← Chapters

နန်းကုန်းလီ ထိတ်လန့်သွားခြင်း

Vol. 22 Ch. 319

နန်းကုန်းလီ ထိတ်လန့်သွားခြင်း

Vol. 22 Ch. 319

“???”

လျိုဝူရွှမ်းသည် ဤမြင်ကွင်းကို စိုက်ကြည့်ရင်း ပါးစပ်အဟောင်းသားဖြစ်ကာ လုံးဝ အံသြသွားခဲ့သည်။

ဘယ်လိုမှမဖြစ်နိုင်ဘူး။

အစီအရင်က ဒီလောက်မြန်မြန်ကြီး ပျက်သွားပြီလား။

လျိုဝူရွှမ်းသည် အစောက အချိန်များကို စိတ်ပိုင်းဆိုင်ရာ တွက်ချက်ကြည့်လိုက်သည်။ အစီအရင်ကို ထိတွေ့ချိန်မှစဥ် ဖျက်စီးပြီးသည်အထိ စက္ကန့်နှစ်ဆယ်အောက်သာ အချိန်ယူခဲ့ရပုံပေါ်၏။

အဓိပတိမဟာမိတ်သည် ဤရွှမ်ဝူအစီအရင်ကို အတုလုပ်နိုင်ရန် ဆယ်နှစ် စုဆောင်းခဲ့သော ရတနာများကို အသုံးပြုခဲ့ရသည်။ ကျန်းဟိုင်မြို့ အကာအကွယ် အစီအရင်ထက် အဆပေါင်းရာနှင့်ချီ၍ အားကောင်းသည်။

သို့သော် ဤအစီအရင်ကို ချိုးဖျက်ပြီးတာတောင် ချင်းယန်က အဆင်ပြေနေသေး၏။ အစီအရင်ကို အထူးပြု တည်ဆောက်ခဲ့သော မဟာမိတ်အဖွဲ့မှ အဓိပတိများသာ သိလျှင် မျက်စိမှိတ်ငိုလိမ့်မည်။

"ဂိုဏ်းချုပ်လေးရဲ့ အစွမ်းအစက လုံးဝကို ခန့်မှန်းလို့ မရဘူး..."

ထိုအချိန်တွင် ပြင်းထန်သော သွေးညှီနံ့များ ပျံ့လွင့်လာသည်။ ကြေးတိုင်ခြေရင်း၌ တစ်စုံတစ်ခု ဖြစ်ပျက်နေသည့်အလား မီးနီရောင် ဖျော့ဖျော့လေး လင်းနေ၏။

"ဘာဖြစ်နေတာလဲ?"

ချင်းယန်သည် သူ၏ အတွင်းအားများကို ငြိမ်သက်စေပြီး ဖြည်းညင်းစွာ အသက်ရှူသွင်းလိုက်သည်။ ထို့နောက် လျိုဝူရွှမ်းဘက်သို့ တစ်ချက် စောင်းကြည့်လိုက်သည်။

"ခင်ဗျားမျက်နှာက ဘာလို့ဒီလောက် ဖြူဖျော့နေတာလဲ။ ကျွန်တော် အဓိပတိမဟာမိတ်ရဲ့ ပစ္စည်း တစ်ခုခုကို ချိုးဖျက်လိုက်တာ မပျော်လို့လား?!"

"အဟွတ်! အဲ့လို မဟုတ်ပါဘူး ဂိုဏ်းချုပ်လေး"

လျိုဝူရွှမ်းသည် နှစ်ကြိမ်မျှ ချောင်းဆိုးလိုက်ပြီး ထိုသို့ အတွေးတစ်စုံတစ်ရာ မရှိကြောင်း အလျင်အမြန် ငြင်းဆိုလိုက်သည်။

"ရွှမ်ဝူအစီအရင်ကို လက်တစ်ဖက်တည်းနဲ့ ချိုးဖျက်လိုက်တာ တကယ်ကို လေးစားမိပါတယ်! ဒီလို စွမ်းရည်နဲ့ အစီအရင် ကျွမ်းကျင်မှုနဲ့သာဆို..."

