← Chapters

စစ်ကူများ ရောက်ရှိလာပြီ

Vol. 25 Ch. 365

စစ်ကူများ ရောက်ရှိလာပြီ

Vol. 25 Ch. 365

မြောက်ဘက် ခံစစ်ကြောင်း။

"တပ်မှူးကြီး... မြို့တော်က စစ်ကူတွေ ရောက်လာပါပြီ”

တပ်မှူးကြီး ဝေကျုံးယွမ်တစ်ယောက် နားကြားမှားလေသလားဟုပင် ထင်မှတ်သွားမိသည်။

(စစ်ကူတွေ... နောက်ဆုံးတော့ ရောက်လာပြီပေါ့)

ရက်ပေါင်းများစွာ တင်းမာနေခဲ့သော သူ၏ပခုံးနှစ်ဖက်သည် လျှော့ကျသွားကာ ရင်ထဲမှ သက်ပြင်းတစ်ချက်ကို အံ့သြဝမ်းသာစွာဖြင့် မှုတ်ထုတ်လိုက်မိသည်။

သူတစ်ယောက်တည်း မဟုတ်ပေ။

ကွပ်ကဲမှုစင်မြင့်ထက်တွင်လည်း အောင်ပွဲခံ အော်ဟစ်သံများ လွှမ်းသွားတော့သည်။ ခဏတာအထိ တိတ်ဆိတ်ငြိမ်သက်နေခဲ့သော တပ်မှူးများသည် ခေါင်းငုံ့သွားကြပြီး အချို့မှာမူ ဝမ်းသာမျက်ရည်များကို ပွတ်သပ်နေကြသည်။

သူတို့ အလွန်ပင် ပင်ပန်းနေခဲ့ကြပြီ။

သူတို့ အလွန်ပင် ကြောက်ရွံ့နေခဲ့ကြချေပြီ။

သူတို့၏ ရဲဘော်ရဲဘက်များစွာကိုလည်း ဆုံးရှုံးခဲ့ရပြီးချေပြီ။

သူတို့၏ စိတ်ဓာတ်များမှာလည်း ပြိုလဲလုနီးပါး ဖြစ်နေခဲ့ပြီ။

သို့သော်လည်း... စိတ်ဓာတ်ခိုင်မာမှုတစ်ခုတည်းဖြင့်သာ အင်ပါယာ၏ သန်းပေါင်းများစွာသော ပြည်သူများကို ကာကွယ်ပေးထားသည့် ဤခံစစ်ကြောင်းကြီးကို မပြိုလဲအောင် ထိန်းထားနိုင်ခဲ့ကြခြင်း ဖြစ်သည်။

"သူတို့ နောက်ဆုံးတော့ ရောက်လာကြပြီ”

"တော်တော်လေးတော့ အချိန်ယူလိုက်တာပဲ။ အနည်းဆုံးတော့ အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက်လောက် ပါလာဖို့ပဲ မျှော်လင့်ရတာပဲ။"

"ပါလာမှာပါ။ ဒီသားရဲလှိုင်းလုံးကြီးကို အင်မော်တယ်အဆင့် မိစ္ဆာသားရဲတစ်ကောင်က ဦးဆောင်နေနိုင်တယ်ဆိုတဲ့ အစီရင်ခံစာကို ကျွန်တော်တို့ ပို့ထားတာပဲဟာ”

"ကဲ သွားကြစို့! ဒီသားရဲလှိုင်းလုံးကြီးကို အမြန်ဆုံး နှိမ်နင်းဖို့ တန်ပြန်စစ်ဗျူဟာတွေကို ဆွေးနွေးရမယ်။ ဒီမိစ္ဆာသားရဲတွေက ဘယ်အချိန်မှာ အင်အားအကုန်သုံးပြီး ထိုးစစ်

ဆင်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။"

စစ်ကူများ ရောက်လာ၍ ဝမ်းသာနေကြသော်လည်း ထိုစစ်ကူများသည် လုံလောက်မှု ရှိ၊ မရှိကိုမူ စိုးရိမ်နေကြဆဲပင်။

သူတို့သည် သားရဲလှိုင်းလုံးကြီး၏ ပမာဏကို အသေးစိတ် တင်ပြထားသော်လည်း မည်မျှအထိ စစ်ကူလွှတ်မည်ဆိုသည်မှာ ကောင်စီ၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်နေပေသည်။

ဝေကျုံးယွမ်သည် ချက်ချင်းပင် ကိုယ်ကိုမတ်လိုက်ကာ ခေါင်းဆောင်ကောင်းတစ်ယောက်၏ ဟန်ပန်ကို ပြန်လည်ယူလိုက်သည်။ ဘေးအန္တရာယ်က မပြီးဆုံးသေးသဖြင့် သူသည် အားနည်းချက်ကို ပြသ၍ မဖြစ်ပေ။

"စစ်ကူတွေ ဘယ်မှာလဲ?"

