← Chapters

ရှောင်ပိုင်၏ မှတ်ဉာဏ် လက်ခံခြင်း

Vol. 22 Ch. 315

ရှောင်ပိုင်၏ မှတ်ဉာဏ် လက်ခံခြင်း

Vol. 22 Ch. 315

"ဒီကောင်တွေက နှိုးဆော်တာကျတော့ တော်တော် ကျွမ်းကျင်သားပဲ။"

ချင်းယန် ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။ ဤသတင်းဟာ ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့သည်။

ဖုန်းကို ဖွင့်လိုက်သည်နှင့် ဗီဒီယိုအတိုလေးများ တွေ့ရမည့်ဖြစ်ကာ မားကတ်တင်း အကောင့်များဟာလည်း ရေလျှံနေသည့် အတိုင်းပင်။ သူတို့ကို မတွေ့အောင် ရှောင်ဖို့ မဖြစ်နိုင်ချေ။ ဖောက်ခွဲကောင်းကင်ဂိုဏ်းသည် ခေတ်စားနေသော အကြောင်းအရာများ၏ ခေါင်းကြီးပိုင်း ထိပ်ဆုံးတွင် အမြဲရှိနေခဲ့သည်။

ယခုဆိုလျှင် အကြီးမားဆုံး ပြောင်းလဲမှုမှာ ခရီးသွားစရိတ်များ၊ အိမ်ဝယ်သူများ အတွက်ပင် ကျန်းဟိုင်၌ ဈေးနှုန်းများ မြင့်တက်နေခြင်းပင်။ သူအလုပ်လုပ်ခဲ့သည့် စာကြည့်တိုက်သည် ဓာတ်ပုံရိုက်ရန် ရေပန်းစားသော နေရာတစ်ခု ဖြစ်လာခဲ့သည်။

လီချင်းဟဲသည် ထိုကိစ္စနှင့် ပတ်သက်ပြီး အများကြီး တိုင်ကြားခဲ့၏။

လူများသောကြောင့် လီမိသားစုသည် နေ့တိုင်း အချိန်ပိုအလုပ် ဆင်းနေရသည်။ နတ်ဘုရားနှင့်တူသော ရုပ်တုကို ဖန်တီးကြသည့် လုပ်ငန်းစဉ်တစ်ခုလုံး ပြီးမြောက်ခဲ့ပြီးနောက် အင်တာနက်သုံးစွဲသူများသည် ချင်းယန်ကို နတ်ဘုရားအဖြစ်သို့ မြှင့်တင်ရန်ပင် ရည်ရွယ်ချက် ရှိလာကြသည်။

မားကတ်တင်း အဖွဲ့တစ်ခု ဖြစ်ခဲ့ပါက ၎င်းတို့သည် ကျစ်ဟူးနှင့် တုံယင်း ကဲ့သို့သော ပလပ်ဖောင်းများပေါ်တွင် တင်ကြပြီး ကြီးမားသော အမြတ်အစွန်းများကို ချက်ချင်း ရိတ်သိမ်းကြ၏။

သို့သော် ချင်းယန် ၎င်းတို့ကို ဂရုစိုက်မနေပါ။ ဆိုဖာပေါ်မှ ထကာ ဧည့်ခန်းဆီသို့ လျှောက်သွားနေစဥ် မီးဖိုချောင်ထဲမှ အစားအစာရနံ့များ ပျံ့လွင့်လာသည်။ အပြင်က လေပြင်းများ မည်မျှ ဆူညံနေပါစေ အိမ်ချက်အစားအစာ၏ ရနံ့နှင့် ယှဉ်၍မရချေ။

"မဆိုးပါဘူး ဒီနေ့ ဟင်းက တော်တော် စားကောင်းမယ့်ပုံပဲ"

ချင်းယန် ထမင်းစား စားပွဲကို တစ်ချက်ကြည့်လိုက်သည်။ တို့ဟူးနွေး၊ ဝက်သားချက်၊ ဝက်နံရိုးပြုတ် အပါအဝင် ဟင်းပွဲအားလုံးမှာ မယုံနိုင်လောက်အောင် စွဲဆောင်မှုရှိသည်။ သူ သံတူချောင်းများအား ကောက်ခါနီး၌ ရှောင်ပိုင်သည် ဟင်းပွဲကြီးသယ်ရင်း မီးဖိုချောင်ထဲမှ ထွက်လာ၏။

"မလှုပ်နဲ့ သခင်!"

"တစ်ခုခု မေ့သွားပြီလား"

ရှောင်ပိုင်သည် ခါးပတ်ပတ်လည်တွင် ချည်နှောင်ထားသော အေပရွန်ကြိုးကို ချွတ်ကာ ချင်းယန်ရှေ့မှာ ရပ်လိုက်ပြီး မျက်လုံးလေးများအား ပြူးပြလိုက်လေသည်။

"သခင် ဒီနတ်သမီးကို အရင်က ကတိပေးခဲ့တယ်လေ..."