သူသည် ထိုစကားကို ဆက်မပြောတော့ဘဲ ခေတ္တရပ်ကာ ဘေးဖယ်ထားသော ကြေးတိုင်ကို ကြည့်လိုက်သည်။

“နိယာမစွမ်းအင် အားလုံးကို ချိုးဖျက်ဖို့ အင်အားနည်းနည်းပဲ သုံးရတာမျိုး တစ်ခါမှ မကြားဖူးဘူး။”

"အင်း.. ကောင်းပြီ ကျွန်တော့်ကို ချော့မော့မနေနဲ့။ ဆက်သွားရအောင်။"

ချင်းယန်သည် လျိုဝူရွှမ်း၏ အဆက်မပြတ် ပြောဆိုမှုကို ရပ်တန့်ခိုင်းလိုက်ပြီး ရေအောက်ထဲသို့ ဖြတ်ကူးသွားခဲ့သည်။ သူတို့ ဆက်ဆင်းလာသောအခါ ကြေးတိုင်၏ မူလနေရာသို့ ရောက်လာ၏။ ကြေးတိုင်ကို ဖြုတ်လိုက်ပြီးနောက် ၎င်း၏အောက်ခြေကို ဖော်ထုတ်ပြခဲ့သည်။

ထိုအရာမှာ သွေးနီရောင် ယဇ်ပလ္လင်ပင်။ ၎င်းကို ထူထပ်သော အစီအရင်ပုံစံများဖြင့် ဖုံးအုပ်ထားကာ ချောက်ချားဖွယ်ရာနှင့် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို ဖန်တီးပြထား၏။ တွင်းထဲတွင် မရေမတွက်နိုင်သော အလောင်းများ ရောထွေးနေကြသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ပျို့အန်ချင်လာသည့် ခံစားချက်ကို လှုံ့ဆော်ပေးနိုင်လောက်အောင် ပြင်းထန်လှသည်။

သွေးနိယာမများက ယဇ်ပလ္လင်တစ်ဝိုက်တွင် အဆက်မပြတ် စီးဆင်းနေသည်။ အပေါ်စီးမှ သွေးနီရောင်မျဉ်းများ ဖြန့်ကျက်ကာ လှမ်းမလှမ်းနိုင်သော ကောင်းကင်ဆီသို့ ရောက်ရှိသွားသည်ကို မြင်လိုက်ရ၏။

"သွေးဝိညာဥ်အစီအရင်"

လျိုဝူရွှမ်းသည် ခက်ခက်ခဲခဲ တံတွေး မျိုချလိုက်ရသည်အထိ လည်ချောင်းက တဆက်ဆက် တုန်လာခဲ့သည်။ မုန့်ထျန်းရွှမ်ထံမှ ၎င်း၏အကြောင်းကို နေ့တိုင်းကြားနေရသော်လည်း မျက်လုံးဖြင့် မြင်လိုက်ရသည့် မြင်ကွင်းကသာ သူ့အား တုန်လှုပ်သွားစေ၏။

ထိုကြက်သွေးရောင် မျဉ်းများသည် ကောင်းကင်နှင့် မြေကြီး၏ နေရာအနှံ့သို့ ရောက်သွားပုံရသည်။

ချင်းယန် အပေါ်ကို မော့ကြည့်လိုက်ရာ ကြက်သွေးရောင် မျဉ်းကြောင်းများသည် ရေအလွှာများမှတစ်ဆင့် ကောင်းကင်အထိ ရောက်သွားသည်။ အဆုံးတွင် သူ၏ သူငယ်အိမ်များလည်း ရုတ်တရက် ကျုံ့သွားကာ အနှီမြင်ကွင်းကြောင့် ထိတ်လန့်သွား၏။

ထိုသွေးလိုင်းများသည် အမှန်တကယ်ပင် ကောင်းကင်ရှိ တွင်းနက်များဆီသို့ တိုက်ရိုက် ဦးတည်သွားနေလေသည်။

"ဒါဆို ဒါက... သွေးဝိညာဉ်အစီအရင်လား?"

