသား ဖြစ်ရာ သူ၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိပေ။

ပိုင်ထျန်းဟမ်မှာမူ ဘယ်သောအခါမှ လာမည်မဟုတ်သော တောင်းပန်စကားကို မျှော်လင့်ချက်မဲ့စွာ စောင့်နေရတော့သည်။

ထို့နောက် ပိုင်ထျန်းဟမ်သည် သူတို့ကို အစီအစဉ်အတိုင်း လေးစားစွာ မိတ်ဆက်ပေးလေသည်။

"ဒါကတော့ အကြီးအကဲ ပိုင်ချူ ပါ" သူက ဆိုသည်။ စောစောက ပိုင်ရမ်၏ ပခုံးကို ပုတ်ခဲ့သည့် ဆံပင်ဖြူများကို စည်းနှောင်ထားသော ပညာရှိအသွင်ရှိသည့် အကြီးအကဲသည် နွေးထွေးသော အပြုံးဖြင့် ခေါင်းညိတ်ပြသည်။

"သူ့ဘေးကတော့ အကြီးအကဲ ပိုင်ချင်းရှန်ပါ" သူက ဆိုရင်း ပခုံးကျယ်ကျယ်နှင့် မုတ်ဆိတ်ရှည်ရှိသည့် တည်ကြည်သော စစ်သူရဲ အရှိန်အဝါရှိသည့် အဖိုးအိုကို ညွှန်ပြလိုက်သည်။ အဖိုးအိုကလည်း ခပ်ဖွဖွ ပြုံးပြလိုက်၏။

"ဒါကတော့ အကြီးအကဲ ပိုင်ယွီပါ" ပိုင်ထျန်းဟမ်က ဆက်လက်မိတ်ဆက်ပေးသည်။

ထိုသက်ကြီးရွယ်အို အမျိုးသမီးသည် ပိုင်ကျီဟန်ကို အသေအချာ အကဲခတ်နေပြီး သူမ၏ အကြည့်များမှာ နက်ရှိုင်းကာ တည်ငြိမ်ပြီး ခန့်မှန်းရခက်လှသည်။

နှစ်ကာလများအကြာက သူမသည် အမှတ်အသားများ ချန်ရစ်ခဲ့သော်လည်း သူမ၏ အလှတရားကိုမူ လုယူသွားနိုင်ခြင်း မရှိခဲ့ပေ။ သူမ၏ ငယ်စဉ်ဘဝက ဆိုလျှင် ပရိသတ်များစွာ၏ နှလုံးသားကို ဖျက်ဆီးခဲ့သူ ဖြစ်လိမ့်မည်ဟု အလွယ်တကူပင် စိတ်ကူးကြည့်နိုင်သည်။

"ပြီးတော့ နောက်ဆုံးတစ်ယောက်ကတော့... အကြီးအကဲ ပိုင်ရုဟုန်”

ပိုင်ထျန်းဟမ်သည် ပြုံးနေလျှင်ပင် အရှိန်အဝါ ပြင်းထန်လှသည့် စူးရှသောမျက်ဝန်းရှိသည့် အကြီးအကဲကို ညွှန်ပြရင်း မိတ်ဆက်ခြင်းကို အဆုံးသတ်လိုက်သည်။

မိတ်ဆက်ပြီးနောက်တွင် ပိုင်ထျန်းဟမ်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်၏။

"ဒီမဟာအကြီးအကဲ လေးဦးစလုံးက ငါတို့ရင်ဆိုင်ရမယ့် ကြီးမားတဲ့ အကျပ်အတည်းကြောင့် သူတို့ရဲ့ တံခါးပိတ်ကျင့်ကြံမှုကို ရပ်တန့်ပြီး ထွက်လာခဲ့ကြတာပဲ"

ပိုင်ကျီဟန်မှာမူ တည်ငြိမ်ဆဲ၊ ခန့်မှန်းရခက်ဆဲ အခြေအနေဖြင့်ပင် ရပ်နေသည်။

"ဒါနဲ့... ဘာလို့ အဲဒီလို ရုတ်တရက်ကြီး ထွက်လာကြတာလဲ?"

