ထိတ်လန့်ကြောင်အမ်းခြင်း(1)
Vol. 43 Ch. 429
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’မှတ်ချက်များကို ကြည့်ပင် မကြည့်တော့ချေ။ သူမက ဆက်တိုက် ရှိုက်ငိုနေခဲ့ပြီးနောက် သူမ ပြောင်းလဲမည်ဖြစ်ကြောင်း၊ တခြားလူများအပေါ် ‘မက်မွန်ပန်းပွင့်ကျိန်စာ’ မသုံးတော့ကြောင်းသာ ထပ်ခါထပ်ခါ ပြောဆိုနေခဲ့သည်။
ကုကျစ်စုန့်၏ မျက်နှာမှာတော့ အနည်းငယ်ပင် ပြောင်းလဲမှုမရှိ၊ တည်ငြိမ်နေခဲ့သည်။
ဤမိန်းကလေး၏ ဝန်ခံချက်သည်က ယခုအချိန်တွင် အမှန်အကန်ဖြစ်သော်ငြား ကြောက်ရွံ့မှုများ ရောနှောနေကြောင်းကို ကုကျစ်စုန့် ကောင်းကောင်းနားလည်သည်။
ကောင်လေး၏ ချစ်သူဟောင်းက အငြိုးကြီးသည့် စွမ်းအားကြီးပညာရှင်တစ်ဦးသာ မဟုတ်ခဲ့ပါလျှင်၊ တောက်ကျန့်များစွာပင် သူမအား မကူညီနိုင်သည်ထိ အင်အားကြီးသူ မဟုတ်ခဲ့ပါလျှင် ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ မျက်ရည်ပေါက်ကြီးငယ်ကျကာ ငိုကြွေးနေမည်မဟုတ်ပေ။
“ရှင်ပြောင်းလဲသည်ဖြစ်စေ၊ မပြောင်းလဲသည်ဖြစ်စေ ရှင်ဆုံးရှုံးလိုက်ရတဲ့ ကံကောင်းခြင်းတွေကိုတော့ ပြန်ရမှာမဟုတ်ဘူး၊ နောင်အနာဂတ်မှာ ရှင့်ရဲ့ဆုံးဖြတ်ချက်ကို နောင်တမရပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်”
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ၏ လေသံအား နားထောင်ကြည့်ရုံနှင့် ထိုကောင်မလေးသည်က ကိုယ်ကိုယ်တိုင် မည်သို့အရာမျိုး ဆုံးရှုံးလိုက်ရကြောင်း သေသေချာချာမသိသေးကြောင်း သိနိုင်သည်။
လူတစ်ယောက်၏ ကံကောင်းခြင်းသည်က အကန့်အသတ်ရှိပြီး ဆုံးရှုံးသွားပါက ပြန်လည်ဖြည့်တင်း၍ မရနိုင်ပေ။
သူမ မိသားစု၏ ကံကြမ္မာကိုလည်း အားလျော့စေမည်ဖြစ်သည်။
ခေတ္တမျှ ရပ်လိုက်ပြီးနောက် ကုကျစ်စုန့် စကားဆက်သည်။
“ရှင့်ကိုယ်ပေါ်က ပီယအစီအရင်ကို အကုန်ဖယ်ပေးမယ်၊ ကောင်လေးအပေါ်က ‘ချုပ်နှောင်ထားတဲ့ ပီယအစီအရင်’ကိုလည်း ဖယ်လိုက်မယ်”
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’: “ဒါဆိုရင်…”
ကင်မရာကို စိုက်ကြည့်လိုက်ပြီးနောက် ကုကျစ်စုန့် ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ အဲဒီကောင်မလေး ရှင့်ကို ထပ်ပြီး ပြဿနာလာရှာမှာ မဟုတ်တော့ဘူး”
ကုကျစ်စုန့်၏ စကားကို ကြားရပြီးနောက် ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ သက်ပြင်းချနိုင်သွားသည်။ သူမ၏ရင်ထဲမှ စိုးရိမ်စိတ်၊ ကြောက်လန့်စိတ်များသည်လည်း လျော့ပါးသွားခဲ့သည်။
