← Chapters

မြင်ဖူးနေသလိုလို ခံစားချက်၊ အဆင့် (၁၀) မိစ္ဆာသားရဲ၏ အလှည့်

Vol. 25 Ch. 374

မြင်ဖူးနေသလိုလို ခံစားချက်၊ အဆင့် (၁၀) မိစ္ဆာသားရဲ၏ အလှည့်

Vol. 25 Ch. 374

ကောင်းကင်အင်ပါယာနှင့် မိစ္ဆာသားရဲများအကြား တိုက်ပွဲမှာ အရှိန်အဟုန်ပြင်းစွာ ဆက်လက်ဖြစ်ပွားနေဆဲပင်။

ခဏတာအတွင်း တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အကြိတ်အနယ် ရှိနေ၏

ပိုင်ကျီဟန်ကတော့အဆင့် (၉) မိစ္ဆာသားရဲများကို တရစပ် သုတ်သင်နေခြင်းကြောင့် လူသားများဘက်က အနည်းငယ် အသာစီးရလာသည်။

သို့သော်လည်း ယင်းမှာ အဆုံးအဖြတ်ပေးမည့် တိုက်ပွဲမဟုတ်သေးပေ။ စစ်မှန်သော အဆုံးအဖြတ်မှာ အဆင့် (၁၀) မိစ္ဆာသားရဲများနှင့် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူများကြား တိုက်ပွဲပင် ဖြစ်သည်။

အသာစီးရရှိသူသည် တိုက်ပွဲ၏ လားရာကို စိတ်ကြိုက် လွှမ်းမိုးနိုင်မည် ဖြစ်သည်။ သို့သော်လည်း အဆင့် (၁၀) မိစ္ဆာသားရဲများကို နှိမ်နင်းရန်မှာ မလွယ်ကူသကဲ့သို့ မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူများကို အနိုင်ယူရန်မှာလည်း ထပ်တူပင် ခက်ခဲလှပေသည်။

တစ်ဖက်လူက ပေါ့ဆခြင်း မရှိလျှင်သော်လည်းကောင်း၊ ပြိုင်ဘက်မှ အလွန်အမင်း အစွမ်းထက်သော တိုက်ကွက်ကို မထုတ်သုံးလျှင်သော်လည်းကောင်း ဤကဲ့သို့သော ထိပ်သီးပုဂ္ဂိုလ်များကြားမှ တိုက်ပွဲသည် နာရီပေါင်းများစွာ သို့မဟုတ် ရက်ပေါင်းများစွာတိုင်အောင် ကြာမြင့်နိုင်ပေသည်။

ထိုသို့ဖြစ်ရခြင်းမှာ ပထမအချက်အနေဖြင့် သူတို့၌ အတိုင်းအဆမရှိသော ချီစွမ်းအင်များ ရှိနေခြင်းကြောင့်ဖြစ်ပြီး၊ ဒုတိယအချက်မှာ တိုက်ပွဲအစတွင် အစွမ်းကုန် ထုတ်မသုံးကြခြင်းကြောင့် ဖြစ်သည်။

သူတို့သည် အကောင်းဆုံး အခွင့်အရေးကိုသာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

မဟုတ်ဘဲ စွမ်းအားအကုန် ဆက်တိုက်အသုံးပြုနေပါက ပြိုင်ဘက်ထက် အရင် စွမ်းအင်ကုန်ခမ်းသွားနိုင်ပြီး ထိုအခြေအနေသည် ကြောက်မက်ဖွယ် ဘေးဒုက္ခတစ်ခု ဖြစ်လာနိုင်ပေသည်။

ဤအချက်သည် အခြားသူများအတွက်လည်း အတူတူပင် ဖြစ်သည်။ တိုက်ပွဲ မည်မျှကြာမြင့်မည်ကို မည်သူမျှ မခန့်မှန်းနိုင်သဖြင့် လူတိုင်းသည် မိမိတို့၏ ချီစွမ်းအင်ကို ရေရှည်အတွက် ထိန်းသိမ်းထားရန် လိုအပ်ကြောင်း သိရှိနားလည်ထားကြခြင်း ဖြစ်ပေသည်။

သို့သော်လည်း တစ်စုံတစ်ယောက်ကမူ ယင်းကို ဂရုမစိုက်သည့်အလား...

