← Chapters

မဟာကောင်းကင်ဘုံအဆင့် ကျွမ်းကျင်သူများ စစ်ပွဲအတွင်းသို့ ဝင်ရောက်လာခြင်း

Vol. 25 Ch. 373

မဟာကောင်းကင်ဘုံအဆင့် ကျွမ်းကျင်သူများ စစ်ပွဲအတွင်းသို့ ဝင်ရောက်လာခြင်း

Vol. 25 Ch. 373

အဆင့် (၁၀) မိစ္ဆာသားရဲများ...။

၎င်းတို့ ပေါ်ထွက်လာခြင်းကပင် စစ်မြေပြင်တစ်ခုလုံးကို ကွေးညွတ်သွားစေသည်။

အသက်ရှူကျပ်စေသော အရှိန်အဝါများက လှိုင်းလုံးကြီးများသဖွယ် အပြင်ဘက်သို့ ရိုက်ခတ်သွားပြီး ကျင့်ကြံသူအဖွဲ့အစည်းများကို မြေလှန်ပစ်လိုက်ကာ မိစ္ဆာသားရဲများဍပင်လျှင် နောက်သို့ ယိုင်နဲ့သွားရသည်။

လူသားရော သားရဲများပါ ဒူးတစ်ဖက် ထောက်လိုက်ရပြီး ပြင်းထန်သော ဖိအားအောက်တွင် ကျောရိုးများပင် မြည်ဟီးကုန်၏။

လေထုမှာ လေးလံထိုင်းမှိုင်းသွားပြီး ကောင်းကင်ယံကြီးတစ်ခုလုံး နိမ့်ဆင်းလာသယောင် ခံစားရလေသည်။

ဧရာမငရဲ နဂါး၏ အရည်ပျော်နေသော သံရည်ကဲ့သို့ အကြည့်များက စစ်မြေပြင်ကို ဝေ့ဝဲကြည့်လိုက်သည်။

ရှေးဟောင်း သွေးလည်ဆံမွေးခြင်္သေ့၏ လည်ဆံမွေးများမှာလည်း တောက်လောင်နေသော အလံတော်များကဲ့သို့ ဖျတ်ခနဲ လှုပ်ခါသွားသည်။

မုန်တိုင်းဝါးမျိုခြင်း ငှက်ကြီးသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ရာ လျှပ်စီးများက ကောင်းကင်ယံကို အစိတ်စိတ်အမွှာမွှာ ခွဲပစ်လိုက်တော့သည်။

ထို့ပြင် အခြားသော အဆင့်မြင့်သားရဲများစွာလည်း ရှိနေသေးသည်။

၎င်းတို့အားလုံး၏ အကြည့်မှာ တစ်နေရာတည်းသို့သာ စုပြုံကျရောက်နေ၏။

ထိုနေရာမှာ သတ်ဖြတ်မှုများ၏ ဗဟိုချက်မ ဖြစ်သည်။

၎င်းတို့ ကိုယ်တိုင် ထွက်ပေါ်လာရသည့် အကြောင်းရင်းလည်း ဖြစ်သည်။

ထိုသူမှာ ပိုင်ကျီဟန် ပင် ဖြစ်တော့သည်။

အဆင့် (၁၀) မိစ္ဆာသားရဲ အမြောက်အမြားက သူ့ထံသို့ တစ်ပြိုင်နက်တည်း အာရုံစိုက်လိုက်ကြသည်။

၎င်းတို့၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒမှာ ဒီရေလှိုင်းကြီးကဲ့သို့ ပြင်းထန်လှပြီး သူ့ထံသို့သာ ဦးတည်နေသည်။

ဗလာသန့်စင်ခြင်းနယ်ပယ်မှ ကျင့်ကြံသူများကိုပင် တုန်ရီသွားစေသည့် ထိုသို့သော ဖိအားများကြားတွင်

ပိုင်ကျီဟန်ကမူ မတ်မတ်ရပ်နေဆဲ ဖြစ်သည်။

သွေးစွန်းနေသော သူ၏ဓားကို ပုခုံးပေါ်တွင် ပေါ့ပေါ့ပါးပါးပင် တင်ထား၏။

မိစ္ဆာသားရဲများထံမှ လာသော လွှမ်းမိုးချုပ်ကိုင်ထားသည့် သတ်ဖြတ်လိုသော အရှိန်အဝါများကြားတွင် သူသည် အေးဆေးတည်ငြိမ်နေဆဲပင်။