သူမ တစ်ခုခုကို မေးချင်သည်လား၊ သို့မဟုတ် ကိုယ့်ကိုကိုယ်အတွက် တစ်စုံတစ်ရာပြောချင်၍ပေလားမသိ တွေဝေနေခဲ့သည်။
သို့သော် ဖုန်းမျက်နှာပြင်ပေါ်မှ ကုကျစ်စုန့်၏ အေးစက်သော မျက်ဝန်းအစုံကို မြင်တွေ့လိုက်ပြီးနောက် စကားများ ဆွံ့အနေခဲ့သည်။
အဆုံးတွင် ‘ကျေးဇူးတင်ပါတယ် ကုတောက်ကျန့်’ဟုသာ ပြောခဲ့ပြီးနောက် သူမ နှုတ်ဆိတ်သွားခဲ့လေသည်။
“ဒါဆိုရင် ပထမဆုံးဆွေးနွေးမှု ဒီမှာ ပြီးပါပြီ”
ကုကျစ်စုန့် ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ၏ မိုက်ခရိုဖုန်းကို ပိတ်လိုက်သည်။
“အရင်ဆုံး ဆယ်မိနစ်လောက် ခဏနားလိုက်ပါမယ်၊ ပြီးရင်တော့ ဒုတိယဆွေးနွေးမှုကို စတင်ပါမယ်”
တိုက်ရိုက်ထုတ်လွှင့်သည့် ကင်မရာကို ပိတ်လိုက်ပြီးနောက် ကုကျစ်စုန့် ကြေးဒင်္ဂါးပြားများနှင့် ကတ်များကို ထုတ်ယူလိုက်ပြီးနောက် စားပွဲပေါ်တွင် နေရာချလိုက်သည်။
သူမတွင် ချစ်သူဟောင်းကောင်မလေးနှင့် ပတ်သတ်၍ အချက်အလက်လည်းမရှိ၊ သူမအကြောင်း သိထားသည်လည်း မရှိပေ။ သူမတွင် ရှိသည်မှာ ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’၏ မှတ်ဉာဏ်များအား ဝင်ရောက်ကြည့်ရှု့ခဲ့စဉ်က အငွေ့အသက်သာ ရှိသည်။
သို့သော် ထိုမျှလောက်က သူမအတွက်တော့ လုံလောက်သည်။
ကောင်မလေး၏ အဖွဲ့အစည်းသည်က မကောင်းဆုးရွားကျင့်ကြံသူများဖြစ်သော်လည်း သူမက အတွေ့အကြုံရှိသည့် ပညာရှင်မဟုတ်သေးချေ။
ကိုယ်ကိုယ်တိုင်၏ အငွေ့အသက်ကိုပင် မဖုံးကွယ်နိုင်သေးပေ။
ထို့ကြောင့် ကုကျစ်စုန့်င သူမ ပုန်းကွယ်နေသည့်နေရာအား ‘ခွဲခြမ်းစိတ်ဖြာဟောပြောခြင်း’ဖြင့် ရှာတွေ့နိုင်ခဲ့သည်။
ကုကျစ်စုန့်မျက်လုံးများ မှိတ်ထားကာ အကြိမ်များစွာ ရှာဖွေပြီးနောက် ရှာဖွေသည့်နေရာအား တဖြည်းဖြည်း ကျဉ်းမြောင်းစေခဲ့ပြီး နောက်ဆုံးတွင်တော့ နေရာအတိအကျအား ထောက်ပြနိုင်ခဲ့သည်။
အငွေ့အသက်များ ရပ်တန့်သွားသည်နှင့်တပြိုင်နက် တစ်ဖက်မှလူသည်လည်း တစ်စုံတစ်ခုအား အာရုံခံမိသွားဟန်ပေါ်သည်။
သွေးစွန်းသည့် အငွေ့အသက်တစ်ခုက ကုကျစ်စုန့်၏ အသိစိတ်ထဲသို့ တိုးဝင်လာခဲ့ပြီး သူမ၏ မျက်နှာတည့်တည့်သို့ ပြေးဝင်လာခဲ့သည်။
ကုကျစ်စုန့် လက်ကို မြှောက်လိုက်ပြီးနောက် ထိုစွမ်းအင်အား အလွယ်တကူ ဖျက်ဆီးလိုက်သည်။
သူမ၏ မျက်နှာတွင်လည်း အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ထိုအချိန်မှာပင် သူမ၏အနီးတွင်ချထားသည် လက်ကိုင်ဖုန်းမှ အသံမြည်လာခဲ့သည်။
ဝိဉာဉ်ဆိုင်ရာအထူးဌာနမှ ဖုန်းခေါ်ဆိုခြင်းပင်ဖြစ်ပေသည်။
