← Chapters

သွေးဝိညာဥ်အစီအရင်ရဲ့ တည်နေရာ။

Vol. 22 Ch. 317

သွေးဝိညာဥ်အစီအရင်ရဲ့ တည်နေရာ။

Vol. 22 Ch. 317

“ဂိုဏ်းချုပ်လေး…”

ထိုစကားကို ကြားလိုက်ရသူ လျိုဝူရွှမ်းခမျာ အလွန်အမင်း တုန်လှုပ်သွားခဲ့လေသည်။ ငြိမ်သက်နေသော ချင်းယန်ကို ကြည့်လိုက်မိခိုက် သူ ဤဂိုဏ်းထဲသို့ စောစောစီးစီး မဝင်ခဲ့မိခြင်းအပေါ် ပိုလို့တောင် ဝမ်းနည်းမိလာသည်။

အကယ်၍ သူသာ ဖောက်ခွဲကောင်းကင်ဂိုဏ်းထဲ စောစော ဝင်ခဲ့မည်ဆိုပါက အဓိပတိမဟာမိတ်၌ မုန့်ထျန်းရွှမ် ၏ အမျက်ဒေါသကို ခံစားနေရလိမ့်မည် မဟုတ်ချေ။

ဤအခိုက်တွင် လျိုဝူရွှမ်းတစ်ယောက် အနည်းငယ် စူးစမ်းချင်စိတ်တို့ ထွက်ပေါ်လာသည်။ ချင်းယန်ဘက်က သွေးဝိညာဉ်အစီအရင်ကို ပိတ်ရန် ရွေးချယ်လိုက်ပါက သူဘာလုပ်ရမည်နည်း။

"အကြီးအကဲလျိုဝူရွှမ်း ခင်ဗျား သွေးဝိညာဥ်အစီအရင် အကြောင်း ဘယ်လောက်သိလဲ။"

ချင်းယန် သူ၏ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး :"ဥပမာ သူ့ရဲ့ တည်နေရာ၊ ဖွဲ့စည်းပုံ၊ အကာအကွယ် အစီအမံတွေ ဒါမှမဟုတ် ပိုပြီးတော့ အတိအကျပြောရရင် လုပ်ငန်းလည်ပတ်မှု လမ်းကြောင်းတွေကို ကျွန်တော် လေ့လာချင်တယ်။"

ထိုအခိုက် လျိုဝူရွှမ်းက သူ၏ကျောရိုးကို ဖြောင့်ဖြောင့်တန်းတန်း ထားပြီး ပြန်ဖြေလိုက်သည်။

"မုန့်ထျန်းရွှမ် အဲဒါကို ပြောဖူးတယ်... သွေးဝိညာဉ်အစီအရင်က ကောင်းကင်ရဲ့ နိယာမတွေကို လိုက်နာပြီး သုံးပိုင်းခွဲထားတယ်။ ကျန်းဟိုင်မြို့က သွေးဝိညာဉ်အစီအရင်ရဲ့ အူတိုင်ပဲ!"

"ကျန်းဟိုင်က အူတိုင်?"

ချင်းယန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ အမှန်တကယ်လည်း အံ့သြသွားမိသည်။

"သေချာလား?"

"သေချာတာပေါ့ ပြီးတော့ အဲဒီအူတိုင်က အဝေးကြီးလို့ ထင်ရပေမယ့် တကယ်က ဒီမှာပဲရှိတယ်။ မင်းအရင်ကမြင်ဖူးပါတယ်..."

လျိုဝူရွှမ်း ခေတ္တရပ်ပြီး ပြတင်းပေါက်မှ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ၏အကြည့်များသည် အဆောက်အအုံများကြားရှိ ကွက်လပ်များကို ဖြတ်၍ ကီလိုမီတာများစွာဝေးသော နေရာအထိ ရောက်ရှိသွားပုံရသည်။

"ကျွန်တော် အရင်က မြင်ဖူးတာလား?"

ချင်းယန်၏ မျက်လုံးများလည်း ပြူးကျယ်သွားကာ သွေးဝိညာဥ်အစီအရင်၏ အူတိုင် ပုန်းနေသည့်နေရာကြောင့် ပိုအံ့သြသွားမိသည်။ ဤကဲ့သို့ အဆင့်မြင့်သည့်အရာကို သူယခင်က မြင်ဖူးသော်လည်း သိပင်မသိလိုက်ချေ။

"ဘယ်မှာလဲ?"

"တကယ်တော့ အဲဒါက လီရွှေရေကန်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာပဲ"

"ဘာ?!"