...

...

ယခုအချိန်တွင် မနက်ခင်း နှင်းဖွဲဖွဲလေးများ တိတ်သွားချေပြီ။ ချင်းယန် စူးစမ်းရှာဖွေနေစဉ် ကမ်းစပ်တွင်တော့ အရုဏ်တက်သွားခဲ့ပြီ ဖြစ်သည်။

ထိုအခိုက် ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီ၊ ထန်ဖေး အဆောက်အအုံ၏ အဝင်ဝတွင်။

နေရောင်ခြည်၏ ပထမဆုံးရောင်ခြည်သည် မိုးကုပ်စက်ဝိုင်း တစ်လျှောက် နွေးထွေးစွာ ဖြာကျနေပြီး အဆောက်အအုံ၏ ဆိုင်းဘုတ်ပေါ်ရှိ စာလုံးကြီးများသည်လည်း တောက်ပလျက် ရှိ၏။

စင်္ကြံပေါ်၌ လူအုပ်ကြီးများ ဖြတ်သွားနေကြသည်။ မနက် ၈ နာရီတွင် အတန်းတက်ရမည့် ကျောင်းသားများ ဟိုဟိုဒီဒီ ပြေးလွှားနေကြသည်။

နန်းကုန်းလီသည် ဘဲတစ်အုပ် ရေကူးသွားသကဲ့သို့ စည်ကားနေသော လူအုပ်ကြားတွင် တိတ်တဆိတ် ရောဝင်နေခဲ့သည်။ မည်သည့်ကျောင်းသားကမှ သူ ရောက်ရှိနေခြင်း ရှာမတွေ့နိုင်ချေ။ နန်းကုန်းလီ ဤနေရာတွင် တစ်ညလုံး စောင့်ဆိုင်းနေကာ အလျင်စလို လှုပ်ရှားခြင်း မရှိပေ။

သားရဲနတ်အရှင်အတွက် သွေးပူဇော်သက္ကာများ ပြင်ဆင်ရမညိ ဖြစ်သောကြောင့် ဤအချိန်၌ ခေတ္တအနားယူရန် လိုအပ်သည်။ စိတ်လည်း ရှည်ရမည်။ စောင့်ဆိုင်းခြင်း ဆိုသည်မှာ သူ၏ အခြေခံကျွမ်းကျင်မှု တစ်ခုသာဖြစ်သည်။

ယခုအချိန်တွင် လောင်လီ(လူအိုလီ) သည် ဂိုဏ်းဆရာနယ်ပယ်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ကျန်းဟိုင်မြို့၏ ကိုယ်ခံပညာအသိုင်းအဝိုင်းရှိ လူတိုင်းလိုလို သိနေချေပြီ။ ဤသည်မှာ နန်းကုန်းလီ ရောက်လာရသည့် အကြောင်းအရင်းပင်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည့်အပြင် ကျောင်းသားမျိုးစုံဟာလည်း သူ့ကို ကျော်ဖြတ်သွားလာနေကြသည်။ နန်းကုန်းလီသည် တရားထိုင်နေသော ဘုန်းကြီးတစ်ပါးကဲ့သို့ ငြိမ်သက်စွာ မျက်လုံးမှိတ်ထားလေ၏။

သိပ်မကြာခင်မှာပင် ကျောင်းသားများ၏ ရယ်မောသံနှင့် စကားစမြည် ပြောသံများသည် မီးခိုးငွေ့များပမာ ပျောက်ကွယ်သွားခဲ့သည်။

အချိန် ဘယ်လောက်ကုန်သွားပြီလဲ မသိ။

"ရွှမ်းရွှမ်း မင်း အခု မွေးရာပါနယ်ပယ် ရဲ့ အထွတ်အထိပ်ကို ရောက်ပြီး ဂိုဏ်းဆရာနယ်ပယ်ကို ဖြတ်သွားတော့မယ်။ မင်း နားမလည်တာ တစ်ခုခုလို့လား။"

“အင်း မဆိုးပါဘူး ဆရာ…”

စကားဝိုင်းတစ်ခု လွင့်ပျံလာခိုက် နန်းကုန်းလီ ရုတ်တရက် မျက်လုံးပွင့်လာပြီး အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ကာ သူ၏ပစ်မှတ်ကို ချက်ချင်း သော့ခတ်လိုက်သည်။

"သူတို့ ဒီမှာပဲ!"

