← Chapters

အရှေ့တပ်ဦးတာဝန်ကို ဘယ်သူယူမလဲ

Vol. 25 Ch. 367

အရှေ့တပ်ဦးတာဝန်ကို ဘယ်သူယူမလဲ

Vol. 25 Ch. 367

စိမ်းဖန့်ဖန့်အလင်းတန်းများ ထွက်ပေါ်နေသော ကျောက်စိမ်းမြေပုံသည် ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များနှင့် မျိုးနွယ်စုသခင်များ၏ မျက်နှာထက်ဝယ် အရိပ်ထင်ဟပ်နေသည်။

မြေပုံပေါ်ရှိ လမ်းကြောင်းများ ရွေ့လျားသွားပြီး အမှတ်အသားများ တဖန်ပြန်လည် စီစဉ်လိုက်၏

တောက်ပသော သွေးရောင်အဆင်းရှိသော ရှေ့တန်းစစ်မျက်နှာပြင် ပေါ်ထွက်လာသည်။

ထိုအနီရောင်မျဉ်းများသည် ကြည့်ရသည်မှာ သေမိန့်စာချွန်တော်များနှယ်ပင်။

ရှုယုချန်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်လိုက်၏

"အခု တပ်ဦးကနေ တိုက်ပွဲဝင်မယ့် အင်အားစုတွေကို သတ်မှတ်တော့မယ်"

ထိုစကားကြောင့် စုဝေးနေသူများကြားတွင် တုန်လှုပ်မှုကလေးတစ်ခု ဖြတ်ပြေးသွားသည်။

မည်သူမျှ ကြောက်ရွံ့မှုကို ပေါ်ပေါ်ထင်ထင် မပြဝံ့သော်လည်း ထိုသေမင်းတမန် ရှေ့တန်းနေရာကိုမူ မည်သူမျှ မလိုချင်ကြပေ။

ပထမဆုံး လှုပ်ရှားလာသူမှာ ကျောက်စိမ်းနန်းတော်၏ ဂိုဏ်းချုပ်ဖြစ်သည်။ သူမသည် နုနယ်သိမ်မွေ့သော အမူအရာဖြင့် ရှေ့သို့တိုးကာ ဂါရဝပြုလိုက်သည်။

"ကျွန်မတို့ဂိုဏ်းရဲ့ အားသာချက်က အရှိန်အဟုန်ပြင်းတဲ့ ကူညီပံ့ပိုးမှုနဲ့ ဧရိယာကျယ်ကျယ် ပျံ့နှံ့တဲ့ တိုက်ကွက်တွေပါပဲ။ ဒါကြောင့် အမြင့်ဆုံး စွမ်းဆောင်ရည်ရဖို့အတွက် ရှေ့တန်းရဲ့ နောက်ကွယ်မှာပဲ နေတာက ပိုသင့်တော်မယ်လို့ ထင်ပါတယ်"

ကျောက်စိမ်းခန်းမ နင်ရှုချန်းသည် အေးဆေးတည်ငြိမ်စွာ ဆိုလိုက်သည်။

သူမတွင် အခြားမကောင်းသော ရည်ရွယ်ချက်မရှိဘဲ သူမ၏ တပည့်များနှင့် အကြီးအကဲများသည် အမှန်တကယ်ပင် ရှေ့တန်းတိုက်စစ်အတွက် မသင့်တော်ပေ။

လူတိုင်းကလည်း ထိုအချက်ကို သဘောတူကြသဖြင့် ရှုယုချန်းသည် သူမ၏ဂိုဏ်းကို အကောင်းဆုံး ထောက်ပို့နိုင်မည့် နေရာ၌ တာဝန်ပေးလိုက်သည်။

သို့သော် လူတိုင်းက နင်ရှုချန်းကဲ့သို့ မဟုတ်ကြချေ။

တစ်ဦးပြီးတစ်ဦး၊ ဂိုဏ်းတစ်ခုပြီးတစ်ခုသည် ရိုသေလေးစားမှု အပြည့်ဖြင့် ရှေ့သို့တိုးလာကြသော်လည်း သူတို့၏ စကားလုံးတိုင်းသည် သေဘေးနီးလှသည့် ရှေ့တန်းစစ်မျက်နှာကို ရှောင်ရှားရန် အကွက်ကျကျ စီစဉ်ထားခြင်းဖြစ်သည်။

