← Chapters

ဇာတ်ကောင်ထိန်းညှိခြင်း

Vol. 11 Ch. 162

ဇာတ်ကောင်ထိန်းညှိခြင်း

Vol. 11 Ch. 162

"အဲလိုဆုံးဖြတ်လိုက်ပြီ ကျွန်မလက်အောက်မှာ ဘယ်လိုပဲဖြစ်ဖြစ် တပည့်မှ မရှိတာ၊ ဒီကလေးမကို တပည့်အဖြစ် လက်ခံလိုက်မယ်"

"မဖြစ်နိုင်တာ" ကူယွဲ့က အံ့ဩတကြီး ငြင်းလိုက်တယ်။

"ဘာလို့လဲ"

"ကျင့်ကြံနည်းကြောင့်တင်မဟုတ်ဘူး" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ ကိစ္စတွေက ဇာတ်ညွှန်းအတိုင်း မဖြစ်ဘူးဆိုပေမဲ့ ဇာတ်လမ်းထဲကအတိုင်း ဖြစ်မလာသေးဘူးလို့ မဆိုနိုင်ဘူး။ သူ ဇာတ်လိုက်မင်းသမီးကို ဇာတ်ညွှန်းအကြောင်းမသိတဲ့ချီချန်းယွီဆီ စိတ်မချဘူး။ အထူးသဖြင့် ကလေးမက ကံဆိုးမှုကြောင့် ခံစားနေရသေးတဲ့အချိန်မို့ပဲ။

"သူက... အတော်လေးထူးခြားတယ်၊ မင်း သူ့ကိုလေ့ကျင့်ပေးလို့ရပေမဲ့ တပည့်အဖြစ်တော့ လက်ခံလို့မရဘူး"

"ထူးခြားတယ်လား" ချီချန်းယွီ တန့်သွားတယ်။

"ဘာထူးခွားတာလဲ"

ကူယွဲ့တိတ်နေဆဲ။ ကလေးမက ချီချန်းယွီကိုသေစေနိုင်တဲ့ ဇာတ်လိုက်မင်းသမီးလို့ ပြောလို့ကမရ။

"သူ... သူ..."

"သူ့ကိုယ်ထဲ နတ်ဆိုးအစေ့ရှိတယ်" ရှန်းရင်က ရုတ်တရက် ပြောလာတယ်။

ဘာ။

လူတိုင်း ထိတ်လန့်တကြားနဲ့ သူမကို လှည့်ကြည့်ကြတော့တယ်။

"ဘာ" ကူယွဲ့က ရှန်းရင်လက်ထဲက အသီးကိုဆွဲလုလိုက်တယ်။

"ဘာနတ်ဆိုးအစေ့လဲ၊ မင်းဘယ်လိုသိတာလဲ"

"ငါမြင်ခဲ့တာ" ရှန်းရင် ခေါင်းလေးစောင်းလိုက်တယ်။

"ဘာလို့အရင်ကမပြောတာလဲ"

"မေးမှမမေးတာ"

"..." ငါ့ဓားဘယ်မှာတုံး။

"သူ့နဖူးပေါ် ကြာပန်းအမှတ်အသားရှိနေတာ မဟုတ်လား" ရှန်းရင် နောက်ထပ်အသီးတစ်လုံးယူပြီး ကိုက်လိုက်တယ်။

"နင်သိမယ်ထင်နေခဲ့တာ"

"ဒါနဲ့ဘာဆိုင်..." ကူယွဲ့ ပြောနေရင်းရပ်သွားပြီး တစ်ခုခုအရေးကြီးတာကို ပြန်စဉ်းစားမိသွားတယ်။ ရုတ်တရက် သူ့မျက်လုံးတွေ ပြူးကျယ်သွားတယ်။

"သူက... သူက နဉ်ဇီအန်းထုတ်ဖယ်ပစ်လိုက်တဲ့ စိတ်နတ်ဆိုးအစေ့ မဟုတ်လား" အဲအချိန်တုန်းက မွေးကင်းစကလေးမရဲ့ နဖူးပေါ်မှာ ဆင်တူတဲ့ ကြာပန်းအမှတ်အသားတကယ်ပဲရှိတယ်။

"အမှန်ပဲ"

