မိစ္ဆာကြီး၏ နံနက်ခင်း လမ်းလျှောက်ထွက်ခြင်း
Vol. 25 Ch. 370
ပထမဆုံး အကြိမ် အလစ်အငိုက် တိုက်ခိုက်မှုသည် မိစ္ဆာသားရဲများအတွက် အလွန်ပင် ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့သည်။
အစောပိုင်း မိနစ်ပိုင်းအတွင်းမှာတင် အဆင့် (၉) မိစ္ဆာသားရဲ အမြောက်အမြား အသတ်ခံလိုက်ရပြီး၊ ရှေ့တန်းစစ်ကြောင်း၏ ပူးပေါင်းတိုက်စစ်ကြောင့် မိစ္ဆာသားရဲလှိုင်းကြီးအတွင်းသို့ အင်ပါယာစစ်တပ်က နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။
ခဏတာမျှ... ခဏတာမျှသာ... အောင်ပွဲရတော့မည်ဟု ထင်မှတ်ခဲ့ရသည်။
လူသားတို့၏ ထိုးစစ်အောက်တွင် ထောင်နှင့်ချီသော မိစ္ဆာသားရဲများ လဲပြိုခဲ့ရသည်။
၎င်းတို့၏ ဟိန်းဟောက်သံများသည် ရှေ့တန်းစစ်ကြောင်း ပြိုကွဲသွားသည်နှင့်အမျှ ကြောက်လန့်တကြား အော်ဟစ်သံများ ဖြစ်သွားခဲ့သည်။ အရုဏ်တက် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ကနဦး ရုန်းရင်းဆန်ခတ်မှုသည် ၎င်းတို့၏ စစ်ဗျူဟာကို လုံးဝ ပျက်စီးစေခဲ့သည်။
သို့သော် ထိုသာလွန်မှုမှာ ကြာရှည်မခံခဲ့ပေ။
မိစ္ဆာသားရဲလှိုင်းသည် အခြေအနေကို လိုက်လျောညီထွေ ပြောင်းလဲခဲ့သည်။ သေဆုံးသွားသော မိစ္ဆာသားရဲ အရေအတွက်မှာ သိသာထင်ရှားခြင်း မရှိတော့ဘဲ တောရိုင်းမြေမှ ပိုမိုများပြားသော မိစ္ဆာသားရဲများက ကွက်လပ်များကို ဖြည့်ဆည်းရန် ရောက်ရှိလာကြသည်။
၎င်းတို့၏ ပြန့်ကျဲနေသော စစ်ကြောင်းများ ပြန်လည် တင်းမာလာသည်။ အဆင့် (၉) နှင့် အဆင့် (၈) မိစ္ဆာသားရဲများစွာ ပြန်လည် စုစည်းမိသွားပြီး တောရိုင်းမြေမှ အခြားသားရဲများလည်း ပူးပေါင်းလာကြသည်။
အဆင့်နိမ့်သော အဆင့် (၇) နှင့် အဆင့် (၆) သားရဲ ထောင်ပေါင်းများစွာလည်း ဟာကွက်များကို ဖြည့်ရန် ပြေးဝင်လာကြသည်။
အသတ်ခံလိုက်ရသဖြင့် လျော့နည်းသွားသော အရေအတွက်မှာ လုံးဝ လျော့မသွားသကဲ့သို့ပင်။ အနည်းဆုံးတော့ စစ်မြေပြင်တွင် ထိုသို့ ခံစားရသည်။
မိနစ်ပိုင်းအတွင်းမှာတင် တိုက်ပွဲအခြေအနေက ပြောင်းလဲသွားခဲ့သည်။
"တောက်... သူတို့တွေ အင်အားဖြည့်တာ မြန်လွန်းတယ်! မိစ္ဆာသားရဲတွေ ဘယ်လောက်တောင် များနေတာလဲ?"
