ရန်သူဟောင်းများ၊ ဒဏ်ရာဟောင်းများ
Vol. 25 Ch. 364
အခြားသော စစ်သင်္ဘောအုပ်စုများ အမြင်အာရုံထဲသို့ ပိုင်မျိုးနွယ်စု၏ အလံတင်သင်္ဘောပေါ် ရောက်လာသည်နှင့် လေထုမှာ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။
သင်္ဘောကုန်းပတ်ပေါ်မှ ပိုင်မျိုးနွယ်စု ကျင့်ကြံသူများသည် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ကြသည်။
"ဟင်း...လီ နဲ့ ကျောက် မျိုးနွယ်စု ခွေးတွေ ရောက်လာကြပြီပဲ။"
"ငါတို့ နယ်မြေထဲမှာ ငါတို့ကို လာတိုက်ဖို့ ကြံစည်နေတာကို တွေးမိရုံနဲ့တင် ဒေါသထွက်ဖို့ ကောင်းလိုက်တာ။"
"သနားစရာလည်း ကောင်းပါတယ်။ သူတို့က အမြဲတမ်း အတူတူ ပေါင်းနေမှ ဖြစ်တာကိုး။"
သူတို့၏ အသံများသည် တိုးမနေဘဲ ရန်လိုမှုများမှာလည်း သိသာထင်ရှားလှသည်။
ပိုင်မျိုးနွယ်စုသည် အခြားမျိုးနွယ်စု နှစ်ခုကို မည်မျှအထိ ရွံရှာမုန်းတီးသလဲဆိုသည်ကို ဖော်ပြရန်ပင် ခက်ခဲလှသည်။
အကြီးအကဲများပင်လျှင် ထိုမျိုးနွယ်စုများ၏ အလံကို မြင်လိုက်ရသောအခါ စိတ်တိုမှုကို မဖုံးကွယ်နိုင်ကြပေ။
မိစ္ဆာသားရဲများကို ရင်ဆိုင်ရန်အတွက် အတူတူ လက်တွဲလုပ်ဆောင်ရမည်ကို လူတိုင်း သိကြသော်လည်း၊ အမှန်အတိုင်း ပြောရလျှင် သူတို့သည် မိစ္ဆာသားရဲများထက် တစ်ဦးကိုတစ်ဦး ပို၍ မုန်းတီးကြလေသည်။
တစ်ချိန်တည်းမှာပင် ပိုင်မျိုးနွယ်စု၏ မဟာအကြီးအကဲများသည် ဘေးချင်းယှဉ်ရပ်လျက် အဝေးရှိ ရန်သူ့သင်္ဘောအုပ်စုများကို ငုံ့ကြည့်နေကြသည်။
သူတို့၏ တုံ့ပြန်မှုမှာ အနည်းငယ် ပို၍ တည်ငြိမ်သော်လည်း ထိုမျိုးနွယ်စု နှစ်ခုအပေါ် ထားရှိသော မုန်းတီးမှုမှာမူ အောက်ခြေလူများထက်ပင် ပိုကောင်း ပိုနိုင်ပေသည်။
မဟာအကြီးအကဲ ပိုင်ချင်းရှန်၏ မုတ်ဆိတ်မွေးများ တလှုပ်လှုပ် ဖြစ်သွားသည်။
"ဟမ့်! ဘယ်လို အဖိုးကြီးတွေကို ထုတ်လာသလဲဆိုတာ ငါ သိချင်ပါသေးတယ်။ ဘယ်သူပဲဖြစ်ဖြစ် မြင်လိုက်ရတာနဲ့ ငါ့သွေးတွေ ဆူပွက်လာမှာပဲ။"
မဟာအကြီးအကဲ ပိုင်ယွီသည် ခပ်မှိန်မှိန်လေး ပြုံးလိုက်ရာ သူမ၏ တည်ငြိမ်လှပမှုသည် ငယ်ရွယ်သော တပည့်များကို မသိစိတ်မှ
ကိုယ်ဟန်အနေအထား ပြင်လိုက်စေသည်။
"ကျွန်မလည်း သူတို့ ဘယ်သူ့ကို လွှတ်လိုက်သလဲဆိုတာ သိချင်နေမိတယ်။"
သူတို့၏ လေသံများသည် စိတ်ပျက်မှု ပါဝင်သော်လည်း အနည်းငယ် စပ်စုချင်သော ပုံစံမျိုး ဖြစ်နေသည်။
မည်သို့ပင်ဖြစ်စေ ပိုင်မျိုးနွယ်စု မဟာအကြီးအကဲများသည် လီနှင့် ကျောက် မျိုးနွယ်စုမှ မဟာအကြီးအကဲများနှင့် ထိပ်တိုက်တွေ့ခဲ့ကြသည်မှာ တစ်ကြိမ်နှစ်ကြိမ်မကတော့ပေ။
ရာစုနှစ်များစွာအတွင်း ထိုမျိုးနွယ်စု သုံးခုမှ အင်အားကြီး ပုဂ္ဂိုလ်များသည် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြပြီး တစ်ဖက်နှင့်တစ်ဖက် ကောင်းကောင်းကြီး သိနေကြသည်။
အသိအကျွမ်းတွေလား?