"ဘာလဲ?"

ချင်းယန်သည် တူများကို ကောက်ကိုင်လိုက်ပြီး ပုဇွန်နှစ်ကောင်ကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။

"ငါမမှတ်မိဘူး"

"သခင် မမေ့ရဘူးလေ။ ကျွန်မတို့အရင်က သဘောတူခဲ့ပြီးသားကို"

ရှောင်ပိုင် သည် သူမ၏ပါးပြင်များကို ဖောင်းပြရင်း ကိုင်လာသော ပန်းကန်ပြားကို စားပွဲပေါ်တင်ကာ တူချောင်းလေးများကို ကိုင်လိုက်သည်။

"ကျွန်မတို့ စာချုပ်တစ်ခုတောင် လုပ်ထားသေးတယ်။ ဂိုဏ်းဆရာနယ်ပယ်ကို ဖြတ်သွားရင် သခင် ကျွန်မကို ခေါင်းစဉ်တစ်ခု ပေးရမယ်... ဖောက်ခွဲကောင်းကင်ဂိုဏ်းမှာ ခေါင်းစဉ်တစ်ခု ရှိတယ်ဆို။ သခင်က စကားကို လျှောက်မပြောရဘူး!"

"ခေါင်းစဉ်? ငါပြောလို့လား?"

"သခင်!..."

ရှောင်ပိုင် နှုတ်ခမ်းစူလိုက်သည်။ တွန့်ဆုတ်မှုအပြည့်နှင့် သူမ၏ မျက်လုံးများထဲတွင် မျက်ရည်များပင် အိုင်လာ၏။

"ကျွန်မ ဂိုဏ်းဆရာနယ်ပယ်ကို ဖြတ်ကျော်သွားသရွေ့ ကျွန်မကို ဖောက်ခွဲကောင်းကင်ဂိုဏ်းထဲ ဝင်ခွင့်ပြုမယ်ဆို... သခင်ဆိုးကြီး..."

"ကျစ် အင်းပါ ငါနောက်တာ ငါ့ကိုအဲ့လောက် မေ့လွယ်တယ်များ ထင်လား။

"အခုအချိန်ကစပြီး ငါ မင်းကို ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ အိမ်ဖော် အဖြစ် ခန့်ထားလိုက်မယ်။ အခုကစပြီး မင်းငါ့နောက်ကို လိုက်ရမယ်!"

"အိမ်ဖော်?"

ထိုစကားကိုကြားသည်နှင့် ရှောင်ပိုင်၏ မြေခွေးနားရွက်များ ထောင်တက်သွားသည်။

"အစေခံတစ်ယောက်ပဲပေါ့လေ...."

သူမ အနည်းငယ် မကျေမနပ် ဖြစ်လာသည်။

အိမ်ဖော်လား?

ယခင်က သူမသည် ချင်းယန်၏ သားရဲကျွန်ဖြစ်ခဲ့ရသည်။ ယခု ဂိုဏ်းဆရာနယ်ပယ် ရောက်ပြီးနောက်ပင် သူ့အစေခံ ဖြစ်နေတုန်းပင်။

ဒါဆို ဖောက်ခွဲကောင်းကင်ဂိုဏ်းထဲ ဝင်တော့ရော ဘာထူးသွားလို့လဲ?

ရှောင်ပိုင် ခဏလောက် စဉ်းစားနေရသဖြင့် သူမ၏ မြေခွေးဦးနှောက်က အလုပ်ပိသွားရှာသည်။ သူမသည် လက်ချောင်းထိပ်များကို ပွတ်ရင်း နေရာ၌သာ တောင့်နေမိ၏။

"ဘာလဲ? မင်းက မလိုချင်ဘူးလား"

ရှောင်ပိုင် နှုတ်ဆိတ်နေသည်ကို မြင်တော့ ချင်းယန် ဆက်ပြောလိုက်သည်။

"မင်း မဝင်ချင်ဘူးဆိုရင်လည်း အဆင်ပြေပါတယ်။"

"ဝူးဝူး! ဒီနတ်သမီးက မလိုချင်ဘူးလို့ ဘယ်သူပြောလဲ"

ရှောင်ပိုင်၊ နှုတ်ခမ်းစူပြီး ချင်းယန်၏ လက်မောင်းကို ချက်ချင်း ဆုပ်ကိုင်ထားလိုက်သည်။

"ကောင်းပြီ အိမ်အကူလည်း... ကိစ္စမရှိပါဘူး၊ ဒီနတ်သမီးက ဒီနေ့ကစပြီး ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ!"