ပို၍ ဆိုရလျှင် သူ၏မျက်ဝန်းများမှာ စိတ်ပျက်ငြီးငွေ့နေသည့် အရိပ်အယောင်များပင် ရှိနေသေးသည်။

နဂါးကြီး၏ သံရည်ကဲ့သို့ မျက်ဝန်းများက သူ့ထံသို့ စိုက်ကြည့်လာသောအခါ သူက ခေါင်းကို အနည်းငယ် စောင်းလိုက်၏

“အဆင့် (၁၀) မိစ္ဆာသားရဲတွေပဲ...”

တောင်တန်းများကဲ့သို့ လေးလံသော ဖိအားများက သူ့အပေါ်သို့ ကျရောက်နေသော်လည်း သူက လက်မဝက်မျှပင် နောက်မဆုတ်ချေ။

“သတ်ရတာတော့ နည်းနည်း ခက်ခဲလိမ့်မယ်။”

သူ့ထံတွင် ကြောက်ရွံ့မှု သို့မဟုတ် စိတ်လှုပ်ရှားမှုဟူ၍ မရှိဘဲ ရိုးရိုးရှင်းရှင်း အသိအမှတ်ပြုလိုက်ခြင်းသာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ ကြိုတင်သိရှိထားပြီး ဖြစ်သောကြောင့်ပင်။

၎င်းတို့ထဲမှ တစ်ကောင်ကို အတည်တကျ တိုက်ခိုက်မည်ဆိုလျှင်ပင် အဆင့် (၈) နှင့် အဆင့် (၉) သားရဲများကဲ့သို့ လွယ်လွယ်ကူကူ နှိမ်နင်းနိုင်မည်မဟုတ်ကြောင်း သူ သိသည်။

သို့သော် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ ယခင်နှင့်မတူဘဲ ယခုတွင်မူ သူသည် ကံကြမ္မာဖြတ်တောက်ခြင်း ဓားချက်ကို ရရှိထားပြီး ဖြစ်သည်။ အလယ်အလတ်အဆင့် ဓားရည်ရွယ်ချက်နှင့် ပေါင်းစပ်လိုက်လျှင် အဆင့် (၁၀) မိစ္ဆာသားရဲတစ်ကောင်ကို သူ သတ်ဖြတ်နိုင်သင့်သည်။

“ဒါနဲ့ဆိုရင်တော့ ငါ တစ်ကောင်လောက် သတ်နိုင်မှာပါ” သူက တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဖြစ်နိုင်တာပဲ”

အမှန်စင်စစ် သူသည် အဆင့် (၁၀) မိစ္ဆာသားရဲတစ်ကောင်နှင့် ယခင်က တစ်ခါမျှ စမ်းသပ်မတိုက်ခိုက်ဖူးချေ။

သို့သော် ၎င်းတို့ကို ချက်ချင်း အပြတ်မသတ်နိုင်လျှင်ပင် ပြင်းထန်သော ဒဏ်ရာကိုမူ ပေးနိုင်မည်မှာ သေချာသည်။ ထိုမျှဆိုလျှင်ပင် လုံလောက်လှပြီ။

သူ၏ကိုယ်ခန္ဓာမှာ တစ်ချိန်က အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ဦး၏ လက်သီးချက်ကိုပင် ခံနိုင်ရည်ရှိခဲ့ဖူးသည် မဟုတ်ပါလော

မဟာကောင်းကင်ဘုံတက်ခြင်းအဆင့်၏ အစွမ်းနှင့် ရင်ဆိုင်ရလျှင် အနိုင်ရရန် အာမမခံနိုင်သော်လည်း...

အသက်ရှင်ကျန်ရစ်မည်ကိုမူ သူ ယုံကြည်ချက် အပြည့်ရှိသည်။

သို့သော် သူ ကိုယ်တိုင် ထွက်တိုက်ရန် မလိုအပ်သေးပေ။

အဆင့် (၁၀) မိစ္ဆာသားရဲများ ပေါ်ထွက်လာသည့် ထိုခဏ၌ပင်—

ဝုန်း...