"ကျွန်တော်တို့က ဝေဟင်ကနေ ကူညီပေးနိုင်ပါတယ်"

"ကျွန်ုပ်တို့ရဲ့ တိုက်ပွဲဝင်အစီအရင်တွေက အသက်ဝင်ဖို့ အချိန်ယူရမှာမို့ပါ"

"ကျွန်ုပ်တို့ရဲ့ ဆေးဖော်စပ်သူတွေက နောက်တန်းမှာပဲ နေရပါမယ်"

လှပသော စကားလုံးများ၊ သရော်စာဆန်သော သူရဲဘောကြောင်မှုများ။

အများစုမှာ တပ်ဦးကနေ တိုက်ခိုက်ရမည်ကို ကြောက်ရွံ့နေကြသော်လည်း ထိုအချက်ကို ဝန်မခံဘဲ ဆင်ခြေကောင်းများသာ ပေးနေကြသည်။

ဝေကျုံးယွမ်၏ မေးရိုးများ တင်းသွားသော်လည်း သူ ဘာမှမပြောပေ။

ဤသည်မှာ မျှော်လင့်ထားပြီးသား ဖြစ်သည်။ တပ်ဦးသည် အန္တရာယ်အရှိဆုံး နေရာဖြစ်ရာ မည်သူကမှ မိမိတို့၏ အင်အားစုကို အထိအခိုက် မခံလိုကြပေ။

နောက်ဆုံးတွင် စစ်သူကြီးသည် စိတ်ပျက်လက်ပျက်ဖြင့် လက်ကို မြှောက်လိုက်သည်။

"ဘယ်သူမှ တပ်ဦးအတွက် အမည်စာရင်း မတင်ဘူးဆိုရင် ကျွန်တော်တို့ကပဲ—"

သူ့စကားမဆုံးမီ ကျောက်ဝူထျန်းသည် ပြုံးရွှင်စွာဖြင့် ရှေ့သို့ တိုးလာသည်။

"စစ်သူကြီးရှု... ကျွန်တော့်ကို စကားနည်းနည်း ပြောခွင့်ပြုပါ"

အားလုံး၏ အကြည့်များမှာ သူ့ထံသို့ ရောက်ရှိသွားသည်။

ကျောက်ဝူထျန်းသည် နှိမ့်ချစွာဖြင့် လက်အုပ်ချီ နှုတ်ဆက်လိုက်သော်လည်း သူသည် မိမိ၏ မျိုးနွယ်စုကို အလကား တပ်ဦးပို့မည့်သူ မဟုတ်ကြောင်း အားလုံးသိကြသည်။

"ကျွန်တော်တို့ မျိုးနွယ်စုရဲ့ အင်အားက ကြီးမားတယ်ဆိုပေမဲ့... ဒီမှာရှိတဲ့ တခြားသူတွေနဲ့ ယှဉ်ရင်တော့ နည်းပါးပါသေးတယ်"

အရှက်မရှိ လိမ်ညာမှုသည် ထင်ရှားလွန်းသော မဟုတ်မမှန် စကားဖြစ်၍ ကျောက်ခဲများပင် မျက်လုံးလှန်ပြချင်စရာ ကောင်းနေသည်။

"တကယ်တော့... ကောင်းကင်နှိမ်နင်းရေး နန်းဆောင်ကို ကျွန်တော် ချီးကျူးချင်ပါတယ်။ သူတို့ရဲ့ တိုက်ပွဲဝင် အစီအရင်တွေက နတ်ဆိုးသားရဲ အုပ်စုတွေကို နှိမ်နင်းတဲ့နေရာမှာ အနှိုင်းမဲ့ပဲ မလား"

ကောင်းကင်နှိမ်နင်းရေး နန်းဆောင်၏ ဂိုဏ်းချုပ်မှာ မျက်နှာပျက်သွားပြီး အတင်းပြုံးလေ၏

"ဒါက... မျိုးနွယ်စုခေါင်းဆောင်ကျောက်ရဲ့ ချီးမွမ်းမှုပါပဲ။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ အစီအရင်တွေက ပံ့ပိုးမှုပိုင်းမှာပဲ အားသန်တာပါ။ ခိုင်မာတဲ့ ရှေ့တန်းစစ်ကြောင်းမရှိရင် ကျွန်ုပ်တို့ရဲ့ စွမ်းအားအပြည့်ကို ထုတ်နိုင်မှာ မဟုတ်ပါဘူး"

"အော်... ဟုတ်ပါပြီ"

ကျောက်ဝူထျန်းက သဘောပေါက်သလိုဖြင့် ခေါင်းညိတ်သည်။

"ဒါဆိုရင်... သူတို့ရဲ့ တိုက်စစ်အင်အားကြောင့် နာမည်ကျော်တဲ့ ရွှေမီးတောက်တောင်ကြား တပ်ဦးတာဝန် ယူသင့်တာပေါ့?"