ထိုသို့ ကြားသောအခါ ချင်းယန်ခမျာ လက်ဖက်ရည်များကိုပင် ထွေးလုမတတ် အံ့အားသင့်သွားရလေသည်။ အနှီနေရာ၌ ကြီးကျယ်ခမ်းနားသော အစီအရင်ကြီးတစ်ခု အမှန်တကယ် ရှိခဲ့လေသလား။

ယခင်က ဤဖြစ်နိုင်ခြေကို စဉ်းစားခဲ့ဖူးသောကြောင့် အားလပ်ချိန်၌ လူနေအိမ်ရာ၏ တစ်လက်မတိုင်းကို ရှာဖွေဖို့၊ ကျန်းဟိုငမြို့အပြင်ဘက်က မည်သည့်နေရာမဆို ရှာဖွေရန် ကိုယ်ပွားများကိုပင် စေလွှတ်ခဲ့သေးသည်။

"အစီအရင်ရဲ့ အူတိုင်က ရေကန်ရဲ့ အောက်ခြေမှာ ရှိနေတာလား။"

"မှန်ပါတယ်၊ အထင်ရှားဆုံးနေရာက တကယ်ကို အလုံခြုံဆုံးပဲလေ။"

လျိုဝူရွှမ်းက ခေါင်းညိတ် အတည်ပြုလိုက်သည်။

"ကျန်းဟိုင်ရဲ့ လီရွှေရေကန်က ရှည်လျားတဲ့ သမိုင်းကြောင်းရှိတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်က အဲဒီရေကန်က ရေကန်ငယ်တစ်ခုသာသာပဲ ရှိတာ။ ဘိုးဘေးတွေက အစီအရင်ရဲ့ အဓိကအုတ်မြစ်ကို ကိုယ်တိုင်ကိုယ်ကျ မြှုပ်နှံပြီး ဒေသရှုခင်းနဲ့ မြေအောက်မြစ်တွေကို လမ်းကြောင်းပြောင်းပြီး ဒီနေ့လို ရေကန်ကြီးဖြစ်အောင် လုပ်ခဲ့တာ။"

"အဲ့လိုလား။"

ချင်းယန်၏ မျက်ခုံးများ ပြေလျော့သွားသည်။ သူ၏ ကာလရှည်ကြာစွာ ပဟေဠိ ဖြစ်နေခဲ့သော မေးခွန်းများက နောက်ဆုံးတွင် အဖြေထွက်ခဲ့ပေပြီ။

ကျန်းဟိုင်မြို့ထဲ၌ သွေးဝိညာဥ်အစီအရင် တည်ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားသဖြင့် မြို့ပြင်တွင် ရှာဖွေရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။ တည်နေရာကို သိပြီမို့ ယခုအချိန်မှစ၍ အရာများသည် ပိုမိုလွယ်ကူလာပါလိမ့်မည်။

"အကြီးအကဲ ဒီလိုဆိုရင်တော့ ကျွန်တော့်ကို လမ်းပြဖို့ နှောင့်ယှက်ရတော့မယ် ထင်တယ်။"

...

...

နှစ်ယောက်သား ရေကန်အနီးသို့ သန်းခေါင်ယံအချိန်၌ ရောက်လာခဲ့သည်။ လရောင်သည် ရေကန်၏ မျက်နှာပြင်ပေါ်တွင် လင်းလက်နေ၏။ ကြွေကျနေသော သစ်ရွက်ခြောက်များကြောင့် ရေမျက်နှာပြင်က လှုပ်ခါသွားသည်။

ညနက်လာသည်နှင့် ကားအနည်းအကျဉ်းသာ ဖြတ်သွားတော့သည်။ ချင်းယန်နှင့် လျိုဝူရွှမ်းတို့သည် မိုးမခပင်များဘေးတွင် အေးအေးလူလူ လမ်းလျှောက်နေကြသည့် ခရီးသွားများကဲ့သို့ လမ်းလျှောက်နေကြ၏။ ညခင်း လေပြည်လေညင်းများကြောင့် မိုးမခအကိုင်းအခက်များက တလှုပ်လှုပ် ရွေ့လျားနေကြသည်။

"တကယ်ပဲကိုး"

ချင်းယန်သည် မိုးမခပင်အနီးသို့ ချဉ်းကပ်ကာ ရေကန်အောက်ခြေရှိ လှုပ်ရှားမှုကို ကြည့်ရှုစစ်ဆေးနေခဲ့သည်။ သူ၏ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည့်အခိုက် ပြင်းထန်သော ညှီနံ့နှင့် ရောင်ဝါတစ်ခုကို ခံစားမိလိုက်၏။ ၎င်းမှာ သွေးစုပ်မျှော့များကို ပထမဆုံး အကြိမ်တွေ့ဖူးစဥ်က ခံစားဖူးသော ပြင်းထန်သည့် ညှီနံ့နှင့် မတူဘဲ ပုံမှန်မဟုတ်သော ရောင်ဝါတစ်မျိုးပင်။

