← Chapters

သွေးစားကာလ 

Vol. 43 Ch. 428

သွေးစားကာလ 

Vol. 43 Ch. 428

ထို ခေါင်းပြတ်ကျိန်စာဆိုသည်မှာ နာမည်အတိုင်းပင် ခေါင်းပြတ်က လေပေါ်တွင် ပျံဝဲနေနိုင်သည်။

ပညာရပ်အား အချိန်ကြာမြင့်စွာ‌ လေ့ကျင့်ရပြီး လေ့ကျင့်သည့် ပတ်ဝန်းကျင်မှာလည်း တိတ်ဆိတ်ကာ အနှောင့်အယှက်ကင်းရမည်။

အရေးကြီးဆုံးအချက်မှာ ပညာရပ်အား အောင်မြင်နိုင်ချေမှာ အင်မတန် နည်းပါးပြီး အခွင့်အရေးတစ်ကြိမ်သာ ရနိုင်သည်။

ပညာရပ်အား လေ့ကျင့်ခြင်းသည်က ခန္ဓာကိုယ်အား အလွယ်တကူ ထိခိုက်စေနိုင်ပြီး အသက်သေဆုံးနိုင်သည်။

‘လေပေါ်ပျံနေသည့် ခေါင်းပြတ်ကျိန်စာ’အား လေ့ကျင့်ရင်း အသက်ဆုံးရှုံးခဲ့ရသည့် စုန်းပညာရှင် အရေအတွက် မနည်းလှပေ။

သို့သော် လေ့ကျင့်၍ အောင်မြင်သွားပါက သူတို့သည်က အင်မတန် စွမ်းအားကြီး၍ အန္တရာယ်များသူ ဖြစ်လာကြသည်။

အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့သော ‘ခရာဆူး’တစ်ယောက်က သူမ၏ ဦးခေါင်းအား ခန္ဓာကိုယ်မှ ခွဲထုတ်နိုင်သည်။

ခန္ဓာကိုယ်အား အဆိပ်များ၊ ဂါထာမန္တာန်များနှင့် အသက်ရှင်နေစေရန် ပြုလုပ်ထားကြသည်။

ထိုမှသာလျှင် ကိုယ်တွင်းအင်္ဂါများက အရိုးအသားမှ ခွဲထုတ်ခံလိုက်ရချိန်တွင် ခန္ဓာကိုယ်ကလည်း မသေဆုံး၊ မပုတ်သိုးမည်ဖြစ်သည်။

ခန္ဓာကိုယ်ပြောင်းလဲချိန်တွင် ခရာဆူး၏ ကျောရိုးသည်လည်း ပြုတ်ထွက်ကျန်ခဲ့ရမည်ဖြစ်သော်ငြား ထိုကျောရိုးက ရှည်လျားကာ လှုပ်ရှားတွန့်လိမ်နေသော‌ သွေးစွန်းနေသည့် ကိုယ်တွင်းအင်္ဂါတစ်ခု ဖြစ်လာခဲ့သည်။

ကိုယ်တွင်းမှ အစာချေအင်္ဂါများဖြစ်သည့် အူ၊ အစာအိမ်တို့ကတော့ ဦးခေါင်းနှင့်အတူ တွဲလျှက် ပျံထွက်လာခဲ့ပြီး အနီးအနားမှ တောင်များ၊ လယ်ကွင်းများသို့ ပျံထွက်သွားကြသည်။

ထို့နောက် ငှက်၊ မြေခွေး၊ ယုန် အစရှိသည့် တောရိုင်းတိရစ္ဆာန်များကို အမဲလိုက်ကာ ခရာဆူး၏ ရက်စက်ခြင်းနှင့် မကောင်းမှုစွမ်းအင်တို့အား အားကောင်းစေရန် ထိုတိရိစ္ဆာန်များ၏ သွေးအား စုတ်ယူတတ်ကြသည်။

ခရာဆူးတစ်ဦးသည်က စတင် သွေးသောက်သုံးသည့်အချိန်မှစ၍ ကျင့်ကြံမှုအဆင့်တစ်ဆင့် စတင်တတ်သည်။