"မဟာတောရိုင်းမြေကြီးထဲက မိစ္ဆာသားရဲတွေ အကုန်လုံး ရောက်လာတာတော့ မဟုတ်ပါဘူးနော်?"
ခဏလေးအတွင်းမှာတင် ပြိုကွဲလုနီးပါး ဖြစ်နေသော စစ်ကြောင်းများက ပြန်လည် တည်ငြိမ်သွားသည်။ လူသားများ တွန်းလှန်သည့်နေရာတိုင်းတွင် မိစ္ဆာသားရဲလှိုင်းကလည်း ပြင်းပြင်းထန်ထန် ပြန်လည် တိုက်ခိုက်လာသည်။
စစ်ကူများ မရောက်လာခင်ကကဲ့သို့ပင် အခြေအနေမှာ ပြန်လည် တင်းမာသွားခဲ့သည်။
စစ်မြေပြင် တစ်ခုလုံးတွင် ပိုင်မျိုးနွယ်စု၊ ကျောက်မျိုးနွယ်စုနှင့် လီမျိုးနွယ်စုတို့၏ တပ်ခွဲများသည် ၎င်းတို့၏ အရှိန်အဟုန်များ လျော့ကျသွားပြီး သားရဲများ၏ ပူးပေါင်းခုခံမှုနှင့် ရင်ဆိုင်နေရသည်။
အကြီးအကဲများပင်လျှင် အဆင့် (၉) သားရဲများကို သတ်ဖြတ်ပြီးနောက်၊ ထပ်မံ ရောက်ရှိလာသော အဆင့် (၉) မိစ္ဆာသားရဲများကြောင့် ရှေ့မတိုးနိုင်ဘဲ ဖြစ်နေကြသည်။
သို့သော် ခြွင်းချက် တစ်ခုတော့ ရှိနေသည်။
ပိုင်ကျီဟန်
လူတိုင်း ရှေ့တိုးရန် ရုန်းကန်နေရချိန်တွင် သူတစ်ယောက်တည်းသာ အခြေအနေ ပြောင်းလဲမှုကို ဂရုမစိုက်ဘဲ ဆက်လက် တိုးဝင်နေသည်။
သူဖြတ်သန်းသွားသော လမ်းကြောင်းမှာ သွေးချောင်းစီးနေသည့် မျဉ်းဖြောင့် တစ်ကြောင်းကဲ့သို့ပင်။
အဆင့် (၈) မိစ္ဆာသားရဲ ခုန်အုပ်လာသည်—ပြီးသွားချေပြီ။
အဆင့် (၈) ခုခံကာကွယ်မှု—နှစ်ခြမ်းကွဲသွားပြီ။
အဆင့် (၈) ဟိန်းဟောက်သံ—တိတ်ဆိတ်သွားချေပြီ။
သန်မာလှသော သားရဲကြီးတစ်ကောင်က သူ့ကို ကြားဖြတ်တိုက်ခိုက်ရန် ခုန်အုပ်လိုက်တိုင်း ငွေရောင်အလင်းတစ်ချက် လျှပ်သွားပြီး ထိုသတ္တဝါသည် လေထဲမှာတင် အပိုင်းပိုင်းပြတ်ကာ ကျလာတော့သည်။
ပိုင်လုမိန်တို့ အုပ်စုမှာ မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေရုံသာ တတ်နိုင်တော့သည်။
ပိုင်ကျီဟန်သည် အရှိန်မလျှော့သည့်အပြင် ရုန်းကန်နေရသည့် ပုံစံပင် မရှိပေ။
တစ်တပ်ဖွဲ့လုံးက အဆင့် (၈) သားရဲ တစ်ကောင်ကို ခက်ခက်ခဲခဲ တိုက်ခိုက်နေရချိန်တွင် ပိုင်ကျီဟန်မှာမူ ၎င်းတို့ကို လမ်းပေါ်က ပုရွက်ဆိတ်များကို နင်းခြေသွားသကဲ့သို့ သတ်ဖြတ်နေသည်။
သူ၏ မျက်နှာအမူအရာမှာလည်း မပြောင်းလဲပေ။ ဤသည်မှာ ကြီးမားသော စစ်ပွဲကြီးတစ်ခု ဖြစ်သော်လည်း သူကမူ နံနက်ခင်း လမ်းလျှောက်ထွက်နေသည့်အလား။
"ဒါ... ဒါ တကယ်ပဲလား?"