ဟိုလီရှစ်

ငါ့ဖင်ကိုမှန် ဒါကဒီလောက်အရေးကြီးတဲ့ကိစ္စဖြစ်နေတာတောင် သူမက တစ်ခွန်းတောင် ပြောဖို့ စိတ်ထဲမထည့်ဘူးပေါ့။ ကူယွဲ့ ရုတ်တရက် သူမကို အသေရိုက်သတ်ချင်သွားတယ်။ ဇာတ်ညွှန်းကိုပြန်စဉ်းစားကြည့်ရင် အားလုံးက ဖြစ်သင့်သလိုမျိုး အတိအကျဖြစ်လာတာ နားလည်သွားခဲ့တယ်။

ဇာတ်ညွှန်းထဲက ဇာတ်လိုက်က ရက်စက်တဲ့ ဓားသိုင်းကို လေ့ကျင့်ခဲ့ပေမဲ့ တွေ့ခါစ ဇာတ်လိုက်မင်းသမီးကိုတော့ ခြားနားခဲ့တယ်။ သူက သူ့စွမ်းရည်တွေကို သင်ပေးရုံတင်မကဘူး သူမကို အလွန်အကျွံကာကွယ်ပြီး နောက်ဆုံးတော့ ချစ်ကျွမ်းဝင်သွားခဲ့တယ်။ ကူယွဲ့ နဂိုကတော့ ဇာတ်လိုက်မင်းသမီးက ဆွဲဆောင်မှုရှိရုံလို့တွေးခဲ့ပေမဲ့ သေချာစဉ်းစားကြည့်တော့ သူတို့က ခန္ဓာကိုယ်တူခဲ့လို့ အဲလိုမျိုး ဆက်ဆံခဲ့တာဖြစ်နိုင်တယ်။ အဲဒါကြောင့် သူတို့တစ်ယောက်နဲ့ တစ်ယောက် ငြိတွယ်မိသွားတဲ့ပုံပဲ။ ပြီးတော့ အဲအချိန်က ဇာတ်လိုက်က သူက အဇဋာဧကရာဇ်ချန်ကောဆိုတာတောင် မသိဘူး။

"ခဏ" ကူယွဲ့အံ့ဩတကြီးပြော‌ပြီး တစ်ခုခုကို သတိရသွားတယ်။

"သူမပုံစံက... စိတ်နတ်ဆိုးအစေ့နဲ့မတူဘူး"

သူ ကလေးရဲ့ ဝိညာဉ်ကြောနဲ့ သွေးကြောတွေကို စစ်ကြည့်ခဲ့တာပဲ။ သူမကိုယ်ထဲ နတ်ဆိုးအစေ့မပြောနဲ့ နတ်ဆိုးချီနည်းနည်းလေးတောင် ရှာမတွေ့ဘူး။ သူမပုံစံကြည့်ရတာ လုံးဝကို သာမန်ကလေးလိုပဲ။ အများဆုံးမှ ပိုပြီးကောင်းတဲ့ ခန္ဓာကိုယ်ပုံစံရှိတာပဲ။ ဟုတ်တာပေါ့၊ ဒါက သူမရဲ့ သန့်စင်တဲ့ ယင်ခန္ဓာကိုယ်အမျိုးအစားကြောင့်လည်း ဖြစ်နိုင်တယ်။

"အိုး..." ရှန်းရင် တစ်စုံတစ်ရာကို စဉ်းစားမိသွားပြီး ထပ်ပြောလိုက်တယ်။

"နင့်ဇာတ်လိုက်က ကြာပန်းကို သူ့ကိုယ်ထဲပျော်ဝင်သွားအောင်လုပ်ခဲ့တယ်လေ"

"ကြာပန်းလား" ကူယွဲ့ ဒါကို ထပ်တလဲလဲစဉ်းစားပြီးတဲ့နောက် ထိတ်လန့်သွားတော့တယ်။

"‌ဒါက... နှလုံးသန့်စင်ကြာပန်းတော့ မဟုတ်ပါဘူးနော်"

"ဟုတ်တယ်လို့ထင်တာပဲ"

သူမပြောလိုက်တော့ လူတိုင်း ရင်ဘတ်ပေါ် အလေးပိသွားသလိုပဲ။

ယွီဟုန် မျက်နှာရှုံ့မဲ့သွားခဲ့တယ်။

"မဆန်းတော့ဘူး... ဂိုဏ်းတူညီမရဲ့ ကံက... ဒီလိုမျိုးဖြစ်နေတာ"

"ဘာဖြစ်လို့လဲ" ပညာမတတ်တဲ့ အမတလေးရှန်းရင်ကတော့ စားဖိုမှူးဘက်လှည့်ပြီး မေးလိုက်တယ်။