ဖုန်းကိုင်လိုက်သည်နှင့်တပြိုင်နက် ကုကျစ်စုန့် အရင်စကားစလိုက်သည်။
“ကျွန်မလည်း အခုပဲ ရှင့်ဆီကို ဖုန်းဆက်ပြီး ခရာဆူးအကြောင်း မေးတော့မလို့ပဲ”
ကျန်းရူယွီ: “အမှန်ပါပဲ ၊ ကျွန်မတို့ အခုလေးတင် အကူအညီတောင်းသူရဲ့ ချစ်သူနဲ့ ဆက်သွယ်ဖို့ လူလွှတ်ထားပြီးပါပြီ၊ သူ့ဆီကနေမှ ချစ်သူဟောင်းရဲ့ လိပ်စာ၊ အချက်အလက်ကို တောင်းပြီး အဲဒီကို ချက်ချင်းသွားဖို့ စီစဉ်ထားတာပါ”
“အဲဒါက တကယ်သာ ‘ခရာဆူး’ဆိုရင်တော့ တတ်နိုင်သမျှ အမြန်ဆုံး ထိန်းချုပ်ဖို့ လိုတယ်၊ မဟုတ်ရင် သူ့အနီးအနားက လူတွေ အန္တရာယ်ရှိလိမ့်မယ်”
“အရမ်းကြီး ပူပန်နေစရာမလိုပါဘူး၊ ကောင်မလေးက ခရာဆူးဆိုပေမဲ့ ကျွန်မတွက်တာ မမှားဘူးဆိုရင် သူက အရင်က ဘယ်သူ့ကိုမှ မသတ်ခဲ့ဖူးဘူး”
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’၏ ကိုယ်ပေါ်မှ သွေးစွမ်းအင်မှတဆင့် မြင်နိုင်သည်မှာ ဤပညာရှင်သည်က စိတ်ဆိုးနေသော်လည်း အဆိပ်ပြင်းသူမဟုတ်ချေ။
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ သည်က သူမ သတ်ပစ်ချင်ခဲ့သည့် ပထမဆုံးလူဖြစ်ရမည်။
“ဒါပေမဲ့ သူ့ကို ဆက်သွယ်ဖို့ လူလွှတ်ထားတာလည်း အဆင်ပြေပါတယ်၊ သူပုန်းနေတဲ့ နေရာကို ကျွန်မ ရှာတွေ့ထားပြီးပြီ၊ အဲဒါက X မြို့တော်နားလေးက တောင်ခြေအနီးအနားမှာပဲ။း၊ သူ့ကို တတ်နိုင်သမျှ မြန်မြန် ရှာတာ ကောင်းလိမ့်မယ်”
“အရင်ဆုံး အဲ့ဒီကို ရောက်ရင် အဖြစ်အပျက်ကို အရင်ရှင်းပြပါ၊ ဒီအတိုင်း တွေ့တာနဲ့ ဖမ်းတာ၊ ဆီးတာမျိုး မလုပ်တာ အကောင်းဆုံးပဲ”
ကုကျစ်စုန့် ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ အား ကူညီခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ ခရာဆူးကောင်မလေး၏ လက်ထဲတွင် လူသွေးမစွန်းစေချင်သောကြောင့်သာ ဖြစ်သည်။
သူမသည်က သွေးသောက်နေသည့် အချိန်ပိုင်းအတွင်း သက်ရှိလူတစ်ဦးအား ဝါးမျိုခဲ့ပါက ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်တော့မည်မဟုတ်ပေ။
ကုကျစ်စုန့်၏ ခန့်မှန်းချက်မှန်ကန်ပါက ဤမိန်းကလေးသည်လည်း ‘အနက်ရောင်မြူခိုး’နှင့် ဟဲကျောင်ရှန်းတို့ ရွေးချယ်ထားသော ပစ်မှတ်ဖြစ်ပြီး ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’အား သတ်ဖြတ်စေရန် လမ်းကြောင်းပေးခဲ့ခြင်းသာ ဖြစ်ရမည်။
သူမကိုယ်တိုင်သည်လည်း ‘လေပေါ်ပျံနေသည့် ခေါင်းပြတ်ကျိန်စာ’အား စိတ်ဝင်စား၍ အခွင့်အရေးရလျှင် လေ့လာချင်ခဲ့သည်။
သို့သော် သူမကို အမှန်တကယ် ပျော်ရွှင်နေသည့်အချက်မှာ ‘အနက်ရောင်မြူခိုး’၏ အကြံအား ဖျက်ဆီးနိုင်ခဲ့ခြင်းပင်ဖြစ်ပေသည်။