ဟုတ်သည်။
ရန်သူတွေလား?
၎င်းလည်း ဟုတ်သည်။
ဖြစ်နိုင်သည်မှာ မဟာအကြီးအကဲများသည် တစ်ဦးအကြောင်းကို တစ်ဦးက သူတို့၏ ကိုယ်ပိုင်မျိုးနွယ်စုဝင်များထက်ပင် ပို၍ သိနေကြခြင်း ဖြစ်နိုင်သည်။
သူတို့ နောက်ဆုံးတွေ့ခဲ့ကြသည်မှာ ဆယ်စုနှစ် နှစ်ခုကျော် ရှိခဲ့ပြီ ဖြစ်သောကြောင့် ရန်သူများ ဖြစ်ကြသော်လည်း ပြန်လည် ဆုံတွေ့ရမည်ကို မျှော်လင့်နေကြခြင်းမှာ နားလည်ပေးနိုင်စရာပင်။
အခြားတစ်ဖက်တွင်လည်း တုံ့ပြန်မှုမှာ အတူတူပင် ဖြစ်သည်။
လီနှင့် ကျောက် မျိုးနွယ်စု သင်္ဘောကုန်းပတ်များပေါ်မှ မျိုးနွယ်စုဝင်များသည် အဝေးရှိ ပိုင်မျိုးနွယ်စု သင်္ဘောများကို လှောင်ပြောင် သရော်နေကြသည်။
"ပိုင်မျိုးနွယ်စုက သူတို့ရဲ့ ပျံသန်းနိုင်တဲ့ သင်္ဘောတွေ အကုန်လုံးနီးပါး ယူလာတာလား? ကောင်းကင်ကြီးကို သူတို့ပဲ ပိုင်တယ်လို့ ထင်နေကြတာလား?"
"ဒီနေရာကနေတောင် သူတို့ရဲ့ မာနအနံ့ကို ရနေပြီ..."
"ဟဲဟဲ။ အဲဒီ နန်းတွင်းမိသားစုသာ စောင့်မကြည့်နေရင် ငါတို့ သူတို့ကို ဝင်တိုက်လိုက်တာ ကြာလှပြီ။"
လီနှင့် ကျောက် မဟာအကြီးအကဲများသည် မျက်မှောင်ကြုတ်လိုက်ကြပြီး အပြုံးများ ပေါ်လာသည်။
"အို... ကြည့်စမ်း။ ပိုင်မျိုးနွယ်စုက ကျောက်ဖြစ်ရုပ်ကြွင်း အဘိုးကြီး ငါးယောက်တောင် ဂူထဲက ထွက်လာကြတာပဲ။"
"ကောင်းပြီလေ၊ ငါတို့ အနည်းဆုံးတော့ နှုတ်ဆက်ရမှာပေါ့”
သင်္ဘောအုပ်စုများ အနီးကပ် မရောက်သေးသော်လည်း လေထုထဲတွင် လျှပ်စစ်စွမ်းအင်များ ပွတ်တိုက်နေသကဲ့သို့ ခံစားနေရသည်။
အကယ်၍ ကောင်းကင်ယံတွင် စတုတ္ထမြောက် အင်အားစုသာ မရှိခဲ့လျှင်...။
၎င်းမှာ နန်းတွင်း စစ်သင်္ဘောအုပ်စုပင် ဖြစ်သည်။
ပိုင်မျိုးနွယ်စု၏ ပျံသန်းသင်္ဘော အစင်းနှစ်ဆယ်သည် အရှိန်လျှော့လိုက်ပြီး အင်ဂျင်သံများ တိုးသွားကာ ငြိမ်သက်သွားသည်။
တစ်ဖက်တွင်လည်း လီနှင့် ကျောက် သင်္ဘောအုပ်စုများသည်လည်း အတူတူပင် အရှိန်လျှော့လိုက်ပြီး သတ်မှတ်ထားသော အကွာအဝေးတစ်ခုတွင် ရပ်တန့်လိုက်ကြသည်။
၎င်းသည် ငြိမ်းချမ်းသော ရပ်တန့်မှုမျိုး မဟုတ်ပေ။
၎င်းသည် စစ်မြေပြင်တွင် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေသော စစ်တပ်သုံးခုကဲ့သို့ ခံစားရစေသည်။