ပြင်းထန်လှသော အရှိန်အဝါတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားပြီး မီတာရာပေါင်းများစွာ အကွာအဝေးရှိ ဖုန်မှုန့်များနှင့် အပျက်အစီးများကို လွင့်စင်သွားစေသည်။

လူတိုင်း၏ အကြည့်များက ထိုနေရာသို့ လှည့်သွားကြတော့သည်။

လူသားမျိုးနွယ်၏ အထက်တန်းလွှာများ ရပ်တည်ရာ ကွပ်ကဲမှုနယ်မြေတွင်— လူပုဂ္ဂိုလ်အချို့သည် ရှေ့သို့ တိုးထွက်လာကြသည်။ သူတို့၏ ခြေလှမ်းတိုင်းက မြေကမ္ဘာကို နိမ့်ဆင်းသွားစေပြီး ကမ္ဘာမြေကိုယ်တိုင်က သူတို့၏ အရှိန်အဝါအောက်တွင် ဦးညွှတ်နေသယောင် ရှိတော့သည်။

ပထမဆုံး စတင်လှုပ်ရှားသူမှာ ပိုင်ထျန်းဟမ်ဖြစ်သည်။

ငြိမ်သက်နေသော လေထုထဲတွင် သူ၏ဝတ်ရုံရှည်ကြီးမှာ တဖျတ်ဖျတ် လွင့်ခါနေ၏။

သူ၏ မျက်နှာထက်တွင် ရိုင်းစိုင်းကြမ်းကြုတ်ပြီး အထိန်းအကွပ်မဲ့သော အပြုံးတစ်ခု ပေါ်လွင်နေသည်။

၎င်းမှာ အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့ရသူတစ်ဦး၏ အပြုံးမျိုးပင်။

“ဟင်း... နောက်ဆုံးတော့လည်း” ပိုင်ထျန်းဟမ်က သူ၏လက်ဆစ်များကို ချိုးရင်း ပြောလိုက်သည်။

“ထိုင်ကြည့်နေရတာနဲ့တင် ငါတော့ ပျင်းလို့ သေတော့မလို့ပဲ။”

ပိုင်ဖန်းနှင့်အတူ ပိုင်မျိုးနွယ်စု၏ အခြားသော မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် အဆင့်မြင့် အကြီးအကဲများကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။

ထိုအဆင့် (၁၀) မိစ္ဆာသားရဲကြီးများသည် သူတို့၏ မျိုးဆက်သစ်အမွေခံကို ပစ်မှတ်ထားနေကြောင်း သူတို့ သိရှိကြသည်။

ထို့ကြောင့် ၎င်းကို သူတို့ လုံးဝ ခွင့်မပြုနိုင်ချေ။

လီမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့မှာမူ အခြေအနေကို စောင့်ကြည့်လိုက်ကြပြီး ပိုင်ကျီဟန် သေဆုံးသွားသည်ကိုပင် မြင်တွေ့လိုသော ဆန္ဒရှိနေကြသည်။

သို့သော်လည်း ပိုင်ထျန်းဟမ်က စတင်လှုပ်ရှားသွားပြီဖြစ်ရာ သူတို့၏ မျှော်လင့်ချက်မှာ အိပ်မက်တစ်ခုအဖြစ်သာ ကျန်ရစ်တော့သည်

မိမိတို့၏ တာဝန်ကို ပစ်ပယ်သူများအဖြစ် အထင်မခံရစေရန်အတွက် သူတို့သည်လည်း သူတို့၏ မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျွမ်းကျင်သူများကို ခေါ်ဆောင်ကာ နောက်မှ လိုက်ပါလာကြရတော့သည်။

မဟာမိတ်ဂိုဏ်းများမှ အခြားသော မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် အကြီးအကဲများလည်း ရှေ့သို့ ထွက်လာကြသည်။

ကောင်းကင်ဓားဂိုဏ်းချုပ်က သူ၏လည်ပင်းကို ဆန့်လိုက်၏

“နောက်ဆုံးတော့ ငါတို့အဆင့်နဲ့ တန်တဲ့အကောင်တွေ ပေါ်လာပြီပဲ။ ငါကိုယ်ငါ အသုံးမကျတော့ဘူးလို့တောင် ထင်နေတာ။”