ထိုကျင့်ကြံမှုအား ၄၉ရက်တိတိ နှောင့်ယှက်၍မရပေ။

အနှောင့်အယှက်ခံရပါက ထိုအဆင့်အား ကျရှုံးနိုင်ရုံသာမက၊ ယခင်ကျင့်ကြံထားသည်များလည်း အလွယ်တကူ ပျက်စီးစေနိုင်သည်။

ထို့ကြောင့် ‘သွေးသောက်နေသည့် အချိန်ပိုင်း’တွင် ခရာဆူးများက အင်မတန် ရက်စက်ကြမ်းကြုတ်လေ့ရှိသည်။

သွေးသောက်သုံးသည့် အဆင့်အား အောင်မြင်စွာ ဖြတ်ကျော်နိုင်ရန် တောရိုင်းတိရိစ္ဆာန်များမှ လုံလုံလောက်လောက် သွေးမစုတ်နိုင်သည့် ခရာဆူးများမှာ အနီးအနားမှ အပြစ်မဲ့လူများကို တိုက်ခိုက်တတ်ကြသည်။

ကိုယ့်ကိုကိုယ် ကယ်တင်နိုင်ရန် သာမန်လူများ၏ အသက်သွေးအား အညှာအတာကင်းမဲ့စွာ ဝါးမျိုတတ်ကြသည်။

‘ခရာဆူး’အများစုသည်က စတင်ချိန်တွင် အဆိုးအကောင်း၊ အကျိုးအကြောင်း ခွဲခြားနိုင်ကြသော်လည်း သွေးသောက်သည့် အချိန်ပိုင်း များပြားလာသည်နှင့်အမျှ လက်တွင် အသက်များ၊ သွေးများ စွန်းနေသည့် အောက်လမ်းဆရာများ ဖြစ်လာကြသည်။

နိုင်ငံစတင်တည်ထောင်ချိန်မှစ၍ ထိုသို့သော နိုင်ငံခြားမှ အောက်လမ်းပညာများ၊ ပညာရှင်များအား ဝင်ခွင့် တားမြစ်ထားခဲ့သည်။

ထို့အပြင် တောက်ကျန့်များသည်လည်း စည်းကမ်းတင်းကြပ်ကာ ထိုလေ့ကျင့်သူများအား ဆက်တိုက် မနားမနေ ရှာဖွေနိုင်ခဲ့သည်။

ထို့ကြောင့် တောက်ကျန့်အများစုက ‘ခရာဆူး’အစစ်အမှန်အား မမြင်ဖူးကြပေ။

ကုကျစ်စုန့် ဤအရာအား ချက်ချင်း သတိထားမိခြင်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ က သူမ တောင်ခြေသို့ ဆင်း၍ ထိုကဲ့သို့သော မိစ္ဆာများအား သုတ်သင်ရှင်းလင်းခဲ့ဖူးသောကြောင့်သာဖြစ်သည်။

ထိုအချိန်က သူမနေထိုင်သည့် တောက်ဓမ္မကျောင်းအနီးတွင် ခန္ဓာကိုယ်တခြား၊ ဦးခေါင်းတခြား ဖြစ်နေကာ လူသွေးစုတ်တတ်သည့် မကောင်းဆိုးဝါးများ သောင်းကျန်းနေခဲ့သောကြောင့် လူအများ ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။

သူမ တောင်အောက်သို့ ဆင်းကာ သုတ်သင်ရှင်းလင်းခဲ့ရပြီးနောက် ထိုကဲ့သို့သော မကောင်းဆိုးဝါးဝိဉာဉ်အား တောက်ကျန့်များ စုဆောင်းထားသည့် ရှေးဟောင်းစာအုပ်များတွင် မှတ်တမ်းတင်ထားသည်အား မြင်တွေ့ခဲ့ဖူးသည်။

ရှေးအကျဆုံး ဂန်ပေါင်၏ ‘ဆောရှန်း ကျီ’တွင် မကောင်းဆိုးဝါးဝိဉာဉ် ‘လော့ထောင်ရှီ’အား ထည့်သွင်းရေးသားထားသည်။