အဆင့် (၇) သားရဲတစ်ကောင်၏ လက်သည်းကို ကာကွယ်ရင်း လူငယ်တစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။ သူသည် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့် ကျွမ်းကျင်သူများသာ ရင်ဆိုင်နိုင်သည့် သားရဲများကို ပိုင်ကျီဟန်က ခုတ်ထစ်နေသည်ကို ခိုးကြည့်နေမိသည်။
အခြား အမျိုးသမီး တစ်ယောက်မှာမူ အံ့သြလွန်း၍ အာခေါင်များ ခြောက်ကပ်လာသည်။
"၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက်က ဒါမျိုး ဘယ်လိုလုပ်နိုင်တာလဲ”
ပိုင်ကျီဟန်သည် အဆင့် (၈) မိစ္ဆာသားရဲများကို အသာစီးရုံတင် မဟုတ်ပေ
၎င်းတို့ကို ပျောက်ကွယ်သွားအောင် လုပ်နေခြင်း ဖြစ်သည်
မျက်လုံးဖြူကျား အဆင့် (၈) သားရဲတစ်ကောင် ခုန်အုပ်လာသည်။
ပိုင်ကျီဟန် ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။
ငွေရောင် အလင်းတန်း တစ်ချက် လျှပ်သွားသည်။
သွေးများ ပန်းထွက်လာသည်။
ကျားကြီးမှာ ဟိန်းပင် မဟိန်းနိုင်သေးမီ နှစ်ခြမ်းကွဲကာ လဲကျသွားတော့သည်။
သူ့ထံမှ အန္တရာယ်ကို အာရုံခံမိ၍ အခြား သားရဲများစွာလည်း ဝိုင်းအုံလာကြသည်။
သို့သော် သူတို့အတွက်မူ ပိုင်ကျီဟန်အနီးသို့ ချဉ်းကပ်ခြင်းမှာ သေမင်းထံ ကိုယ့်သဘောနှင့်ကိုယ် တိုးဝင်ခြင်းသာ ဖြစ်သည်။
သူ့အုပ်စုက သူ့ကို ဝိုင်းဝန်းကူညီရန် ကြိုးစားသော်လည်း အချည်းနှီးသာ။ သူတို့ တိုက်ခိုက်မှုများ ပစ်မှတ်ကို မထိခင်မှာပင် ပိုင်ကျီဟန်က ထိုသားရဲများကို အဆုံးသတ်ပြီးသား ဖြစ်နေသည်။
"သခင်လေး ကျီဟန်၊ ကျုပ်တို့ ဘေးကနေ ကာကွယ်ပေးမယ်”
သတိပေးသံ မဆုံးသေးမီမှာပင် သူ့ကို ခြိမ်းခြောက်နေသည့် သားရဲနှစ်ကောင်၏ ခေါင်းကို ပိုင်ကျီဟန်က ဖြတ်ချပြီးသား ဖြစ်
နေသည်။
"...အင်းလေ"
စစ်မြေပြင်သည် တစ်ဖန် တုန်ခါလာပြီး သားရဲများစွာ ရှေ့တန်းသို့ တိုးဝင်လာပြန်သည်။
သူခြေလှမ်းလှမ်းလိုက်သည့် နေရာတိုင်းတွင် မိစ္ဆာသားရဲလှိုင်းမှာ ပြိုကွဲသွားသည်။