အခြားသော ဂိုဏ်းချုပ်တစ်ဦးကလည်း ထပ်လောင်းပြောဆိုသည်။

“လူငယ်တွေ တိုက်ခိုက်တာကို ကြည့်ရတာလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါပေမဲ့ အခုကတော့ တကယ့်ကျွမ်းကျင်သူတွေ ဘယ်လိုတိုက်သလဲဆိုတာ ပြရမယ့်အချိန်ပဲ”

ကွပ်ကဲမှုစစ်ကြောင်းတစ်လျှောက် ရယ်မောသံများ ပဲ့တင်ထပ်သွားသည်။ သို့သော် ၎င်းမှာ စွမ်းအားနှင့် ယုံကြည်မှုတို့ ပြည့်နှက်နေသော ရယ်မောသံများသာ ဖြစ်သည်။

ထို့နောက်တွင်မူ—

ဝုန်း...

မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် အရှိန်အဝါများစွာ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာတော့သည်။

ကောင်းကင်ယံကြီးမှာ တုန်ခါသွား၏။

ဝိညာဉ်စွမ်းအင်များမှာ သောင်းကျန်းလာပြီး ကောင်းကင်တုန်ဟည်းစေသော ဧရာမဘီလူးကြီးများ၏ ဖိအားအောက်တွင် ဦးညွှတ်နေကြသယောင် ရှိသည်။

ခဏတာမျှ စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်သွား၏

ထို့နောက်

လူသားများဘက်မှ အောင်ပွဲခံကြွေးကြော်သံများမှာ မည်သည့်သားရဲဟိန်းသံထက်မဆို ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။

မျှော်လင့်ချက်မဲ့လုနီးပါး ဖြစ်နေသော တပည့်များမှာ ယခုအခါတွင် ရူးသွပ်စွာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြသည်။

တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့သည့် ဝါရင့်ကျင့်ကြံသူများပင်လျှင် သူတို့၏ သွေးများ ပြန်လည်ဆူပွက်လာသလို ခံစားလိုက်ရသည်။

ဒဏ်ရာရထားသော ကျင့်ကြံသူများပင်လျှင် ဤမြင်ကွင်းကို မြင်တွေ့နိုင်ရန် အားယူ၍ ထရပ်ကြကုန်၏။

“သူတို့တွေ လှုပ်ရှားပြီဟေ့”

“ပိုင်မျိုးနွယ်စုခေါင်းဆောင်၊ ကျောက်မျိုးနွယ်စုခေါင်းဆောင်၊ လီမျိုးနွယ်စုခေါင်းဆောင်..အင်အားအကြီးဆုံး မျိုးနွယ်စုခေါင်းဆောင် ၃ ယောက်စလုံး လှုပ်ရှားနေပြီ”

“ဂိုဏ်းချုပ်တွေလည်း ပါတယ်ဟေ့..အဲဒီမိစ္ဆာသားရဲတွေတော့ သေဖို့သာ ပြင်ထားလိုက်တော့”

မျိုးဆက်သစ် လူငယ်များစွာအတွက်မူတစ်သက်တွင် တစ်ခါသာ မြင်တွေ့နိုင်သော မြင်ကွင်းမျိုးပင် ဖြစ်တော့သည်။

အခြားသော ကျင့်ကြံသူမြောက်မြားစွာအတွက်မူ ဤသည်မှာ အင်အားအကြီးဆုံးသော ထိပ်သီးများ၏ တိုက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ရှိခွင့်ရမည့် အခွင့်အရေးပင် ဖြစ်သည်။

စစ်သည်တော်များ၏ စိတ်ဓာတ်မှာလည်း ကောင်းကင်သို့ ထိုးတက်သွားတော့သည်။

ယခင်က တုန်လှုပ်နေခဲ့သော လူသားစစ်ကြောင်းများသည် ယခုအခါ မည်သူမျှ တားဆီး၍မရနိုင်တော့ဟု ခံစားနေရသည်။

မဟာကောင်းကင်ဘုံတက်ခြင်းဆင့် ကျွမ်းကျင်သူများ ပေါ်ထွက်လာခြင်းသည် စွမ်းအားသက်သက်သာမကဘဲ လူသားတို့အတွက် မျှော်လင့်ချက်အဖြစ် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

ထိုမျှော်လင့်ချက်ကို မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျွမ်းကျင်သူများက လက်တွေ့လုပ်ရပ်ဖြင့် ပြသလိုက်ကြသည်။

ဖြောင်း...