ပိုင်ကျီဟန်က မေးခွန်းထုတ်လိုက်သည်။တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွား၏

မဟာအကြီးအကဲ လေးဦးစလုံး မျက်တောင်ခတ်မိသွားကြသည်။

ပိုင်ထျန်းဟမ်မှာမူ အသက်ရှူပင် ရပ်သွားတော့မတတ် တောင့်တင်းသွား၏။

(မင်းကတော့လေ... မင်းအဖေရဲ့ မျက်နှာကို နည်းနည်းလောက်တောင် ထောက်ထားလို့ မရဘူးလား?)

ထို့နောက် မျိုးနွယ်စုတစ်စုလုံး ကြားလိုက်ရပါက မေ့လဲသွားစေနိုင်သည့် အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

"ဟားဟား... ငါတို့ တောင်းပန်ပါတယ် ကျီဟန်လေးရာ။ ငါတို့ အပြုအမူက အရမ်း ရုတ်တရက် ဆန်သွားတယ်"

မဟာအကြီးအကဲ ပိုင်ချူက ပြောလိုက်သည်။

ကျန်သည့် သုံးဦးကလည်း တည်ငြိမ်လေးနက်သော အမူအရာဖြင့်ပင် လိုက်ပါပြောဆိုကြသည်။

လူငယ်တစ်ဦးကို တောင်းပန်ရခြင်းမှာ အသက်ရှူသကဲ့သို့ သဘာဝကျနေသည့်အလားပင်။

အနီးနားရှိ တပည့်များမှာမူ သူတို့၏ ဝိညာဉ်များ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသည့်အလား ကြောင်ကြည့်နေကြသည်။

ပိုင်ထျန်းဟမ်ပင်လျှင် ယိုင်နဲ့သွားရ၏။

မဟာအကြီးအကဲ ပိုင်ချူသည် ကိုယ်ကိုမတ်လိုက်ပြီး သူ၏ အမူအရာသည် နွေးထွေးကာ အလွန်အမင်း ကျေနပ်အားရမှုများ

ဖြင့် ပြည့်နှက်နေသည်။

"ငါတို့ အဲဒီလို လုပ်မိတာက လူတိုင်း ချီးကျူးနေကြတဲ့ ဆက်ခံသူကို တွေ့ချင်နေတာ ကြာပြီမို့လို့ပါ။ ဟားဟား... ငါတို့ မင်းကို လန့်သွားစေတာ ဖြစ်ရမယ်”

သူ၏ အသံထဲတွင် ရာစုနှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သည့် ဂုဏ်ယူမှုများ ကိန်းအောင်းနေသည်။

"ငါတို့ စိတ်မပျက်စေဘူး။ ငါတို့ ပိုင်မျိုးနွယ်စုထဲမှာ နဂါးတစ်ကောင် အမှန်တကယ် မွေးဖွားလာခဲ့ပြီပဲ။"

အကြီးအကဲ ပိုင်ချင်းရှန်သည် သူ၏ မုတ်ဆိတ်ကို သပ်လိုက်သည်။

"နေထိုင်ပုံ၊ ယုံကြည်ချက်၊ စိတ်ဓာတ်ခိုင်မာမှု... ဒါက ခေါင်းဆောင်တစ်ယောက် ရှိသင့်တဲ့ အနေအထားပဲ။"

မဟာအကြီးအကဲ ပိုင်ယွီသည် ခေါင်းညိတ် ထောက်ခံသည်။

မဟာအကြီးအကဲ ပိုင်ရုဟုန်ကမူ ပြုံးဖြီးဖြီးဖြင့် ရှေ့သို့ တိုးလာသည်။

သူ၏ အသံမှာ လူအနည်းငယ်သာ ကြားနိုင်လောက်အောင် လျှို့ဝှက်စွာ ထွက်ပေါ်လာ၏။

"ပြီးတော့ ငါတို့ သိတယ်လေ" သူက မျက်လုံးများ ဝင်းလက်လျက် ပြောလိုက်သည်။ "သူတော်စင်အဆင့်လက်နက် အကြောင်းပေါ့။ မင်းက မျိုးနွယ်စုအတွက် ကြီးမားတဲ့ ပံ့ပိုးမှုတစ်ခု လုပ်ခဲ့တာပဲ။"

ပိုင်ကျီဟန်မှာမူ မျက်တောင်တစ်ချက် ခတ်လိုက်ရုံသာ ရှိတော့သည်။

"အဲဒါလား?"