"အရိပ်ကိုးပါးစီးဆင်းနေတဲ့ အလင်းဓားသိုင်း”

"အရိပ်ကိုးပါးစီးဆင်းနေတဲ့ အလင်းဓားသိုင်း”

ပိုင်ကျီဟန်သည် ကောင်းကင်အဆင့် သိုင်းကွက်ကို တစ်ကြိမ်ပြီးတစ်ကြိမ် အဆက်မပြတ် သုံးစွဲနေသည်။

သူ၏အနီးတွင် မောဟိုက်နေသည့် အရိပ်အယောင်ပင် မရှိဘဲ မိစ္ဆာသားရဲ အလောင်းများသာ တောင်လိုပုံနေလေသည်။

မိစ္ဆာသားရဲများက အုပ်စုလိုက် ချောင်းမြောင်း တိုက်ခိုက်သော်လည်း သူ၏ လျင်မြန်လှသော သိုင်းကြောင့် မည်သူမျှ မဖမ်းဆုပ်နိုင်ဘဲ တစ်ကောင်ပြီးတစ်ကောင် အသတ်ခံနေရသည်။

ပိုင်ကျီဟန်သည် ထိုမိစ္ဆာသားရဲများ အုပ်စုလိုက် ရောက်ရှိလာသည့်အခါတွင် ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိသည့်အပြင် အထူးပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေပုံရပေသည်။

မြောက်ပိုင်းကာကွယ်ရေးတပ်၏ စစ်သေနာပတိ

ဝေကျုံးယွမ်သည် ပိုင်ကျီဟန်၏ စွမ်းဆောင်ရည်ကို ကြည့်ပြီး မှင်သက်နေမိသည်။

"ပိုင်မျိုးနွယ်စုရဲ့ ဆက်ခံသူက ဒီလောက်တောင် အစွမ်းထက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

သူက ရေရွတ်လေ၏

ဝေကျုံးယွမ်သည် ကာကွယ်ရေးတပ်တွင်သာ အမြဲနေထိုင်ရသူဖြစ်၍ ကောလာဟလအချို့ကိုသာ ကြားဖူးခြင်းဖြစ်သည်။

သူသည် ပိုင်ကျီဟန်၏ ပါရမီကို မနာလိုဖြစ်မည့်အစား စိတ်သက်သာရာရသွားကာ ပြုံးမိလိုက်သည်။

ဤကဲ့သို့ ပါရမီရှင်များရှိနေပါက နောင်အနာဂတ် မိစ္ဆာသားရဲများ ကျူးကျော်မှုကို ကြောက်စရာမလိုတော့ပေ။

ပိုင်ကျီဟန်တင်မကဘဲ အခြားမျိုးနွယ်စုမှ လူငယ်များလည်း စွမ်းဆောင်နေကြသည်။ ပိုင်ရွှယ်ချင်းသည် သူမ၏ ရေခဲကောင်းကင် ပိတ်ဆို့ခြင်း - အကြွင်းမဲ့ အေးခဲနယ်မြေ သိုင်းကွက်ဖြင့် မိစ္ဆာသားရဲများကို ခဲနေအောင် လုပ်ထားပြီး သူမ၏ အဖွဲ့ဝင်များက သုတ်သင်နေကြသည်။

ပိုင်ရွှယ်ချင်းနှင့်အတူ သူတို့အဖွဲ့သည် အဆင့် (၈) မိစ္ဆာသားရဲတစ်ကောင်ကိုပင် အနိုင်ယူနိုင်ခဲ့သည်။