"စားတော့"

ရှောင်ပိုင်သည် သူပြောပြီးသည်နှင့် ပွစိပွစိ ရေရွတ်ရင်း စားပွဲတွင် သေချာနေရာယူလိုက်သည်။ သို့ရာတွင် တဖျပ်ဖျပ် တောက်နေသော မျက်လုံးလေးများက သူ့ကို စိုက်ကြည့်နေဆဲပင်။

"နောက်ထပ် ဘာရှိသေးလဲ။"

"ဟဲဟဲ သခင်... သွေးကိုယ်ပွားနဲ့ ဖောက်ခွဲနည်းလည်း ရှိသေးတယ်လေ။ "

ရှောင်ပိုင်သည် အမြီးတွန့်ကာ တောက်ပနေသော မျက်နှာငယ်လေး ပြန်ကြည့်နေ၏။

"ဒီနတ်သမီးက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲနည်းနဲ့ ကစားချင်တာ။ ဒီနတ်သမီးက ကိုယ်ပွားဖန်တီးနည်းကိုလည်း သိချင်တယ်။ သခင် ကျွန်မ ဂိုဏ်းထဲဝင်ရင် သင်ပေးမယ်လို့ ကတိပေးထားတယ်နော်"

"ကျစ်! ငါသိသားပဲ။"

ချင်းယန်သည် ရှောင်ပိုင်၏ သဘောထားကြောင့် ပြောစရာ စကားမဲ့သွားနေခဲ့သည်။ သို့သော် သူမ၏ တကယ့်ရည်ရွယ်ချက်က ဤမျှမဟုတ်ကြောင်း ထင်ပြီးသားပင်။

ရှောင်ပိုင်သည် ချင်းယန် စိတ်မရှည်စွာ ပြန်ဖြေလာခြင်းကို စိတ်မဆိုးဘဲ ချင်းယန်၏ အင်္ကျီစကို ဆွဲကိုင်လိုက်ပြီး ဆို၏။

"သခင် အကုန်မသင်ပေးချင်လည်း ရပါတယ် ဒီနတ်သမီးက မင်းကို အတင်းအကျပ် မလုပ်ဘူး... သခင် အရစ်ကျ ပေးချေလို့ရတယ်..."

"အဆင်ပြေပါတယ် မင်းကို ငါပေးလိုက်မယ်။ ကိုယ့်ဘာသာကိုယ် ဖျက်ဆီးပြီး ကိုယ်ပွားတွေ ဖန်တီးတာ ကြီးကြီးကျယ်ကျယ် မဟုတ်ဘူး"

စကားပြောနေစဉ် တစ်ဖက်သို့ မေးငေါ့ပြလိုက်သည်။

"ဆိုဖာပေါ် သွား!"

"ဟုတ်ကဲ့ သခင်။"

ရှောင်ပိုင်သည် ဆိုဖာပေါ်သို့ နာခံမှုရှိစွာ တက်သွားကာ သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကို ဖြောင့်စင်း ညီညာစွာ လှဲလျောင်းလိုက်သည်။ သူမ၏ ပန်းပွင့်ဝတ်စုံသည် သူမ၏ နှင်းဖြူရောင် အသားအရေပေါ်တွင် တွယ်ကပ်နေပြီး သူမအား လက်ရာမြောက် သွယ်လျသော ပန်းပုတစ်ရုပ်ပမာ ပေါ်လွင်လာစေ၏။

"ဒီနတ်သမီး အဆင်သင့်ဖြစ်ပါပြီ!"

"နည်းနည်းတော့ နာလိမ့်မယ်။ သည်းခံထား"

ချင်းယန်သည် သားရဲကျွန်စာချုပ်ကို အသက်ဝင်စေကာ အတွေးမှတစ်ဆင့် အသိပညာလွှဲပြောင်းရန် တိုက်ရိုက် ရွေးချယ်ခဲ့သည်။

နောက်အခိုက်၌ ဗဟုသုတများစွာကို မြှုပ်နှံထားသော မှတ်ဉာဏ် အပိုင်းအစများသည် လှိုင်းလုံးကြီးသဖွယ် ပေါင်းစပ်ကာ သူမ၏ အသိစိတ်ထဲ လွှမ်းခြုံသွားခဲ့သည်။

"အရမ်း... သခင်!"