ပိုင်ထျန်းဟမ်သည် ရပ်နေသောနေရာမှ ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်တွင် ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခုနှင့် နားကွဲမတတ် ကျယ်လောင်သော လှိုင်းလုံးကြီးတစ်ခုကိုသာ ချန်ရစ်ခဲ့သည်။

လီကျန်းဟုန်ကလည်း လေထုကို ခွဲ၍ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။

ကောင်းကင်ဓားဂိုဏ်းချုပ်မှာမူ သူ၏ဓားမှ ဖျက်ဆီးလိုသော အရှိန်အဝါများ ထွက်ပေါ်လျက် ရှေ့သို့ ဝှေ့ယှမ်းတိုးဝင်သွား၏။

ပိုင်ဖန်းနှင့် ဝါရင့်အကြီးအကဲများမှာလည်း ရှေးဟောင်းဘီလူးကြီးများ၏ မုန်တိုင်းတစ်ခုသဖွယ် ရှေ့သို့ တိုးဝင်လာကြသည်။

၎င်းတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် သားရဲများ သေကုန်ကြသည်။

အလွန်လွယ်ကူစွာပင်။

အင်အားစိုက်စရာမလိုဘဲ အရှိန်ပင် မလျော့သွားချေ။

အဆင့် (၇) သားရဲများလား... ၎င်းတို့၏ ကိုယ်ခန္ဓာများမှာ သွေးမြူများအဖြစ် ပေါက်ကွဲထွက်ကုန်၏။

အဆင့် (၈) သားရဲများလား... လက်ကောက်ဝတ်ကို တစ်ချက်ခါလိုက်ရုံဖြင့် တစ်ကိုယ်လုံး နှစ်ခြမ်းကွဲသွားရသည်။

အဆင့် (၉) မိစ္ဆာသားရဲများမှာမူ ခဏတာမျှ ခုခံနိုင်သော်လည်း မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျွမ်းကျင်သူ အမြောက်အမြားနှင့် ရင်ဆိုင်ရချိန်တွင် နောက်ဆုံး၌ သွေးပုံ၊ အရိုးပုံများအဖြစ်သာ အဆုံးသတ်သွားရတော့သည်။

၎င်းမှာ တိုက်ပွဲတစ်ခု မဟုတ်တော့ချေ။

အစုလိုက်အပြုံလိုက် ကွပ်မျက်မှုကြီးတစ်ခုသာ ဖြစ်သည်။

တားဆီး၍မရနိုင်သော စွမ်းအားလှိုင်းကြီးတစ်ခုက အရာရာကို တိုက်စားသွားလေပြီ။

လူသားကျင့်ကြံသူများသည် မျက်လုံးအစုံ ပြူးကျယ်လျက် မိမိတို့၏ အင်အားအကြီးဆုံး ထိပ်သီးများသည် သားရဲအုပ်ကြီးကို ထိုးဖောက်ကာ အစစ်အမှန် စွမ်းအားနှင့် ရှေးဟောင်းအရှိန်အဝါများဖြင့် လမ်းကြောင်းတစ်ခုကို ဖြောင့်ဖြောင့်တန်းတန်း ဖောက်ထုတ်နေသည်ကို ငေးကြည့်နေကြရသည်။

ထိုလမ်းကြောင်း၏ အဆုံးသို့ ရောက်ရှိသွားချိန်တွင်မူ -

ဖုန်မှုန့်များ ငြိမ်သက်သွားပြီး ဧရာမသားရဲကြီးများ၏ အရိပ်မည်းများက ရှေ့ဆက်မတိုးနိုင်အောင် ပိတ်ဆို့ထားသည့်အခါ -

နောက်ဆုံးတွင် သူတို့သည် အဆင့် (၁၀) မိစ္ဆာသားရဲများနှင့် မျက်နှာချင်းဆိုင် ဆုံတွေ့လိုက်ရလေပြီ။