ကျန်းရူယွီ: “ကျွန်မ နားလည်ပါပြီ၊ အခုပဲ အဲဒီကို လူလွှတ်လိုက်ပါမယ်”
ဆယ်မိနစ်ဆိုသော အချိန်သည်က ခေတ္တဖြင့် ကုန်ဆုံးသွားခဲ့သည်။
ကုကျစ်စုန့် ကင်မရာကိုပြန်ဖွင့်လိုက်ချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်းမှ လူဦးရေသည် လျော့ပါးသွားခြင်းမရှိဘဲ ပို၍ပင် တိုးနေခဲ့သည်။
“ဒုတိယအကြိမ်တိုက်ရိုက်ဆွေးနွေးမှုက မကြာခင် စတော့မှာပါ၊ ပါဝင်ချင်တဲ့သူတွေက ‘ပါဝင်မည်’ဆိုတဲ့ နေရာလေးကို နှိပ်ပေးပြီး ဒုတိယအကြိမ်ရွေးချယ်မှုမှာ ပါဝင်လို့ ရပါတယ်”
နှစ်မိနစ်ခန့်အကြာတွင် နာမည်အသစ်တစ်ခု ရွေးချယ်ခံလိုက်ရသည်။
ကုကျစ်စုန့်: “ဒီထဲမှာ ‘လတ်ဆတ်တဲ့ ချိစ့်လေး တစ်ကိုက်’ ဆိုတဲ့ နာမည်နဲ့ ကြည့်ရှုသူ ရှိလား? ရှင် ဒုတိယမြောက် ဆွေးနွေးခြင်းအတွက် ရွေးချယ်ခံရပါတယ်’
‘လတ်ဆတ်တဲ့ ချိစ့်လေး တစ်ကိုက်’: [ကုတောက်ကျန့် ကျွန်တော်ရှိပါတယ်!]
အစီအစဉ် အဆုံးသတ်ခါနီးဖြစ်သောကြောင့် ကြည့်ရှုသူများသည်လည်း ယခုဆွေးနွေးမှု၏ သွားလာပုံများနှင့် ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သည်။
ဒုတိယမြောက်ဆွေးနွေးခြင်းအတွက် ရွေးချယ်ခံရပြီးနောက် ‘လတ်ဆတ်တဲ့ ချိစ့်လေး တစ်ကိုက်’ က ဗီဒီယိုဖွင့်၍ ဆွေးနွေးမှုပြုလုပ်နိုင်ကြောင်း အရင်ပြောဆိုလာခဲ့သည်။
ထို့နောက် သူ၏ မွေးနေ့နှင့် ဓာတ်ပုံတို့အား ကုကျစ်စုန့်ထံသို့ သီးသန့် ပို့ထားပြီးဖြစ်သည်။
ကုကျစ်စုန့်လည်း တစ်ဖက်လူနှင့် ဗီဒီယိုခေါ်ဆိုခြင်းအား ဖွင့်လိုက်သည်။ ချိတ်ဆက်သွားပြီးနောက် တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်းမှ မျက်နှာပြင်တွင် ဗီဒီယိုနှစ်ခု ပေါ်လာခဲ့သည်။
သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ မျက်နှာက မျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့သည်။ သူသည်က တွန့်ကြေနေသော နက်ပြာရောင်ရှပ်အင်္ကျီအား ဝတ်ဆင်ထားလေသည်။
ကြည့်ရှုသူများ ပထမဆုံး ခံစားလိုက်ရသည့်အရာမှာ ‘ပွင့်လင်းမှု’ပင် ဖြစ်သည်။
“မင်္ဂလာပါ တောက်ကျန့်”
သူ မဝံ့မရဲ နှုတ်ဆက်လိုက်သည်။
တစ်အောင့်ခန့်အကြာတွင် မျက်နှာပြင်၏ ပြင်ပမှ အသံတစ်သံ ထွက်ပေါ်လာပြန်သည်။
“ဘာလို့ အင်္ကျီမလဲတာလဲ? လူတွေ ဘယ်လောက်အများကြီး ရှင့်ရဲ့ တွန့်ကြေနေတဲ့ အင်္ကျီကို မြင်မယ်ဆိုတာ သိရဲ့လား”
အမျိုးသားဖြစ်သူ အနည်းငယ် ချောင်းဟန့်လိုက်သည်။
“ကျစ်.. ဘာတွေ လျှောက်အော်နေတာလဲ? ဗီဒီယိုက စတောင် စနေပြီ!”