အဲဒါတဲ့လား”

ထိုလက်နက်တစ်ခုတည်းနှင့်ပင် အင်ပါယာအချင်းချင်းကြား စစ်ပွဲတစ်ခုကို ဖန်တီးနိုင်သည်။

သို့သော် ပိုင်ကျီဟန်ကမူ ၎င်းကို အရေးတကြီးကိစ္စတစ်ခုဟု ထင်မှတ်ထားပုံမရပေ။

မဟာအကြီးအကဲ ပိုင်ရုဟုန်က ခပ်တိုးတိုး ရယ်မောလိုက်သည်။

"နှိမ့်ချမနေပါနဲ့ ကောင်လေးရာ။ မင်းက အဲဒီလက်နက်ကို ရရှိခဲ့တာတင်မကဘဲ—"

သူက အနည်းငယ် တိုးကပ်လိုက်ပြီး "—မျိုးနွယ်စုကိုပါ လွှဲပြောင်းပေးခဲ့တာလေ။"

"မင်းကိုယ်တိုင်အတွက်ပဲ သိမ်းထားတာမျိုး၊ ဒါမှမဟုတ် ကိုယ်ကျိုးအတွက် သုံးတာမျိုး မလုပ်ဘဲ ဘာတောင်းဆိုချက်မှမရှိဘဲ မျိုးနွယ်စုကို ပေးအပ်ခဲ့တာပဲ။"

ပိုင်ကျီဟန်က ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။

သူ့အတွက်မူ ၎င်းမှာ ကိစ္စအသေးအမွှားလေးသာ ဖြစ်သည်။

ဖေးလိန်၏ သိုလှောင်လက်စွပ်များထဲတွင် ရှေးဟောင်းလက်နက်များ မည်မျှပင် များပြားသနည်းဆိုလျှင် အကုန်ထုတ်ခင်းလိုက်ပါက ပိုင်မျိုးနွယ်စု၏ ရတနာတိုက်သည် လမ်းဘေးဈေးသည်ဆိုင် လေးနှင့်ပင် နှိုင်းယှဉ်စရာ ဖြစ်သွားပေလိမ့်မည်။

ထို့ပြင်

သူသာ ပစ္စည်းပြတ်သွားခဲ့လျှင်ပင် စနစ်အရောင်းဆိုင်တွင်... အရာအားလုံး ရှိနေသည်။ စနစ်ရမှတ် များကိုသာ စုဆောင်းထားရန် လိုအပ်သည်။

စနစ်သာ ရှိနေသရွေ့ သူ မရနိုင်သော ရတနာဟူ၍ မရှိပေ။

သို့သော် ပြင်ပကမ္ဘာက ထိုအချက်ကို မသိကြပေ။

မဟာအကြီးအကဲများ၏ အမြင်တွင်မူ—

၎င်းမှာ မျိုးနွယ်စု၏ အနာဂတ် အမြင်ကျယ်မှုနှင့် ပိုင်မျိုးနွယ်စုကို ရှေ့တန်းတင်သော ကိုယ်ကျိုးစွန့် အပြုအမူတစ်ခု ဖြစ်နေသည်။

ထို့ကြောင့်ပင် မဟာအကြီးအကဲများမှာ အလွန်အမင်း စိတ်လှုပ်ရှားကြည်နူးနေကြခြင်း ဖြစ်သည်။

မဟာအကြီးအကဲ ပိုင်ယွီသည် စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်၏။

"ရှားပါးတယ်..လူငယ်တစ်ယောက်မှာ တကယ့်ကို ရှားပါးတဲ့ စရိုက်ပဲ။"

ပိုင်ချင်းရှန်ကလည်း ဝင်ပြောလိုက်သည်။

"ကဲ... မျိုးနွယ်စုကို ပေးတယ်ဆိုတာ သူ့ကိုယ်သူ ပြန်ပေးတာနဲ့ အတူတူပါပဲ။ သူက အနာဂတ် မျိုးနွယ်စုခေါင်းဆောင်လေ။ ဒီလက်နက်က နောက်ဆုံးတော့လည်း သူ့လက်ထဲမှာပဲ ရှိနေမှာပါ။"