ဧရာမ ငရဲ နဂါးကြီးသည် ၎င်း၏ ဧရာမဦးခေါင်းကြီးကို နှိမ့်ချလိုက်ရာ အရည်ပျော်နေသော အကြေးခွံများက မြည်ဟီးသွားသည်။

မုန်တိုင်းဝါးမျိုခြင်း ငှက်ကြီးက တောင်ပံများကို ဖြန့်လိုက်ရာ လျှပ်စီးများက တိမ်တိုက်များကို အစိတ်စိတ်အမွှာမွှာ ခွဲပစ်လိုက်၏။

ရှေးဟောင်း သွေးလည်ဆံမွေးခြင်္သေ့က အသက်ရှူထုတ်လိုက်ရာ အောက်ခြေမှ မြေကမ္ဘာကြီးပင် တုန်လှုပ်သွားတော့သည်။

အဆင့် (၁၀) မိစ္ဆာသားရဲ အမြောက်အမြားမှာ သူတို့၏ နောက်လိုက်သားရဲများ သေဆုံးသွားခြင်းကို ဂရုမစိုက်ကြသလို မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူများကိုလည်း အကြောက်အလန့် မရှိကြချေ။

၎င်းတို့သည်လည်း လူသားမျိုးနွယ်၏ မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျွမ်းကျင်သူများကို ရင်ဆိုင်ရန် အသင့်ဖြစ်နေကြပြီ။

ထို့နောက်တွင်မူ -

စတင်ခဲ့လေပြီ။

မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျွမ်းကျင်သူများ ရှေ့သို့ လှမ်းတက်လိုက်

သည့် ခဏ၌ စစ်မြေပြင်သည် အခြားသော ပရမ်းပတာ အဆင့်တစ်ခုသို့ ကူးပြောင်းသွားတော့သည်။ ၎င်းမှာ ထိပ်သီးဘီလူးကြီးများသာ ရပ်တည်နိုင်သည့် နေရာပင်။

ဝုန်း...

ငရဲ နဂါးကြီးက အရင်ဆုံး ခုန်အုပ်လိုက်ရာ ၎င်း၏ အကြေးခွံများသည် မီးတောင်တစ်ခုထဲတွင် သွန်းလုပ်ထားသော ချပ်ဝတ်တန်ဆာများကဲ့သို့ မြည်ဟီးနေတော့သည်။ ၎င်း၏ ကြီးမားလှသော အမြီးကြီးကို ဝှေ့ယှမ်းလိုက်ရာ မီတာရာပေါင်းများစွာ ရှည်လျားသော မြောင်းကြီးတစ်ခု ဖြစ်ပေါ်သွား၏။

ပိုင်ထျန်းဟမ်သည် ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

“လာစမ်းပါ” သူက ဟိန်းဟောက်လိုက်ရာ မျက်ဝန်းများမှာ တိုက်ပွဲဝင်လိုစိတ်များဖြင့် တောက်လောင်နေသည်။ “အဆင့် (၁၀) ကောင်တွေက ဘယ်လောက်

စွမ်းသလဲဆိုတာ ငါ့ကို ပြစမ်း”

သူက လက်သီးဖြင့် ထိုးလိုက်သည်။

ရိုးရှင်းသော လက်သီးချက်တစ်ခု ဖြစ်သော်လည်း သေရေးရှင်ရေး တိုက်ပွဲပေါင်း မြောက်မြားစွာကို ဖြတ်သန်းလာခဲ့သော မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် စစ်သည်တော်တစ်ဦး၏ စွမ်းအားအပြည့် ပါဝင်နေသည်။

ဖြောင်း...

လေထုမှာ နှစ်ခြမ်းကွဲသွား၏။ ရိုက်ခတ်မှု လှိုင်းလုံးများသည် စက်ဝိုင်းပုံသဏ္ဌာန်ဖြင့် အပြင်ဘက်သို့ ပြန့်ကားသွားပြီး အနီးနားရှိ သားရဲငယ်လေးများကို မုန်တိုင်းထဲမှ သစ်ရွက်များကဲ့သို့ လွင့်စင်သွားစေတော့သည်။

နဂါးကြီးမှာလည်း ရှောင်တိမ်းခြင်း မရှိချေ

၎င်း၏ ချော်ရည်များ ဖုံးလွှမ်းနေသော အရေခွံမှာ ပိုမိုတောက်ပလာပြီးနောက် ၎င်း၏ အမြီးကြီးဖြင့် ပိုင်ထျန်းဟမ်၏ လက်သီးကို အားကုန်လွှဲ၍ ရိုက်ချလိုက်တော့သည်။

ဝုန်း...