သို့သော်လည်း ပိုင်ကျီဟန်သည် အဆင့် (၈) မိစ္ဆာသားရဲများကို ကောက်ရိတ်သကဲ့သို့ ခုတ်ထစ်နေသော်လည်း စစ်မြေပြင်ကြီး တစ်ခုလုံးနှင့် ယှဉ်လျှင် သူ၏ လုပ်ရပ်မှာ ပင်လယ်လှိုင်းလုံးကြီးထဲက ရေလှိုင်းလေးတစ်ခုမျှသာ ရှိသေးသည်။
သူ ဘယ်လောက်ပဲ သတ်သတ် သားရဲအရေအတွက်မှာ ကုန်ဆုံးသွားခြင်း မရှိပေ။
ဆယ်ကောင်သေလျှင် နောက်ထပ်တစ်ဆယ်ကောင် ရောက်လာသည်။
တစ်ရာကျဆုံးလျှင် နောက်ထပ် တစ်ရာက အစားထိုးသည်။
စစ်မြေပြင်မှာတော့ သေခြင်းတရားသည် နောက်ထပ် သေခြင်းတရားအတွက် နေရာဖန်တီးပေးနေသည့် အိပ်မက်ဆိုးကြီးကဲ့သို့ပင်။
ပိုင်ကျီဟန် တစ်ယောက်တည်းနှင့် စစ်ပွဲတစ်ခုလုံး၏ အခြေအနေကို မပြောင်းလဲနိုင်ပေ။
သို့သော် သူ၏ တည်ရှိမှုက အခြားအရာတစ်ခုကို လုပ်ဆောင်နိုင်ခဲ့သည်။
၎င်းမှာ မျိုးဆက်သစ် လူငယ်များ၏ ယုံကြည်မှုကို ရိုက်ချိုးလိုက်ခြင်းပင်။
ပိုင်မျိုးနွယ်စုမှ လူငယ်များတင် မကဘဲ လီမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုမှ လူငယ်များပါ အပါအဝင် ဖြစ်သည်။
အနီးနားမှာ တိုက်ခိုက်နေကြသော အဖွဲ့များသည် ကျွမ်းကျင်မှုမျိုးနဲ့ အဆင့် (၈) သတ္တဝါတွေကို ပိုင်းဖြတ်သုတ်သင်နေသည့် လူငယ်လေးကို မသိမသာ ခိုးကြည့်နေမိကြတယ်။
"သူက တကယ်ပဲ ငါတို့နဲ့ အသက်တူတာလား?"
"မဖြစ်နိုင်ဘူး... ၁၈ နှစ်နဲ့ ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း အဆင့်ကို ရောက်တာ တစ်ပိုင်း၊ ဒါပေမဲ့ ဒီလို တိုက်ခိုက်နိုင်တာကတော့..."
"ငါတို့က မျိုးစိတ်တူရဲ့လား?"
လီမျိုးနွယ်စုမှ ပါရမီရှင်တစ်ဦးသည် ပိုင်ကျီဟန်၏ ငွေရောင်ဓားမှ သားရဲသုံးကောင်ကို တစ်ချက်တည်းနှင့် ပိုင်းဖြတ်လိုက်သည်ကို ကြည့်ရင်း တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။
"... ဒီလို လူမျိုးကို ဘယ်လိုများ ယှဉ်ပြိုင်နိုင်မှာလဲ?"