ထို့နောက် ကျောက်မျိုးနွယ်စုမှ အထူးသဖြင့် ကျောက်ချန်သည် မိစ္ဆာသားရဲ အုပ်စုကြီးနှင့် ရင်ဆိုင်ရသည့်အခါ အနောက်ဘက်မှနေ၍ အဝေးပစ်တိုက်ကွက်များနှင့် အခင်းအကျင်းများကို အသုံးပြု၍ တိုက်ခိုက်လေသည်။

လီမျိုးနွယ်စုမှ လီမိန်ယင်သည်လည်း အဆင့် (၆) မိစ္ဆာသားရဲများကို အလွယ်တကူ ဆွဲဖြဲပစ်နိုင်ရုံသာမက အဆင့် (၇) ရှိသော သားရဲအတော်များများကိုပင် အနိုင်ယူ ချေမှုန်းနိုင်ခဲ့ပေသည်။

သို့သော်လည်း အဆင့် (၉) မိစ္ဆာသားရဲများကို တိုက်နေသည့် ပိုင်ကျီဟန်ကိုမူ မည်သူမျှ မယှဉ်နိုင်ပေ။

"သူ ဘယ်နှကောင်တောင် သတ်ဖို့ ရည်ရွယ်ထားတာလဲ..."

ဝေကျုံးယွမ်သည် ရေတွက်ရင်း အကောင်၅၀ ကျော်သွားသောအခါ ခေါင်းခါယမ်းမိတော့သည်။ ပိုင်ကျီဟန်မှာ မောပန်းခြင်းမရှိဘဲ ပို၍ပင် စိတ်လှုပ်ရှားနေပုံရသည်။

"ရမှတ် ၅၀၀၀”

အရာရှိထဲမှတစ်ယောက်က ရေရွတ်မိပြန်သည်။

သို့သော်လည်း ထိုမြင်ကွင်းကို ကြည့်ရှုနေသူတိုင်း၏ ခံစားချက်မှာ တူညီနေကြပေသည်။ ပိုင်ကျီဟန်သည် မိစ္ဆာသားရဲများကို တဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသောကြောင့် သားရဲများမှာ မည်သို့မျှ ပြန်လည်ခုခံနိုင်ခြင်း မရှိကြပေ။

ပိုင်ကျီဟန် တစ်ဦးတည်းကပင် တိုက်ပွဲတစ်ခုတည်း၌ သတ်ဖြတ်ခဲ့သော မိစ္ဆာသားရဲ အရေအတွက်သည် မြောက်ဘက်ခံစစ်ကြောင်းကို တစ်သက်လုံး စောင့်ကြပ်လာခဲ့ကြသည့် ဝါရင့်စစ်သည်တော်များထက်ပင် ပိုမိုများပြားနေပေသည်။

"သတိမပေါ့ကြနဲ့ဦး..တပ်ဖွဲ့အားလုံး အကောင်းဆုံး အခြေအနေမှာ ရှိနေပါစေ၊ မိစ္ဆာကျင့်ကြံသူတွေ ပေါ်လာတာနဲ့ သူတို့ရှိတဲ့နေရာကို ချက်ချင်း ရှာဖွေကြ”

တပ်မှူးဝေက အမိန့်ပေးလိုက်ပေသည်။

"ဟုတ်ကဲ့ပါခင်ဗျာ”

အရာရှိများက ပြန်လည်ဖြေကြားကြလေသည်။

"ရမှတ် ငါးထောင်”

နာရီပေါင်းများစွာ ကုန်ဆုံးသွားသော်လည်း ပိုင်ကျီဟန်သည် သူရရှိမည့် ရမှတ်များကိုသာ အာရုံစိုက်နေပေသည်။

သူ၏တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေပြီး သံချေးညှော်နံ့များ နံစော်နေသော်လည်း သူသည် ဂရုမစိုက်ပေ။ သူ၏ အခုလက်ရှိပန်းတိုင်မှာ ရမှတ် တစ်သောင်း ပြည့်ရန်သာ ဖြစ်ပေသည်။

သို့သော်လည်း သူသည် အဆင့် (၉) မိစ္ဆာသားရဲများကို သတ်ဖြတ်ရုံသက်သက်ဖြင့် ကျန်ရှိသမျှကို လျစ်လျူရှုထားခြင်းမျိုးတော့ မဟုတ်ပေ။