၎င်းသည် မှုန်ဝါးဝါးဖြင့် မမြင်နိုင်သော အရိပ်အယောင်တစ်ခု ရှိနေကာ နိယာမစွမ်းအင် တစ်မျိုးမျိုးနှင့် ပိုတူလေသည်။

သွေးဝိညာဥ်အစီအရင်။

ယခင်က ဤနေရာကို နှစ်ကြိမ်မျှ ဖြတ်သန်းသွားဖူးသော်လည်း လွဲချော်မှုတစ်ခုမှ သတိမထားမိခဲ့ရသော အကြောင်းရင်းက နှစ်ချက်ရှိပေသည်။ ပထမအချက်မှာ သွေးနတ်ဆိုး အငွေ့အသက်က လွှမ်းခြုံနေခဲ့ပြီး ရန်သူကို အဝေးကနေသာ ဓားပျံနှင့် တိုက်ခိုက်ခဲ့သဖြင့် ဂရုမစိုက်မိခဲ့ပေ။

ဒုတိယအချက်မှာ သူ၏ စွမ်းအားသည် အားနည်းလွန်းသဖြင့် အစီအရင် သို့မဟုတ် ကမ္ဘာမြေကြီး၏ နက်နဲသောအရာများကို ရိပ်မိရန် မဖြစ်နိုင်ခဲ့ပေ။

"ဒီမှာ သွေးစွမ်းအင်က အရမ်းထူတယ်... သွေးဆာနေတဲ့ မျှော့ကောင်တွေက သွေးဝိညာဉ်အစီအရင်ကြောင့် ဒီမှာ စုရုံးလာတာ ဖြစ်နိုင်တာ်"

ချင်းယန်သည် ရေကန်ကို စိုက်ကြည့်ရင်း လေးလေးနက်နက် တွေးတောနေမိသည်။ ယခု ကောင်းကင်အရှင် နယ်ပယ်သို့ တက်လှမ်းလာပြီးသောအခါ ယခင်က သတိမမူမိသော ထောင့်တစ်စွန်းတစ်စကို သတိပြုမိလာကာ နားမလည်နိုင်ခဲ့သော အမှန်တရားများကိုပင် ထုတ်ဖော်နိုင်ခဲ့သည်။

"ဟုတ်ပါတယ် ဂိုဏ်းချုပ်လေး။"

လျိုဝူရွှမ်းသည် ရေကန်ဘေးတွင် ထိုင်ကာ ကျောက်စရစ်ခဲ တစ်လုံးကို ကောက်ယူပြီး ရေကန်၏ အလယ်ဗဟိုသို့ ပစ်ချလိုက်သည်။ ထို့နောက် လှိုင်းငယ်လေးများသည် ကမ်းစပ်သို့ ပျံ့နှံ့လာခဲ့လေ၏။

“ကျောက်စရစ်ခဲ ဆင်းသက်သွားတဲ့နေရာက စူးစမ်းလေ့လာဖို့ လိုအပ်တဲ့ နေရာပါ။ အောက်ခြေ မြစ်ကြမ်းပြင်ကို ဆင်းပြီး သွေးဝိညာဉ်အစီအရင်ရဲ့ အူတိုင်ကို ရှာဖွေသင့်တယ် ကျုပ်နဲ့လိုက်ခဲ့။"

"ဟုတ်ပြီ!"

ချင်းယန်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လျိုဝူရွှမ်းနောက်မှ အနီးကပ် လိုက်လာခဲ့သည်။

နောက်အခိုက်အတန့်၌ မမြင်နိုင်သော အာကာသနိယာမ စွမ်းအင်နယ်မြေတစ်ခု ဖြန့်ကျက်သွားကာ ရေကန်အောက်ခြေသို့ ဖြည်းညင်းစွာ နစ်မြုပ်သွားခဲ့လေ၏။

ရေမျက်နှာပြင်ပေါ်တွင် စက်ဝိုင်းပုံ တွင်းတစ်ခု ပေါ်ထွက်လာပြီးနောက် နှစ်ယောက်သား ရေမျက်နှာပြင်အောက်သို့ နစ်မြုပ်သွားကြသည်။ ဆင်းပြီးသည်နှင့် ငါးပေါင်းများစွာ ကူးခတ်လာပြီး ၎င်းတို့နှစ်ဦးကို စူးစူးစိုက်စိုက် ကြည့်နေသည်။

"ဂိုဏ်းချုပ်လေး ဒီလက်အောက်ငယ်သားက လက်တစ်ဖက် ငှားပါ့မယ်!"