နှစ်ပေါင်းများစွာ လေ့ကျင့်မှု၊ ချီးကျူးမှုနှင့် တိုက်ပွဲများမှ ရရှိလာသော ၎င်းတို့၏ ယုံကြည်မှုများသည် အဆင့် (၈) သားရဲများကို နံနက်ခင်း လေ့ကျင့်ခန်း လုပ်သကဲ့သို့ သတ်ဖြတ်နေသည့် ပိုင်ကျီဟန်ကို ကြည့်ရင်း အက်ကွဲကုန်ကြသည်။
အဆိုးဆုံးမှာ ၎င်းတို့၏ မျိုးနွယ်စုက ဤ "နတ်ဆိုး" နှင့် ယှဉ်ပြိုင်ရန် ခိုင်းစေနေသည်ကို တွေးမိသောအခါ ပို၍ပင် စိတ်ပျက်အားငယ်သွားကြသည်။
ပိုင်ကျီဟန်ကမူ သူတို့၏ အံ့သြမှု သို့မဟုတ် အားငယ်မှုများကို ဂရုမစိုက်ပေ။ "အဆင့် (၈) မိစ္ဆာသားရဲတွေက ငါ့အတွက် ဘာမှမဟုတ်ပါလား”
မိစ္ဆာသားရဲများ၏ ခန္ဓာကိုယ်သည် လူသားများထက် အဆပေါင်းများစွာ သန်မာလှသော်လည်း ပိုင်ကျီဟန်တွင်
ကောင်းကင်အဆင့်ဓား ရှိနေပြီး သူ၏ ခွန်အားမှာ ဗလာသန့်စင်ခြင်းအဆင့် ကျင့်ကြံသူထက်ပင် သာလွန်နေကာ ၎င်းတို့ကို သတ်ဖြတ်ရန် မခဲယဉ်းပေ။
အကောင် ၃၀ ခန့် သတ်ဖြတ်ပြီးနောက် အဆင့် (၈) မိစ္ဆာသားရဲများတွင် သူ့ကို အရှိန်၊ ခွန်အား သို့မဟုတ် ကြံ့ခိုင်မှု၌ ယှဉ်နိုင်သူ မရှိကြောင်း သိရှိသွားသည်။
ထိုစဉ်မှာပင် သူသည် အရင် သားရဲများနှင့် မတူသော အရှိန်အဝါ တစ်ခုကို အာရုံခံမိလိုက်သည်။
အဆင့် (၉) မိစ္ဆာသားရဲ
ပိုင်လုမိန် နှလုံးသား ထိတ်ခနဲ ဖြစ်သွားသည်။ "ပိုင်ကျီဟန်! နောက်ဆုတ်လိုက်တော့”
သို့သော် ဤသည်မှာ မတော်တဆမှု မဟုတ်
ပေ။
အဝေးက ဘယ်ဘက်ခြမ်းတွင် အဆင့် (၉) သားရဲနှင့် တိုက်ခိုက်နေသော ကျောက်မျိုးနွယ်စု အကြီးအကဲသည် သူ၏ လက်ဝါးချက် ချော်သွားဟန်ဆောင်ကာ သားရဲကို သတ်
မည့်အစား ပိုင်ကျီဟန်ရှိရာဘက်သို့ လွှဲထုတ်လိုက်သည်။
ထိုဧရာမ အဆင့် (၉) မိစ္ဆာသားရဲကြီးမှာ လွတ်မြောက်သွားသည်နှင့် ဒေါသတကြီး ဟိန်းဟောက်ကာ ပိုင်ကျီဟန်ရှိရာသို့ တည့်
တည့် ပြေးဝင်သွားတော့သည်။
ကျောက်မျိုးနွယ်စု အကြီးအကဲကမူ
"အို... ငါ လက်ချော်သွားတာပဲ..သခင်လေးပိုင် သတိထားနော်”
ဟန်ဆောင်အော်ဟစ်လိုက်သော်လည်း သူ၏ မျက်လုံးများကမူ အေးစက်လှသည်။
အတွေ့အကြုံရှိသူတိုင်း သိ၏
ဤသည်မှာ တမင်တကာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိနိုင်သည်။
ပိုင်လုမိန်သည် သွားကြိတ်ရင်း ဒေါသထွက်သွားသည်။
(အိုကြီး အိုမ အစုတ်ပလုတ်...)