ဝေကျုံးယွမ်က မေးလိုက်သည်။

အဖြေကား မလိုတော့ပေ။

မိုးချိန်းသံကဲ့သို့သော ဟိန်းဟောက်သံကြီးသည် လေထုထဲတွင် ပဲ့တင်ထပ်သွားရာ အောက်ဘက်တွင် တိုက်ခိုက်နေကြသော စစ်မြေပြင်သံများပင် ခေတ္တမျှ ငြိမ်သက်သွားသယောင် ရှိသည်။

အရာရှိများအားလုံး ခေါင်းမော့ကြည့်လိုက်ကြသည်။

ကောင်းကင်ကြီး မှောင်မည်းသွား၏။

ပျံသန်းရေးသင်္ဘောများ။

ဒါဇင်နှင့်ချီသည်မဟုတ်။

ရာနှင့်ချီသည်လည်း မဟုတ်။

ထောင်နှင့်ချီ၍ ရှိနေသည်။

စစ်ပွဲအတွက် အထူးပြုလုပ်ထားသည့် တောင့်တင်းခိုင်မာသော ပျံသန်းရေးသင်္ဘောအုပ်စုကြီးသည် တိမ်တိုက်များကို ခွင်း၍ ဆင်းသက်လာရာ နေအလင်းရောင်ပင် ကွယ်ပျောက်သွားတော့သည်။

ထိုသင်္ဘောများ၏ ကိုယ်ထည်ပေါ်တွင် မျိုးနွယ်စုများနှင့် စစ်တပ်၏ အမှတ်အသားများ ခန့်ညားစွာ ရှိနေကြသည်။

ထိုသင်္ဘောအုပ်စုကြီး၏ ရှေ့ဆုံးတွင်မူ ခံစစ်ခံတပ်ကြီးများကိုပင် သေးငယ်သွားစေလောက်သည့် အလွန်ကြီးမားသော အလံတင်သင်္ဘောကြီး လေးစင်းရှိနေသည်။

ထိုသင်္ဘောကြီးများပေါ်ရှိ အမှတ်အသားများသည် ကြယ်တာရာများထက်ပင် တောက်ပနေကြ၏။

၎င်းတို့မှာ

ပိုင်မျိုးနွယ်စု၊

လီမျိုးနွယ်စု၊

ကျောက်မျိုးနွယ်စု၊

နှင့်... ဧကရာဇ်မျိုးနွယ်စုတို့ပင်။

အင်ပါယာ၏ အင်အားအကြီးဆုံး အာဏာစက်ကြီးလေးခုသည် သူတို့၏ ကိုယ်ပိုင်သင်္ဘောအုပ်စုများဖြင့် ဆိုက်ရောက်လာခြင်း ဖြစ်သည်။

ဝေကျုံးယွမ်သည် စစ်ကူအနေဖြင့် ထိပ်တန်းကျင့်ကြံသူ သောင်းဂဏန်းနှင့် မဟာကောင်းကင်ဘုံတက်လှမ်းခြင်း အဆင့်အကြီးအကဲ အနည်းငယ်လောက်သာ မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူ တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။

တိုက်ပွဲပေါင်း ရာချီဖြတ်သန်းခဲ့သည့် ဝါရင့်တပ်မှူးကြီးပင် ဖြစ်လင့်ကစား၊ ဤမြင်ကွင်းကြောင့် ရင်ခုန်သံများ မြန်လာရသည်။

ကောင်းကင်ထက်မှ ဆင်းသက်လာသော ထိုဧရာမ အရိပ်ကြီးများကို ကြည့်ရင်း သူ စကားပင် မပြောနိုင်တော့ပေ။

ဤမြင်ကွင်းသည် စိတ်ဓာတ်ကျနေသော စစ်မြေပြင်ကို တုန်လှုပ်သွားစေသည်။

မိစ္ဆာသားရဲများပင် ထိုအရှိန်အဝါကို ခံစားမိပုံရကာ ဒေါသတကြီး ဟိန်းဟောက်နေကြ၏။ အချို့သော သားရဲများသည် ပျံသန်းရေးသင်္ဘောကြီးများကို ခုန်အုပ်တိုက်ခိုက်ရန် ကြိုးစားကြသော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် အသတ်ခံလိုက်ရသည်။