သူ၏ စကားသံကို ကြားလိုက်ရလျှင် အမျိုးသမီးလည်း အသံတိတ်သွားခဲ့သည်။ ထို့နောက် ကင်မရာတွင် သူမ၏ မျက်နှာပါ ပေါ်လာခဲ့သည်။
စုံတွဲက ဆိုဖာပေါ်တွင် အတူထိုင်နေခဲ့ကြသည်။ အမျိုးသမီးဖြစ်သူက ကင်မရာတွင် ပါလာမည်ဖြစ်သောကြောင့် အနည်းငယ် သန့်ပြန့်သည့် အဝတ်အစား လဲလှယ်ထားသော်လည်း ထောင့်စုတ်နေသည့် ဆိုဖာ၏ အနားစွန်းများ၊ သူမ မျက်နှာပေါ်မှ အရေးအကြောင်းများ၊ နဖူးဆံစပ်မှ ဖြူဖွေးနေသော ဆံပင်များမှ သူမတို့၏ မိသားစုက ဆင်းရဲကြောင်းကို သိနိုင်သည်။
အမျိုးသမီးကြီးက ခါးကို အနည်းငယ်မတ်၍ ထိုင်လိုက်ရင်း နှုတ်ဆက်လာသည်။
“မင်္ဂလာပါ ကုတောက်ကျန့်၊ အားလုံးလဲ မင်္ဂလာပါ၊ ကျွန်မရဲ့ မျိုးရိုးနာမည်က စွန်းပါ၊ ခင်ပွန်းရဲ့ မျိုးရိုးနာမည်ကတော့ ဝမ်ပါ”
“နှစ်ယောက်လုံး မင်္ဂလာပါ၊ ဒီတော့ ဘာကို သိချင်တာပါလဲ? ထူးဆန်းတဲ့ အဖြစ်အပျက် ဒါမှမဟုတ် အကြောင်းအရာတစ်ခုခုများ ကြုံခဲ့ရလို့လား?”
“တောက်ကျန့် ကျွန်တော် ဝေ့မနေတော့ဘူး တစ်ခါတည်း ပြောလိုက်ပါမယ်”
ဇနီးမောင်နှံနှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ခေတ္တမျှ တွေဝေနေခဲ့ကြပြီးနောက် ဇနီးဖြစ်သူမှ ဆက်၍ ပြောလိုက်သည်။
“ပြောရရင် အခုတလော အိမ်မှာ ဖြစ်ပျက်နေတာတွေကို အများကြီးပါပဲ၊ အားလုံးကတော့ ကျွန်မတို့ရဲ့ မလိမ္မာတဲ့ သမီးကြောင့်လို့ပဲပြောရတော့မယ်”
သမီးဖြစ်သူအကြောင်းကို ပြောနေချိန်တွင် ဇနီးမောင်နှံနှစ်ယောက်လုံး၏ မျက်နှာများက ပို၍ပင် ပျက်သွားခဲ့ပြီး စိုးရိမ်ပူပန်နေဟန်လည်း ပေါ်သည်။
“ကုတောက်ကျန့်ရဲ့ ရွေးချယ်တာကို ခံရလိမ့်မယ်လို့တောင် ထင်မထားခဲ့ဘူး၊ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့လည်း ဒီကလေးက ဦးနှောက်ရောဂါဖြစ်နေတာလား? ဒါမှမဟုတ် သူ အခုလို ပုံစံဖြစ်နေတာ တစ်ခုခုရဲ့ ပယောဂကြောင့်လားဆိုတာ မသိတော့ပါဘူး
ကျွန်တော်တို့တွေ ဆေးရုံကိုလည်း ပြပြီးပေမယ့် သက်သာလာတာမျိုး မရှိဘူး”
“ယါလေးကို ကြည့်ပြီး စစ်ဆေးပေးနိုင်မလားဟင်?”
နှစ်ဦးလုံးက စကားဆုံးချိန်တွင် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့ကြသည်။
သူတို့အနေဖြင့် ယခုကိစ္စသည်က သရဲ၊တစ္ဆေများနှင့်လည်း မသက်ဆိုင်၊ သဘာဝလွန်ဖြစ်ရပ်လည်း မဟုတ်၊ သာမန် မိသားစုပြဿနာ၊ ကလေးပြဿနာသာ ဖြစ်ကြောင်းကို ကုကျစ်စုန့် သိလိုက်ရချိန်တွင် သူတို့အား မကူညီပေးတော့ဘဲနေမည်ကိုစိတ်ပူမိကြသည်။
ကုကျစ်စုန့် အသာခေါင်းငြိမ့်လိုက်သည်။
“ကောင်းပါပြီ”
*