‘လေပေါ်ပျံဝဲနေသည့် ခေါင်းပြတ်ကျိန်စာ’ဟုလည်း ခေါ်ဝေါ်ကြသည်။

ထိုမကောင်းဆိုးဝါးဝိဉာဉ်သည်က ညအချိန်အခါတွင် ဦးခေါင်းအား ကိုယ်ခန္ဓာမှ ခွဲထုတ်၍ ပြတင်းပေါက်မှ ပျံထွက်လာတတ်သည်။ ထိုခေါင်းပြတ်က ကြက်တွန်ချိန်မတိုင်မီထိ ခန္ဓာကိုယ်သို့ ပြန်သွားခြင်းမရှိပေ။

ခန္ဓာကိုယ်နှင့် ပြန်လည်ပေါင်းစပ်ပြီးချိန်တွင်လည်း သာမန်လူများနှင့် ကွဲပြားသည့်အရာ မရှိပေ။

နှစ်ပေါင်း ၈၀၀ ကြာမြင့်ပြီးနောက် သူမက နိုင်ငံခြားသား ပညာရှင်များဖြစ်သည့် ဟဲမီတူ၊ ဒေစီတို့နှင့် တွေ့ဆုံခဲ့ရပြီး နိုင်ငံရပ်ခြားမှ မကောင်းဆိုးဝါးများဖြစ်သည့် ကူမန်သုန်ကဲ့သို့သော မကောင်းဆိုးဝါးများကိုလည်း ဖြေရှင်းနိုင်ခဲ့သည်။

လက်ရှိ ကိန်းဂဏန်းပညာနှင့် သဘာဝလွန်ကျောင်းများတွင် သူမ၏ စူးစမ်းချင်စိတ်ကြောင့် အင်တာနက်ပေါ်တွင် နိုင်ငံပေါင်းစုံမှ ပုံပြင်များ၊ အကြောင်းအရာများအကြောင်းကို သူမ ကောင်းကောင်းနားလည်ထားသည်။

ထိုပုံပြင်၊ ရာဇဝင်များထဲတွင် အရှေ့တောင်အာရှ၏ ‘လေပေါ်ပျံနေသာ ခေါင်းပြတ်ကျိန်စာ’လည်း ပါဝင်သည်။

ထိုကဲ့သို့သော စုန်းအတတ်မျိုးသည်က သမားရိုးကျမှော်ပညာမျိုးမဟုတ်ပေ။ အရှေ့တောင်အာရှတွင် အစပျိုးခဲ့သည့် ကျိန်စာတစ်ခုဖြစ်ကာ နယ်ခံပညာရှင်များမှ ဖမ်းဆီးလေ့လာထားသည့် ပညာရပ်တစ်ခုဖြစ်သည်။

ယခုအချိန်တွင် တိုင်းပြည်တွင်းမှ ‘ခရာဆူး’များမှာ မျိုးသုဉ်းလုနီးနီးဖြစ်သော်လည်း အရှေ့တောင်အာရှတွင်တော့ ‘လေပေါ်ပျံနေသည့် ခေါင်းပြတ်ကျိန်စာ’အား မကြာခဏ တွေ့မြင်ရတတ်သည်။

ထို့ကြောင့် ခရာဆူးများသည်က တရုတ်နိုင်ငံ၏ သဘာဝလွန်လောကမှ ပျောက်ဆုံးသွားခဲ့ကြသည်။

ကုကျစ်စုန့် ‘ခရာဆူး’၏ ရက်စက်ကြမ်းကြုတ်မှုအကြောင်းကို ရှင်းပြရင်း သက်ပြင်းချမိသည်။

“ရှင်က အဲဒီကောင်မလေးကို တောကြိုအုံကြားက၊ ဘာအင်အားမှလည်း မရှိ၊ ကျောထောက်နောက်ခံလည်း မရှိပါဘူးဆိုပြီးတော့ မသမာတဲ့ နည်းလမ်းတွေကို သုံးခဲ့တယ်၊ သူ့ချစ်သူကို ဆက်တိုက် ကျိန်စာတိုက်ပြီးတော့ အတင်းလုယူခဲ့တယ်”