တောင်ကြားသခင်မှာ ချောင်းတစ်ချက်ဟန့်လိုက်၏

"အဟမ်း... နတ်ဆိုးသားရဲတွေက မီးဓာတ်တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိကြပါတယ်။ ကျွန်တော်တို့ရဲ့ စွမ်းအားတွေကို မထိရောက်တဲ့နေရာမှာ အဖြုန်းတီးခံမှာ မဟုတ်ဘူးမလား?"

ကျောက်ဝူထျန်းသည် ပညာရှိတစ်ဦးကဲ့သို့ ထပ်မံခေါင်းညိတ်ပြပြန်သည်။

"အင်း... မှန်တာပေါ့... ဒါဆိုရင်..."

သူ၏ အပြုံးမှာ ပို၍ပင် သိမ်မွေ့လာ၏

"မြစိမ်းရောင် နေမင်း ဂိုဏ်းရော?"

မြစိမ်းရောင် နေမင်းဂိုဏ်းချုပ်က မာနအပြည့်ဖြင့် မေးကိုပင့်၏

"ကျွန်တော်တို့ ဂိုဏ်းသားတွေက အင်ပါယာအတွက် သွေးမြေကျဖို့ အမြဲအသင့်ပါပဲ"

သူက ခေတ္တရပ်လိုက်၏

"ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စွမ်းရည်က ရန်သူ့စစ်ကြောင်းတွေကို ဖရိုဖရဲဖြစ်အောင် လုပ်တာပါ။ တစ်စုံတစ်ယောက်က ရှေ့ကနေ ခံမတိုက်ပေးရင် ကျွန်တော်တို့ရဲ့ စွမ်းရည်တွေက အလဟဿ ဖြစ်သွားမှာကို စိုးရိမ်မိတယ်"

ဤတွင် လူတိုင်း ရိပ်မိလိုက်ကြပြီ။

ကျောက်ဝူထျန်းသည် သူပစ်မှတ်ထားသော သားကောင်ထံသို့ တဖြည်းဖြည်း ဝိုင်းပတ် ချဉ်းကပ်နေခြင်းဖြစ်သည်။

ဂိုဏ်းတိုင်းက ရှေ့တန်းတာဝန်ကို ယဉ်ယဉ်ကျေးကျေး ငြင်းဆိုနေကြသော်လည်း...

တစ်စုံတစ်ယောက်ကတော့ ထောင့်ပိတ်မိတော့မည်။

ကျောက်ဝူထျန်း၏ မျက်လုံးများသည် ပိုင်မျိုးနွယ်စု ကိုယ်စားလှယ်များထံသို့ သိသိသာသာ ဝေ့ဝဲသွားသည်။

ပိုင်ထျန်းဟမ်၏ မျက်နှာသည် ဘာမှန်းမသိနိုင်အောင် တည်ငြိမ်နေဆဲပင်။

ကျောက်ဝူထျန်း၏ အပြုံးမှာ ပိုမိုကျယ်ပြန့်လာသည်။

"အခုလို အချိန်မျိုးမှာ... အင်ပါယာအတွက် တကယ့်ကို အစွမ်းထက်တဲ့ မျိုးနွယ်စုတစ်ခုက ရှေ့ထွက်လာဖို့ လိုအပ်ပါတယ်"

သူက စကားကို ခေတ္တရပ်ပြီး ပရိသတ်ကို ဆွဲဆောင်လိုက်သည်။

အစွမ်းထက်တဲ့ မျိုးနွယ်စုတစ်ခု

ပြီးတော့

"ပိုင်မျိုးနွယ်စု”သူက ခန်းမတစ်ခုလုံး ဟိန်းထွက်သွားအောင် အသံကို မြှင့်လိုက်သည်။

"ဒီမျိုးနွယ်စုက ဒီမျိုးဆက်မှာ အင်ပါယာရဲ့ အစွမ်းအထက်ဆုံး မျိုးနွယ်စုအဖြစ် လူသိများပါတယ်။ သူတို့ရဲ့ လူငယ်မျိုးဆက်တွေက ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲနေသလို၊ မျိုးနွယ်စု ခေါင်းဆောင်ရဲ့ ခွန်အားကလည်း မေးခွန်းထုတ်စရာ မလိုအောင်ပါပဲ”