သူသည် မိမိမျိုးနွယ်စု၏ အခြေအနေကို တစ်ချက်လှမ်းကြည့်လိုက်ရာ အားလုံးသည် အခြေအနေ အလွန်ကောင်းမွန်နေကြပြီး အထူးသဖြင့် ပိုင်ရွှယ်ချင်းသည် ပို၍ပင် ထူးခြားနေပေသည်။

သူမသည် အဆင့်တက်လှမ်းနိုင်ခဲ့ပုံရပြီး သူမ၏ ချီစွမ်းအင်သည် ပိုမိုနက်ရှိုင်းလာကာ အစွမ်းထက်သော ရေခဲချီစွမ်းအင်များ ပါဝင်နေသဖြင့် ဗလာသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် စက္ကန့်အနည်းငယ်ကြာ အေးခဲသွားစေနိုင်ပေသည်။

သူမသည် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့် ကျင့်ကြံသူကိုပင် အနိုင်ယူနိုင်စွမ်း ရှိကောင်းရှိနိုင်ပေသည်။

အကယ်၍ သူသာ မရှိခဲ့လျှင် လုရှန်ယွမ်သည်ပင် သူမ၏လက်ချက်ဖြင့် ရှုံးနိမ့်သွားနိုင်သည်ဟု ပိုင်ကျီဟန်က တွေးတောမိပေသည်။

သူမကို ပေးခဲ့သော ကောင်းကင်အဆင့် ကျင့်စဉ်သည် သူမျှော်လင့်ထားသည်ထက်ပင် ပိုမို ထိရောက်နေပုံရပေသည်။

ချူကျီယန်သည်လည်း ခန့်မှန်းထားသည်ထက် ပို၍ စွမ်းဆောင်နိုင်နေပေသည်။

ထို့ကြောင့် သူတို့အတွက် စိုးရိမ်စရာ သိပ်မရှိသော်လည်း ပိုင်ကျီဟန်သည် မသိစိတ်ဖြင့်ပင် သူတို့ဆီသို့ ဦးတည်နေသော အစွမ်းထက်သည့် မိစ္ဆာသားရဲများကို ကြိုတင်သတ်ဖြတ်ပေးနေပေသည်။

ရွှမ်

ပိုင်ကျီဟန်သည် အခြားမိစ္ဆာသားရဲတစ်ကောင်၏ ဦးခေါင်းခွံပေါ်သို့ ခုန်တက်ကာ ဓားဖြင့် မျက်ခုံးအလယ်တည့်တည့်သို့ ထိုးစိုက်

လိုက်ပေသည်။

"ငါးထောင် နှစ်ရာမှတ်။"

ထိုကိန်းဂဏန်းသည် သေအံ့ဆဲဆဲ သားရဲ၏ အော်ဟစ်သံထက် သူ၏စိတ်ထဲတွင် ပို၍ အရေးကြီးနေပေသည်။

သွေးမြူများ ဘေးပတ်ပတ်လည်တွင် လွင့်စင်သွားပြီး ဓားအလင်းတန်းသည် လရောင်ရေပြင်ပေါ်တွင် လှိုင်းထနေသကဲ့သို့ တောက်ပနေပေသည်။

အရိပ်ကိုးပါး စီးဆင်းနေတဲ့အလင်းဓားကို အောက်သို့ နှိမ့်ချလိုက်တိုင်း အဆင့် (၉) သားရဲတစ်ကောင်သည် နှစ်ပိုင်းပြတ်၍သော်လည်းကောင်း၊ အစအနမကျန် ပျောက်ကွယ်၍သော်လည်းကောင်း လဲကျသွားရပေသည်။