ပိုင်ကျီဟန်တို့အဖွဲ့၏ ပတ်ဝန်းကျင်မှာတော့ ပိုင်မျိုးနွယ်စုဝင် အတော်များများ၏ စွမ်းအင်များ တဟုန်ထိုး မြင့်တက်လာနေကြပြီး သူတို့ ကြောက်ရွံ့မှုနောက်ကွယ်တွင် ဒေါသများ တငွေ့ငွေ့ လောင်မြိုက်နေကြသည်။
သို့တိုင် စစ်တလင်းသည် ဖရိုဖရဲ ဖြစ်နေတာကြောင့် အကြီးအကဲတွေအနေနဲ့ သူတို့၏ မကောင်းသော စိတ်ထားကို အမှားအယွင်းတစ်ခုအဖြစ် ဟန်ဆောင်ဖုံးကွယ်ထားလို့ရ၏
အဆင့်-၉ ရှိသော မိစ္ဆာသားရဲကြီး—ဧရာမ ချပ်ဝတ်တန်ဆာကြံ့သည် သက်ရှိတောင်ကြီးတစ်လုံးကဲ့သို့ ရှေ့ကို အတင်းဝင်ရောက် တိုက်ခိုက်လာပြီး သူ့၏ သတ်ဖြတ်လိုသော အရှိန်အဝါသည် လမ်းမှာရှိသမျှ အရာအားလုံးကို ချေမှုန်းမတတ် ပြင်းထန်နေ၏
ချပ်ဝတ်တန်ဆာကြံ့သည် သူ့ကို ရန်စသွားသော ကျောက်မျိုးနွယ်စု အကြီးအကဲကို မသတ်လိုက်ရသည့်အတွက် ဒေါသတကြီး ဟိန်းဟောက်နေပေသည်။
သူ့ရဲ့ ခြေလှမ်းတိုင်းက မြေပြင်ကို တုန်ခါသွားစေသည်။
ဒုန်း
ဒုန်း
ဒုန်း
သူသည် ပိုင်ကျီဟန်ရှိရာဆီကို ဦးတည်ပြေးဝင်လာရင်း လမ်းမှာရှိသော အားနည်းသည့် သားရဲ ဒါဇင်ပေါင်းများစွာကို ဘေးကို လွင့်စင်သွားစေ၏
ပိုင်လုမိန်၏ စူးရှတုန်လှုပ်နေသော အသံက ဟိန်းထွက်လာသည်။
"ပိုင်ကျီဟန်..ရှောင်လိုက်”
သို့တိုင် ပိုင်ကျီဟန်ကတော့ သူမအသံကို မကြားခဲ့ပေ။
ဒါမှမဟုတ်—
သူကိုယ်တိုင်ကပဲ ဂရုမစိုက်တာလည်း ဖြစ်နိုင်၏
မျိုးနွယ်စု အမွေခံ လူငယ်လေးသည် သူ့ဆီကို တရှိန်ထိုး ပြေးဝင်လာနေသော အဆင့်-၉ သားရဲကြီးကို တည်ငြိမ်စွာ ကြည့်ရင်း မျက်လုံးကို ဖြည်းညှင်းစွာ ပင့်မော့လိုက်ကာ လက်ထဲက ဓားကို အသာအယာ စောင်းလိုက်၏
ကျောက်မျိုးနွယ်စု အကြီးအကဲကတော့ အဝေးတစ်နေရာကနေ မသိမသာ ပြုံးလိုက်ပေသည်။
(သေစမ်း... စစ်မြေပြင်မှာ သေသွားရင် ဘယ်သူမှ ငါ့ကို အပြစ်တင်မှာ မဟုတ်ဘူး)
အကယ်၍ ပိုင်ကျီဟန် သေသွားပါက သူ၏ မျိုးနွယ်စုနှင့် လီမျိုးနွယ်စုထံမှ ဆုလာဘ် အမြောက်အမြား ရရှိမည်ဖြစ်သည်။
တကယ်တော့လည်း ပိုင်ကျီဟန်သည် သူတို့လမ်းကြောင်းတွင် ဆူးငြောင့်ခလုတ်တစ်ခုဖြစ်နေခဲ့ပြီး ပြဿနာပေါင်းစုံ ဖန်တီးနေခဲ့သူ မဟုတ်ပါလော