"ဘာပြဿနာလဲ"

"ဆရာ..." ယိချင်းက တိတ်သွားပြီး စဖြေတော့တယ်။

"ပြောတာတော့ နှလုံးသန့်စင်ကြာပန်းက အမတမိသားစုတွေပိုင်ဆိုင်တဲ့ ရတနာပစ္စည်းပါ၊ ဝိညာဉ်ကို သန့်စင်ပေးပြီး အသိစိတ်ကို အပန်းပြေစေတယ်၊ မကောင်းတဲ့အတွေးတွေနဲ့ ဆန္ဒတွေအားလုံးကို သန့်စင်ပစ်တယ်၊ လူတစ်ယောက်ကို ဖြူစင်ပြီး သန့်ရှင်းအောင်ထားပေးတာပေါ့၊ အဲဒါကြောင့် နှလုံးသန့်စင်ကြာပန်းလို့ခေါ်တာ၊ ဒီလောကမှာဖြစ်သမျှက အကြောင်းနဲ့အကျိုးရှိတယ်၊ ဒါကြောင့် နှလုံးသန့်စင်ကြာပန်းက ပုံမှန်ဆို ယင်ချီကြွယ်ဝတဲ့နေရာမှာပဲ ပေါ်လာတာပါ၊ ဒါပေမဲ့..." ယိချင်းက တန့်သွားတယ်။

"စိတ်နတ်ဆိုးအစေ့ဆိုတာက သဘာဝကိုက ကောက်ကျစ်တာပါ၊ ဒါကို သူမကိုယ်ထဲစိုက်လိုက်တာက အဆိပ်ခတ်တာနဲ့ အတူတူပါပဲ၊ နှလုံးသန့်စင်ကြာပန်းက ဒီနတ်ဆိုးချီကို ထိန်းချုပ်ပြီး ဘယ်တော့မှ နတ်ဆိုးထပ်ဖြစ်မလာတာသေချာအောင် လုပ်ပါတယ်"

"အာ့ဟာ" ဒါကိုတော့ သူမသိပြီးသား။

"နောက်တော့ဘာဖြစ်လဲ"

"နောက်တော့..." ယိချင်းက ပိုမျက်မှောင်ကြုတ်သွားပြီး ပိုလို့တောင်လေးနက်တဲ့လေသံနဲ့ဖြေတယ်။

"သူမ ပြန်လည်ဝင်စားတဲ့နောက်တစ်ကြိမ်မှာ နတ်ဆိုးချီကို ရှင်းထုတ်ပစ်နိုင်လိမ့်မယ်၊ မမှားဘူးဆိုရင် ဒါသူမပြန်မွေးဖွားလာတဲ့၃ကြိမ်မြောက်ပဲ၊ ဒါကြောင့် နတ်ဆိုးချီက အကုန်လုံးနီးပါး ပျောက်သွားပြီ ပြောလို့ရတယ်၊ ဒါပေမဲ့ ကိစ္စတိုင်းမှာ တချို့ကိုအနိုင်ရရင် တချို့ကိုဆုံးရှုံးရမှာပဲ၊ သူက နတ်ဆိုးချီကို ဖယ်ရှားဖို့ ပြန်လည်ဝင်စားမှု လုပ်ငန်းစဉ်ကိုသုံးခဲ့တာဆိုတော့ တန်ကြေးပေးရမှာ၊ သိသိသာသာပဲ သူမပေးဆပ်ရတဲ့ အဖိုးအခက... သူမကံပေါ့"

"ဟမ်" ဘာသဘောလဲ။

"ဆရာ သူမကံက အကြောင်းတစ်ခုကြောင့် ဆိုးတာပါ" သူမဆီမှာ နှလုံးသန့်စင်ကြာပန်းရှိနေပြီး နတ်ဆိုးချီတွေ ဆုံးရှုံးမှုအတွက် အဖိုးအခကိုဆပ်နေရတာ။

"ပြီးတော့ ကံဆိုတာက ပြောင်းလဲလို့မရဘူလေ၊ တကယ်လို့ အနာဂတ်မှာ သူမ လွတ်လပ်တဲ့ဝိညာဉ်ဖြစ်လာရင်တောင်... တစ်ဘဝလုံးကံဆိုးမှုတွေနဲ့ နေရဦးမှာ"