“အခုတော့ ရှင့်ရဲ့လုပ်ရပ်တွေက ရှင့်ကို ပြန်ပြီး ဒဏ်ခတ်တာပဲ၊ ဒါတွေအားလုံးက ရှင်ပြုတဲ့ကံကို ရှင်ခံရတာပဲ”

‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ မျက်နှာမှာ နီမြန်းနေပာ တစ်ချိန်တည်းမှာပင် သွေးဆုတ်ဖြူဖျော့နေခဲ့သည်။

တစ်ဖက်တွင် သူမသည်က သူမအား တတိယလူအဖြစ် ဆူပူနေကြသူများ၊ အပြစ်တင်နေကြသည့် မှတ်ချက်များကြောင့် အရှက်ရ၊ ဒေါသထွက်နေမိသည်။

တစ်ဖက်တွင်မူ သူမ အင်မတန် ကြောက်ရွံ့နေခဲ့သည်။

ကုကျစ်စုန့်၏ စကားက အမှန်ပင်ဖြစ်သည်။ ထိုကောင်မလေးက ဆင်းရဲကာ ရိုးရိုးအအဖြစ်ပြီး သူမ၏ချစ်သူနှင့် မထိုက်တန်ဟု ခံစားခဲ့ရသည်။

ထိုမိန်းမက မကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေလိမ့်မည်ဟု မည်သူထင်ထားခဲ့မည်နည်း!?

သူမ၏မျက်နှာအနီးတွင် နီမြန်းနေသော မျက်လုံးများ၊ အပြင်တွင် တွဲလောင်းကျနေသည့် ကိုယ်တွင်းအင်္ဂါများနှင့်‌ ခေါင်းပြတ်ကြီးအကြောင်း တွေးလိုက်မိလျှင် ပို၍ပင် ထိတ်လန့်လာခဲ့သည်။

“ကုတောက်ကျန့် ကျွန်မ မှားမှန်း သိပါပြီ၊ ကျွန်မကို ကယ်ပေးပါဦး! ကျွန်မ အဲဒီမက်မွန်ပန်းကျိန်စာကိုလည်း နောက်ဘယ်တော့မှ မရွတ်တော့ပါဘူး

ပြီးတော့ ကျွန်မနဲ့ အဲဒီစီနီယာကြားက အချစ်ရေးဆိုတာလည်း တနေ့တခြား အားလျော့လာပါပြီ၊ ကျွန်မ သူ့ကို အခုပဲ ခေါ်ပြီး ချက်ချင်း လမ်းခွဲလိုက်ပါမယ်၊ သူ့ကို တစ်သက်လုံး ဘယ်တော့မှ မနှောင့်ယှက်တော့ပါဘူး”

‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ အမှန်တကယ် နောင်တရမိသည်။

သူမ ထိုစီနီယာအား မည်မျှ ချစ်မြတ်နိုးကြောင်းကို သေသေချာချာမသိခဲ့ပေ။

စီနီယာအစ်ကိုက မျက်လုံးကန်းနေသည်ဟုသာ ထင်ခဲ့မိပြီး ငြင်းပယ်ခံရခြင်းအား လက်မခံနိုင်ခဲ့ခြင်းပင်။

သူမက ပို၍ ချောမောသည်။ ထိုသူ၏ ပုံတုံးတုံးချစ်သူထက် ပို၍လည်း မိသားစု နောက်ခံကောင်းသော်လည်း စီနီယာက သူမအား တစ်ချက်လေးပင် လှည့်မကြည့်ခဲ့ပေ။

သူမ ‘ချုပ်နှောင်သည့် ပီယအစီအရင်’အား ရွတ်ဖတ်ပြီးနောက် ထိုလူငယ်လေးအား ချစ်သူနှင့် လမ်းခွဲစေခဲ့သည်။ ထို့နောက် သူမအား ချစ်မိစေခဲ့ပြီး သူမလက်ဖြင့် လုယူနိုင်ခဲ့သည်။ သို့သော် သူမ ခေတ္တမျှသာ ပျော်ရွှင်မှုခံစားခဲ့ရပြီးနောင် အင်မတန် ပင်ပန်းသည်ဟု ခံစားခဲ့ရသည်။