စစ်သင်္ဘောတိုင်းတွင် အစွမ်းထက်လက်နက်များ တပ်ဆင်ထားပြီး ပိုင်မျိုးနွယ်စု၏ စစ်သင်္ဘောများဆိုလျှင် မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသည်။

ထို့အပြင် သင်္ဘောကုန်းပတ်များပေါ်တွင်လည်း မိစ္ဆာသားရဲများကို သုတ်သင်ရန် အသင့်ပြင်ထားသည့် သောင်းနှင့်ချီသော ကျင့်ကြံသူများ ရှိနေကြသည်။

သူတို့သည် ပျက်သုဉ်းလုနီးပါးဖြစ်နေသော ခံစစ်ကို ကူညီရန် လာကြခြင်းမဟုတ်ပေ

ဤသားရဲလှိုင်းလုံးကြီးကို အမြစ်ပြတ်ချေမှုန်းရန် လာကြခြင်း ဖြစ်သည်။

ဤမျှလောက်သော အင်အားနှင့်ဆိုလျှင် မြောက်ဘက်ခံစစ်ကြောင်းကြီးသည် ယနေ့တွင် ကျရှုံးတော့မည် မဟုတ်ပေ။

ဆယ်ရက်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဝေကျုံးယွမ်သည် ရင်ထဲရှိ ဝန်ထုပ်ဝန်ပိုးကြီး လျော့ကျသွားကာ အသက်ကို ဝဝရှူလိုက်နိုင်သည်။

သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်

မြောက်ဘက်ခံစစ်ကြောင်းသည် မပြိုလဲတော့ပေ။

အကယ်၍ ဤမျှလောက်သော ဂိုဏ်းကြီးများ၊ မျိုးနွယ်စုကြီးများ၏ စုပေါင်းအင်အားဖြင့်ပင် ပြိုလဲသွားခဲ့လျှင် ကောင်းကင်အင်ပါယာ၏ အဆုံးသတ်ပင် ဖြစ်ပေလိမ့်မည်။

"သူတို့ကို သွားကြိုကြစို့”

ဝေကျုံးယွမ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

တပ်မှူးကြီး ဝေကျုံးယွမ်သည် ကောင်းကင်ယံမှ ပျံသန်းရေးသင်္ဘောအုပ်စုကြီး တဖြည်းဖြည်း ဆင်းသက်လာသည်ကို စောင့်ကြိုနေခဲ့သည်။

ထောင်ပေါင်းများစွာသော သင်္ဘောကြီးများသည် စနစ်ကျလှသော စစ်ကြောင်းပုံစံဖြင့် အရှိန်လျှော့ချလိုက်ရာ ထူထပ်လှသော တိမ်တိုက်ကြီးများပင် ဟိုဟိုဒီဒီ လွင့်စင်ကွဲပြားသွားတော့သည်။

ရှေ့ဆုံးမှ ဦးဆောင်လာသည့် တာဝါတိုင်သဖွယ် မြင့်မားလှသော အလံတင်သင်္ဘောကြီး လေးစင်းသည် ခံတပ်မြေပြင်ပေါ်သို့ ပထမဆုံး ဆိုက်ကပ်လိုက်ပြီးနောက်မှ အခြားသင်္ဘောများက ထပ်ချပ်မကွာ လိုက်ပါဆင်းသက်လာကြသည်။

ဧရာမ လူကူးတံတား ပလက်ဖောင်းကြီးများ ပွင့်ထွက်လာကာ ခံတပ်ရိုးတံတိုင်းများနှင့် ချိတ်ဆက်မိသွားချိန်တွင် မြေဟိန်းသံကဲ့သို့သော တုန်ခါမှုကြီးများသည် လေထုထဲ၌ ပဲ့တင်ထပ်သွားလေတော့သည်။

ဝေကျုံးယွမ်သည် တံတွေးတစ်ချက် မြိုချလိုက်ပြီး သူ၏ချပ်ဝတ်တန်ဆာကို ပြင်ဆင်ကာ အရာရှိများနှင့်အတူ စောင့်ကြိုနေလိုက်သည်။

ခြေသံများ ထွက်ပေါ်လာ၏

အလံများ တလူလူလွင့်နေကြသည်။

ထို့နောက်...