ကျင့်ကြံသူ ထောင်ပေါင်းများစွာသည် အသင့်အနေအထားဖြင့် ရပ်နေကြသည်။
မည်သူမျှ မတိုက်ခိုက်သော်လည်း အားလုံးက တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။
မျိုးနွယ်စု ခေါင်းဆောင်များသည် မြေပြင်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ လေဟာနယ်ထဲသို့ လှမ်းထွက်လာသောအခါ ပြင်းထန်သော ဖိအားလှိုင်းတစ်ခု ကောင်းကင်ယံကို ဖြတ်သန်းသွားသည်။
ပိုင်ထျန်းဟမ်က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"လီကျန်းဟုန်း ၊ ကျောက်ဝူထျန်း . မင်းတို့ နှစ်ယောက် ဘေးကင်းကင်းနဲ့ ရောက်လာတာ ဝမ်းသာစရာပဲ။"
သူ၏ အသံထဲမှ ပျော်ရွှင်မှုသည် စက္ကူဖြင့် ပြုလုပ်ထားသော ဓားကဲ့သို့ပင် စစ်မှန်မှု မရှိလှပေ။
လီကျန်းဟုန်က ခပ်ပါးပါး ပြုံးလိုက်သည်။
"ပိုင်ထျန်းဟမ် ၊ ငါ့မျိုးနွယ်စုကို ဆန့်ကျင်နိုင်တဲ့သူ ဘယ်သူရှိလို့လဲ။ မင်းတစ်အုပ်စုလုံးကို ခေါ်လာတာပဲ။ မိစ္ဆာသားရဲလှိုင်းက မင်းတို့ကို ဝါးမြိုသွားမှာ စိုးရိမ်နေတာလား?"
ပိုင်ထျန်းဟမ်သည် မျက်ခုံး တလှုပ်လှုပ် ဖြစ်သွားသည်။
ကျောက်ဝူထျန်းကလည်း အခွင့်အရေးကို လက်လွတ်မခံဘဲ...
"ကောင်းပါပြီလေ၊ မင်းရဲ့ အင်အားတွေ အများကြီး ယူလာတာပဲ။ ကြည့်ရတာ မိစ္ဆာသားရဲလှိုင်းကို တကယ် အလေးအနက်ထားပုံရတယ်”
ပိုင်မျိုးနွယ်စု အကြီးအကဲ အချို့က နှာခေါင်းရှုံ့လိုက်ကြသည်။
ပိုင်ထျန်းဟမ်သည် ဗလာကျင်းနေသော အပြုံးဖြင့် ပြန်တုံ့ပြန်လိုက်သည်။
"မှန်ပါတယ်။ ဒါပေမဲ့ လီနဲ့ ကျောက်ကတော့ အခုထိတောင် အတူတူ သွားလာနေရတုန်းပဲ ဆိုတာကို မြင်နေရတာပဲ။"
လီကျန်းဟုန်၏ မျက်လုံးများ တွန့်သွားသည်။ ကျောက်ဝူထျန်းကလည်း အသက်ပြင်းပြင်း ရှူလိုက်သည်။
ပိုင်မျိုးနွယ်စု တစ်ခုတည်းကို ထိန်းချုပ်ရန် အခြားထိပ်တန်း မျိုးနွယ်စု နှစ်ခု ပေါင်းရသည်ကို ကြည့်ခြင်းအားဖြင့် ပိုင်မျိုးနွယ်စုသည် ပိုမိုသာလွန်ကြောင်း မည်သူမဆို မြင်နိုင်ပေသည်။
ထိုအချိန်တွင် လီနှင့် ကျောက် မျိုးနွယ်စုဝင်များသည် အံကြိတ်ကာ တိုးတိုးလေး ပြောနေကြသည်။
ထို့နောက် လီနှင့် ကျောက် သင်္ဘောအုပ်စုများထဲမှ လူပုံရိပ်များ တစ်ခုပြီးတစ်ခု ရှေ့သို့ ထွက်လာကြရာ တစ်ဦးချင်းစီသည် တောင်တန်းများကိုပင် ဖြိုခွဲနိုင်သော ဖိအားများကို ထုတ်လွှတ်နေကြသည်။
လီမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့သည် မဟာအကြီးအကဲ သုံးဦးစီခေါ်လာရာ စုစုပေါင်း ခြောက်ဦး ပါလာကြသည်။
ပိုင်မျိုးနွယ်စုတွင်မူ မဟာအကြီးအကဲ ငါးဦး ပါဝင်ရာ လီ သို့မဟုတ် ကျောက် မျိုးနွယ်စု တစ်ခုချင်းစီထက် သာသော်လည်း နှစ်ခုပေါင်းထက် နည်းနေလေသည်။
သူတို့ ဆုံတွေ့လိုက်သောအခါ လေထုမှာ တုန်ခါသွားသည်။
လီမျိုးနွယ်စုမှ မဟာအကြီးအကဲ လီဝူဖေးက ပြုံးလျက် အရင် စကားစလိုက်သည်။
"အာ... ပိုင်ချူ ။ မင်းရဲ့ အရိုးတွေ ဖုန်မှုန့်ဖြစ်သွားပြီလို့ ငါထင်နေတာ။"
မဟာအကြီးအကဲ ပိုင်ချူက ပြန်ပြုံးပြလိုက်သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? မင်း ငါ့အဆင့်ကို ရောက်လာမယ့်အချိန်ကို ငါစောင့်နေတာလေ။ ဒါပေမဲ့ ဝမ်းနည်းစရာပဲ၊ မင်းရဲ့ အစွမ်းက လွန်ခဲ့တဲ့ အနှစ် ၃၀ ကအတိုင်း ဖြစ်နေတုန်းပဲ။"
လီဝူဖေး၏ အပြုံးမှာ ရပ်တန့်သွားသည်။
"ပိုင်ချူ၊ မင်း ဒါကို ထုတ်ပြောရဲတယ်ပေါ့? တိုက်ပွဲအလယ်မှာ ငါ့လှံသာ မကျိုးသွားရင် မင်းကို ငါ ဘယ်လိုလုပ် ရှုံးမလဲ?"
လီဝူဖေးက ဒေါသတကြီး ပြောလိုက်သည်။
"အခုထိ အဲဒီဆင်ခြေပဲလား? လီဝူဖေး၊ လူကြီးဖြစ်စမ်းပါ။ မင်း ရှုံးနိမ့်မှုကို ဘယ်တော့ ဝန်ခံမှာလဲ?"
ပိုင်ချူက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
အခြားတစ်ဖက်တွင်မူ မဟာအကြီးအကဲ ကျောက်ဟုန်းလုံသည် လှောင်ပြောင်သော မျက်လုံးများဖြင့် ရှေ့သို့ တိုးလာသည်။
"ကဲ... ကဲ... ပိုင်ချင်းရှန်..မင်း အသက်ရှင်နေတာ မြင်ရတာ တကယ်ပဲ အံ့သြစရာပဲ။ ငါတို့ နောက်ဆုံးတွေ့တုန်းက မင်း ငါ့ရဲ့ အရပ်
လေးမျက်နှာ ဝင်္ကပါထဲမှာ သုံးရက်တိတိ မထွက်နိုင်ဘဲ အော်ဟစ်နေခဲ့တာကို မှတ်မိသေးတယ်။"
ပိုင်မျိုးနွယ်စုဘက်မှ နှာခေါင်းရှုံ့သံ ကျယ်ကျယ် ထွက်ပေါ်လာသည်။ ပိုင်ချင်းရှန်၏ မုတ်ဆိတ်မွေးများမှာ ထောင်ထွက်မတတ် ဖြစ်သွားသည်။
"ဒါက ဝင်္ကပါကို ကြိုပြင်ထားတဲ့ လူပြောရမဲ့ စကားလား..တိုက်ရိုက် တိုက်ခိုက်မှာကို ကြောက်နေတယ်လို့ပဲ ပြောလိုက်စမ်းပါ”
ကျောက်ဟုန်းလုံ၏ မျက်ခုံးများ တလှုပ်လှုပ် ဖြစ်သွားသည်။
"မင်း ရှုံးသွားတာပဲ၊ အဲဒါကို အသံကျယ်ကျယ် ပြောနေသေးတယ်..."