သူသည် အရှိန်မလျှော့ပေ။ ပို၍ပင် မြန်ဆန်လာပေသည်။

ပို၍ ရဲတင်းလာ၏

ပို၍လည်း စိတ်လှုပ်ရှားလာပေသည်။

အခြားသူများအတွက် ဤစစ်မြေပြင်သည် ငရဲဘုံသဖွယ် စစ်ပွဲတစ်ခု ဖြစ်၏

ပိုင်ကျီဟန်အတွက်မူ သွေးနီရောင် လွှမ်းနေသော အမဲလိုက်ကွင်းပြင်တစ်ခုသာ ဖြစ်ပေသည်။

ဝုန်း

မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီးက စစ်မြေပြင်ကို ဖြတ်သန်းသွားပေသည်။

အထက်ကောင်းကင်ယံတွင် တောက်ပသော နေမင်းကဲ့သို့ ချီစွမ်းအင်ကြောင့် ကျော်ကြားသော မြစိမ်းရောင် နေမင်းဂိုဏ်း၏ ဂိုဏ်းချုပ် ယွင်ဟွမ်ဖန်းသည် ပါးစပ်မှ သွေးများ ပန်းထွက်ကာ နောက်သို့ လွင့်ထွက်သွားပေသည်။

သူ တားဆီးထားသော အဆင့် (၁၀) မိစ္ဆာသားရဲကြီးသည် အောင်နိုင်သူအလား ဟိန်းဟောက်ကာ လွတ်မြောက်လာပေသည်။

ထို့နောက် ထိုသားရဲကြီးသည် လှည့်ကြည့်

လိုက်ပေသည်။

အခြားသော မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ပညာရှင်များထံသို့ မဟုတ်ပေ။

အခြားသော အစွမ်းထက်သည့် ဗလာသန့်စင်

ခြင်းအဆင့် အဖွဲ့များထံသို့လည်း မဟုတ်ပေ။

၎င်းသည် ပိုင်ကျီဟန်ထံသို့ တည့်တည့်မတ်မတ် ပြေးဝင်လာပေသည်။

"အဆင့် (၁၀) မိစ္ဆာသားရဲကြီးက ပိုင်ကျီဟန်ဆီကို ဦးတည်နေပြီ”

"တောက်! ပိုင်ကျီဟန် ချက်ချင်းပြေးသင့်တယ်..ဒါက အစောကလို အဆင့် (၉) ကောင်မျိုး မဟုတ်ဘူး”

"သူ ဘာလို့ မလှုပ်တာလဲ? ဒါကို ရင်ဆိုင်ဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်?၊ အဆင့် (၉) ကောင်တွေကို သတ်နိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသွားတာလား?"

များစွာသော လူတို့မှာ အံ့အားသင့်ကာ စိုးရိမ်နေကြပေသည်။

ပို၍ အရေးကြီးသည်မှာ ပိုင်ကျီဟန်သည် မလှုပ်မယှက် ရှိနေခြင်း ဖြစ်ပေသည်။ သူ့အကြောင်းကို သိကြသူများမှာမူ ၎င်းသည် ကြောက်ရွံ့ခြင်းကြောင့် မဟုတ်သည်ကို သိကြပေသည်။

အကယ်၍ သူသာ ကြောက်ရွံ့ခဲ့လျှင် အဆင့် (၉) မိစ္ဆာသားရဲ အကောင်ငါးဆယ်ကျော်ကို သတ်ဖြတ်နိုင်ခဲ့မည် မဟုတ်ပေ။

ပိုင်ကျီဟန်သည် အေးစက်စွာ ရယ်မောလိုက်ပေသည်။

အလွန် ရင်းနှီးနေသော မြင်ကွင်းတစ်ခု ဖြစ်ပေသည်။

ပြီးခဲ့သော အကြိမ်က ကျောက်မျိုးနွယ်စုမှ အကြီးအကဲသည် သူ၏ထံသို့ အဆင့် (၉) သားရဲတစ်ကောင်ကို မတော်တဆလွှတ်ပေးခဲ့ဖူးပေသည်။

ယခုတစ်ကြိမ်တွင်မူ မြစိမ်းရောင်နေမင်းဂိုဏ်း၏ ဂုဏ်သရေရှိ ခေါင်းဆောင် ဖြစ်နေပေသည်။

တိုက်ဆိုင်မှုလော?