"..." တော်တော်လေးကို ကံမကောင်းမှာပေါ့။

သူ ရွှမ်ထုံ့ကိုယ်ထဲက ကြာပန်း ပြဿနာထပ်ဖန်တီးမှာပဲစိုးရိမ်တာ။ ပြီးတော့ နှလုံးသန့်စင်ကြာပန်းက ရွှမ်ထုံ့ကိုယ်နဲ့တစ်သားတည်းဖြစ်သွားပြီ - ဘယ်သူမှမဖယ်ရှားနိုင်တော့ဘူး။

"အဲလိုသာဆို သူ့ကိုတပည့်အဖြစ် လက်မခံတော့ဘူးလေ" ဖုန်းယင်က ရုတ်တရက်ဝင်ပြောလာတယ်။

"ရှောင်ယွီ မင်း သူ့ကိုဒီတိုင်းပဲလေ့ကျင့်ပေးလိုက်ပေါ့"

ဖုန်းယင် သူကြားနေရတာ ဘာလဲသေချာနားမလည်ပေမဲ့ ကလေးက တပည့်အနေနဲ့လက်ခံဖို့ မသင့်တော်တာတော့ နားလည်တယ်။ သူတို့တွေ ဒီနေရာကိုရောက်လာဖို့ ဒုက္ခအများကြီး ဖြတ်သန်းခဲ့ရတာ။ ရှောင်ယွီက သူ့တာအိုလက်တွဲဖော်လုပ်ဖို့တောင် သဘောမတူသေးဘူး ဒီအချိန်တပည့်လက်ခံတာက သေချာပေါက် ကောင်းတာထက် ဆိုးကျိုးပိုများတယ်။ သူတို့တွေ လက်မခံသင့်ဘူး - တစ်ယောက်တောင်မှပဲ

"ဒါပေမဲ့..." ကြက်ကင်အစ်မက တွန့်ဆုတ်နေတယ်။

"ဒီလောကမှာ ခန့်မှန်းမရဆုံးက ကံပဲ၊ ကိုယ်တို့ သူ့ကို ကူညီလို့မရ..."

သူ စကားမဆုံးခင် ရင်းနှီးနေတဲ့အသံတစ်သံကိုကြားလိုက်ရတယ်။

[တင်း ပစ္စည်းရယူခြင်းအောင်မြင်ပါပြီ၊ အရည်အချင်းဟန်ချက်ညှိခြင်း ။ ။ ဒီပစ္စည်းကို ဆောင်ထားရင် ခန္ဓာကိုယ်ထဲက အရည်အချင်းအမျိုးမျိုးကို ဟန်ချက်ညှိပေးနိုင်ပါတယ် (ကံအပါအဝင်ပါ)]‌

နောက်ထပ် တင်းခနဲဆိုတဲ့အသံနဲ့ ဖန်သားနဲ့လုပ်ထားတဲ့ အပြာရောင်ဆွဲကြိုးတစ်ခု ရုတ်တရက် ပေါ်လာပြီး မြေကြီးပေါ်ပြုတ်ကျသွားတယ်။

ဖုန်းယင် ။ ။ "..."

ရှန်းရင် ။ ။ "..."

စနစ်နောက်ကနေ တစ်လုံးချင်းစီလိုက်ပြောနေတဲ့ ရှန်းရင်ပြောတာကို ကြားသွားသူများ ။ ။ "..."

စားပွဲလှန်... သူဘာလို့ မိန်းကလေးတစ်ယောက်ကိုတောင် အေးဆေး မပိုးပန်းနိုင်ရတာလဲ

——————

စနစ်က တကယ့်ကိုနည်းပညာမြင့်တာပဲ။ ဂျပုလေး ဆွဲကြိုးတပ်ပြီးတဲ့နောက်မှာ သူမအခြေအနေက အကောင်းဘက် ပြောင်းလဲလာတယ်။ သူမက သုံးရက်နေ့တိုင်း ဆိုးဆိုးဝါးဝါး လိမ့်မကျတော့ဘူး။ ငါးရက်ကြာတိုင်း ပရိဘောဂတွေကိုဝင်တိုက်တာမျိုးမရှိတော့ဘူး။ သူမက လမ်းလျှောက်နေရင်း သိပ်တောင်ခလုတ်မတိုက်တော့ဘူး။ ဒဏ်ရာမရဘဲ တောင်တက်နိုင်ပြီ။