"ငါ မရှုံးဘူး။ မင်း ငါ့ကို တရားမျှတစွာ တိုက်မယ်ဆိုရင် အကြိမ်တစ်ရာမက ရှုံးသွားမှာ။"
ပိုင်ချင်းရှန်က ပြန်ပက်လိုက်သည်။
"နည်းဗျူဟာ သုံးတတ်တာကလည်း အရေးကြီးတာပဲ၊ ဒါပေမဲ့ မင်းကတော့ ဒါကို သိမှာမဟုတ်ပါဘူးလေ။"
သူတို့တင်မကဘဲ အခြားသော မဟာအကြီးအကဲများသည်လည်း သူတို့၏ သမိုင်းဟောင်းများကို ပြန်ဖော်ကာ အခြားသူများကို အရှက်ခွဲရန် ကြိုးစားနေကြသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့ စကားများလေလေ၊ ပို၍ ဒေါသထွက်လာလေလေပင် ဖြစ်သည်။
သူတို့ကြားမှ လေထုသည် မီးပွားတစ်ခုကို စောင့်နေသော ယမ်းမှုန့်များကဲ့သို့ တင်းမာနေတော့သည်။
ဤအရာများသည် ကျပန်း ဆဲဆိုမှုများ မဟုတ်ဘဲ အစစ်အမှန် သမိုင်းကြောင်းများ ဖြစ်ကြသည်။
ရန်ငြိုးဟောင်းများ။
အရှက်ရမှုဟောင်းများ။
အောင်ပွဲဟောင်းများက ယခုတိုင် လတ်ဆတ်နေဆဲ ဖြစ်သည်။
အကယ်၍ အခြားနေ့သာ ဆိုလျှင် ဤမဟာအကြီးအကဲ အုပ်စုများသည် ကောင်းကင်ပြိုမတတ် တိုက်ပွဲကို စတင်နေကြပြီ ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင်?
သူတို့သည် စကားတစ်ခွန်း ပြောလိုက်ရုံနှင့် ထိုသို့ လုပ်ရန် အသင့်ဖြစ်နေကြသည်။
တင်းမာမှုမှာ အထွဋ်အထိပ်သို့ ရောက်ရှိနေသည်။
အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူ ၁၁ ဦး။
အားလုံးသည် နှစ်ပေါင်း ထောင်ချီ စုဆောင်းလာခဲ့သော မုန်းတီးမှု၊ ပြိုင်ဆိုင်မှုနှင့် ထိခိုက်နေသော မာနများဖြင့် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။
သတင်းဆိုးကတော့ ဤမျိုးနွယ်စု သုံးခုလုံးသည် မဟာမိတ်များ ဖြစ်နေရမည် ဖြစ်သောကြောင့်ပင်။
အကယ်၍ သူတို့ ဤနေရာတွင် စတင်တိုက်ခိုက်ကြပါက နန်းတွင်းမိသားစုသည် ဝင်ရောက် စွက်ဖက်ရတော့မည် ဖြစ်ပြီး အရာအားလုံးမှာ ပို၍ ရှုပ်ထွေးသွားပေလိမ့်မည်။
သင်္ဘောသုံးအုပ်စုလုံးပေါ်ရှိ ကျင့်ကြံသူတိုင်း ချက်ချင်းပင် ကိုယ်ဟန်အနေအထား ပြင်လိုက်ကြသည်။
နန်းတွင်း သင်္ဘောအုပ်စု၏ အလံတင်သင်္ဘောသည် လမ်းဖယ်ပေးလိုက်ပြီး လူတစ်ယောက် လေဟာနယ်ထဲသို့ လှမ်းထွက်လာသည်။
စစ်သူကြီး ရှုယုချန်းပင် ဖြစ်သည်။
"လေးစားအပ်ပါသော ပိုင်၊ လီ နှင့် ကျောက် မျိုးနွယ်စုတို့မှ မဟာအကြီးအကဲတို့ခင်ဗျာ၊" သူက တည်ငြိမ်သော်လည်း ယဉ်ကျေးသော အသံဖြင့် ပြောလိုက်သည်။ "အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများဖြစ်ကြတဲ့ သင်တို့ကိုယ်တိုင် ဒီစစ်ဆင်ရေးမှာ ပါဝင်ပေးတာဟာ ကြီးမားတဲ့ ဂုဏ်ယူစရာ တစ်ခုပါပဲ။"
ချက်ချင်းပင် ဆူပွက်နေသော ရန်လိုမှုများမှာ အနည်းငယ် လျော့ကျသွားသည်။