ရိုးရိုးသားသား မှားယွင်းမှုလော?

သူသည် ထိုအချက်ကို တစ်စက္ကန့်မျှပင် မယုံကြည်ပေ။

ယွင်ဟွမ်ဖန်း၏ သရုပ်ဆောင်ချက်မှာ ကျောက်မျိုးနွယ်စု အကြီးအကဲထက် ပို၍ ကောင်းမွန်နေပြီး ပိုင်မျိုးနွယ်စုနှင့် ထိုဂိုဏ်းကြားတွင်လည်း ရန်ငြိုးရန်စ ရှိသည်ဟု လူသိရှင်ကြား မရှိခဲ့ပေ။

ထို့ကြောင့် ၎င်းကို ရိုးသားသော မှားယွင်းမှုအဖြစ် မြင်နိုင်ပေသည်။

သို့သော်လည်း ပိုင်ကျီဟန်သည် ကျင်းယွမ်ကျန်းကို သူ၏လက်ထဲတွင် ခေါ်ထားသဖြင့် သူတို့၏ မှောင်မိုက်သော လျှို့ဝှက်ချက်များ ပေါက်ကြားသွားမည်ကို စိုးရိမ်နေကြမှန်း သူသိပေသည်။

ထို့ကြောင့်ပင် ယွင်ဟွမ်ဖန်းသည် အဆင့် (၁၀) သားရဲကို အသုံးချကာ သူ့ကို သတ်ဖြတ်ရန်အတွက် ပြင်းထန်သော ဒဏ်ရာရရှိသယောင်အထိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။

ယွင်ဟွမ်ဖန်းသည် "အသည်းအသန် ဒဏ်ရာရရှိသူ" အဖြစ် အပိုင် သရုပ်ဆောင်နေသော်လည်း ပိုင်ကျီဟန်ကမူ စိတ်ထဲမှ လှောင်ပြုံး ပြုံးနေပေသည်။

ဒါသည် သူ့ကို သူတစ်ပါးလက်ဖြင့် သတ်ရန် ကြံစည်မှုသာ ဖြစ်သည်ဟု အခိုင်အမာ ယူဆထားပေသည်။

သို့သော်လည်း

"အား ဂိုဏ်းချုပ်ယွင် သေတော့မယ်”

"မဟုတ်ဘူး..ဂိုဏ်းချုပ်ကို တစ်ယောက်ယောက် ကူညီကြပါဦး”

"သူ့ရဲ့ ချီစွမ်းအင်တွေ ပြိုကွဲနေပြီ။သူ တကယ် သေတော့မှာ”

ပိုင်ကျီဟန်၏ မျက်နှာအမူအရာမှာ တွန့်ချိုးသွားပေသည်။

"... ဘာ?"

သူသည် အထက်သို့ ပြန်ကြည့်လိုက်ရာ သူကိုယ်တိုင်ပင် အံ့အားသင့်သွားရပေသည်။

ယွင်ဟွမ်ဖန်းသည် သရုပ်ဆောင်နေခြင်း မဟုတ်ပေ။

သူသည် တကယ့်ကို သနားစဖွယ် အခြေအနေသို့ ရောက်ရှိနေပြီး ဝတ်ရုံများမှာ စုတ်ပြတ်နေကာ လက်တစ်ဖက်မှာလည်း သုံးမရတော့ဘဲ တွဲလောင်းကျနေပေသည်။

အရေပြားအောက်ရှိ ဝိညာဉ်ကြောများမှာလည်း ပေါက်ပြဲနေသည်ကို မြင်နေရပေသည်။

သူ၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော်နေပြီး မျက်လုံးများမှာလည်း အာရုံမရှိတော့ပေ။

အကြီးအကဲတစ်ဦးက သူ့ကို ထိတ်လန့်တကြား ဆွဲခေါ်သွားရင်း ဆေးဆရာများကို အော်ဟစ်ခေါ်ယူနေပေသည်။