ထိုတိုက်ခိုက်မှုကြောင့် ကောင်းကင်ယံကြီးပင် တုန်ခါသွားရသည်။

မီးတောင်ပေါက်ကွဲမှုတစ်ခုကဲ့သို့ မီးလျှံများ ပန်းထွက်လာပြီး ရိုက်ခတ်မှု လှိုင်းလုံးများကြောင့် မြေပြင်ပေါ်တွင် ချိုင့်ခွက်ကြီးများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။

ဗလာသန့်စင်ခြင်းနယ်ပယ်ကျင့်ကြံသူများပင်လျှင် လွင့်ထွက်မသွားစေရန် သူတို့၏ အတွင်းအားများကို အသည်းအသန် ထိန်းထားကြရသည်။ ပိုင်ထျန်းဟမ်သည် နောက်သို့ ခြေလှမ်းအနည်းငယ် လွင့်ထွက်သွားပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းသော ခြေရာများ ထင်ကျန်ရစ်ခဲ့သည်။

သူသည် ထိုသားရဲကြီးကို စိုက်ကြည့်လိုက်သည်။

ထို့နောက် သူက အားရပါးရ ရယ်မောလိုက်တော့သည်။

“ဟားဟားဟား! ကောင်းတယ်..ငါ့ကို နောက်ဆုတ်အောင် လုပ်နိုင်တဲ့ကောင်နဲ့ မတွေ့ရတာ တော်တော်ကြာပြီ”

နဂါးကြီးသည် အဆိပ်ပြင်းစွာဖြင့် တရှူးရှူး မြည်ဟောက်လိုက်ပြီး ၎င်း၏ အကြေးခွံများကြားတွင် ချော်ရည်များမှာ မီးလျှံမြစ်များသဖွယ် စီးဆင်းနေသည်။

ပိုင်ထျန်းဟမ်၏ လက်ဆစ်များမှာ မြည်ဟီးသွား၏။

နဂါးကြီး၏ အမြီးမှာလည်း ကွဲအက်သွားပြီး ချော်ရည်များမှာ သွေးများကဲ့သို့ တစက်စက် ကျဆင်းနေသည်။

ဒုတိယအချီမှာ ချက်ချင်းပင် စတင်လိုက်ပြီ ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ

လီကျန်းဟုန်သည် ရှေးဟောင်း သွေးလည်ဆံမွေးခြင်္သေ့ နှင့် ရင်ဆိုင်နေရသည်။

သူ၏ လှံကို ဝှေ့ယှမ်းလိုက်တိုင်း တောင်တန်းများကို ခြေမွနိုင်သော ဖျက်ဆီးအားများ ထွက်ပေါ်လာသော်လည်း ခြင်္သေ့ကြီး၏ လောင်ကျွမ်းနေသော မီးခဲများကဲ့သို့ နီရဲနေသည့် လည်ဆံမွေးများက ထိုတိုက်ခိုက်မှုအားလုံးကို ပေါက်ကွဲအားများဖြင့် ပြန်လည်ခုခံနေသည်။

ကျောက်ဝူထျန်း မှာမူ အခြားသော မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် အကြီးအကဲတစ်ဦးနှင့် ပူးပေါင်းကာ မုန်တိုင်းဝါးမျိုခြင်းငှက်ကြီးကို တိုက်ခိုက်နေသည်။

ကီလိုမီတာတစ်ဝက်နီးပါး ရှည်လျားသော တောင်ပံများရှိသည့် ထိုငှက်ကြီးမှာ တောင်ပံတစ်ချက် ခတ်လိုက်တိုင်း မိုးကြိုးမုန်တိုင်းများကို ဖန်တီးနေတော့သည်။