ရှုယုချန်းက ဆက်ပြောသည်။
"အကြီးအကဲတို့ရဲ့ မြင့်မြတ်တဲ့ မျိုးနွယ်စုတွေကြားမှာ မှတ်ဉာဏ်တွေ... အများကြီး ရှိတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။"
၎င်းသည် သိမ်မွေ့သော ပြောဆိုမှုဖြစ်သော်လည်း လူတိုင်းက ဘာကိုဆိုလိုမှန်း နားလည်ကြသည်။
ထိုမှတ်ဉာဏ်များ၏ တစ်ဝက်ခန့်မှာ တောင်တန်းများ ပြိုပျက်ခဲ့ရခြင်းများနှင့် ဆက်စပ်နေသည်။
"ဒါပေမဲ့ ကျွန်တော်တို့ စကားပြောနေတဲ့ အချိန်မှာတောင် မိစ္ဆာသားရဲလှိုင်းက စုစည်းနေပါပြီ။ နန်းတွင်းမိသားစုက တောင်းဆိုချင်တာကတော့ မြင့်မြတ်တဲ့ မျိုးနွယ်စု သုံးခုအနေနဲ့ အခုလောလောဆယ်မှာတော့ စိတ်ကို ထိန်းချုပ်ကြဖို့ပါပဲ။ ပြီးတော့ ပိုကြီးမားတဲ့ အကျိုးစီးပွားကို စဉ်းစားပေးကြဖို့ပါ”
"အခုလောလောဆယ်" ဆိုသော စကားလုံးသည် ကျွမ်းကျင်လှသော ကြားနေမှု တစ်ခုပင်။
သူက နောက်ပိုင်းတွင် မတိုက်ရဟု မပြောခဲ့ပေ။
အင်ပါယာသည် သူတို့ကို အသက်ရှင်လျက် လိုအပ်နေသေးချိန်မှာတော့ မလုပ်ရန် ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် ကြီးမြတ်သော မျိုးနွယ်စု သုံးခု အချင်းချင်း တိုက်ခိုက်ခြင်းမှာ နန်းတွင်းမိသားစုအတွက် သတင်းကောင်း ဖြစ်သည်။
အကြောင်းမှာ ထိုသုံးခုသည် နန်းတွင်းမိသားစုနှင့် အဆင့်အတန်း တူညီနေခြင်းသည် နန်းတွင်းမိသားစုအတွက် သိပ်မကောင်းလှသောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူတို့၏ အင်အားများ အားနည်းသွားနိုင်ခြေရှိခြင်းသည် နန်းတွင်းမိသားစုအတွက် အမြဲတမ်း သတင်းကောင်း ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ အဆင့်မြင့် မိစ္ဆာသားရဲလှိုင်းနှင့် မိစ္ဆာကျင့်ကြံသူများကို ရင်ဆိုင်ရမည် ဖြစ်သောကြောင့် ထိုသို့ အဖြစ်မခံနိုင်ပေ။
ရှုယုချန်း၏ စကားများမှာ ထိုအဖိုးကြီးများကို တားဆီးရန် မလုံလောက်သော်လည်း အခြားလူများ ရှိနေသောကြောင့် သူတို့၏ သိက္ခာကို ထိန်းသိမ်းရန် လိုအပ်နေသေးသည်။
ထို့ကြောင့် သူတို့သည် ဆက်လက် ငြင်းခုံခြင်း မပြုတော့ဘဲ ရပ်တန့်လိုက်ကြသည်။ ရှုယုချန်းသည် သက်ပြင်းချနိုင်သွားတော့သည်။ အကယ်၍ သူတို့သာ အခု တိုက်ခိုက်ကြလျှင် နောက်ထပ် ပြဿနာကြီးတစ်ခု တက်ပေတော့မည်။
လောလောဆယ်တွင်မူ သူတို့ကြားမှ စစ်ပွဲကို ခေတ္တ ရပ်ဆိုင်းထားလိုက်သည်။
ရှုယုချန်းက ယဉ်ကျေးစွာ ပြုံးလိုက်သည်။
"နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်”
သူတို့သည် မိစ္ဆာသားရဲများ စောင့်ဆိုင်းနေသော မြောက်ဘက် ခံစစ်မျဉ်းဆီသို့ ခရီးဆက်ခဲ့ကြလေသည်။