ထိုစဉ် သားရဲကြီးသည် ဟိန်းဟောက်လိုက်ပြီး ခန္ဓာကိုယ်မှ အနက်ရောင်ချီများ ပေါက်ကွဲထွက်လာကာ ပိုင်ကျီဟန်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင် တိုက်ခိုက်လေတော့သည်။
"ဟင်း... ငါလည်း ပျင်းနေတာနဲ့ အတော်ပဲ။"
ပိုင်ကျီဟန်သည် ဒေါသထွက်ခြင်း၊ ကြောက်လန့်ခြင်း အလျဉ်းမရှိဘဲ အဆင့် (၉) မိစ္ဆာသားရဲတစ်ကောင်၏ အစွမ်းမှာ မည်မျှအထိ ရှိသည်ကို စမ်းသပ်ရန် အခွင့်ကောင်းတစ်ခုဟုပင် မှတ်ယူနေခဲ့သည်။
သံချပ်ကာဝတ်ထားသကဲ့သို့ ခိုင်မာလှသော ကြံ့သားရဲကြီးသည် စစ်တလင်းပြင်ကို ဖြတ်သန်းပြေးဝင်လာရာ ၎င်း၏ အရှိန်အဟုန်ကြောင့် မြေပြင်ကြီးမှာ မိုးကြိုးပစ်သကဲ့သို့ တုန်ခါနေ၏။
သားရဲကြီး၏ ချိုသည် အနက်ရောင်ချီများဖြင့် တလက်လက် တောက်ပနေပြီး ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့် ကျွမ်းကျင်သူများကိုပင် စက္ကူအရုပ်များအလား အလွယ်တကူ ထိုးဖောက်နိုင်လောက်အောင် ထက်မြက်လှသည်။
၎င်းက အားကုန်ခုန်အုပ်လိုက်သည်။
ဝုန်းးးးး
သေမင်းတမန် တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ ပြင်းထန်လှသော်လည်း ထိုနေရာတွင် ပိုင်ကျီဟန် မရှိတော့ပေ။
ထိခိုက်မိခါနီး စက္ကန့်ပိုင်းအလိုတွင် သူသည် ခန္ဓာကိုယ်ကို ဘယ်ဘက်သို့ အသာအယာ တိမ်းလိုက်ရာ သားရဲချိုကြီးသည် သူရပ်နေခဲ့သည့် လေထုကိုသာ ခွဲရှသွားတော့သည်။
ထိုတိုက်ခိုက်မှု၏ လေဖိအားကြောင့်ပင် သူ၏နောက်ကွယ်ရှိ မြေပြင်မှာ ချောက်ကမ္ဘာကြီးတစ်ခုအလား နက်ရှိုင်းစွာ နိမ့်ဝင်သွားရ၏။
ကြံ့သားရဲကြီးမှာ အရှိန်မထိန်းနိုင်ဘဲ မြေပြင်ပေါ်တွင် လျှောတိုက်သွားပြီးနောက် ဒေါသတကြီးဖြင့် တစ်ပတ်ပြန်လှည့်လာသည်။
ပိုင်ကျီဟန်ကတော့ သူ၏ ငွေရောင်ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်လေသည်။
“တော်တော် ကြံ့ခိုင်တာပဲ”
ကြံ့ကြီးက ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်လာသည်။
ယခုအကြိမ်တွင် ပိုင်ကျီဟန်က ရှေ့သို့ တစ်လှမ်း တိုးဝင်လိုက်သည်။
ငွေရောင်အလင်း လင်းလက်သွား၏
ရွှမ်းးးး
သွေးများ ပန်းထွက်လာပြီး သူ၏ ဓားချက်က ကြံ့ကြီး၏ နံဘေးကို အရိုးထိအောင် နက်ရှိုင်းစွာ ခုတ်ထစ်လိုက်သော်လည်း..