သူတို့နှစ်ဦး ချစ်သူဖြစ်လာကြသော်လည်း ကောင်လေးက သူမနှင့် လက်ပွန်းတတီး နေထိုင်ရသည်အား ခါးခါးသီးသီး ငြင်းဆိုတတ်သည်။

သူမနှင့် လက်တွဲရမည်၊ အနမ်းပေးရမည်ကိုပင် အင်မတန် တွန့်ဆုတ်နေတတ်ပြီး ချစ်သူဟောင်းအတွက်သာ အမြဲလိုလို စိတ်မကောင်းဖြစ်ကာ အားနာနေတတ်သည်။

သူ၏ နှလုံးသားသည်က ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ထံ၌ အနည်းငယ်မှပင် ရှိမနေသည်မှာ ထင်ရှားလွန်းလှသည်။

‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ စိတ်ထဲတွင် ကောင်းကောင်းသိသည်။ ထိုကောင်လေးသည်က ကျိန်စာတိုက်ခံထားရလျှင်တောင်မှ သူမအား ချစ်မြတ်နိုးခြင်းမရှိပေ။

သူမ၏ တလွဲမာနကြောင့်သာ အမှန်တရားအား လက်မခံနိုင်ခဲ့ခြင်းသာဖြစ်သည်။

သူမ တောက်ဓမ္မကျောင်းထဲတွင် နေထိုင်နေသည့် ကာလအတွင်း ချစ်သူကောင်လေးက တစ်နေ့တစ်ခြား ပို၍ သွေးအေးလာခဲ့သည်။ ယနေ့ပင် သူမ ကောင်လေးထံ မက်ဆေ့ချ်များ ပို့ခဲ့သော်လည်း ပြန်စာတစ်စောင်မျှပင် မရခဲ့ပေ။

ထိုမိန်းကလေးက သူမအား သတ်ဖြတ်ရန် စိတ်ဆုံးဖြတ်ထားပြီး သူမ၏ သွေးကိုစုပ်ယူမည်ဟု ပြောဆိုခဲ့သော ကုကျစ်စုန့်၏ စကားကို ပြန်တွေးရင်း ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ကြက်သီးမွေးညင်းများပင် ထသွားခဲ့ရသည်။

တောက်ဓမ္မကျောင်းထဲတွင်ပင် သူမအတွက် မလုံခြုံဟု ခံစားလိုက်ရသည်။

“သူ့ကို အဲဒီမိန်းမဆီ ပြန်ပေးလိုက်ရင် လုံလောက်ပြီလို့ထင်နေတာလား?”

ကုကျစ်စုန့်၏ မျက်ဝန်းများသည် အေးစက်၍ လေသံသည်လည်း တင်းမာနေခဲ့သည်။

“ တစ်ဖက်က ဘယ်သူပဲ ဖြစ်ပါစေ၊ သူက အရာဝတ္ထုမဟုတ်ဘူး၊ ရှင်လိုချင်သလို ပေးပစ်လို့ ရတဲ့ အရာမဟုတ်ဘူး သူ့မှာလည်း သူ့ကိုယ်ပိုင် ရွေးချယ်မှု ရှိရမယ်

ရှင့်ရဲ့ တကိုယ်ကောင်းဆန်တဲ့ စိတ်ဆန္ဒတွေကြောင့် ကျိန်စာတိုက်ခံရပြီးတော့ သူ့ရဲ့ အချစ်စစ်နဲ့ လမ်းခွဲခဲ့ရတာမျိုး မဖြစ်သင့်ဘူး”

“ရှင့်ကို တခြားသူက ကျိန်စာတိုက်ခဲ့တုန်းက ရှင် အရမ်းခါးခါးသီးသီး ငြင်းခဲ့တယ် ရှင့်ကို ကျိန်စာတိုက်ခဲ့တဲ့သူက အင်မတန်ကို ရွံစရာကောင်းတဲ့ လူ့အမှိုက်လို့ ပြောခဲ့တာလေ

ဒါဆိုရင် ရှင်ကိုယ်တိုင်က ကိုယ့်အပြစ်ကို ဘာလို့ မမြင်နိုင်ရတာလဲ? ရှင်ကလည်း ရှင့်ငယ်သူငယ်ချင်းလိုပဲ သူများရဲ့ ခံစားချက်ကို အတင်းလုပ်ယူပြီး တစ်ပါးသူရဲ့ အချစ်ရေးကို အတင်းဖျက်ဆီးခဲ့တာ မဟုတ်ဘူးလား?”