သူသည် ပိုင်ထျန်းဟမ်ဘက်သို့ လှည့်လိုက်၏

"ဒီလို ဂုဏ်သတင်းတွေနဲ့အတူ... ဒါက ပိုင်မျိုးနွယ်စုအတွက် သူတို့ရဲ့ စွမ်းအားကို သက်သေပြဖို့ အကောင်းဆုံး အခွင့်အရေးပါပဲ"

လီကျန်းဟုန်သည်လည်း ချက်ချင်းပင် ဝင်ထောက်လိုက်သည်။

"မှန်ပါတယ်၊ ပိုင်မျိုးနွယ်စုကသာ တပ်ဦးကနေ ရပ်တည်ပေးမယ်ဆိုရင် ဒီစစ်မြေပြင်မှာ ရှိနေတဲ့ စစ်သည်တော်တွေနဲ့ ကျင့်ကြံသူတိုင်းအတွက် စိတ်ဓာတ်ခွန်အား အကြီးအကျယ် ရရှိစေမှာပါ"

ခန်းမအတွင်း၌ တိုးတိုးတိတ်တိတ် ပြောဆိုသံများ ပျံ့လွင့်သွားသည်။

ထောင်ချောက်မှာ ပိတ်မိသွားခဲ့ပြီ။

လူတိုင်းက ထိုအချက်ကို ကောင်းကောင်းသိကြသည်။

အကယ်၍ ပိုင်မျိုးနွယ်စုကသာ ငြင်းပယ်လိုက်ပါက... ၎င်းမှာ မိမိတို့၏ အားနည်းချက်ကို ဝန်ခံခြင်းပင် ဖြစ်ပေလိမ့်မည်။

ထိုသို့ပြုလုပ်ခြင်းမှာ သူရဲဘောကြောင်ရာ ရောက်သည့်အပြင် မျက်နှာပျက်စရာလည်း အလွန်ကောင်းလှသည်။

ပိုင်မျိုးနွယ်စုဆိုသည်မှာ အင်ပါယာတွင် မာန်မာနအကြီးဆုံး ဖြစ်သလို၊ မည်သည့်စိန်ခေါ်မှုကိုမဆို ဘယ်သောအခါမှ နောက်မဆုတ်တမ်း ရင်ဆိုင်တတ်သူများ မဟုတ်ပါ

လော။

လူပေါင်းများစွာ၏ အကြည့်တို့သည် ပိုင်ထျန်းဟမ်ထံသို့ စုပြုံရောက်ရှိသွားသည်။

စောင့်နေ၏

ကြည့်နေ၏

အချို့က စာနာကြသော်လည်း အချို့ကမူ ပွဲကြည့်ချင်သည့် မျက်လုံးများဖြင့် စောင့်ကြည့်နေကြသည်။

အနည်းဆုံးတော့ ပိုင်မျိုးနွယ်စုသာ တပ်ဦးတာဝန်ယူလိုက်လျှင် သူတို့အတွက် ဘေးကင်းသွားမည် မဟုတ်ပါလော။

ပိုင်ထျန်းဟမ်သည် မျက်တောင်ကို အနည်းငယ်နှိမ့်ချလိုက်သည်။

(ကောက်ကျစ်တဲ့ အကောင်တွေ)

သူ သိပေ၏

လူတိုင်းလည်း သိကြသည်။

ကျောက်ဝူထျန်းနှင့် လီကျန်းဟုန်တို့သည် သူတို့၏ ထောင်ချောက်ကို ဖုံးကွယ်ရန်ပင် မကြိုးစားတော့ဘဲ ပိုင်မျိုးနွယ်စုကို ဤတိုက်ပွဲတွင် အထိနာစေရန် ဗြောင်ကျကျပင် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

သို့သော် ပိုင်ထျန်းဟမ်တွင် ရွေးချယ်စရာ မရှိပေ။

သူ မည်မျှပင် အကြောင်းပြချက်ကောင်းကောင်းဖြင့် ငြင်းဆိုပါစေ၊ မျက်နှာပျက်ရုံသာမက တပ်ဦးတာဝန်ကိုလည်း အတင်းအကျပ် ပေးအပ်ခံရမည်သာ ဖြစ်သည်။