လောင်လီနှင့် လီကျစ်ရွှမ်းတို့ စင်္ကြံတစ်လျှောက် လမ်းလျှောက်လာခဲ့၏။ ဖြတ်သွားသော ကျောင်းသား အနည်းငယ်သည် ကြွေကျနေသော သစ်ရွက်ခြောက်များကြား၌ တစ်စုံတစ်ခုကို ဆွေးနွေးနေကြပုံရသည်။

"နောက်ကျရင်တော့ မင်း အစ်ကိုကြီးကို သေသေချာချာလေး ကျေးဇူးတင်ရမယ်။"

“ခဏ ဆရာ…”

ထိုအခိုက် လီကျစ်ရွှမ်း ရုတ်တရက် ရပ်တန့်သွားပြီး သူမ၏ နူးညံ့သော မျက်ခုံးများက အနည်းငယ် တွန့်ချိုးသွားသည်။ သူမသည် ခါးမှ ဓားကို အလိုလို ထိလိုက်မိကာ သူမ၏ သေးသွယ်သော လက်ချောင်းများက လက်ကိုင်ကို တင်းနေအောင် ဆုပ်ထားမိ၏။

"တစ်ခုခုတော့ မှားနေသလိုပဲ"

"ဘာဖြစ်တာလဲ "

လောင်လီသည် သူ၏ဖြူဖွေးသော မျက်ခုံးမွှေးများကို ပင့်တင်ကာ ပဟေဠိ ဖြစ်သွားသည်။

"တစ်ခုခု ဖြစ်လို့လား။"

သို့သော် သူ၏မေးခွန်း မဆုံးသေးခင် လီကျစ်ရွှမ်းထံမှ အေးမြစူးရှသော အလင်းတန်းတစ်ခု လင်းလက်လာသည်။

၎င်းသည် အနီးနားရှိ ကုလားထိုင် တစ်ခုဆီသို့ တည့်တည့် ပြေးသွားကာ ၎င်း၏လမ်းကြောင်းပေါ်ရှိ ပန်းများနှင့် မြက်ပင်များကို ကြဲဖြန့်ပစ်ခဲ့သည်။ လီကျစ်ရွှမ်းသည် ကြိုတင် ပြင်ဆင်ထားခြင်း မရှိဘဲ ဓားကိုဆွဲကာ အနောက်မြောက်ဘက်သို့ လွှဲယမ်းလိုက်၏။

အားကောင်းသော ဓားအလင်းသည် ကုလားထိုင်ပေါ်ရှိ အဘိုးအိုဆီသို့ တည့်တည့် ထိုးဖောက်သွားသည်။

သို့သော် နောက်အခိုက်အတန့်၌။

*ဝုနိး—*

ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်သည် ပင်လယ်ထဲသို့ နစ်မြုပ်သွားသကဲ့သို့ ပျောက်ကွယ်သွားသည် ။

*ဖြောင်း ဖြောင်း—*

နန်းကုန်းလီက လက်ခုပ်တီးကာ သူ၏ အနက်ရောင်ဝတ်ရုံကို ရုတ်သိမ်းလိုက်ပြီး ကုလားထိုင်မှ ဖြည်းညင်းစွာ ထလိုက်သည်။

"မဆိုးပါဘူး ကလေးမလေး။ မင်းတကယ် သတိထားတတ်တာပဲ... လူသတ်ချင်တဲ့ အရိပ်အမြွက်လေး ထုတ်ပေးလိုက်ရုံနဲ့ မင်းနားလည်နေပြီ။ မင်းက ဂိုဏ်းချုပ်ချင်းရဲ့ အငယ်တန်း ညီမလေး ဖြစ်နေတာ မဆန်းပါဘူး။"

"ရှင် ဘယ်သူလဲ?"