လူရိပ်များ ဆင်းသက်လာကြသည်။

ဝေကျုံးယွမ်၏ အသက်ရှူသံများ ရပ်တန့်သွားသည်။

မျိုးနွယ်စုခေါင်းဆောင်များ ကိုယ်တိုင် ရောက်လာကြခြင်း ဖြစ်သည်။

ပိုင်မျိုးနွယ်စုမှ ပိုင်ထျန်းဟမ်

လီမျိုးနွယ်စုမှ လီကျန်းဟုန်

ကျောက်မျိုးနွယ်စုမှ ကျောက်ဝူထျန်း။

အင်ပါယာ၏ စစ်အင်အား ၅၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသော ဤပုဂ္ဂိုလ်ကြီး သုံးဦး၏ အရှိန်အဝါသည် ဘေးပတ်ဝန်းကျင်ရှိ လူများကို အသက်ရှူပင် ကျပ်စေသည်။

ဝေကျုံးယွမ်၏ နှုတ်ခမ်းများ ခြောက်ကပ်သွားသည်။

(သူတို့... သူတို့ကိုယ်တိုင် ရောက်လာကြတာလား)

ဝေကျုံးယွမ် တစ်ယောက် အံ့သြမှုမှ မလွတ်မြောက်သေးခင်မှာပင် နောက်ထပ် ဝိညာဉ်အရှိန်အဝါများ တစ်ခုပြီးတစ်ခု ဆင်းသက်လာပြန်သည်။

တစ်ခု

နှစ်ခု

သုံးခု

အံ့ဩစရာများတခုပြီးတစ်ခု

ကောင်းကင်ဓားဂိုဏ်း ၊ နီညိုရောင်မိုးကြိုးနန်းတော်နှင့် မြစိမ်းရောင် နေမင်းဂိုဏ်းတို့မှ ဂိုဏ်းချုပ်များ သင်္ဘောပေါ်မှ ဆင်းလာကြသည်။

ဝေကျုံးယွမ်၏ စိတ်များ ရှုပ်ထွေးသွားတော့သည်။

သူသည် အကြီးအကဲ အဆင့်မြင့်အချို့လောက်သာ မျှော်လင့်ထားသော်လည်း ယခုမြင်ကွင်းမှာမူ... အဆမတန် ကြီးမားလွန်းနေသည်။

ထို့နောက်

ဧကရာဇ်သင်္ဘောအုပ်စုမှ ရွှေရောင်တံဆိပ်တော်ကြီး တစ်ခု တောက်ပလာကာ စစ်သူကြီး ရှုယုချန်သည် တည်ငြိမ်သော ဟန်ပန်ဖြင့် ထွက်ပေါ်လာသည်။

ဝေကျုံးယွမ် ချက်ချင်းပင် ဦးညွှတ်အလေးပြုလိုက်သည်။

“စစ်သူကြီး”

သို့သော် ရှုယုချန် စကားမပြောရသေးမီ သူ၏နောက်မှ နောက်ထပ် လူသုံးယောက် ဆင်းလာပြန်သည်။

ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူငယ်နှစ်ဦးနှင့် ဖီးနစ်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦး။

တတိယမင်းသား၊ သတ္တမမင်းသား နှင့် စတုတ္ထမင်းသမီး

ဝေကျုံးယွမ် ကြောင်အသွားမိသည်။

(မင်းသားနဲ့ မင်းသမီးတွေပါ ပါလာတာလား)

သူသည် အလွန်ပင် ဂုဏ်ယူမိသလို တစ်ဖက်တွင်လည်း ထိတ်လန့်သွားမိသည်။

သားရဲလှိုင်းလုံးသည် အန္တရာယ်ရှိသည်မှာ မှန်သော်လည်း

အင်ပါယာ၏ အမြင့်ဆုံးအာဏာပိုင်များအားလုံး တက်ညီလက်ညီ ဆင်းလာရလောက်အောင်အထိတော့ မဟုတ်တန်ပေ

သူ့အတွေးများ ပို၍ရှုပ်ထွေးသွားစေသည်မှာ သင်္ဘောပေါ်မှ ထပ်မံဆင်းသက်လာသူများ၏ အရှိန်အဝါပင် ဖြစ်သည်။ မဟာကောင်းကဘုံတက်လှမ်းခြင်းအဆင့် ကျွမ်းကျင်သူဖြစ်သည့် ဝေကျုံးယွမ်ပင် သူတို့၏ အဆင့်အတန်းကို ခန့်မှန်း၍မရနိုင်လောက်အောင် နက်ရှိုင်းလှသည်။