ဖြစ်ချင်တော့ ဟန်ချက်ညှိမှုက အရမ်းကိုစေ့စပ်လွန်းနေတာ။ ကံမြင့်ချိန်မှာ သူမဇာတ်ကောင်ရဲ့ တခြားကဏ္ဍတွေက နိမ့်ကျသွားခဲ့တယ်။ အစက အတော်လေးကောင်းတဲ့ ဝိညာဉ်ကြောနဲ့ ခန္ဓာကိုယ်အမျိုးအစားရှိခဲ့တာ။ သူမကို တကယ့်ကိုခပ်မြန်မြန် ပိုပြီးသန်မာလာအောင် လုပ်နိုင်ခဲ့လောက်တယ်။ ဒါပေမဲ့ သူမ ဆွဲကြိုးဆွဲပြီးတဲ့နောက် တခြား ဝိညာဉ်ကြော၃ ၄ ခုပါတဲ့ ကျင့်ကြံသူတွေလို သာမန်ဖြစ်လာတယ်။

ကြက်ကင်အစ်မက ရွှမ်ထုံကို ကိုယ်တိုင်ဆုံးဖြတ်လို့ရအောင် ရွေးချယ်မှုအမျိုးမျိုးရှင်းပြခဲ့ပေမဲ့ ရွှမ်ထုံက ဆွဲကြိုးဝတ်ထားဖို့ပဲ ဆုံးဖြတ်ခဲ့တယ်။ သူမ လေ့ကျင့်ရတာအချိန်ပိုကြာသွားပေမဲ့ အမတဘုံထဲ မွေးဖွားလာခဲ့တဲ့ အကျိုးကိုတော့ ဆွတ်ခူးနိုင်တုန်းပဲ။ သေမျိုးဘုံက ကျင့်ကြံသူတွေနဲ့ယှဉ်ရင် သူမက အတော်လေးမြန်မြန်တိုးတက်နေတာပဲ။

ချီချန်းယွီက သူမကို တပည့်အနေနဲ့ တရားဝင်လက်မခံပေမဲ့ သူတို့ဆက်ဆံရေးက ဆရာတပည့်နဲ့ သိပ်မကွာခြားဘူး။ ကံကြမ္မာချင်းတူခဲ့လို့လည်းဖြစ်နိုင်တယ်။ နေ့တိုင်း လေ့ကျင့်ရေးပြီးရင် ကြက်ကင်အစ်မက ကျန်တဲ့အချိန်တွေကို ရွှမ်ထုံ့ကို အကြံဉာဏ်တွေပေးရင်းကုန်ဆုံးတယ်။ ဖုန်းယင်က နားလည်စရာကောင်းစွာ ဒီအခြေအနေကို အတော်လေးမကျေမနပ်ဖြစ်နေတာပေါ့။ ထူးထူးဆန်းဆန်း အာဏာပြတဲ့ပုံစံနဲ့ သူ့တည်ရှိမှုကို လူသိဖို့အတွက်နဲ့တင် လေ့ကျင့်ရေးကွင်း ဆီသွားတယ်။ ဒါပေမဲ့ ချီချန်းယွီကတော့ သူ့ကို အပြင်ပြန်မောင်းထုတ်ပြန်လေရဲ့။

ဒါကြောင့်နေ့တိုင်း တပည့်တွေ အမည်းရောင်ပုံရိပ်တစ်ခု လေ့ကျင့်ရေးကွင်းထဲကနေ ပစ်ထုတ်ခံရတာကို မြင်နေရတော့တယ်။

ဝူတိဂိုဏ်းအစတော့ သွေးပျက်ပြီး အခြေအနေကို ကုစားဖို့ဆန္ဒကနေ ဖြည်းဖြည်းချင်း နောက်ဆုံးတော့ ကျင့်သားရသွားခဲ့တယ်။

သူမကလေးဘဝက ဖြတ်သန်းလာရတာတွေကြောင့်ထင် ရွှမ်ထုံက နေ့တိုင်း အပြင်းအထန်လေ့ကျင့်တယ်။ ဟန်ချက်ညီအောင်လုပ်ထားတာက သူမလေ့ကျင့်မှုကို ကန့်သတ်နေပေမဲ့ အင်မတန် လေးလေးနက်နက်နဲ့ နေ့ရောညပါ လေ့ကျင့်လေရဲ့။ လေးနှစ်အတွင်းမှာတင် ‌နှောင်းပိုင်းရွှေအမြုတေအဆင့်ရောက်နေပြီ။ သူမက နတ်ဝိညာဉ်ဖြစ်လာဖို့ အတော်လေးနီးစပ်နေပြီ။ ကျင့်ကြံဆင့်က တပည့်တွေကြား အနိမ့်ဆုံးဆိုပေမဲ့ အမတအရိုးတွေပေါက်ဖို့ အရိပ်အ‌ယောင် ပြနေပြီ။ နောက်နှစ်နည်းနည်းလောက်ကြာရင် တကယ့်အမတအစစ်ဖြစ်လာမယ် ထင်မိတာပဲ။ ဒီချိန် သူမက ဂျပုလေးကနေ ချောမောတဲ့ မိန်းမပျိုလေးအဖြစ်ကြီးပြင်းလာပြီး ယွီဟုန်ထက်တောင် အရပ်ရှည်နေပြီ။