အခြားအကြီးအကဲများသည် ခေတ္တမျှ ငြိမ်ကျသွားပြီးနောက် ရယ်သံများ ဟိန်းထွက်လာတော့သည်။

"ဟားဟားဟားဟား”

"ကောင်းလိုက်တဲ့စကား”

"အမှန်ပဲ၊ အမှန်ပဲ”

ထိုအချိန်တွင်—

ပိုင်ကျီဟန်က ခေါင်းညိတ်ပြလိုက်ရုံသာ ရှိသည်။

"မျိုးနွယ်စုက အသုံးချနိုင်မယ်ဆိုရင် အဲဒီလိုဖြစ်တာက ပိုကောင်းတာပေါ့"

သူက ဆိုလိုက်သည်။

အကြီးအကဲများ၏ မျက်လုံးများသည် ထောက်ခံအားပေးမှုများဖြင့် တောက်ပနေတော့သည်။

ကိုယ်ကျိုးစွန့်သူ

တာဝန်သိသူ

မိသားစုကို ဦးစားပေး စဉ်းစားပေးသူ

ပိုင်ကျီဟန်အပေါ် အကောင်းမြင်စိတ် ရှိပြီးသားဖြစ်သော ထိုလေးဦးသည် ယခုအခါတွင်မူ ကြည်ညိုမှု အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

မဟာအကြီးအကဲများသည် ပိုင်ကျီဟန်နှင့် စကားစမြည် ပြောဆိုရင်း မေးခွန်းများစွာ မေးမြန်းကြသည်။

ပိုင်ကျီဟန်မှာ စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း သူတို့ကို ပြန်လည်ဖြေကြားပေးခဲ့သည်။ သူသည် အလွန်အမင်း ရိုသေပြခြင်းမျိုး မရှိသော်လည်း သူတို့ကို မုန်းတီးနေခြင်းမျိုးလည်း မဟုတ်ပေ။

အဆုံးစွန်၌ သူတို့သည် ပိုင်မျိုးနွယ်စု၏ မဟာအကြီးအကဲများဖြစ်ပြီး များစွာ အထောက်အကူ ပြုနိုင်သူများဖြစ်ကြောင်း သူသိရှိထားသည်။

မျိုးနွယ်စုဝင်အားလုံး သင်္ဘောပေါ်သို့ ရောက်ရှိသွားပြီဖြစ်ရာ ယခုအခါ ထွက်ခွာရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။

ပိုင်မျိုးနွယ်စု၏ အလံတင်သင်္ဘောကြီးသည် စွမ်းအင်များ စတင်လည်ပတ်လာသည်နှင့်အမျှ တစ်ချက်တုန်ခါသွားပြီး

ဝုန်း

သင်္ဘော၏ မျက်နှာပြင်တစ်ခုလုံးရှိ အခင်းအကျင်းပေါင်း ဒါဇင်ချီ၍ တစ်ပြိုင်နက် လင်းထိန်လာသည်။

တစ်စင်းပြီးတစ်စင်း ရံလိုက်ပါလာသော စစ်သင်္ဘော တစ်ဆယ့်ကိုးစင်းစလုံးသည်လည်း နိုးထလာကြကာ ချပ်ဝတ်တန်ဆာများ တလက်လက်တောက်နေပြီး ဝိညာဉ်အင်ဂျင်များမှာ ဟိန်းဟောက်နေကာ၊ ဝိညာဉ်လေပြေများကြားတွင် အလံများမှာ တဖျတ်ဖျတ် လွှင့်ပျံနေတော့သည်။

ထို့နောက်

ပိုင်မျိုးနွယ်စု၏ ပျံသန်းရေးသင်္ဘော အစင်းနှစ်ဆယ်သည် ကောင်းကင်ယံသို့ တစ်ပြိုင်နက်တည်း ပျံတက်သွားကြသည်။

အောက်ဘက်ရှိ ပိုင်မျိုးနွယ်စု နယ်မြေတစ်ခုလုံးသည် အရိပ်ကြီးများဖြင့် ဖုံးလွှမ်းသွားရ၏။

မျိုးနွယ်စုအတွင်း ကျန်ရှိနေသေးသော ရေတွက်မရနိုင်သည့် သာမန်လူသားများနှင့် အပြင်စည်းတပည့်များသည် ဗီဇအရ အထက်သို့ မော့ကြည့်လိုက်ကြသည်။

ထိုခဏတွင် သူတို့ ထင်မှတ်လိုက်သည်မှာ...