အကြောင်းမှာ ပိုင်မျိုးနွယ်စုသည် အစွမ်းအထက်ဆုံးဖြစ်ပေ၏

ရှေ့တန်းအတွက် အသင့်တော်ဆုံး ဖြစ်နေသောကြောင့်တည်း။

မျိုးနွယ်စု၏ ဂုဏ်သိက္ခာသည် လက်ခံရန် တောင်းဆိုနေသလို

အင်ပါယာ၏ အခြေအနေကလည်း လက်ခံရန် ဖိအားပေးနေသည်။

သူ၏ ကိုယ်ပိုင်မာန်မာနကလည်း နောက်ဆုတ်ရန် ခွင့်မပြုချေ။

ပိုင်ထျန်းဟမ်သည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။

ကျောက်ဝူထျန်း၏ အပြုံးက ပိုမိုထက်မြက်လာ၏

လီကျန်းဟုန်၏ မျက်လုံးများမှာလည်း ကျေနပ်အားရမှုကြောင့် တောက်ပသွားသည်။

စစ်သူကြီး ရှုယုချန်းမှာမူ အခြေအနေကို အနီးကပ် စောင့်ကြည့်နေ၏။

ကျောက်ဝူထျန်းသည် ပိုင်မျိုးနွယ်စုကို တပ်ဦးတာဝန် အတင်းပေးအပ်ရန် ကြိုးပမ်းနေခြင်း ဖြစ်သော်လည်း၊ ပိုင်မျိုးနွယ်စုထက် ပိုမိုသင့်တော်သည့် အင်အားစု ရှိသည်ဟုမူ သူကိုယ်တိုင်ပင် ငြင်းချက်မထုတ်နိုင်ပေ။

ပိုင်ထျန်းဟမ်သည် ရဲရင့်တည်ငြိမ်သော အမူအရာဖြင့် လက်အုပ်ချီ နှုတ်ဆက်လိုက်၏

"ပိုင်မျိုးနွယ်စုက မျိုးဆက်ပေါင်းများစွာတိုင်အောင် အင်ပါယာရဲ့ ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ခဲ့တာပါ" ခိုင်မာသော အသံဖြင့် ဆိုလိုက်သည်။

ခေါင်းဆောင်များက ခေါင်းညိတ်ထောက်ခံကြသည်။

သူက ဆက်ပြော၏

"အကယ်၍ တခြားသူတွေက ဒီတိုက်ပွဲမှာ တပ်ဦးကနေ တိုက်ခိုက်ဖို့ သေမတတ် ကြောက်နေကြတယ်ဆိုရင်လည်း... ပိုင်မျိုးနွယ်စုကပဲ အားလုံးကိုယ်စား အရှေ့ကနေ တိုက်ပေးပါ့မယ်"

ပိုင်ထျန်းဟမ်၏ စကားမှာ ထိုနေရာရှိ ဂိုဏ်းနှင့် မျိုးနွယ်စုအားလုံးကို ဗြောင်ကျကျ စော်ကားလိုက်ခြင်းပင်။ သို့သော် သူပြောသည်မှာ အမှန်တရားဖြစ်၍ မည်သူမျှ မငြင်းသာချေ

ကျောက်ဝူထျန်းက လှောင်ပြုံးပြုံးလိုက်သည်။

လီကျန်းဟုန်ကမူ လက်နှစ်ဖက်ကို နောက်ပစ်ကာ အလွန်ကျေနပ်သွားပုံရသည်။

နောက်ဆုံးတွင်တော့ စော်ကားခံရသည့် စကားလုံးများမှာ ခဏချင်း ပျောက်ကွယ်သွားမည် ဖြစ်သော်လည်း အင်အားပြုန်းတီးမှုကမူ ပိုင်မျိုးနွယ်စု၏ အရှိန်အဝါကို အကြီးအကျယ် ကျဆင်းစေမည် ဖြစ်သည်။

ရှာယုချန်းက ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်၏

"မျိုးနွယ်စုခေါင်းဆောင်ပိုင်... သင့်ရဲ့တာဝန်သိစိတ်နှင့် ရဲရင့်မှုက အင်ပါယာအတွက် ဂုဏ်ယူစရာပါပဲ"