လီကျစ်ရွှမ်းသည် သူမ၏ဓားကို ရဲရဲကြီး ဆုပ်ကိုင်ထားလိုက်သည်။

"အရှင်ကျိုထျန်းလား?"

"ဟမ့်။"

နန်းကုန်းလီသည် အေးစက်စွာ သရော်လိုက်ပြီးနောက် ပြန်မဖြေနေဘဲ လက်ဖဝါးစွမ်းအင်ကို တိုက်ရိုက် ထုတ်လိုက်လေသည်။ ကောင်းကင်မှ ဆင်းသက်လာသော အမြင့်ဆုံးဖိအားသည် အားနည်းလှသော လူနှစ်ဦးကို ဖမ်းချုပ်တော့မည့် ငှက်လှောင်အိမ်အဖြစ်သို့ ပြောင်းလဲသွား၏။

"ရွှမ်းရွှမ်း! ထွက်သွားတော့!"

လောင်လီသည် နောက်ဆုံး အခိုက်အတန့်တွင်ပင် သူ၏တပည့်မအတွက် စိုးရိမ်နေဆဲ ဖြစ်ပြီး လီကျစ်ရွှမ်းကို စွမ်းအင်ဧရိယာအပြင်သို့ အမြန်တွန်းထုတ်နေခဲ့သည်။

လက်ဖဝါးအတွင်းက စွမ်းအင် အရိပ်အယောင်ဟာ လူတစ်ဦးတည်းကို ပစ်မှတ်ထားခြင်း မဟုတ်လေဘဲ အားလုံးကို ဖုံးအုပ်ထားသောကြောင့် လွတ်မြောက်နိုင်ခြင်း မရှိပေ။

ဗုန်း!

လက်ဖဝါးစွမ်းအင် ရိုက်ချလိုက်သည်နှင့် နှစ်ယောက်လုံး သတိလစ်သွားကြသည်။

"မဆိုးပါဘူး မင်းတို့နှစ်ယောက်နဲ့တင် အဆင်ပြေပြီ။"

နန်းကုန်းလီ၏ ကြက်သွေးရောင် မျက်လုံးများ ကျဉ်းမြောင်းလာပြီး။

"အသားက နည်းနည်း မာပေမဲ့ အရှင့်အတွက် သွေးဟင်းတစ်ခွက်တော့ ရတယ်။ မွေးရာပါနယ်ပယ်ရဲ့ အထွတ်အထိပ်ကိုတော့ ငါ အရှိန်မြှင့်ဖို့ လျှို့ဝှက်ဆေး သန့်စင်လိုက်လို့ရတယ်..."

ဗုန်း!

ရုတ်တရက် ပေါ်လာသော အသံနက်ကြီးကြောင့် နန်းကုန်းလီ၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ အပြုံးသည် အေးခဲသွားသည်။ ရေကန်အောက်ခြေမှာ ထားခဲ့သည့် အကာအကွယ် အစီအရင် ပျောက်ကွယ်သွားကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။

တစ်စုံတစ်ယောက် သွေးဝိညာဥ်အစီအရင် အနား ချဉ်းကပ်နေတာ ထင်ရှားလေသည်။ သွေးဝိညာဉ်အစီအရင် ပျက်သွားပါက သူ၏ အစီအစဉ်အားလုံး ကျရှုံးသွားလိမ့်မည်။

နန်းကုန်းလီ၏ အမူအရာမှာ အခက်တွေ့နေသည့်ဟန် ဖြစ်လာသည်။ သူသည် လူနှစ်ယောက်ကို ငုံ့ကြည့်ကာ လီရွှေရေကန်ဆီသို့ လှမ်းကြည့်လိုက်သည်။

နောက်ဆုံးတော့ အံကြိတ်ကာ လီရွှေရေကန်ဘက် ပြေးထွက်သွားတော့၏။

All Chapters