အင်မော်တယ်အဆင့် သူ သေချာပေါက် ပြောရဲသည်။

တစ်ယောက် နှစ်ယောက် မဟုတ်။

သုံးယောက်မဟုတ်

အနည်းဆုံး ဆယ်ယောက်ခန့် ရှိနေသည်။

ဝေကျုံးယွမ်၏ ကျောရိုးထဲအထိ ချမ်းစိမ့်သွားသည်။

အင်ပါယာကြီးတစ်ခုလုံး၏ အင်အားများကို ဤစစ်မြေပြင်တစ်ခုတည်းသို့ မည်သို့မည်ပုံ စုပြုံလွှတ်လိုက်သည်ကို သူ စဉ်းစား၍မရတော့ပေ။

သူသည် စိတ်ကိုအတတ်နိုင်ဆုံး ထိန်းလိုက်ပြီး ကျယ်လောင်စွာ နှုတ်ဆက်လိုက်သည်။

"ဝေကျုံးယွမ်မှ စစ်သူကြီး၊ မင်းသားများ၊ မင်းသမီးနှင့် မျိုးနွယ်စု၊ ဂိုဏ်းအသီးသီးက ခေါင်းဆောင်ကြီးများကို ဂါရဝပြုကြိုဆိုပါတယ်”

သူ့ရဲ့အသံသည် ကွပ်ကဲမှုစင်မြင့်တစ်ခုလုံးကို လွှမ်းခြုံပျံ့နှံ့သွားခဲ့သည်။

ဝေကျုံးယွမ်သည် သူ့အပေါ် ကျရောက်လာသော စူးစိုက်ကြည့်နေသည် အကြည့်ပေါင်းများစွာကို ခံစားလိုက်ရ၏ ရောက်ရှိနေတဲ့သူတွေ၏ ရာထူးအဆင့်အတန်းကို တွေးမိလိုက်သည့်အခါ ဝေကျုံးယွမ်တစ်ယောက် တုန်လှုပ်ချင်သလိုတောင် ဖြစ်လာခဲ့ရ၏

စစ်သူကြီး ရှုယုချန်းသည် ရှေ့သို့တိုးလာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "တပ်မှူးဝေ... မင်း ခံစစ်ကြောင်းကို ကောင်းကောင်းထိန်းထားနိုင်ခဲ့တယ်။ အင်ပါယာက မင်းနဲ့ မင်းရဲ့စစ်သည်တွေကို အကြွေးတင်သွားပြီ။"

ဝေကျုံးယွမ် ရင်ထဲတွင် လှိုက်တက်လာသော်လည်း အသံကို ထိန်းလိုက်၏

“ဒါဟာ ကျွန်တော်တို့ရဲ့ တာဝန်ပါ”

ရှုယုချန်းက ခေါင်းငြိမ့်ပြ၏

"မင်း ကောင်းကောင်းတိုက်ပွဲဝင်ခဲ့ပါတယ်။ ငါတို့ အင်ပါယာရဲ့ ရရှိနိုင်သမျှ အင်အားအားလုံးကို စုစည်းပြီး လာခဲ့တာ။"

အင်အား... အားလုံးလား?

ဝေကျုံးယွမ်သည် အင်ပါယာ၏ အင်အားကြီးအဖွဲ့အစည်းများ အာဃာတများကို ဘေးဖယ်ထားကာ စုပေါင်းလာကြသည်ကို ဝမ်းသာသော်လည်း အဘယ်ကြောင့် ဤမျှအထိ အင်အားသုံးရသနည်းဆိုသည်ကိုမူ နားမလည်နိုင်သေးပေ။

ရှုယုချန်းက ဆက်ပြော၏

"ဒီလောက်အင်အားတွေအများကြီး သယ်လာတာဟာ အလွန်အကျွံဖြစ်နေတယ်လို့ မင်းထင်ကောင်းထင်လိမ့်မယ်။ ဒါပေမဲ့ အကြောင်းရင်းကို မင်း မကြာခင် သိရပါလိမ့်မယ်။ အခုတော့ ဒီအခြေအနေကို ကျော်လွှားဖို့ အကောင်းဆုံး စစ်ဗျူဟာကို ငါတို့ တိုင်ပင်ရမယ်”

All Chapters