သို့သော် ပိုင်ထျန်းဟန်က ပြန်လည်မပြုံးပြပေ။

သူသည် လက်ကို ဖြည်းညှင်းစွာ ချလိုက်ပြီးနောက်

"ဒါပေမဲ့”

ထပ်မံ ပြောကြားလိုက်ပြန်သည်။

ကျောက်ဝူထျန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ပိုင်ထျန်းဟမ်၏ အကြည့်တို့သည် ကျောက်စိမ်းမြေပုံကို တစ်ချက်ဝေ့ကြည့်ပြီးနောက် စုဝေးနေသော ခေါင်းဆောင်များ၏ မျက်နှာထံသို့ ရောက်ရှိသွားသည်။

"ဒီတစ်ကြိမ် သားရဲလှိုင်းလုံးက အရင်နဲ့မတူဘူး။ နောက်ကွယ်မှာ ထက်မြက်တဲ့ ဦးနှောက်တစ်ခုက ထိန်းချုပ်နေသလို နတ်ဆိုးကျင့်ကြံသူတွေကလည်း ငါတို့ အားနည်းမယ့်အချိန်ကို ချောင်းမြောင်းနေကြတာ။"

သူသည် လက်နှစ်ဖက်ကို နောက်ပစ်လိုက်

သည်။ ရှုယုချန်း အစောပိုင်းက ပြုလုပ်ခဲ့သော အမူအရာမျိုးပင် ဖြစ်သော်လည်း ပိုင်ထျန်းဟမ်၏ အရှိန်အဝါက ပိုမိုထက်မြက် လွှမ်းမိုးနေသည်။

"ပိုင်မျိုးနွယ်စုက တပ်ဦးတာဝန် ယူဖို့ အသင့်ရှိပေမဲ့... စစ်ကြောင်း ပြိုကွဲမသွားဖို့တော့ သေချာအောင် လုပ်ရလိမ့်မယ်။ နတ်ဆိုးကျင့်ကြံသူတွေ အခွင့်ကောင်းမယူနိုင်အောင် စစ်ဗျူဟာက အားနည်းချက် မရှိရဘူး။"

လူတိုင်းက စိတ်ဝင်တစား နားစွင့်လိုက်ကြသည်။

ကျောက်ဝူထျန်းက မျက်ခုံးပင့်သွားသည်။

လီကျန်းဟုန်အပြုံးက အေးခဲသွား၏

"ဒါကြောင့် ကျွန်တော် အကြံပြုချင်တာကတော့—"

သူ၏ အကြည့်များက ကျောက်နှင့် လီ မျိုးနွယ်စုခေါင်းဆောင် နှစ်ဦးထံသို့ ကျရောက်သွားသည်။

"ကျောက်မျိုးနွယ်စုနဲ့ လီမျိုးနွယ်စုတို့ကလည်း ကျွန်တော်တို့နဲ့အတူ ရှေ့တန်းတပ်ဦးမှာ ရပ်တည်ပေးဖို့ပါပဲ။"

ပိုင်ထျန်းဟမ်၏ မျက်နှာမှာ မပြောင်းလဲဘဲ ဆက်၍ပြော၏

"အင်ပါယာရဲ့ ထိပ်သီးမျိုးနွယ်စုကြီး သုံးခုသာ ရှေ့တန်းမှာ ပေါင်းစည်းလိုက်မယ်ဆိုရင် ဘယ်လောက် ပြင်းထန်တဲ့ သားရဲလှိုင်းပဲဖြစ်ဖြစ် ပြိုလဲသွားမှာပါ။ ကျွန်တော်တို့ရဲ့ ပူးပေါင်းအင်အားကြောင့် နတ်ဆိုးကျင့်ကြံသူတွေတောင် ဝင်ရောက်စွက်ဖက်ဝံ့မှာ မဟုတ်ပါဘူး။"

သူက စကားကို တမင်ရပ်လိုက်၏

"မျိုးနွယ်စုခေါင်းဆောင် ကျောက်နဲ့ လီတို့က ပိုင်မျိုးနွယ်စုရဲ့ အစွမ်းကို အမွှမ်းတင်ခဲ့ကြတာဆိုတော့... ကျွန်တော်တို့နဲ့အတူ ပူးပေါင်းဖို့ကိုလည်း တွန့်ဆုတ်နေမှာ မဟုတ်ဘူးမလား?"