ရှောင်ပိုင် ရုတ်ခြည်း အသက်ရှူကျပ်သွား၏။

သူမသည် လျင်မြန်စွာ တိုးဝင်လာသော စူးစူးဝါးဝါး နာကျင်မှုများကို ခံစားလိုက်ရသည်။ သူမ၏ သူငယ်အိမ်များသည် နောက်ပြန်လှည့်ကာ ခေါင်းတစ်ခုလုံး တဆတ်ဆတ် တုန်နေရှာသည်။

ထိုဝေဒနာမှာ မြေခွေးတစ်ကောင်လုံး ကွဲတော့မည့် အတိုင်းပင်။ သူမတွင် ကိုယ်ပိုင် ဉာဏ်အလင်းရရှိရန်သာ နေရာမရှိလျှင် သူမသည် ဤကိုယ်ပွား၏ ကိုယ့်ကိုယ်ကိုယ် ပျက်စီးခြင်းနည်းကို အပြည့်အဝ နားလည်သဘောပေါက်ရန် အတော်လေး ကြိုးစားအားထုတ်ရန် လိုအပ်လိမ့်မည်။

"မင်း ဖြည်းဖြည်းချင်း ချေဖျက်ရမယ်။"

မှတ်ဉာဏ် လွှဲပြောင်းမှု ပြီးသွားသောအခါ ရှောင်ပိုင်ခမျာ ဆိုဖာပေါ်တွင် မောပန်းနွမ်းနယ်စွာ ပစ်လဲကျသွား၏။ ချင်းယန် သူမ၏ခေါင်းလေးကို ပွတ်သပ်ကာ ပြတင်းပေါက်အပြင်ဘက်ရှိ တွင်းနက်များကို လှမ်းကြည့်လိုက်သည်။

ကောင်းကင်ယံရှိ တွင်းနက်ကိုးပေါက်သည် အင်မတန် တောက်ပနေသော နေရောင်ခြည်ကြောင်း ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသဖြင့် ထိုတွင်းများမှာ အနည်းငယ် မှိန်ဖျော့သွား၏။ ၎င်း၏ အလင်းသည် ပုံပျက်ပန်းပျက်နှင့် ပြန့်ကျဲနေကာ အတွင်းတွင်တော့ အဆုံးမရှိသော ချောက်နက်ကြီး တစ်ခုအတိုင်းပင်။

"ကိုယ့်ကိုကိုယ်သိပြီး မင်းရဲ့ရန်သူကိုသိရင် ဘယ်တော့မှ ရှုံးမှာမဟုတ်ဘူး။"

ချင်းယန် တစ်ကိုယ်တည်း ရေရွတ်ရင်း အနာဂတ်ကို တွေးတောနေမိသည်။ အဓိပတိမဟာမိတ်နှင့် သားရဲနတ်အရှင်ဂိုဏ်းသည် အစီအစဥ် တစ်ခုကို ပြန်လည်စတင်တော့မည်ဟု ခံစားနေရ၏။

သူ၏ ကျင့်စဥ်များကို ရှောင်ပိုင်ထံ လွှဲပြောင်း ပေးပို့ရခြင်း အကြောင်းအရင်းမှာ သူမအား မိမိကိုယ်ကို ကာကွယ်နိုင်မည့် စွမ်းရည်ကို ပေးခြင်းပင် ဖြစ်သည်။ ကောင်းကင်တွင် ချိတ်ဆွဲထားသော တွင်းနက်ကြီးများသည် အချိန်မရွေး ပြုတ်ကျရန် အသင့်ဖြစ်နေသည့် ဗုံးများပင်။ မည်သို့ပင်ဆိုစေကာမူ သူသည် ၎င်းတို့၏အန္တရာယ်များကို တတ်နိုင်သမျှ နားလည်ရန် လိုအပ်ပေသည်။

"မုန့်ထျန်းရွှမ် ပြောပုံအရဆို သွေးဝိညာဥ်အစီအရင်ကို အသက်မသွင်းဘူးဆိုရင် ကောင်းကင်ပေါ်က ဒီအပေါက်တွေ ပျောက်ပြီး ကမ္ဘာမြေကြီးက ကြယ်စွမ်းအားရင်းမြစ်ကို ဆုံးရှုံးလိမ့်မယ်..."

စဥ်းစားရင်း သူ၏ ကြယ်လက်စွပ်ကိုဖွင့်ပြီး အဓိပတိတံဆိပ်ပြားကို ထုတ်ယူလိုက်သည်။ ဤတံဆိပ်ပြားကို လျိုဝူရွှမ်း ပေးခဲ့ပြီးနောက် တစ်ခါမှ မသုံးဖူးခဲ့ချေ။ မူလက ဆက်စပ်ပစ္စည်းအဖြစ် သက်သက်သုံးရန် ရည်ရွယ်ထားသော်လည်း ယခုအခြေအနေက ပြောင်းသွားပြီပင်။

“…သူ သွေးဝိညာဥ်အစီအရင် အကြောင်း နည်းနည်း သိလောက်တယ်မလား”

All Chapters