တစ်ခုတည်းသောမပြောင်းလဲမှုက ဂိုဏ်းချုပ်အပေါ် သူမရဲ့ ဆည်းကပ်မှုတွေ။

ရှန်းရင် တောင်ထွတ်ကို ပတ်ကြည့်ရင်း အဆုံးသတ်မဲ့ပုံမပေါ်တဲ့ စိမ်းစိုမှုတွေကို မြင်နေရတယ်။ အားရပါးရသက်ပြင်းချရင်း အသီးအရွက်တွေအားလုံးကို ဘယ်တော့မှ စားပြီးမလဲ သိချင်နေမိတယ်။ သူမ သတ်သတ်လွတ်သမားဖြစ်လာတော့မှာလား။ ရုတ်တရက် အနာဂတ်က မွဲခြောက်လာသလိုပဲ။ ဂျပုလေးအတွက် မွေးဖို့... ယုန်တစ်ကောင်လောက်ဖမ်းရင်ရော။

"ရေထပ်လောင်းပေးပါ ရေထပ်လောင်းပေးပါ" မုန်လာဥဖြူက အရွက်တွေကိုခါယမ်းပြီး ရှန်းရင် ရေကရားဆီက စီးကျနေတဲ့ ရေစက်တွေကိုဖမ်းနေတယ်။ သူကစိတ်လှုပ်ရှားစွာနဲ့ပြော‌လာလေရဲ့။

"မမလေး နေ့တိုင်းရေလောင်းပေးရင် ဒီကအသီူအရွက်တွေအားလုံး ၂ဆတိုးစေရမယ်လို့ ကတိပေးတယ်"

"..." နှစ်ဆလား။

ရှန်းရင်ရဲ့ အမူအရာမှောင်မည်းသွားတယ်။ သူမ ရေကရားကိုသိမ်းပြီး ပြန်ဖို့လုပ်လိုက်တယ်။ ဟင်းသီးဟင်းရွက်တွေ ထပ်မလိုချင်တော့ပါဘူး

"အာ" မုန်လာဥဖြူက အူကြောင်ကြောင်စိုက်ကြည့်နေပြီး ချက်ချင်း ရှေ့ပြေးတက်ရင်း သူ့အရွက်တွေနဲ့ သူမဝတ်ရုံထောင့်ကိုလှမ်းဆွဲဖမ်းလိုက်တယ်။ ကိုယ်တစ်ဝက်ကတော့ မြေကြီးထဲမှာ။

"မမလေး မသွားပါနဲ့၊ မုန်လာဥဖြူက မမလေးကို မတွေ့ရတာကြာနေပြီကို" ဟွန့် သူ့ရန်သူသာ အသီးအရွက်တွေကို ဂရုစိုက်ဖို့ ဒီမှာ မချုပ်နှောင်ထားရင် ဒီမှာတောင်ရှိနေမှာမဟုတ်ဘူး သူက မမလေးရဲ့နောက်ဖေးခြံထဲပဲနေပြီး ပန်းတွေ သူမအတွက် ပေါက်စေချင်တာ။

ရှန်းရင်က အမြဲလုပ်နေကျလို သူ့ကိုဘေးကန်ထုတ်မယ် ထင်နေခဲ့ပေမဲ့ ရုပ်တရက်ရပ်သွားပြီး အတွေးနစ်နေတဲ့ပုံပဲ။

"မမလေး... ဘာဖြစ်လို့လဲ" မုန်လာဥဖြူ သူမပေါင်ပေါ်တွယ်တက်လိုက်တယ်။

ရှန်းရင် ခေါင်းစောင်းပြီးဖြေလိုက်တယ်။

"နင်လေ... မြူခိုးနက်တွေက လွင့်ပျောက်လာတဲ့ပုံလို့ထင်လား"

ဟမ်။ ဘာမြူခိုးလဲ။

All Chapters