ညဉ့်မှောင်သွားပြီဟု ဖြစ်သည်။

ကောင်းကင်ယံတစ်ခုလုံးကို ရေယာဉ်စုကြီးက လုံးဝ ဖုံးလွှမ်းထားလိုက်သည်။

အင်ဂျင်ပေါင်းများစွာ၏ ဟိန်းသံကြောင့် မြေပြင်ကြီး တုန်ခါနေစဉ် လူများစွာမှာ စကားမဆိုနိုင်လောက်အောင် အံ့ဩတုန်လှုပ်လျက် ရပ်ကြည့်နေကြသည်။

မိစ္ဆာကျင့်ကြံသူများ ပါဝင်ပတ်သက်နေသည်ကို လျှို့ဝှက်ထားသော်လည်း သားရဲဒီရေအား တိုက်ခိုက်မည့်အကြောင်းကိုမူ လူအများ သိရှိထားကြ၏ သို့သော် ၎င်းမှာ အဆင့်

မြင့် သားရဲဒီရေဖြစ်ကြောင်းကိုမူ မသိကြပေ။

ထို့ကြောင့် လူတိုင်းအဖို့ ပိုင်မျိုးနွယ်စု၏ ရေယာဉ်စုကြီးသည် ထိုသားရဲဒီရေများကို နှိမ်နင်းရန် သွားခြင်းဖြစ်သည်ဟု မှတ်ယူကြသည်။

လူအများအပြားက ငေးကြည့်နေကြပြီးအချို့ကလည်း ဘေးကင်းစွာ ပြန်လာဖို့ အားပေးအော်ဟစ်နေကြသည်။ အမှန်စင်စစ် သူတို့၏ အသံများသည် သင်္ဘောစုဆီသို့ ရောက်ရှိနိုင်မည် မဟုတ်သော်လည်းပေါ့။

သဆင်္ဘာကြီးသည် သံမဏိနှင့် သတ္တုရိုင်းများဖြင့် ထုဆစ်ထားသော ကောင်းကင်ယံ တောင်တန်းကြီးတစ်ခုအလား တိမ်တိုက်များကြားသို့ တိုးဝင်သွားတော့သည်။

ခရီးစဉ်သည် ချောမွေ့ပြီး အနှောင့်အယှက် ကင်းဝေးလှသည်။

အောက်ဘက်တွင် တိမ်တိုက်များမှာ အဆုံးမရှိ ဖြန့်ကျက်နေပြီး ကြီးမားလှသော ရေယာဉ်စုကြီး ကောင်းကင်ကို ဖြတ်သန်းသွားစဉ် မြေပြင်ပေါ်သို့ ပြောင်းလဲနေသော အရိပ်များ ကျရောက်နေသည်။

နာရီအနည်းငယ် ကြာပြီးနောက်၊ မိုင်ပေါင်း ထောင်ချီ ခရီးနှင်ပြီးချိန်တွင်

မိုးကုပ်စက်ဝိုင်းတွင် သတ္တုရောင် တလက်လက် တောက်ပမှုများ ပေါ်လာသည်။

ကြီးမားသော ရေယာဉ်စု လေးစုသည် အဝေးမှ ပျံသန်းလာနေပြီး တစ်ခုချင်းစီသည် ပိုင်မျိုးနွယ်စု၏ ရေယာဉ်စုနှင့် အရွယ်အစားရော အင်အားပါ ယှဉ်နိုင်လောက်သော အင်အားစုများ ဖြစ်ကြသည်။

လီမျိုးနွယ်စု

ကျောက်မျိုးနွယ်စု

ပြီးတော့... နောက်ဆုံးအနေနဲ့ ဘုရင့်နန်းတွင်း မိသားစု၏ စစ်အင်အားစုပင်

All Chapters