တစ်ယောက်ချင်းစီ။

နှစ်ယောက်ချင်းစီ။

မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျွမ်းကျင်သူတိုင်းသည် သူတို့နှင့် အင်အားချင်း တူညီသော သားရဲကြီးများနှင့် ရင်ဆိုင်နေရသည်။

စစ်မြေပြင်တစ်ခုလုံးမှာ တပ်ကြီးများကိုပင် အစအနမကျန် ပျောက်ကွယ်သွားစေနိုင်သည့် အင်အားကြီးမားလှသော ပေါက်ကွဲမှုဇုန်များအဖြစ် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတော့သည်။

ခဏတာမျှ ဧရာမဘီလူးကြီးများ၏ စစ်ပွဲကြီးတစ်ခုအလားပင်။

တစ်ချိန်တည်းမှာပင်—

ပိုင်ကျီဟန်ကတော့ ဒါတွေကို လုံးဝ ဂရုမစိုက်ချေ။

မဟာကောင်းကင်ဘုံအဆင့် တိုက်ပွဲများကြောင့် ကောင်းကင်ကြီး တုန်ခါပြီး မြေပြင်များ အက်ကွဲနေသော်လည်း သူကတော့ လုံးဝ စိတ်မဝင်စားပေ။

“အာ... ငါ့ရဲ့ အမှတ်တွေ ရှာလို့ ရသေးတာပဲ။”

အဆင့် (၉) ဦးချိုကြီးရှိ သားရဲတစ်ကောင်၏ မျက်လုံးကို ဓားဖြင့် ထိုးဖောက်လိုက်ရင်း သူက သက်ပြင်းအသာချကာ ရေရွတ်လိုကသည်။

ရှုး...

အဆင့် (၉) သားရဲ နောက်တစ်ကောင် လဲကျသွားပြန်သည်။

(၂၈ ကောင်မြောက်။ ကောင်းတယ်။)

သူ၏ဓားသည် နောက်တစ်ကြိမ် လင်းလက်သွားပြီး ဒုတိယမြောက် အဆင့် (၉) သားရဲမှာ သူ လှုပ်ရှားလိုက်သည်ကိုပင် သတိမထားမိလိုက်ဘဲ အသက်ပျောက်သွားရသည်။

(၂၉ ကောင်မြောက်)

“မင်းတို့အားလုံး စနစ်တကျ တန်းစီနေကြစမ်းပါ” ပိုင်ကျီဟန် က သူ့ထံမှ ကြောက်လန့်တကြား နောက်ဆုတ်သွားသော အဆင့် (၉) မိစ္ဆာသားရဲအုပ်ကို ကြည့်ကာ မကျေမနပ် ရေရွတ်လိုက်သည်။

“မင်းတို့က ဒီလို ထွက်ပြေးနေရင် ငါက ဘယ်လိုလုပ် အမှတ်တွေ မြန်မြန်ရမှာလဲ?”

ဝေးလံသော တစ်နေရာတွင် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် တိုက်ပွဲများ ပေါက်ကွဲနေသော်လည်း...

ပိုင်ကျီဟန်ကတော့ ထိုအရာအားလုံးကို လျစ်လျူရှုထားသည်။

သူ၏ အာရုံမှာ တစ်ခုတည်းသာ ရှိသည်။

သူ၏ ပစ်မှတ်မှာ— စနစ်အမှတ်

အဆင့် (၁၀) သားရဲကြီးများကို မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျွမ်းကျင်သူများက ထိန်းထားပေးသောကြောင့် စစ်မြေပြင်မှာ နောက်တစ်ကြိမ် သူ၏ အမဲလိုက်ကွင်း ဖြစ်လာပြန်သည်။

သူသည် အဆင့် (၉) မိစ္ဆာသားရဲများကြားတွင် သေမင်းတမန်သဖွယ် လှုပ်ရှားနေပြီး ထိပ်သီးဘီလူးကြီးများ၏ မိုးကြိုးသံကဲ့သို့ တိုက်ပွဲသံများအောက်တွင် သူ၏ ရယ်မောသံမှာ သဲ့သဲ့လေး ပဲ့တင်ထပ်နေတော့သည်။

စနစ်မှတ်များ ထပ်မံစုဆောင်းရမည့် အချိန်သို့ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်!

All Chapters