ပြီးပြည့်စုံသော တန်ပြန်တိုက်စစ်ပင်။

"ငါသေရင် မင်းတို့လည်း လိုက်ခဲ့" ဟူသော သဘောဖြင့် ပိုင်ထျန်းဟမ်က ကျောက်နှင့် လီမျိုးနွယ်စုကို ရေထဲသို့ ဆွဲချလိုက်ခြင်း ဖြစ်သည်။

ကျောက်ဝူထျန်း၏ မျက်နှာမှာ ချက်ချင်းပင် တောင့်တင်းသွား၏

လီကျန်းဟုန်၏ နှုတ်ခမ်းများမှာလည်း ဒေါသကြောင့် တဆတ်ဆတ် တုန်ယင်လာသည်။

သူတို့သည်လည်း အစောပိုင်းက ပိုင်ထျန်းဟမ်ကြုံတွေ့ခဲ့ရသော အကျပ်အတည်းမျိုးသို့ ပြန်လည်ရောက်ရှိသွားလေပြီ။

သို့သော် ပိုင်ထျန်းဟန်က မရပ်သေးပေ။

သူသည် စစ်သူကြီးရှုဘက်သို့ လှည့်လိုက်၏

"စစ်သူကြီးရှု အင်ပါယာ တည်ငြိမ်ရေးနဲ့ ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဘေးကင်းရေးအတွက် ပိုင်မျိုးနွယ်စုက တပ်ဦးရဲ့ ဗဟိုနေရာကို တာဝန်ယူပါ့မယ်"

သူက ကျောက်စိမ်းမြေပုံကို ညွှန်ပြလေ၏

"ဒါပေမဲ့ ဘေးတောင်ပံ နှစ်ဖက်ကိုတော့... စစ်မက်ရေးရာမှာ အစွမ်းထက်လှပါတယ်ဆိုတဲ့ ကျောက်မျိုးနွယ်စုနဲ့ လီမျိုးနွယ်စုတို့ကိုပဲ ယုံယုံကြည်ကြည် အပ်နှံသင့်ပါတယ်"

ဤစကားကြောင့် ကျောက်နှင့် လီမျိုးနွယ်စုတို့ ငြင်းပယ်ရန် လုံးဝလမ်းမရှိတော့ပေ။ အထူးသဖြင့် ပိုင်မျိုးနွယ်စုသည် အန္တရာယ်အရှိဆုံး ဗဟိုနေရာကို ယူမည်ဟု ဆိုထားရာ သူတို့သာ ငြင်းလိုက်ပါက မျက်နှာပျက်ရုံတင်မကဘဲ အရှက်တကွဲ ဖြစ်ပေလိမ့်မည်။

"ခင်ဗျားတို့နှစ်ယောက်မှာ ပြဿနာမရှိဘူး မလား?"

ပိုင်ထျန်းဟမ်က မေးလိုက်သည်။

ကျောက်ဝူထျန်းက နောက်ဆုံးတစ်ခေါက် ရုန်းကန်ရန် ကြိုးစားကြည့်သည်။

"ပိုင်ထျန်းဟမ်... တပ်ဦးအတွက် ဒီလောက် အင်အားကြီးတွေ စုပြုံနေဖို့ မလိုပါဘူး။ ထိပ်သီးသုံးစုလုံး တစ်နေရာတည်းမှာ ရှိနေတာက... နည်းနည်း များလွန်းမနေဘူးလား?"

လီကျန်းဟုန်ကလည်း ချက်ချင်းပင် ထောက်ခံလေ၏

"ဟုတ်တယ်၊ ဟုတ်တယ်။ တစ်နေရာတည်းမှာ အင်အားတွေ စုနေရင် စစ်ဗျူဟာရဲ့ ဟန်ချက်ပျက်သွားနိုင်တယ်—"

ပိုင်ထျန်းဟမ်က သူတို့စကားကို ဖြတ်ပြောလိုက်သည်။

"ဟန်ချက်ပျက်မယ် ဟုတ်လား?" သူ၏ အသံမှာ အေးစက်နေသည်။

"တခြားနေရာတွေမှာတော့ အသင့်တော်ဆုံး ဂိုဏ်းတွေ ရှိနေကြပြီလေ။ သူတို့ ဘာကြောင့် တခြားနေရာတွေမှာ သင့်တော်လဲဆိုတာ ကျွန်တော်တို့ နားထောင်ပြီးသားပဲ။ အဲဒီတော့ ကျွန်တော့်ရဲ့ ပိုင်မျိုးနွယ်စုလောက် မသန်မာပေမဲ့... တပ်ဦးအတွက် သင့်တော်တဲ့ ကျောက်နဲ့ လီ မျိုးနွယ်စုပဲ ကျန်တော့တာပေါ့။"