ထိုမျှသာမကသေးချေ။ သူမက ထိုလူငယ်လေးအား ‘ပြန်ပေး’မည်ဆိုပါသော်လည်း အသည်းကွဲခံခဲ့ရသော ချစ်သူကောင်မလေးက ထိုကောင်လေးအား ‘ပြန်ယူ’ချင်မှသာ ဖြစ်ပေလိမ့်မည်။

သူမ၏ တွက်ချက်မှုအရ ထိုကောင်မလေးက အေးစက်ကာ မာနကြီးသည်။ လူအများနှင့် ရောရောနှောနှော နေထိုင်တတ်သူ မဟုတ်ချေ။ သူမသည်က သမားရိုးကျမဟုတ်သော နည်းလမ်းများကို ကျင့်ကြံသည့် စုန်းပညာရှင်တစ်ဦးဖြစ်သောကြောင့် တခြားလူများကို ယုံကြည်ရန် သူမအတွက် ခက်ခဲသည်။

ချစ်သူကောင်လေးက မည်သို့သော အကြောင်းပြချက်ကြောင့်ဖြစ်ပါစေ၊ တခြားမိန်းကလေးတစ်ယောက်အတွက်နှင့် သူမကို လမ်းခွဲခဲ့သောကြောင့် နှလုံးသားတွင် ဒဏ်ရာကျန်ခဲ့မည်မှာ အသေအချာပင်။

အပြစ်မရှိသည့် ချစ်သူနှစ်ဦးကြားမှ အိမ်ထောင်ရေးလမ်းကြောင်းသည်လည်း မှိန်ဖျော့သွားခဲ့သည်။

[စုန့်စုန့် အများကြီး ရှင်းပြနေတာကို နားထောင်ပြီးတော့.. ဒီကောင်မလေးက တမင်ကို သူများအတွဲကို ဖျက်ဆီးခဲ့တာ.. ငါပြောနိုင်တာကတော့ သူ့အပြစ်သူ ခံရတာပဲ]

[ဒီကောင်မလေးက အခုထိ သူ့ကိုယ်သူ အမှားလုပ်တယ်လို့ မထင်သေးဘူးပဲ၊ တကယ်လို့ တခြားကောင်မလေးကသာ ရက်စက်ပြီး စွမ်းအားကောင်းတဲ့ စုန်းပညာသည်မဟုတ်ရင် နောင်တတောင် ရမှာမဟုတ်ဘူး]

[ထားလိုက်ပါ၊ ဘယ်လိုကြည့်ကြည့် မိဘအလိုလိုက်ခံထားရတာ အသိသာကြီးပဲလေ၊ သူမက နောက်ပိုင်းလူမှုအဖွဲ့အစည်းထဲ ဝင်ရရင် ဒီလိုပုံစံမျိုးဆို ဒုက္ခလှလှ တွေ့မှာပဲ]

[နှမြောစရာကောင်းလိုက်တာ၊ အဲဒီချစ်သူတွေ နောက်ပိုင်းလက်ထပ်နိုင်ပါစေလို့ ဆုတောင်းမိတာပဲ

ကောင်လေးမှာ အပြစ်မရှိဘူးလေ ကောင်မလေးမှာလည်း အပြစ်မရှိပါဘူး၊ ငါ့ကောင်လေးကို အဲဒီလိုမျိုး ပြုစားခံရ၊ ကျိန်စာတိုက်ခံရရင် ငါလည်း သတ်ပစ်ချင်မိမှာပဲ စုန့်စုန့် အဲဒီကောင်မလေးကို ဖမ်းမှာလားဟင်?]

*

All Chapters