လျိုဝူရွှမ်း ရုတ်တရက် သူ့လက်ကို မြှောက်လိုက်ကာ အပြင်သို့ ကြယ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ပြင်းထန်သော အပူရှိန်ကြောင့် ရေခိုးရေငွေ့များ အငွေ့ပျံသွားကာ ရေမျက်နှာပြင်မှ အဖြူရောင် အခိုးအငွေ့များ ဖုံးလွှမ်းလာ၏။

ဗုန်း!

ရေစီးကြောင်းများသည် အောက်ခြေမရှိသော တွင်းထဲသို့ ဝင်သွားသလိုမျိုး တစ်ခဏချင်းပင် သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့သည်။

“ထားလိုက်ပါ ရေကန်ရဲ့ ဂေဟစနစ်ကို နှောင့်ယှက်စရာ မလိုပါဘူး။”

ချင်းယန်သည် သူ့နောက်ကျော၌ လက်နှစ်ဖက်ပစ်လျက် ရေထဲ ဆက်လက် နစ်မြုပ်နေစေရန် ထိန်းချုပ်ထားသည်။

“ဒီငါးတွေကို စည်ပင်က လွှတ်ထားတယ်။ သိမ်းကျုံးသတ်တာက အများပြည်သူအပေါ် ဆန့်ကျင်ပြီး မြို့ရဲ့ အသွင်အပြင်ကိုလည်း ထိခိုက်စေတယ်။”

လျိုဝူရွှမ်း : “…”

ထိုအခါ လျိုဝူရွှမ်း အံ့သြသွားခဲ့သည်။ သူ့၌ နေရာဒေသဆိုင်ရာ နိယာမများကို နားလည်မှုအချို့ရှိသော်လည်း ချင်းယန်ကဲ့သို့ ကောင်းမွန်သော ထိန်းချုပ်မှုမျိုး မရှိသေးပေ။ သို့ဖြစ်လျှင် ဖောက်ခွဲကောင်းကင်ဂိုဏ်းက အခြားသော ထိပ်တန်းအဖွဲ့ဝင်များသည်လည်း နေရာဒေသဆိုင်ရာ နိယာမစွမ်းအင်များ၏ လျှို့ဝှက်ချက်ကို ကျွမ်းကျင်ကြပုံရသည်။

ဖောက်ခွဲကောင်းကင်ဂိုဏ်းမှ အဖွဲ့ဝင်များအားလုံး အဘယ်ကြောင့် နိယာမစွမ်းအင်များကို ကျွမ်းကျင်နေကြသနည်း။ ၎င်းတို့ပြောသော "ကောင်းကင်နှင့်မြေကြီး အသက်ရှည်ခြင်း" ကျင့်စဥ်ဟာ ဖောက်ခွဲ ကောင်းကင်ဂိုဏ်း၏ လျှို့ဝှက်ကျင့်စဥ်တစ်ခု ဖြစ်နိုင်ပါလား။

ယခုသူသည် ဒုတိယမျိုးဆက် "မြှားနတ်ဘုရား" ဖြစ်သွားပြီ ဖြစ်သောကြောင့် မြှားနတ်ဘုရား၏ ဘွဲ့အတိုင်းနေထိုင်ရန် နိယာမစွမ်းအင်များကို ပိုမိုနက်ရှိုင်းစွာ လေ့လာသင့်ချေပြီ။

"ငါလည်း အလုပ်ကြိုးစားရတော့မယ် ထင်တယ်!"

လျိုဝူရွှမ်း တွေးတောနေစဉ် အရှေ့က မြင်ကွင်းက ရုတ်တရက် ပွင့်လာပြီး ယိမ်းနွဲ့နေသော ရေမှော်ပင်၊ မြစ်ကြမ်းပြင်နှင့် လျှိုမြောင်များ၏ နံရံများ၊ သတ္တုအပျက်အစီးများနှင့် စွန့်ပစ်ထားသော ခရီးဆောင်သေတ္တာများကို ယောင်ဝါးဝါး မြင်လာရသည်။

ချင်းယန် မျက်လုံးများကို မှေးကျဥ်ကြည့်လိုက်သည့်အခါ တောက်ပနေသော ကြေးနီဒင်္ဂါးပြားများကို တစေ့တစောင်း ဖမ်းမိသွားသည်။ မျှော့ကြီး၏ အလောင်းသည် ရေအောက်ကြမ်းပြင်ရှိ သဲထဲတွင် နစ်မြုပ်နေပြီး ဆွေးမြည့်သွားပြီပင်။

"ရှေးဟောင်းစစ်မြေပြင်ရဲ့ အပျက်အစီးတွေ.."

"ဂိုဏ်းချုပ်လေး ကျုပ်တို့ ရေကန်အောက်ခြေကို ရောက်နေပါပြီ"

All Chapters