ကျောက်ဝူထျန်း၏ မျက်နှာမှာ ရေခဲနှယ် အေးစက်သွား၏

လီကျန်းဟုန်၏ လက်သီးများမှာ နောက်ကျောတွင် တင်းတင်းဆုပ်ထားလျက် ရှိသည်။

"ဒါကြောင့် ကျောက်နဲ့ လီ မျိုးနွယ်စုတွေလည်း တပ်ဦးမှာ ပါဝင်တာက အကောင်းဆုံးလို့ ကျွန်တော် ထင်ပါတယ်။"

တိတ်ဆိတ်သွားသည်။

ကျောက်ဝူထျန်းက နှုတ်ခမ်းကို မဲ့လိုက်၏

"အင်ပါယာအတွက်ဆိုရင်တော့... ကျောက်မျိုးနွယ်စုက လိုက်နာပါ့မယ်"

လီကျန်းဟုန်ကလည်း တောင့်တင်းသွား၏

"လီမျိုးနွယ်စုမှာ ကန့်ကွက်စရာ မရှိပါဘူး"

သူတို့အတွက် ထွက်ပေါက်မရှိတော့ချေ။

ပိုင်ထျန်းဟမ်က ခေါင်းညိတ်လိုက်၏

"ကောင်းပြီ။ ကျွန်တော်တို့ သုံးစုလုံး ရှေ့တန်းမှာရှိရင် သားရဲလှိုင်းလုံးကို အလွယ်တကူ ချေမှုန်းနိုင်မှာပါ"

ကျောက်ဝူထျန်းနှင့် လီကျန်းဟုန်တို့မှာ မျက်နှာပျက် နေကြသော်လည်း ဘာမှမပြောနိုင်ကြတော့ပေ။

ရှုယုချန်းသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။

(တကယ့်ကို လှပတဲ့ တုံ့ပြန်မှုပဲ...)

ကျောက်ဝူထျန်း ဘာကို ရည်ရွယ်ခဲ့သည်၊ ပိုင်ထျန်းဟမ်က ဘာကြောင့် သူတို့ကို ဆွဲထည့်လိုက်သည်ကို လူတိုင်း သိကြသည်။

သို့သော် ထိပ်သီးမျိုးနွယ်စုကြီး သုံးခုစလုံး ရှေ့တန်းထွက်ခြင်းက အခြားသူများအတွက် အကျအဆုံး နည်းစေမည်ဖြစ်ရာ အားလုံးအတွက် ကောင်းမွန်လှသည်။

သူက ခိုင်မာစွာ ခေါင်းညိတ်လိုက်၏

"အလွန်ကောင်းမွန်ပြီး ယုတ္တိရှိတဲ့ အကြံပြုချက်ပဲ”

ကျောက်ဝူထျန်း၏ မေးရိုးများမှာ ဒေါသကြောင့် တင်းကနဲ ဖြစ်သွားသည်။

လီကျန်းဟုန်၏ မျက်နှာမှာလည်း မှောင်မဲသွားတော့သည်။

ပိုင်ထျန်းဟမ်သည် သူတို့အား စစ်မြေပြင်သို့ အတူတူ ဆွဲခေါ်သွားခဲ့လေပြီ။

ရှုယုချန်းက လက်ကို မြှောက်လိုက်သည်။

"ကောင်းပြီ။ တပ်ဦးစစ်ကြောင်းရဲ့ ဗဟိုမှာ ပိုင်မျိုးနွယ်စု၊ ဘယ်ဘက်တောင်ပံမှာ ကျောက်မျိုးနွယ်စုနဲ့ ညာဘက်တောင်ပံမှာ လီမျိုးနွယ်စုတို့ နေရာယူရမယ်။"

ကျောက်စိမ်းမြေပုံပေါ်ရှိ အမှတ်အသားများသည် စစ်ဗျူဟာအသစ်အရ နေရာတကျ ပြောင်းလဲသွား လေတော့သည်။

All Chapters