"မလဲသေးဘူးလား?"
အဆင့် (၈) သားရဲဆိုလျှင် နှစ်ခြမ်းပြတ်သွားမည့် ဒဏ်ရာမျိုး ဖြစ်သော်လည်း ဤကြံ့ကြီးကမူ ပို၍ပင် ဒေါသထွက်လာသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် အနက်ရောင်ချီ အရှိန်အဝါများ လှိုင်းထလာပြီး၊ ကြွက်သားများသည်လည်း သံမဏိကြိုးများအလား တင်းမာခိုင်မာသွားကာ ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်လေသည်။
ကျောက်မျိုးနွယ် အကြီးအကဲ အံ့ဩသွား၏
ပိုင်ကျီဟန်က သူ့ဓားကိုမြှောက်ချလိုက်သည်။
ပိုင်ကျီဟန်၏ မျက်လုံးများ စူးရှသွားသည်။
"ကောင်းပြီလေ... ဒါဆိုရင်တော့ ဒါကို ဘယ်လို ခံနိုင်မလဲ ကြည့်ရအောင်”
ကြံ့ကြီးက တတိယအကြိမ် အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။
ပိုင်ကျီဟန် နောက်မဆုတ်ပေ။
သူ၏ ဓားရည်ရွယ်ချက်သည် ကောင်းကင်ကိုပင် ဖြတ်တောက်နိုင်လောက်အောင် စူးရှလာသည်။
ထို့နောက် ပိုင်ကျီဟန်သည် ဓားကို ဝှေ့ယမ်းလိုက်သည်။
စင်ကြယ်လှသော ငွေရောင် အလင်းတန်း တစ်ခု။
ရှူးးးးး
ဓားသွားမှာ ကြံ့ကြီး၏ လည်ပင်းကို ပိုးသား လှီးဖြတ်သကဲ့သို့ အလွယ်တကူ ဖြတ်ကျော်သွားသည်။
ဘုန်း
ခဏအကြာတွင် ကြံ့ကြီး၏ ခေါင်းမှာ မြေပေါ်သို့ ကျသွားသည်။
၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးသည် ခဏတာ တုန်ခါနေပြီးမှ တောင်ကြီးပြိုကျသကဲ့သို့ လဲကျသွားတော့သည်။
စစ်မြေပြင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ပိုင်လုမိန်သည် ပါးစပ်အဟောင်းသား ဖြစ်သွား၏
မျိုးနွယ်စု သုံးခုလုံးမှ လူငယ်များမှာ စကားပင် မပြောနိုင်တော့ပေ။
"ဒါ... ဒါ အဆင့် (၉) လေ..."
"သူက... နှစ်ချက်တည်းနဲ့ သတ်လိုက်တာလား..."
"မဟုတ်ဘူး... နောက်ဆုံး တစ်ချက်က ခုတ်တာနဲ့တောင် မတူဘူး..."
ပိုင်ကျီဟန်သည် ဓားပေါ်က သွေးများကို ခါထုတ်လိုက်ပြီး ဘာမှမဖြစ်ခဲ့သကဲ့သို့ အေးဆေးစွာ ပြောလိုက်သည်။
"အဆင့် (၉) တွေက ထင်ထားတာထက်တော့ ပိုပြီး အကြမ်းခံသားပဲ”
သူသည် ဘာမှ မထူးခြားသည့်အလား ရှေ့သို့ ဆက်လက် လှမ်းတက်သွားတော့သည်။
“ဒါပေမဲ့... ကျိုးလွယ်ပျက်လွယ်တုန်းပါပဲ။"