"စီနီယာအစ်ကို၊ စီနီယာအစ်ကို၊ သတိထားပါဦး”

အကြီးအကဲများစွာ ပြေးဝင်လာကာ အကာအကွယ် အစီအရင်တစ်ခု ပြုလုပ်ကြပေသည်။

ဂိုဏ်းချုပ်၏ ဦးခေါင်းသည် ဘေးသို့ စောင်းကျသွားပေသည်။

သူသည် သွေးများစွာကို အန်ထုတ်လိုက်ပေသည်။

ပိုင်ကျီဟန်သည် မျက်တောင်တစ်ချက် ခတ်လိုက်ပေသည်။

"... ဟမ်။"

(ဒါဆို... အဲ့ဒီလူက တကယ်ကြီး သေတော့မှာပေါ့?)

ကျောက်မျိုးနွယ်စု အကြီးအကဲလိုမျိုး ပရိယာယ်ဆင်နေသည်ဟု သူ ထင်ခဲ့သော်လည်း ယွင်ဟွမ်ဖန်း၏ အခြေအနေမှာ လူဝင်စားရန် ခြေတစ်လှမ်း လှမ်းနေသကဲ့သို့ ဖြစ်နေသဖြင့် သူ၏ အစောက အတွေးအပေါ် သံသယဝင်လာပေသည်။

အကယ်၍ ဤသည်မှာ သရုပ်ဆောင်နေခြင်း ဖြစ်ပါက မြစိမ်းရောင်နေမင်းဂိုဏ်းကို ချီးကျူးရမည်ဖြစ်ပြီး ကျင့်စဉ်ကျင့်မည့်အစား သရုပ်ဆောင်လောကသို့ ကူးပြောင်းရန် သူ အကြံပြုရပေလိမ့်မည်။ စစ်မြေပြင်တစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်သွားပေသည်။

မြစိမ်းရောင်နေမင်းဂိုဏ်းချုပ် အသည်းအသန် ဒဏ်ရာရသွားပြီ”

"မြန်မြန်၊ သူ့ကို ကာကွယ်ကြ”

ထိုအတောအတွင်း ယွင်ဟွမ်ဖန်းကို အဆုံးသတ်လိုက်သင့်သော အဆင့် (၁၀) မိစ္ဆာသားရဲကြီးသည် ထိုသို့ မပြုလုပ်ပေ။

၎င်းအစား ၎င်း၏ ကြီးမားသော ဦးခေါင်းကို နှိမ့်ချကာ ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ပြေးဝင်လာပေသည်။

ပိုင်ကျီဟန်ထံသို့ တည့်တည့်မတ်မတ်ပင် ဖြစ်ပေသည်။

ပိုင်ကျီဟန် သက်ပြင်းချလိုက်ပေသည်။

ဒါသည် တမင်တကာလော သို့မဟုတ် တကယ့် မတော်တဆလော ဆိုသည်ကို သူ မသိသော်လည်း မည်သို့ပင်ဖြစ်စေ ထိုမိစ္ဆာသားရဲသည် သူ့အပေါ် ရန်ငြိုးရှိနေပုံရပေသည်။

သူ၏ခြေရင်းတွင် အလောင်းပုံကြီး ရှိနေသည်ဖြစ်ရာ သူလည်း ပြောပိုင်ခွင့်တော့ မရှိပေ။

သူ သတ်ဖြတ်ခဲ့သော မိစ္ဆာသားရဲ အရေအတွက်ကို ကြည့်ခြင်းအားဖြင့် သူ၏ မိဘများကို မိစ္ဆာသားရဲများက သတ်ဖြတ်ခဲ့သည်ဟုပင် ထင်မှတ်ရပေသည်။

"မင်းရဲ့ မိသားစုအတွက် လက်စားချေချင်တာလား? ဒါဆိုရင် မင်းမှာ အဲ့ဒီလောက် အရည်အချင်းရှိမရှိ လာကြည့်လိုက်စမ်း”

All Chapters